စိတ်ကူးချိုချိုစာပေ
တက္ကသိုလ်ရွှေရီဝင်း - ပညာ၏အစွမ်းနှင့်အခြားပုံပြင်များ
Couldn't load pickup availability
ပညာ၏အစွမ်း
လွန်လေပြီးသောအခါ ပန်းပဲပညာရှင်များသာ စုဝေးနေထိုင်သော ပန်းပဲရွာကြီးတစ်ရွာ ရှိလေသည်။ ထိုပန်းပဲရွာရှိ လူအများစုသည် ပေါက်တူး၊ ပုဆိန်၊ ထွန်ခြစ်၊ ဓား၊ ကွမ်း ညှပ်၊ ကတ်ကြေး၊ ထယ်သွား စသော သံထည်ပစ္စည်းများကို ပြုလုပ်ကြသည်။ ထို အချိန်က လယ်ယာစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသောကြောင့် ရွာသူရွာသားများ အတွက် မရှိမဖြစ် လိုအပ်သောပစ္စည်းများကို ထုတ်လုပ်ပေးကြခြင်း ဖြစ်သည်။
ထိုပန်းပဲရွာကြီး၏ ရွာသူကြီးမှာ ချမ်းသာကြွယ်ဝသူ ဖြစ်သည်။ သူ့တွင် အလွန်ချောမောလှပ၍ သွက်လက်ချက်ချာသော သမီး တစ်ယောက်ရှိသည်။ သူကြီးသမီးလေး မာလာသည် အလှဂုဏ်ကြောင့် အမည်ကျော်ကြားလျက်ရှိသည်။ မာလာကို လာရောက် တောင်းခံသူများ ရှိသော်လည်း မာလာသည် မည်သူ၏ကမ်းလှမ်းချက်ကိုမှ လက်မခံဘဲ နေခဲ့သည်။ မာလာသည် သူမ၏ဖခင်နှင့် မိခင်ကို ပြုစုရင်း ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။
တစ်နေ့သောအခါ လုလင်ပျိုတစ်ယောက်သည် မာလာတို့နေထိုင်သော ပန်းပဲရွာကြီးသို့ ရောက်လာသည်။ ထိုလုလင်ပျိုသည် ရွာကြီးရှိ လမ်းကြိုလမ်းကြားများပါမကျန် တစ်လမ်းဝင်တစ်လမ်းထွက်၍ အပ်ရောင်းနေလေသည်။ | လုလင်ပျိုသည် သူ၏အပ်အကြောင်းကို ဂုဏ်ဖော်ပြ၍ ပြောဆို ရောင်းခြင်းဖြစ်သည်။
“အပ်ါ .... အပ် ..... အပ်။ အလွန်ချောမွေ့တဲ့အပ်၊ အလွန်ချွန် ထက်တဲ့အပ် ဖြစ်ပါ တယ်။ အပ်ရဲ့ နဖားပေါက်ကလည်း အလွန်ကောင်း ပါတယ်ခင်ဗျာ။ အလွန်လည်း မာကျောတဲ့အပ် ဖြစ်ပါတယ်။ အင်မတန် ရှားပါးတဲ့အပ်ပါခင်ဗျာ။ ကြုံကြိုက်တုန်း ဝယ်ယူကြပါဗျို့”
ပန်းပဲရွာရှိလူများသည် သူတို့ကိုယ်တိုင် သံထည်များကို ကျွမ်း ကျွမ်းကျင်ကျင်လုပ်နိုင် ကြသူများဖြစ်သဖြင့်၊ ယခုလို တစ်နယ်တကျေး က အပ်လာရောင်းသည်ကို စိတ်မဝင်စားကြပါ။ သို့သော် ရွာသူကြီး ၏သမီး မာလာ၏နားထဲတွင် ထူးဆန်းနေသည်။ ထို့ကြောင့် အိမ်ပြတင်း ပေါက်ကိုဖွင့်ပြီး အပ်ရောင်းသူကို လှမ်း၍ကြည့်လိုက်သည်။
