တက္ကသိုလ်မြစိမ်း - နောက်တိုး
(၁)
ကျွန်တော် အလုပ်လုပ်နေသော ရုံးသို့ ဘုန်းကြီးတစ်ပါး ကြွလာသည်။ ဘုန်းတော်ကြီးက ကျွန်တော့်ကို တွေ့ချင်သည်ဟုဆိုသဖြင့် ကျွန်တော့် မင်းစေက ပင့်လာခဲ့သည်။ ဘုန်းကြီး ရုံးခန်းအတွင်းရောက်သောအခါ...
“ဒကာကြီးက နယ်ပိုင်ဦးမောင်မောင် ဆိုတာလား” “မှန်ပါဘုရား” “ကျုပ် ဒကာကြီးနဲ့တွေ့ချင်လို့ပဲ” “ကိစ္စကို အမိန့်ရှိပါဘုရား”
“ကိစ္စကတော့ ကျုပ်ကိစ္စမဟုတ်ပါဘူး၊ ဒကာကြီးကိစ္စပါ၊ ဥသျှစ်လှ ဘုရားမှာ လှတိုးတို့တူအရီး ဒကာကြီးကိုတွေ့ချင်လို့ စောင့်နေတယ်”
“လှတိုးနဲ့ လှတိုးဦးလေးလား ဘုရား”
“လှတိုးနဲ့ လှတိုးဦးလေးနှဲဆရာငွေတိုး မဟုတ်ဘူး၊ လှတိုးနဲ့ခင်တိုး သား နောက်တိုးတို့က စောင့်နေတာ ဒကာကြီးရဲ့”
“ခင်တိုးသား နောက်တိုး” “ဟုတ်တယ် ဒကာကြီး” ခင်တိုးသားနောက်တိုးကို ကျွန်တော်မသိသော်လည်း ခင်တိုးကို ကျွန်တော်သိသည်။ ခင်တိုးကိုတော့ ကျွန်တော့်ဦးနှောက်ကပါမက ကျွန်တော့် အသည်းနှလုံးကပါသိသည်။ ခင်တိုးအမည်ကို ကြားရသည်နှင့်ပင် ကျွန်တော် ရင်တွင် နာကျင်လာပါသည်။
“ဒကာကြီး လိုက်မှာလား” “တပည့်တော် လိုက်ခဲ့ပါမယ်ဘုရား”
ကျွန်တော်သည် ရုံးအမှုစစ်ချိန်းထားသော အမှုကို ရက်ပြန်ချိန်း၍ စီစဉ်စရာရှိသည်များ စီစဉ်ပြီးဘုန်းတော်ကြီးနှင့် ဥသျှစ်လှဘုရားဘက်ကို လိုက်ခဲ့သည်။ ခင်တိုးအမည် ကြားသည်နှင့်ပင် ကျွန်တော်သည် လှုပ်ရှား၍ ကတုန်ကယင် ဖြစ်နေလေသည်။
ဥသျှစ်လှဘုရားသည် ညောင်တုန်းမြို့စွန်ဘက်တွင် ရှိသဖြင့် ရုံးမှ ဘုရားရှိရာသို့ အတန်ကြာအောင် လျှောက်သွားရလေသည်။ လမ်းတွင် ဘုန်းတော်ကြီးက... ။
“ကျုပ်ဘွဲ့ က ဦးနာဒရပဲ၊ ဥသျှစ်လှဘုရားနားက ကျောင်းကိုရောက် တာ ဆယ့်သုံးဝါလောက်ရှိပြီ၊ ဇာတိကတော့ ဟင်္သာတတစ်ဖက်ကပဲ၊ ခင်တိုး တို့ နဲ့ တစ်ရွာတည်းပဲ၊ လှတိုးနဲ့အဖော်ပါလာတာက ကျုပ်တို့ဝမ်းကွဲညီ အစ်ကို ပဉ္စင်းပဲ၊ လှတိုးနဲ့အမေ ညီမဝမ်းကွဲဆိုတော့ လှတိုးအစ်ကိုပဲ ဆိုပါတော့၊ သူတို့ ကျုပ်ဆီလာခါနီး ဒကာကြီးသတင်းစုံစမ်းခိုင်းတယ်၊ တိုက်ဆိုင် ချင်တော့ ကျုပ်က ဒီညောင်တုန်းမှာပဲ ဒကာကြီးရှိတယ်လို့ အကြောင်းပြန် လိုက်တယ်၊ ဒါကြောင့် သူတို့ရောက်လာတယ်”
