Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

တက်တိုး - တွေးတဲ့ကျူပင်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

စာရေးသူ၏ စကားဦး

          ပြင်သစ် အတွေးအခေါ် ပညာရှင်ကြီး ပက်စကယ်(လ်) က “လူသည် ကျူပင် ဖြစ်သည်” ဟူသော အဆိုအမိန့်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးရာကျော်က ပြုခဲ့သည်။ လူကို ကျူပင်ကလေးနှင့် နှိုင်းယှဉ် ၍ ပမာပြုလိုက်သည်မှာ လျော်ကန်လှပေသည်။ ကျူပင်သည် အလွန် နွဲ့ နှောင်းသော သစ်ပင်ငယ် ဖြစ်သည်။ ယင်းသည် နွဲ့ နှောင်းခြင်းမှ ဘဝအင်အားကို ရယူသည်။ ခံ့ညားထည်ဝါသော သစ်ပင်ကြီးများသည် ခံ့ညားထည်ဝါသည် မှန်ပါ၏။ သို့သော် မုန်တိုင်းထန်သောအခါ အမြစ် မှစ၍ တစ်ပင်လုံး ဗုန်းဗုန်းလဲကျတတ်ချေသည်။

          ကျူပင်၏ သတ္တိမှာ လေတိုက်လာလျှင် မားမားမတ်မတ် ရပ်၍ မရသည့်အလျောက် လေနှင့်အတူ လိုက်၍ ယိမ်းယိုင်ပေသည်။ ထိုလေ နှင့်အတူ ယိမ်းလိုက်ခြင်းသည် အတိုက်အခံအစား လိုက်လျောခြင်းကို သရုပ်ဆောင်၏။ လူသည်လည်း သဘာဝအားဖြင့် ဖွဲ့ နှောင်းချေသည်။ ယင်းနွဲ့ နှောင်းခြင်းသည်ပင်လျှင် အဖိုးမဖြတ်နိုင်သည့် ထူးခြားသော သတ္တိဂုဏ် တစ်ရပ် ဖြစ်သည်။

          နွဲ့ နှောင်းခြင်းမှ ထွက်လာသော စွမ်းပကားသည် ခိုင်ခံ့ တောင့်တင်း သည့် အားမာန်ထက် ပို၍ အားကောင်းသည်။ “လိုက်လျောညီထွေ ကျင့်တတ်စေ” ဟူသော ပညာရှိတို့၏ ဆုံးမစကားအတိုင်း လိုက်နာ ကျင့်သုံးလျှင် နောက်ဆုံး၌ မိမိ၏ ဦးတည်ရာ စခန်းသို့ ရောက်ပေ လိမ့်မည်။ လိုက်လျောညီထွေကျင့်တတ်ဖို့ လိုသည်။ ကျူပင်ပမာ လေယူ ရာ တိမ်းခြင်းသည် ပျော့ညံ့သောကြောင့် မဟုတ်၊ အတိုက်အခံပြုခြင်းကို ပယ်၍ ဘဝ၏လဲပြိုခြင်းကို မဖြစ်စေမှုသာ ဖြစ်လေသည်။

          လူသည် ကျူပင်နှင့် တူ၏။ သို့သော် ကျူပင်လို သစ်ပင် မဟုတ်၊ တွေးတတ်သော သတ္တဝါ ဖြစ်သဖြင့် လောကကို စိုးမိုး ခြယ်လှယ်နိုင်သော မူလသတ္တိ ရှိသည်။ တွေးတောဆင်ခြင် ဝေဖန်သုံးသပ်၍ အမှန်ကို အမှား တောထဲမှ ဆွဲထုတ်၍ ကျင့်သုံးတတ်သောကြောင့်ပင် လူသား သည် လောက၌ မျိုးဆက်များအနေဖြင့် အမြဲရှိနေမည်။ ရှိနေရုံမျှမကလောကကို စိုးမိုးပေလိမ့်မည်ဟု အတွေးအမြင် ပညာရှင်တို့က ယုံကြည် ကြသည်။

          အတွေးနှင့် ပတ်သက်၍ စာဖတ်သူတို့ သိတန်သလောက် သိကြ ပြီး ဖြစ်သည်ဟု ယူဆပါသည်။ ထပ်လောင်းကာ အတိုချုံး၍ ဆိုရပါမူ အတွေးသည် လူတိုင်း၌ ရှိ၏။ လူသား၏ ဘဝလက်နက်တစ်ခု ဖြစ် သဖြင့် ရရှိထားသော လက်နက်ကို ကောင်းကျိုးဖြစ်ရန် အသုံးပြုရမည် ဖြစ်သည်။ သို့သော် အတွေးလမ်းကြောင်း မှန်ဖို့ အထူး လိုအပ်ပေသည်။ အတွေးမှန်စေရန် ဉာဏ်နှင့် ဝီရိယတို့သည် လိုအပ်သော ပစ္စည်းများ ဖြစ်သည်။