မာလာ အပ်ရောင်းသူကို လှမ်းကြည့်သည့်အချိန်တွင်ပင် အပ် ရောင်းသူ လုလင်ကလည်း သူ့အပ်ကို ဝယ်မည်ထင်၍ လှမ်းကြည့်သည် နှင့် အကြည့်ချင်းဆုံသွားသည်။ မာလာမှာ ရောင်းသူကို အားနာသွား သည်။ ထို့ကြောင့် လှမ်း၍ စကားပြောလေသည်။
“ဒီမှာ ကိုအပ်သည်ကြီး၊ ဒီလို ပန်းပဲရွာကြီးမှာ ရှင် အပ်လာရောင်း လို့ ဘယ်သူဝယ်မှာလဲ။ တခြားရွာ သွားရောင်းရင် ကောင်းမယ်”
မာလာသည် မျက်နှာချင်းဆုံမိ၍ ယခုလို စကားလှမ်းပြောပြီး အပ်ရောင်းသူကို သေချာကြည့်လိုက်သည်။ ထိုအခါ သန်မာထွားကျိုင်း ပြီး ယောက်ျားပီသသော လုလင်ပျို၏ ပြန်၍ ကြည့်လိုက်သော အကြည့် ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။
လုလင်ပျိုက “ဒီလိုသံနဲ့ပတ်သက်တဲ့ ပညာရှင်တွေ၊ ပန်းပဲ ကျွမ်း ကျင်တဲ့ပညာရှင်တွေ ရှိတဲ့အရပ်မို့လို့ တမင်တကာ ဒီရွာကြီးမှာ အပ်လာ ရောင်းတာပါ ညီမရယ်။ ညီမက နားမလည်ပေမဲ့ လူကြီးတွေကတော့ သိပါလိမ့်မယ်။ ညီမတို့အိမ်မှာ လူကြီးမရှိဘူးလား။” ဟု မေးလိုက် သည်။
သမီးလေးမာလာနှင့် အပ်ရောင်းသူတို့ အပြန်အလှန် ပြောဆိုနေ သည်ကို ရွာသူကြီး ကြားသွားသည်။ ထို့ကြောင့် အပ်သည်ကို အိမ်တွင်း သို့ ခေါ်ယူစေသည်။
အိမ်ထဲသို့ရောက်သော် ပန်းပဲရွာတွင် အပ်လာရောင်းသော ထူး ဆန်းသော လုလင်အား ကောင်းမွန်စွာ နေရာထိုင်ခင်း ပေးသည်။ ပြီးလျှင် သူရောင်းမည်ပြောသော အပ်ကို ပြစေသည်။
ထိုအခါ လုလင်က “ကျွန်တော် ရောင်းမယ့်အပ်ကို ဖြစ်နိုင်ရင် ရွာမှာရှိတဲ့ ပန်းပဲဆရာတွေရဲ့ ရှေ့မှာ ပြချင်ပါတယ်ခင်ဗျာ”ဟု ပြောသည်။
ရွာသူကြီးသည် မောင်းထု၍ ရွာရှိပန်းပဲဆရာများအား သူကြီး၏ အိမ်သို့ ဆင့်ခေါ်သည်။ သူကြီး၏ အိမ်သို့ လူများ စုဝေးရောက်ရှိသော အခါ တစ်ရွာတမှလာပြီးရောင်း သော အပ်ကိုပြလို၍ခေါ်ကြောင်း ပြောသည်။ ထိုအခါ ရွာသူရွာသားများမှာ ရွာလုံးကျွတ် အပ်ခေါ်၍ ပြရသည့်အဖြစ်ကို လှောင်ပြောင်ရယ်မောကြသည်။