“တင်ပါဘုရား” “ခင်တိုးမရှိတော့တာ ဒကာကြီးသိတယ်နော်”
“မှန်ပါဘုရား” “ခင်တိုးအမေ မရှိတော့တာကိုကော သိလား” “မသိပါဘူးဘုရား”
“လွန်ခဲ့တဲ့တစ်လလောက်က သူ့အမေဆုံးတယ်”
“တင်ပါ”
“စစ်ပြီးခါနီးမှာ ခင်တိုးဆုံးတယ်” ။
ဟု ဘုန်းတော်ကြီးက အမိန့်ရှိလိုက်သဖြင့် ကျွန်တော်ဘုန်းတော်ကြီး ကို အံ့သြစွာလှည့်ကြည့်ရင်း လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
“အရှင်ဘုရားပြောတာ မှားနေပါတယ်၊ ခင်တိုးနဲ့ သူ့အဖေက တွံတေး ဘက်ကို အငြိမ့်သွားကတုန်းက မော်တော်မှောက်ပြီး ဆုံးပါတယ် ဘုရား”
ဘုန်းတော်ကြီး ဦးနာဒရသည် ကြွတော်မူနေရာမှ ရပ်လိုက်သည်။
“ဒကာကြီးမှားနေတာ၊ ခင်တိုးက စစ်အတွင်းတုန်းက ကျုပ်ရွာပြန် ရောက်တုန်း ကျုပ်ကိုဆွမ်းကပ်တာပဲ၊ နောက်တိုးကိုလည်း ခင်တိုးကြောင့် ကျုပ်ညီ ပဉ္စင်းပဲ သင်ပုန်းကြီးနဲ့ မင်္ဂလသုတ် သင်ပေးခဲ့တာပဲ”
“တပည့်တော်သိတာကတော့ ခင်တိုး စစ်မဖြစ်ခင်က ဆုံးတယ်လို့ သိထားပါတယ်” ဆိုပြီး
“ဒကာကြီး သိထားတာလည်း မှန်ပါတယ်၊ လှတိုးနဲ့တွေ့တော့ ဒကာ ကြီး အကြောင်းစုံသိသွားမှာပဲလေ”
“မှန်ပါဘုရား”
ဘုန်းတော်ကြီး ဦးနာဒရက ခင်တိုးစစ်အတွင်းက အသက်ရှင်လျက် ရှိသေးသည်ဆိုခြင်းမှာ လိမ်ညာပြောဆိုခြင်းမဖြစ်နိုင်။ အငြိမ့်သွားကသော ခင်တိုးတို့မော်တော်မှောက်ပြီး ခင်တိုးသေပြီဟု ပြောခဲ့သော ဟင်္သာတက လူများက လိမ်ညာခြင်းဖြစ်မည်။ ခင်တိုးသည်အသက်ရှင်နေပါလျက် သေပြီ ဟု လိမ်ခိုင်းခြင်းဖြစ်မည်။ ပထမ တစ်ခါကလည်း ခင်တိုးသည် ဖျားပြီးဆုံး သည်ဟု လိမ်ခဲ့သည်။ ခင်တိုးသေပြီး ကတိုးစိန်ပေါ်လာသည်။ ကတိုးစိန်က တစ်ဖန် မော်တော်မှောက်ပြီး သေပြန်သည်။ အလောင်းများပြန်တွေ့သည်ဟု သူရိယသတင်းစာတွင် အကျယ်တဝင့် ပါခဲ့သည်။ မြန်မာ့အလင်း သတင်းစာ ကဆိုလျှင် ကတိုးစိန်လို အဆိုအက စွယ်စုံရသော မင်းသမီးတစ်လက် ဆုံးရှုံးရသဖြင့် အထူးဝမ်းနည်းဖွယ်ဖြစ်ကြောင်း တခမ်းတနားရေးသား၍ ခင်တိုးဓာတ်ပုံကိုပါ ဖော်ပြခဲ့လေသည်။
