တက်တိုး - ငွေဆိုတာရယ်စရာ
ငွေဆိုတာ ရယ်စရာ
ပြင်သစ်မှာ အနေကြာသည့် အမေရိကန်စာရေးဆရာမကြီး ၊ ဂါးထရ-စတိုင်းက “ငွေဆိုတာ ရယ်စရာပါ”ဟု ဆိုသည်။ သူသည် စာရေးတော်၏။ သို့သော် သူ့စာများသည် သာမန် စာဖတ်သူတို့၏ ဦးခေါင်းပေါ် ကျော်သွားတတ်ကြသဖြင့် သူ့စာအုပ်များ ရောင်းရ မတွင်ကျယ်ချေ။ နောက်သူ့အကြောင်းကို သူ့လက်ဆွဲတော် အမျိုးသမီးကြီး အတ္ထုပ္ပတ္တိအဖြစ် ရေးထုတ်လိုက်ခါမှ ထိုစာအုပ်သည်ရောင်းရတွင်ကျယ်သဖြင့် သူ့မှာ စီးပွားရေးဖြောင့်သွားသည်။ သူကငွေကို ရယ်စရာဟု ဆိုလိုက်ခြင်းမှာ ငွေသည် လိုလားတောင့်တစဉ်က မရောက်လာပဲနောင်မှ ရောက်လာသည်။ ငွေရ၍ သူ့စားဝတ်နေရေးချောင်လည်၍ လိုချင်ရာရသည်။ လုပ်ချင်ရာကလေးများ လုပ်နိုင်သည်။ “ငွေဆိုတာ လာချင်တဲ့အခါလာ၊ မလာချင်ရင် ဘယ်လိုကြိုးစား ဘယ်လို တောင့်တပေမယ့် မလာပဲနေသည်။ ရယ်စရာအရာဝတ္ထု ဖြစ်သည်” ဟူသော သဘောဖြင့် ငွေဆိုတာ ရယ်စရာပါဟု ဆိုလိုက်ခြင်းဖြစ်သည်။
သို့သော် ငွေဆိုတာ ရယ်စရာဟု ပေါ့ ပြက်ပြက် ပြော၍မရ။ ငွေသည်လူသားတို့၏ ဘဝ၌ အလွန်အရေးပါသည်။ စီးပွားရေး ပညာရှင် အက်ဆေးဆရာ"ရောဂျား-ရောဇိန်ဘလတ်ထံ”က ဆိုသည်။ ငွေကအကျိုးပြုသော အရာတို့သည် များလှပေ၏။ ထူးခြားကြီးမား လှပေသည်ဟု ဆိုသည်။ ငွေသည် မြို့ကြီးများ တည်ဆောက် ပေးနိုင်သည်။ ရောဂါဝေဒနာများ ကုသပေးနိုင်သည်။ အဆုံးစွန်၌စစ်ကိုနိုင်အောင်လုပ်ပေးနိုင်သည်ဟုဆက်၍ဆိုသည်။
ငွေသည် လောကီရေးရာ ကိစ္စများတွင် ပစ်ပယ်၍ မရနိုင်အောင် အရေးပါသည်။ လူတို့သည် ငွေကို နေ့ညမဟုတ် အမြဲရှာနေကြသည်။ နည်းအမျိုးစုံသုံး၍ ရှာကြသည်။အပင်ပန်းခံ၍ ရှာကြသည်။ အချို့သည် သက်စွန့်ကြိုးပမ်း၍ ရှာကြသည်။ ငွေရလျှင် စိတ်ဓါတ် တက်ကြွသည်။ ငွေမရလျှင် စိတ်ဓာတ်ကျသည်။ ငွေသည် အရာဝတ္ထုတို့၏ တန်ဖိုးကို ဖြတ်ပေးသည်။ လူ၏တန်ဖိုးကိုပင် ဖြတ်ပေးသည်ဟု ဆိုနိုင်ပေသည်။ လူ့အဆင့်အတန်းကို အထင်အရှား သတ်မှတ်ပေးသည်မှာ ငွေ့ဖြစ်၏။ ငွေရှင် ကြေးရှင်တို့သည် လူ့ အဖွဲ့အစည်းတိုင်းမှာ လူရာဝင်ကြသည်။ ငွေမရှိသော ပညာရှင်သည် မိမိ၏တန်ဖိုး မဖြတ်နိုင်လောက်အောင် ကြီးမြတ်သော ပညာကို ရင်ဝယ်ပိုက်၍ မွဲတေနေသည်။