လူစုံသောအခါ အပ်ရောင်းသူသည် သူ၏အိတ်ထဲမှ အဝတ်ထုပ် ကလေးကို ထုတ်ယူကာ အထပ်ထပ်ဖြေ၍ ရွာသားများရှေ့တွင် ရွာသူ ကြီးလက်ထဲသို့ ထည့်သည်။
ရွာသူကြီးသည် အပ်ကို သေချာစွာကြည့်ရှုပြီး ဈေးသည်အား မေးလိုက်သည်။
“သင်ရောင်းလိုတဲ့အပ်က ဒါလား။ အပ်နဖားရော ပါရဲ့လား"
“မဟုတ်ရပါ။ အပ်ဟာ ဒီအပ်ကျည်အိမ်ထဲမှာရှိကြောင်းပါ”
ရွာသူကြီးသည် လုလင်၏စကားအဆုံးတွင် အပ်ကျည်ကို ဖွင့်လေ သည်။ ရွာသူကြီးသည် အပ်ကို ထုတ်မရဖြစ်နေစဉ် ရောင်းသူလုလင်က ပြန်ယူပြီး လက်သည်းဖြင့် ကော်ကုတ်ထုတ်ပြသည်။
၎င်းနောက် သူ အပ်ကျည်မှထုတ်ယူသောအရာသည် အတွင်း ကျည်အိမ်သာဖြစ်ကြောင်း ပြောဆိုသည်။ သူထုလုပ်သောအပ်သည် ကျည်အိမ်အားလုံး ခြောက်ထပ်အတွင်းတွင် ရှိကြောင်း ပြောသည်။ အပ်ကျည်တစ်ခုခြင်းကို ကော်ကုတ်ထုတ်ပြသည်။
ထိုအခါ လာရောက်ကြည့်ရှုကြသော ပရိသတ်မှာ ထူးခြားသော လက်ရာကို ရင်သပ်ရှုမော တအံ့တသြ ကြည့်ကြလေသည်။ ရွာသူကြီး သမီးမာလာမှာလည်း လုလင်၏ ပန်းပဲပညာစွမ်းကို သဘောကျလျက် ရှိသည်။
ရွာသူကြီးသည် အပ်ကို သေချာကိုင်တွယ်ကြည့်ပြီး “မင်းရဲ့ အပ်ရဲ့ သေသပ်တာ၊ ချောမွတ်တာ၊ ချွန်ထက်တာတွေကတော့ ဟုတ်ပါပြီ။ ပိတ် ဘယ်နှထပ် သားရေဘယ်နှထပ် ထိုးဖောက်ပြီး ချုပ်နိုင်သလဲဆိုတာ ပြောပါဦးကွဲ ”ဟု ဆိုသည်။
ထိုအခါ အပ်ရောင်းသူလုလင်သည် သူ၏အပ်အစွမ်းကို ပြလို၍ ပန်းပဲသံပေကို လူနှစ်ယောက်က ရေအင်တုံပေါ်တွင် မထားစဉ် အပ်ကို သံပေပေါ်တွင်ထောင်၍ အသင့်ပါလာသောတူဖြင့် ထုလေသည်။ ထိုအခါ အပ်သည် သံပေတုံးထဲသို့ ဝင်သွားသည်။ ထပ်၍ ထုလေရာ သံပေကိုဖောက်၍ အောက်သို့ ဖောက်ထွက်ပြီး ရေဇလုံထဲသို့ ကျသွား သည်။ သို့သော် အပ်သည် ရေအောက်သို့လည်း မြုပ်မသွားဘဲ ရေလယ် တွင်သာ ရှိနေသည်ကို တွေ့ရသည်။
ဝိုင်းကြည့်နေသော ပရိသတ်မှာ လုလင်၏ပညာကို အံ့သြကြပြီးချီးမွမ်းစကားများ ပြောဆိုကြသည်။ ရွာသူကြီးက အပ်ရောင်းသူ လုလင် အား မေးခွန်းထုတ်ပြန်သည်။
“မောင်ရင် ဒီအပ်ကို ဘယ်ကရတာလဲ”
“ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားတဲ့အပ် ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် မြေသံ၊ ရေသံ၊ ခြသံ၊ သံကျွတ်များ အချိုးကျ ရောစပ်ပြီး စနစ်တကျ ရေချမီးတိုက်ပြီး စိတ်ရှည်လက်ရှည် အချိန်ယူပြီး လုပ်ထားတာပါ။”