ယခုတော့ ခင်တိုးမသေဟု ဘုရား သားတော်ရဟန်းတစ်ပါးက အခိုင်အမာ အမိန့်ရှိနေပြန်သည်။ ခင်တိုးနှင့် ပတ်သက်၍ ကျွန်တော်နှလုံးတုန် ရင်ခုန်ရသည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ ခင်တိုးသည် အဘယ်ကြောင့် သူသေသည်ဟု ကျွန်တော့်ကို မကြာခဏ လိမ်ညာနေသနည်း။
ကျွန်တော်သည် စိတ်လှုပ်ရှားစွာဖြင့် တစ်ရှိန်ထိုးလျှောက်လာရာဥသျှစ် ဘုရားအနီး ရောက်လာသည်။ ဘုရားအနီးရှိ ဘုန်းကြီးကျောင်းတွင်း သို့ ဝင်ကြသည်။ ဘုန်းကြီးကျောင်းသည် ရေနံဝနေသော တောသစ်များနှင့် ဆောက်ထားသည်။ အမိုးမှာ စက်သေနတ် ကျည်ဆန်ပေါက်များဖြင့် ပြည့်နေ သော သွတ်ဟောင်းများဖြစ်သည်။ လယ်ကွင်းများကြားရှိ ဤဘုန်းကြီး ကျောင်းသည် စစ်ဒဏ်ကို လူများနည်းတူ ခံခဲ့ရလေသည်။
ခြေတံရှည် ဘုန်းကြီးကျောင်းအောက်ခြေရင်းဘက် ကွပ်ပျစ်တွင် မိန်းကလေးတစ်ဦးနှင့် ကလေးတစ်ဦးထိုင်နေသည်။ ကျွန်တော်တို့ကျောင်းအောက်ရောက်သောအခါ ကျောင်းပေါ်မှ ဘုန်းကြီးတစ်ပါး ကြွလာသည်။ ကျွန်တော်သည် ကွပ်ပျစ်တွင်ထိုင်နေသော မိန်းကလေးနှင့်ကလေးငယ်ကို သေချာစွာကြည့်လိုက်သည်။ ဟိုစဉ်က ယိမ်းသမကလေးအဖြစ် ဝင်ကသော လှတိုးသည် ယခုမိန်းမကြီးဖြစ်၍ မင်းသမီးလုပ်တော့မည်။ လှတိုးသည် သူ့အစ်မခင်တိုးနှင့်တူလှသည်။ ကျွန်တော် ခင်တိုးကို သင်္ဘောပေါ်တွင် တွေ့စက ရုပ်အတိုင်းဖြစ်သည်။ လှတိုးက အရပ်ပိုရှည်ပြီးအသားပိုဖြူသည်။ လှတိုး ဘေးမှကလေးမှာလည်း ခင်တိုးလို အသားညို၍ ခင်တိုးမျက်လုံး၊ ခင်တိုးမျက်ခုံး၊ ခင်မျက်နှာအတိုင်း၊ ခင်တိုးနှင့်အလွန်တူလှသော သူငယ် ကလေးဖြစ်သည်။ နောက်တိုးသည် ကျွန်တော့်ကို တွေကြည့်နေလေသည်။
“မြို့ပိုင်မင်း” “လှတိုး” “မြို့ပိုင်မင်း ကျုပ်ကို မှတ်မိတယ်နော်” “နင့်ကို မှတ်မိပါတယ်” “အမေလည်းဆုံးပြီ၊ ကျုပ်နဲ့နောက်တိုးနဲ့ နှစ်ယောက်ပဲကျန်တော့တယ်”