          ဉာဏ်သည် ဓားနှင့် တူ၏။ ဉာဏ်ကို ဓားသွေးသည်ကဲ့ သို့ သွေးနေရပေမည်။ ဉာဏ်ကို အတွေးဖြင့် သွေးရမည်။ အတွေး ဖြင့် သွေးရာတွင် အတွေးမှန်မှသာလျှင် ကောင်းသော၊ အပြုသဘောဆောင်သော ဉာဏ်ထွက်လာပြီးလျှင် ထက်မြက်ပေလိမ့် မည်။ သွေးရာတွင် ရေပက်ပေးရမည်။ ယင်းရေသည် ဗဟုသုတ ဖြစ်၏။ အတွေးမှန်မှ မှန်သောအဖြေ၊ မှန်သော အခြေသို့ ရောက်ပေလိမ့်မည်။

          “အတွေးအခေါ်” ဟူသည် အတွေ့ကို အတွေးဖြင့် ခေါ်မှု ဖြစ်၏။ လူတို့ထံ နေ့စဉ်နှင့်အမျှ နာရီ၊ မိနစ်၊ စက္ကန့်နှင့်အမျှ ဝင်လာကြသော အာရုံတွေက စိတ်ကို ခြယ်လှယ်သော စေတသိက်များ ဖြစ်ပေါ်လျက် ရှိ၏။ ထိုစေတသိက်တို့သည် “အတွေ့” များ ဖြစ်၏။ အတွေ့ ကို အကြောင်းပြု၍ တွေးခေါ်မှု ပြုသည်။ အတွေ့မှ အတွေးပေါ်လာပြီးလျှင် ဆင်ခြင်သုံးသပ်မှုပြုကာ အပေါ်ယံအမြင်မှ အတွေးအမြင်သို့ ရောက် သည့်တိုင် ဉာဏ်အားဖြင့် ပွားများသောကြောင့် စိတ်၌ ကြည်လင်လာ ပြီးလျှင် မူရင်းအဖြစ် ဟူသော အမှန်နှင့်အမှားတို့ကို ခွဲခြားမြင်သိလာပေသည်။

          အတွေးမှသည် အမြင်သို့ ရောက်သည်။ လမ်းစဉ်မှာ အတွေ့၊ အတွေ့မှ တစ်ဆင့် အတွေး၊ အတွေးမှတစ်ဆင့် အထင်၊ အထင်မှ တစ်ဆင့် အမြင်ဟူ၍ပင်။

          လူသားတို့၌ အတွေ့အကြုံသည် အမြဲရှိ၏။ အမြဲပင် တွေ့ကြုံနေ ရသည်။ ထိုအတွေ့အကြုံသည် ကြီးကျယ်သည်ဖြစ်စေ၊ သေးငယ်သည် ဖြစ်စေ၊ သာမန်အနေ၌ ရှိသည်ဖြစ်စေ အတွေး၏ “အစာ” ဖြစ်သည်။ တွေးကျင့်ရှိသူတို့အဖို့ အတွေ့မှ အတွေးအဆင့်သို့ ရောက်စေရန် မိမိ၏ ကိုယ်ပိုင်ဉာဏ် (ပင်ကိုဉာဏ်) ကို အသုံးပြု၍ တွေးရပေမည်။ အတွေး အစကလေး တစ်ခု ရလာပြီးလျှင် ယင်း အတွေးစကလေးက ကြီးကျယ် နိုင်သမျှ အတွေးတို့ကို မိမိ၏ဉာဏ်အားထက်သန်စွာ သုံး၍ ခေါ်ယူရပေ သည်။ အတွေးအခေါ် ပြု၍ရသော အတွေးကို ဆက်၍ ဉာဏ်နှင့် ယှဉ်ကာ တွေးလျှင် အတွေး အကောင်အထည် ထင်လာပေမည်။ ထို အထင်ကို ဆက်၍ ဉာဏ်ဖြင့် သုံးသပ်ပါမှ “အမြင်”ကို ရပေမည်။