“ကောင်းပါပြီ၊ မောင်ရင်ဟာ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်မျိုး၊ ဘယ် နွယ်က လာရောင်းတာလဲဆိုတာ ပြောပါဦး”
“ရှေးရှေးတုန်းက အလွန်ကျော်ကြားတဲ့ သံသိုက်နန်းရွာက ဘိုး သက်ရှည်နဲ့ ဘွားဌေးကြွယ်တို့ရဲ့မြစ် ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီရွာဟာ ရွာသိမ်ရွာငယ် ဖြစ်နေပါပြီ ခင်ဗျာ”
အပ်ရောင်းသူ လုလင်၏မျိုးရိုးကို သိရသောအခါ ရွာသူကြီးသည် အလွန်ကျေနပ်ပြီး သူသိသမျှကို ရှင်းပြသည်။
“မောင်းမင်းရဲ့ ဘေး ဘိုးသက်ရှည်ဆိုတာ ဘဘရဲ့ဆရာရဲ့ ဆရာ ကြီးပေါ့။ မင်းက ဒါကြောင့် အခုလို ပန်းပဲပညာကို အမွေရပြီး တော်တာကိုး။ ဘိုးသက်ရှည်ဟာ အဲဒီခေတ် က ဘုရင်မင်းတရားထံက “တော်ဝင်ပန်းပဲ” ဘွဲ့ တံဆိပ်ပါတဲ့ ရွှေစလွယ်ကိုရရှိတဲ့ နာမည်ကျော် ဆရာကြီးပဲ”
ထိုအခါ အပ်ရောင်းသူလုလင်၏ပညာစွမ်းနှင့် မျိုးရိုးဇာတိကို လေးစားခြင်းအားဖြင့် ရွာသူကြီးအိမ်တွင်ပင် ဧည့်သည်အဖြစ် တည်းခိုစေ ပြီး တစ်ရွာလုံးက ဝိုင်းဝန်းပြုစုကြသည်။
အပ်ရောင်းသူလုလင်သည် သူ တတ်ကျွမ်းသောပညာကို အသိ အမှတ်ပြုခြင်း ခံရသဖြင့် ဝမ်းသာကြည်နူးလျက်ရှိသည်။ သူသည် ဤပန်းပဲရွာတွင် အပ်လာရောင်းခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း သူသဘောပေါက်ပြီး ဖြစ်သည်။
ရက်အနည်းငယ်ကြာသောအခါ ရွာသူကြီးက လုလင်ပျိုထံမှအပ် ကို ဝယ်လိုကြောင်း စကားဆိုသည်။ ၎င်းပြင် ရွာသားများကိုလည်း အချိန်အားလျော်စွာ သံပညာ၊ ပန်းပဲပညာများ သင်ကြားပေးစေလိုကြောင်း ဆွေးနွေးသည်။ ထိုအခါ အပ်ရောင်းသူ လုလင်ပျိုသည် သူ၏ ပညာကို တန်ဖိုးသိသော ဤရွာတွင် အခြေချရန် ဆုံးဖြတ်ပြီး လက်ခံ လိုက်သည်။
သို့နှင့် အနေကြာလာသောအခါ ရွာသူကြီး၏သမီး မာလာနှင့် ချစ်ခင်ရင်းနှီးလာရာမှ အိမ်ထောင်ကျသွားသည်။
ရွာသူကြီး ကွယ်လွန်လေသော် အပ်ရောင်းသူ ပညာရှင်ပင် ပန်းပဲရွာ ၏ ရွာသူကြီး ဖြစ်လာလေသည်။