“နောက်တိုး” “နောက်တိုးက အစ်မသားလေ” “နင့်အစ်မ ခင်တိုးသားဟုတ်လား” “ဟုတ်တယ် အစ်မသားလေ” “နှင့်အစ်မက မော်တော်မှောက်တုံးက မသေဘူးဆို” “ဟုတ်တယ် မသေဘူးလေ”//
“နောက်တိုးက” “အစ်မနဲ့ မြို့ပိုင်မင်း သားလေ”
လှတိုးအဖြေကြောင့် ကျွန်တော်ဘာဆက်ပြော၍ ဘာဆက်မေးရမည် မသိတော့ပေ။ နောက်တိုးကိုသာ လှမ်းကြည့်မိသည်။ နောက်တိုးသည် ခင်တိုးနှင့်သာ တူသည်မဟုတ်၊ ကျွန်တော်နှင့်လည်း တူလှသည်။
“အစ်မက စာရေးထားခဲ့တယ်၊ အစ်မက မြို့ပိုင်မင်း ဖတ်ကြည့်ရင် အကုန်ရှင်းသွားမယ်၊ အစ်မစာ ဦးပဉ္စင်းဆီမှာ ကျုပ်အပ်ထားတယ်”
“နင့်အစ်မက မော်တော်မှောက်တုန်းက မပါဘူးဆိုရင်၊ ပါသွားတာ ဘယ်သူလဲ”
“အစ်မက နောက်တိုး ကိုယ်ဝန်ကြီးနဲ့မို့ အငြိမ့်ကလို့ မရဘူး၊ မော် တော်မှောက်တုန်းက အစ်မကတခြားရောက်နေတယ်၊ ပါသွားတာက ရွှေဂျိုး ခင်ဆိုတဲ့ မင်းသမီးလေး၊ ရွှေဂျိုးခင်ကို အစ်မလို့ထင်ကြတယ်”
“နင်တို့ပြန်ပြီး မရှင်းကြဘူးလား”
“အစ်မက မရှင်းချင်ဘူးဆိုတာနဲ့ ရွှေဂျိုးခင်အမေတို့ကလည်း ကျေနပ် လိုက်တယ်၊ အစ်မအတွက်ရတဲ့ လျော်ကြေးသူတို့အကုန် ပေးလိုက်တယ်။ အစ်မက သူသေပြီဆိုပြီး လူတိုင်းကိုပြောခိုင်းတာပဲ”
“လူတိုင်းကလည်း ပြောပါတယ်၊ဒါကြောင့် ငါလည်း ရေစကြိုပြန် သွားတယ် သိပ်တော့ မကျေနပ်ခဲ့ပါဘူး၊ စစ်ဖြစ်တာနဲ့ အဆက်ပြတ်သွား တယ်” ။
“အစ်မကလည်း မြို့ပိုင်မင်းနဲ့ အဆက်ပြတ်ချင်တယ်၊ အခု သေသွား လို့ ကျွန်မတို့ကသာ ပြန်ဆက်တာပါ၊ သူသာမသေရင်ဆက်မှာ မဟုတ်ဘူး”
ကျွန်တော်သည် ချွေးပြန်လာ၍ လက်ကိုင်ပဝါထုတ်ပြီးသုတ်သည်။ ကျွန်တော့်သားနောက်တိုးသည် လှတိုးနှင့် ကျွန်တော့်ကိုအကြောင်သား ကြည့်နေလေသည်။
“ဟဲလှတိုး၊ နင်နဲ့မဆိုင်တာကိုပြောမနေနဲ့၊ နင်လာတဲ့အကြောင်း နယ် ပိုင်မင်းကိုပြောလိုက်၊ နောက်ပြီး ဦးမောင်မောင်က မြို့ပိုင်မင်းမဟုတ်တော့ ဘူး”
ကျောင်းပေါ်မှ ကြွလာသော ဘုန်းကြီးက လှတိုးကိုလှမ်းပြီး အမိန့်ရှိ