Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တက်တိုး - ကမ္ဘာကျော်မိန်းမသူလျှိုများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
(၁)
သူလျှို့စိတ်ထား
(ပဏာမ)

          ကျွန်တော့်သမီးကလေး “မယ်ရီယံ” မှာ အသက်ဆယ့်တစ်နှစ်ရှိ သူငယ်မကလေးဖြစ်သည်။ အရပ်ရှည်ရှည်၊ ရုပ်ရည်ချောချော၊ ဆံပင်နီ ကြန်ကြန်ကလေးနှင့် ချစ်စဖွယ် မျက်လုံးကလေးများ ရှိပေသည်။ သူ သည် ကျွန်တော် ဖြေနိုင်သည်ထက် ပို၍နေသော မေးခွန်းများကို မေး လေ့ရှိပါသည်။

           တစ်လွန်ခဲ့သော နွေကာလက သူသည် ကျွန်တော်နှင့်အတူ ဥရောပ တိုက်ကြီးတစ်ခွင်တွင် မိုင်တစ်သောင်းနှစ်ထောင်ရှိသော ခရီးတစ်လျှောက် လိုက်၍လာပါသည်။ ကျွန်တော်လည်း ခရီးထွက်၍ တရားဟောပွဲများ ပြုလုပ်ခဲ့ပါသည်။ ခရီးတစ်လျှောက်ရှိ ကျောင်းများ၊ တက္ကသိုလ်များ၊ လူမှုရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့များတွင် တရားဟောခဲ့ ပါသည်။ ရေဒီယိုနှင့် တယ်လီဗီးရှင်းတို့မှလည်း အသံလွှင့်ခဲ့ပါသည်။ ကျွန်တော် ဟောသောတရားကား “ဒီမိုကရေစီ၏ သင်္ချိုင်းတူးသမားများ” ဖြစ်သည့် သူလျှိုများအကြောင်းပင် ဖြစ်ပါသည်။

          သမီးကလေး မယ်ရီယံသည် ကျွန်တော်ဟောသော တရားပွဲ တစ်ရာလုံးကို တက်၍နာမည်ဟု ပူဆာသဖြင့် တက်ရောက်၍ တရားနာ စေခဲ့ရပါသည်။ တရားပွဲပြီးတိုင်း သူသည် တစ်မျိုးတည်းသော မေးခွန်း ကို အမြဲတမ်း မေးပါသည်။ သူသာမက သူ့မိခင်၊ သူ့အစ်ကိုမှစ၍ ကျွန်တော် တရားကို စင်မြင့်ပေါ်မှသော်လည်းကောင်း၊ ရေဒီယိုမှသော်လည်းကောင်း နာကြရသော ငါးသန်းမျှသော ပရိသတ်တို့ကလည်း ထိုမေးခွန်းကိုပင် မေးကြပါသည်။ ယင်းသည်ကား

          “ခင်ဗျား သူလျှိုလုပ်ခဲ့ဖူးသလား”

          ပရိသတ်ကမေးတိုင်း ကျွန်တော်က တစ်မျိုးတည်းအဖြေကို အမြဲ ပေးခဲ့ပါသည်။ “သူလျှို ဆိုတဲ့စကားကို ကျွန်တော် မကြိုက်ဘူးဗျာ။ စုံစမ်းထောက်လှမ်းရေး အရာရှိလို့ ခေါ်စမ်းပါ”ဟု ကျွန်တော်က ရယ် စရာဖြစ်အောင် မရေမရာ ဖြေလိုက်လေ့ရှိပါသည်။

          ထိုအဖြေကို ကြားရသော ပရိသတ်က ရယ်ချင်ရယ်ပေမည် ဖြစ် စေကာမူ မယ်ရီယံက ရယ်မည်မဟုတ်။ “စုံစမ်းထောက်လှမ်းရေး အရာ ရှိဆိုတာဘာလဲ၊ သူလျှို ဟာ ဘယ်သူ့အဖို့ သူလျှိုလုပ်ပေးတာလဲ” ဟု ထပ်၍ ဆင့်လိုက်လေတော့သည်။ သမီးကလေး အမေးတွင် သူလျှို ဆိုသောစကားလုံး ပါလာပြန်ချေပြီ။ “အတော်ဆုံး သူလျှိုဟာ စင်စစ်တော့ သုတေသနပုဂ္ဂိုလ်ကြီးပေါ့။ ကလိမ်ဉာဏ်ကိုမသုံးဘဲ စိတ်ပညာနဲ့ သုံးသပ်ပြီး ဆောင်ရွက်နိုင်တဲ့လူပေါ့ ။ သူလျှို ဆိုတာ အမှန်ဆိုရမယ် ဆိုရင် လူတောထဲမှာ နေတဲ့လူပါပဲ” ဟု ကျွန်တော်က ပြောလျှင်လည်း သမီးကလေး မယ်ရီယံမှာ နားလည်မည်မဟုတ်ချေ။