လူသားတို့သည် တစ်ဦးကို တစ်ဦးက အပြန်အလှန် မှီခို နေကြသည်။ တစ်ဦးလိုသော ပစ္စည်းကို အခြားတစ်ဦးက ပြုလုပ် ပေးသည်။ ထုတ်လုပ်ပေးသည်။ အခြားတစ်ဦးက လိုသောကိစ္စ တစ်ဦးကို အခြားတစ်ဦးက ဆောင်ရွက်ပေးသည်။ ယင်းသို့ လျှင် အပေးအယူများလုပ်ကာ လူ့ဘဝမှာ အဆင်ပြေ အခြေလှအောင် လုပ်ဆောင်လျက်ရှိကြသည်။ ထိုအမျိုးမျိုးသော လိုအင်ဆန္ဒများကြောင့် စီးပွားရေးဟူသော ဖြစ်ရပ်ပေါ်ပေါက်လာရသည်။ ပစ္စည်းနှင့် လဲလှယ်ရန်ဖြစ်စေ ဆောင်ရွက်မှုနှင့်လဲလှယ်ရန်ဖြစ်စေ အလယ်တွင် လူးလာပျံသန်းနေသည့်အရာသည်ကား “ငွေ” ဖြစ်ပေသည်။ အလဲအလှယ်ပြုမှုတို့က “ဈေးကွက်" တို့ကို ဖော်ထုတ်ကြသည်။ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုတို့သည် စီးပွားရေး၏ အင်္ဂါရပ်များဖြစ်ရာ ထိုအမှုတို့ကို ပြေလည်စွာလုပ်ဆောင်နိုင်ရန် ငွေက ဆောင်ရွက်ပေး သည်။ လူမှုရေး ကိစ္စမှန်သမျှတွင် ငွေမပါလျှင် မဖြစ်မြောက်နိုင်ပေ။
အရာရာနှင့် ကိစ္စအရပ်ရပ်တို့တွင် ငွေသည် အဓိကထောက်ပံ့မှုပစ္စည်း ဖြစ်သည်။ ကောင်းမှုပြုလိုလျှင် ငွေလိုသည်။ မကောင်းမှုပြုလျှင်လည်း ငွေလိုသည်။ ငွေလိုလျှင် ကောင်းမှုပြု၍ ငွေရစေနိုင်သည်။ မကောင်းမှု ပြု၍လည်း ငွေရစေနိုင်သည်။ ထိုနှစ်နည်းတွင် မကောင်းမှုပြု၍ ငွေရှာနည်းသည် မလိုလားအပ်ရုံမျှမက အန္တရာယ်ပေးနိုင်သည်။ မကောင်းမှု ပြုသူတို့၌ လည်း အန္တရာယ်ကြီးစွာရှိ၏။ အန္တရာယ်ကို မကြောက်ဘဲ ငွေရရေး ကိုသာ အာရုံပြု၍ ဇွတ်နှစ်၍ မတရားမှု၊ မသမာမှု၊ ရက်စက်မှုတို့ဖြင့် ငွေကို အရရှာကြလေတော့သည်။
ပုထုဇဉ်တို့သည် လောဘနှင့် မကင်းကြပေ။ လောဘနှစ်မျိုး ရှိသည်။ မျှတသော လောဘ (သမလောဘ) နှင့် မမျှတသောလောဘ (ဝိသမလောဘ) တို့ဖြစ်သည်။ မိမိရသင့်သော ပစ္စည်းဥစ္စာကိုရယူခြင်း သမလောဘမှလွန်၍ မရသင့်သော သူတစ်ပါးထံမှ နည်းပရိယာယ် အမျိုးမျိုးဖြင့် ရယူသော ဝိသမလောဘကို ပုထုဇဉ် သူတော်ကောင်း တို့ ရှောင်ကြ၏။ ပစ္စည်းဥစ္စာများကို ငွေဖြင့် တန်ဖိုးဖြတ်ကြသည့် အလျောက် ငွေသည် လောဘကြီးသူတို့၏ သည်းခြေကြိုက် အစာ ဖြစ်၏။ မည်သည့်ပစ္စည်းဥစ္စာ မည်သည့်အကြောင်းအရာပင် ဖြစ်စေ နောက်ဆုံးကိန်းသည် ငွေဖြစ်၍ အရာရာတွင် ငွေက စကားပြောသည်။