          ဉာဏ်နှင့် ပတ်သက်၍ ပြောရသည့်အခါ ရုပ်ဝါဒီသိပ္ပံဆရာ တို့က ဦးနှောက်ကို စစ်ဆေးကြည့်ကြသည်။ ဦးနှောက်သည် လူ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့တွင် သိရခက်ဆုံး ဖြစ်ပေသည်။ ဉာဏ်ထက် သူနှင့် ဉာဏ်နှံသူတို့၏ ဦးနှောက်တို့ကို စစ်ဆေးကြည့်သောအခါ ထူးခြားထင်ရှားသည့် ကွာခြားချက်များကို မတွေ့ကြရကြောင်း သိရှိရ သည်။ ကမ္ဘာမှာ ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးအချို့၏ ဦးနှောက်တို့ကို မကွယ်လွန်မီကပင် ဝယ်ယူထားပြီးလျှင် ကွယ်လွန်ပြီးနောက် ထုတ်ယူ စစ်ဆေးမှု ပြုကြသည်။ မည်သို့ပင် စိစစ်မှုပြုငြားလည်း သာမန် လူ တစ်ယောက်၏ ဦးနှောက်နှင့် ကွာခြားချက် ဟူ၍ သိသာထင်ရှားစွာ မတွေ့ကြရဟု ဆိုသည်။

          ဉာဏ်သည် ဦးနှောက်မှ ထွက်ပေါ်လာသည်ဟု ဆိုရစေကာမူ ဦးနှောက်၌ ဉာဏ်ကိန်းအောင်းရာကို ရှာရခက်ချေသည်။ စိတ်သည် ရုပ်မဟုတ်သဖြင့် ရုပ်ကိုသာ မြင်နိုင်စွမ်းသော သူတို့က ကြောင် နေကြသည်။ အချို့သော ရုပ်ကြမ်းဝါဒီတို့က “စိတ်သည် ထင်ယောင် ထင်မှား ဖြစ်သော အရာ” (Mind is illusion) ဟု ကောက်ချက် ချကြသည်။

          စိတ်မှ ဉာဏ်ပေါ်သည်။ ထိုဉာဏ်သည် မွေးရာပါ ပစ္စုပ္ပန် ဖြစ် သည်။ သန္ဓေတည်စဉ်တွင် ဉာဏ်ယှဉ်လျှင် ဉာဏ်ထက်မြက်သည်ဟု သတ္တဝါတစ်ခု၏ ကံကို ညွှန်းကြသည်။ လူသားတို့၏ လက်နက် တစ်ခု ဖြစ်သော ဉာဏ်သည် မွေးရာပါ ပစ္စည်းတစ်ခု ဖြစ်သည်။ ကုသိုလ်ကံ အရှိန်အဟုန်ကြောင့် ဖြစ်သော ဉာဏ်သည် ပဋိသန္ဓေဖြစ်ချိန်၌ ရုပ်နှင့် အတူ ပါလာသည်။ ကုသိုလ်နည်းသူအဖို့ ဉာဏ်ညံ့ဉာဏ်နု ရှိသည်။ အကုသိုလ်များသူတို့၌ အကုသိုလ်မှုကို အားပေးသော ဉာဏ် ပါလာ သည်။ ထို့ကြောင့် “ဉာဉ်ကောင်း” နှင့် “ဉာဉ်ဆိုး” ဟူ၍ လူတို့၌ မွေးစကတည်းက စရိုက်ဖြင့် ပြကြသည်။ စရိုက်ကို ညွှန်းသောဉာဏ် ဖြစ် သည်။ လူတိုင်းမှာ အနည်းဆုံးအားဖြင့် သာမန် (ပုံမှန်) ဉာဏ် ရှိသည်။ ဉာဏ်နှံသူတို့သည် မများလှပါ။

          သာမန် ဉာဏ်ရှိသူတို့သည် မိမိတို့၏ ဉာဏ်ကို ထက်မြက်လာ စေရန် အတွေးအမြင်စာပေကို လေ့လာ၍ “အတွေးကျင့်” ပြုစုလျှင် ထက်မြက်သော၊ ထက်သန်သော ဉာဏ်ကို ရရှိနိုင်ပေသည်။ ထို့ကြောင့် အတွေးအမြင်စာပေကို တတ်နိုင်သမျှ ဖတ်ရှုလေ့လာစေလိုပါသည်။ ထိုစာစုကပေးသော ဗဟုသုတသည် မိမိ၏ အတွေးအခေါ်ကို သွက်လက် ထက်မြက်စေနိုင်ပါသည်။

          အလျဉ်းသင့်၍ ပြောရပါမူ တွေးခေါ်မြော်မြင်မှုကို အားပေးသော စာပေအရေးအသားသည် ယခုခေတ်တွင် ရှင်သန်တိုးတက်လျက် ရှိ သည်။ ယင်း စာပေတို့၏ စာဖတ်ပရိသတ်သည် အစုအစည်းအဖြစ် ခိုင်မြဲနေမည်သာ ဖြစ်ပေရာ ဤ “တွေးတဲ့ ကျူပင်”နှင့် အတွေးအမြင် စာစုများသည် တွေးချင်ခေါ်ချင် မြော်မြင်ချင် သူတို့အတွက် အာဟာရ တစ်ခွက် ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

တက်တိုး

၂၆-၆-၉၉