          ကာလအတော်ကြာက ရုရှားကွန်မြူနစ်ဝန်ကြီးတစ်ဦးက ခေါင်း ဆောင်ကြီး စတာလင်အား အမေရိကန်ပြည်တွင် ငါးနှစ်ကျော်နေထိုင် သော နိုင်ငံခြားသားများသည် အမေရိကန် ပြည်ထောင်စုသားအဖြစ်ခံယူနိုင်ကြောင်း ပြောပြရာ စတာလင်က “ဒီလိုဆိုရင် ငါတို့ဆီကယောက်ျားမိန်းမပေါင်း ငါးထောင်လောက် ဟို သွားနေကြပါစေလား။ ငါတို့ သူတို့ကို ခိုင်းစရာရှိတော့ ခိုင်းမယ်၊ မခိုင်းသေးခင် ဒီလိုပဲ ဟိုမှာ ထိုင်နေကြပါစေလား” ဟု ဆိုလေသည်။ ယခု ကျွန်တော်တို့ လူစုကြား တွင် ယင်းသို့ “ထိုင်နေသူများ” ရှိနေပြီ။

          အခြား “ထိုင်နေသူများ” ကား ဂျာမနီက ကမ္ဘာအရပ်ရပ်သို့ စေလွှတ်ခြင်းခံရသော ဂျာမနီ ပြည်သူပြည်သားများဖြစ်သည်။ သူတို့ သည် နိုင်ငံခြားတွင် အလုပ်အကိုင် လုပ်ကိုင်ရင်း ထိုင်၍ စောင့်နေကြ ၏။ သူတို့ အဖတိုင်းပြည်ကြီးက စေခိုင်းချိန်တန်မှ ထ၍ ဆောင်ရွက်ကြလေသည်။ သူတို့ ဆောင်ရွက်ပုံကား ဤသို့ပင်တည်း။ “စကာပါဖလို” သင်္ဘောဆိပ်ကို ဂျာမန်ရေတပ်က ဝင်၍တိုက်နိုင်အောင် သတင်းပေးသူ သည် ၁၉၂၆ ခုနှစ်က ဗြိတိန်ပြည်သို့ လာ၍နေထိုင်သော ဂျာမန် နာရီ ပြင်ဆရာတစ်ဦးဖြစ်သည်။ ဂျပန်တို့ “ပါးလ်ဟားဗား” သင်္ဘောဆိပ်ကို လာ၍ ဗုံးကြဲစဉ် လက်နှိပ်ဓာတ်မီးနှင့် အချက်ပြမှု ဘာသာစကားဘက် ဆိုင်ရာ ပါမောက္ခသည် “ပါးလ်ဟားဗား” ရှိရာ “ဟာဝေယံ” ကျွန်းသို့ ၁၉၃၆ ခုနှစ်က လာ၍နေလေသည်။ အဏုမြူဗုံးစပ်နည်းကို ခိုး၍ ထုတ် ပေးမှုနှင့် ၁၉၄၉ ခုနှစ်တွင် အဖမ်းခံရသူ “ကလော့ဖုက်စ်” သည် ဗြိတိန် ပြည်သို့ ၁၉၃၅ ခုနှစ်က လာရောက်နေထိုင်လေသည်။ ယင်းသို့လျှင် သူလျှိုများမှာ သက်ဆိုင်ရာ တိုင်းပြည်သို့ လာရောက်နေထိုင်ကြသူများ ဖြစ်တတ်ကြသည်။ သူတို့သည် အဖတိုင်းပြည်က အလိုရှိခါမှ ထ၍ ဆောင်ရွက်ပေးကြသူများ ဖြစ်ပေသည်။

          ယင်းသို့လျှင် စစ်ပြင်ဆင်မှုကို ငြိမ်းချမ်းရေးကာလ အတော အတွင်း၌ ဆောင်ရွက်ကြသည်။ အမြောက်သေနတ်များ ပစ်ဖောက်၍ တိုက်ခိုက်သော စစ်ကြီးမဖြစ်မီ ငြိမ်းချမ်းရေးရရှိပါသည်ဟု ဆိုရသောအခိုက်အခါ၌ပင်လျှင် စစ်ဖြစ်လျှင် အသုံးပြုနိုင်ရန် သူလျှိုများကို သက် ဆိုင်ရာတိုင်းပြည်များတွင် “ထိုင်နေ” ဖို့ စေလွှတ်ထားလေသည်။

          ထိုအကြောင်းအရာများကို ကျွန်တော့်သမီးကလေးအား ပြောပြ ၍ ဖြစ်နိုင်ပါမည်လော။

          ကျွန်တော်လည်း တစ်ခါက “ထိုင်နေသူ” ဖြစ်ခဲ့ဖူးပါ၏။

          ကျွန်တော်သည် အစက သူလျှိုလောကကြီးထဲသို့ ဤမျှလောက် နက်နက်နဲနဲ ရောက်သွားလိမ့်မည်ဟု မအောက်မေ့မိပါ။ ကျွန်တော် သည် ဆွီဒင်ပြည်၌ နေခဲ့ပါသည်။ ဆွီဒင်ပြည်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ထိုအခါက ကျွန်တော်မှာ သတင်းစာဆရာတစ်ဦးဖြစ်ပါသည်။ စာအုပ်များရေးကာ အမေရိကန်နှင့် ဥရောပတိုက်ရှိ သတင်းစာများသို့ သတင်းများ၊ ဆောင်းပါးများ ပေး၍ နေခဲ့ပါသည်။