အမှန်မှာ ငွေသည် သင်္ကေတမျှသာ ဖြစ်သည်။ သို့သော် ထိုသင်္ကေတသည် တန်ဖိုးအထည့်ခံရသော သင်္ကေတဖြစ်သဖြင့် သာမန်အမြင်အားဖြင့် သတ္တုပြား၊ စက္ကူချပ်မျှသာ ဖြစ်သော်လည်း ထိုဒင်္ဂါး၊ ငွေ၊ စက္ကူ တို့သည် သာမန်အဖြစ်မှ တန်ဖိုးရှိသော သင်္ကေတပစ္စည်း ဖြစ်လာ၏။ ထိုတန်ဖိုး သွတ်သွင်းခြင်း သင်္ကေတက တစ်ဖန် အခြားပစ္စည်းအားလုံးကို တန်ဖိုးသင့် ပေးနိုင်သော သတ္တိရှိသည်။ လူလောကတစ်ဝန်းလုံးတွင် နေရာဒေသအလိုက်လူမျိုးစုအဖွဲ့အစည်း (နိုင်ငံ)အလိုက် အပေါ်ယံ တန်ဖိုးသတ်မှတ်ထားသော်လည်း ထိုတန်ဘိုးသင့်နိုင်သော သတ္တိသည် ရှိနေပေသည်။ ထို့ကြောင့် ငွေဆိုလျှင် ကမ္ဘာသူ ကမ္ဘာသား လူအားလုံးတို့ ခေါင်းထောင်ကြည့်ကြသည်။ ငွေသတ်မှတ်လိုက်သော တန်ဖိုးသည် သတ်မှတ်သော တန်ဖိုးမျှသာ ဖြစ်သည်။ အရင်းအစစ်တန်ဖိုး မဟုတ်ချေ။ သို့သော် ထိုအပေါ်ယံ တန်ဖိုးနှင့် ရုပ်ပိုင်းဘဝတွင် စခန်းသွားနေကြသည်။
ငွေသည် ကောင်းကျိုးကို ပြုနိုင်၏။ ဆိုးကျိုးကိုလည်း ပြုနိုင်သည်။ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲ၍လည်း ပြုနိုင်၏။ ကိုင်တွယ်သုံးစွဲသူအပေါ်၌ တည်သည်။ ကောင်းကျိုးဖြစ်ရာ ဖြစ်ကြောင်း အတွက် အသုံးပြုလျှင် ငွေတန်ဖိုးသည် မြင့်မြတ်၏။ ဆိုးကျိုးဖြစ်စေရန် အသုံးပြုလျှင် ငွေတန်ဖိုးသည် ယုတ်ညံ့၏။ ငွေသည် မြွေနှင့် တူ၏ဟု ဗုဒ္ဓမြတ်စွာ မိန့်ဆိုတော်မူ၏။ ငွေကို နတ်မင်းကြီး တစ်ပါးသဖွယ် ကိုးကွယ်သူများလည်း ရှိကြသည်။ ငွေကို ကျစ်ကျစ် ပါအောင် စုဆောင်းသူများ ရှိသလို၊ ငွေကို ရေလို သုံးဖြုန်းပစ်သူများ လည်း ရှိသည်။ စင်စစ်အားဖြင့် ငွေသည် သုံးသူ၏ အလိုကို လိုက်ရသည်။ တဖန် သုံးလိုသူတို့ကလည်း ငွေကို အမျိုးမျိုး ကြိုးပမ်းအားထုတ်၍ ရယူနိုင်ရန် ငွေအလိုကို လိုက်ကြရသည်။ ငွေမျက်နှာထောက်ပြီး သူတစ်ပါး မလုပ်ရဲ၊ မလုပ်ချင်သော အလုပ်မျိုးကို အားကြိုးမာန်တက် လုပ်ကြသည်။ အချို့မှာမူ ငွေကို ' မျက်နှာဖုံးအဖြစ် စွပ်လိုက်ပြီးလျှင် ပကာသနဟူသော အပေါ်ယံဂုဏ်တု ဂုဏ်ယောင်တို့၏ အောက်တွင် မျက်နှာပန်းလှနေကြသည်။ ယင်း သို့သော အကြောင်းတို့ကို ထောက်ရှု၍ စာရေးဆရာမကြီး ဂါးထရုစတိုင်း ပြောသလို “ငွေဆိုတာ ရယ်စရာပါ" ဟူ၍ပင် ဖြစ်လေမလား။