          ၁၉၃၈ ခုနှစ်တွင် ကျွန်တော်သည် စစ်ဖြစ်တော့မည့်အခြေကို လှမ်းမြင်မိသဖြင့် စစ်ကို တားဆီးလိုသောဆန္ဒ ကျွန်တော့်၌ ပြင်းပြ လျက်ရှိပါသည်။ ထိုကြောင့် ကျွန်တော်သည် ဟစ်တလာ၏ စက်ကွင်း မှ ထွက်ပြေးလာသော သူတို့အား စောင့်ရှောက်ရန် ဖွဲ့စည်းထားသော အသင်းတွင် ဝင်ရောက်ဆောင်ရွက်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ကျွန်တော်သည် ဟစ်တလာ၏ နာဇီတို့လက်မှ ပြေးလာသော စစ်ပြေး များ၊ အိမ်ခြေမတည်သူများနှင့် ဆက်ဆံခဲ့ရပါသည်။

          ကျွန်တော်သည် ထိုဒုက္ခသည်များအား ငွေကြေးရှာပေးခြင်း၊ နေ ခင်းထိုင်ခင်းများ စီစဉ်ပေးခြင်း၊ အလုပ်အကိုင်ရအောင် ဆောင်ရွက်ပေး ခြင်းအမှုတို့ကိုပြုသည့် စေတနာဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ သူတို့က လည်း ထိုသို့ ဆောင်ရွက်ပေးသဖြင့် ကျေးဇူးတင်ကြလေသည်။ သူတို့ ခမျာများမှာ နာဇီတို့၏ ဘေးရန်ကို ကြောက်ရွံ့မြဲ ကြောက်ရွံ့ နေကြရှာသည်။ ယခုကဲ့သို့ နာဇီတို့လက်မှ လွတ်လာပြီဖြစ်သော်လည်း တစ်နေ့ နေ့ အာဏာရှင် လက်ပါးစေများက သူတို့ရှိရာသို့ လိုက်လာပြီးလျှင် သတ်ဖြတ်လုပ်ကြံဦးမည်လောဟု တွေး၍ ကြောက်ကြပါသည်။ ။

          ထိုဒုက္ခသည်များမှာ သဘောသကာယကောင်း၍ သူတို့အဖြစ် သနစ်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ သူတို့ထဲတွင်လည်း ဒုက္ခသည် အတုအယောင်များ ပါလာချေသေးသည်။ ထိုအတုများ၏ နိုင်ငံခြားသွား လက်မှတ်များမှာ အတုများချည်းဖြစ်သည်။ အချို့ကမူ နာဇီတို့ သတ်၍ သေပြီးသောသူ အချို့၏ လက်မှတ်ကိုယူ၍ ဟန်ဆောင် လာကြသည်။ ထိုအတုများလည်း ဒုက္ခသည်အစစ်တို့ကဲ့သို့ ဂျာမနီပြည် သို့မဟုတ် ဂျာမနီ နာဇီတို့ သိမ်းပိုက်ကြီးစိုးခြင်းခံရသော သြစတြီးယား ပြည်၊ ပိုလန်ပြည်၊ ချက်ကိုစလိုဗက်ကီးယားပြည် စသည်တို့မှပင် လာ ကြလေသည်။ သူတို့၏ ရည်ရွယ်ချက်မှာကား ဒုက္ခသည်များကိုကြည့် ၍ နာဇီတို့၏ သူလျှိုလုပ်ကာ ထိုသတင်းများကို ပေးပို့ရန်ပင် ဖြစ် သည်။ သူတို့၏ ရည်ရွယ်ချက်ကို စ၍ တွေ့ရှိသူမှာ ကျွန်တော်ပင် ဖြစ်ပါသည်။

          တစ်နေ့သ၌ လူတစ်ယောက်သည် ကျွန်တော်ထံသို့လာ၍ သူ သည် ရုရှားပြည်ထောင်တစ်ခုမှ ထွက်ပြေးလာကြောင်း၊ သူ့အမည်မှာ ဟင်းစ်မူလာဖြစ်ကြောင်း ပြောပြလေသည်။ ကျွန်တော်လည်း သူ့စကား များ မှန် မမှန်ကို ဆွီဒင်ပြည်မှ မိတ်ဆွေများထံတွင် စိစစ်ကြည့်ရာ ဟင်းစ်မူလာအစစ်မှာ လွန်ခဲ့သောနှစ်က နာဇီတို့ သတ်ပစ်လိုက်ပြီဖြစ် ကြောင်း၊ ယခု လူမှာ ဟင်းစ်မူလာ အတုမျှသာဖြစ်ကြောင်း သိရပါ တော့သည်။ သူလာခြင်း၏ အကြောင်းရင်းမှာ သူလျှိုလုပ်ရန် ဖြစ်ချေ သည်။

          ထိုသို့ ပထမတစ်ကြိမ် တွေ့ပြီးနောက် မကြာမီပင်လျှင် ဒုတိယ