တက္ကသိုလ်ဘုန်းနိုင် - ၀သန်လေချိန်မှန်ကူး
လမိုက်သောညမှာ သဲသဲမဲမဲရွာနေသော မိုးကြောင့် ပိန်းပိတ်အောင် မှောင် နေသည်။
လေသံကလည်း ပြင်းလှသည်။ လေကို နှိုင်းလျက် အရှိန်တကြီး ဖြတ်ဆင်း လာသော မိုးသီးမိုးပေါက်တို့၏ အသံကလည်း စူးစူးရှရှ အဆက်မပြတ် မြည်နေသည်။
လျှပ်စီးတို့ တဝင်းဝင်းလက်နေသည်။ လျှပ်လက်ပြီးတိုင်း မိုးချုန်းသံတို့ တစ်လောကလုံးကိုလွှမ်းကာ တဝုန်း၀ုန်း မြည်ဟည်းနေ၏။ ခပ်လှမ်းလှမ်ရှိ ရွာမွန်သာ ချောင်တွင်းမှ တဝေါဝေါ ရေစီးသံတို့သည် မိုးသံလေသံတို့နှင့် ရောလျက်ဆူညံနေ၏။ညွန့်မေ၏ တစ်ကိုယ်လုံးမှာ မိုးရေတို့ဖြင့် ရွှဲရွှဲစိုနေသည်။ ခိုက်ခိုက်တုန် အောင်လည်း ချမ်းလှသည်။ မျက်နှာနှင့်လက်မောင်းများ ပေါ်လာမှန်သော မိုးသီး
မိုးပေါက်တို့၏ဒဏ်ကိုလည်း ခပ်စပ်စပ်ခံနေရ၏။
“ဘုရား ... ဘုရား”
လျှပ်စီးတစ်ချက် ရှည်စွာ လက်လိုက်သောကြောင့် ညွန့်မေသည် ထိတ်လန့်စွာ ရွတ်လိုက်သည်။ ရှည်ကြာသော လျှပ်ရောင်တွင် နုနုငယ်တို့၏ အိမ်ပျက်ကြီးကို ထီးထီးမားမား ကြီး ခေတ္တမြင်လိုက်ရ၏။
ကြောက်စိတ်သည် ညွှန့်မေ၏ သန္တာန်ကို လွှမ်းခြုံလာသည်။
ညွန့်မေသည် ရှေ့ဆက်လျှောက်သည်။ စိတ်က ပြေးချင်နေသော်လည်း ပြေး၍ကမရ။ လူသည် ခြေက သယ်သမျှသာ ရွေ့လျားနေရ၏။
မကြာမီ ရေးရေးမည်း မည်း တန်းနေသော ခင်တန်းဆီရောက်လာ၏။ ခင်တန်း၌ ရှိသမျှသစ်ပင်တို့သည် ယိမ်းယိုင်လှုပ်ရာ ကာ တဟဲဟဲတရှဲရှဲအော်မြည်နေကြ၏။
လက်ပံပင်ကြီးက သီးသန့်ပေါ်လွင်နေသည်။ အခြားအပင်တို့ကဲ့သို့ ပင်စည် သည်မယိမ်းမယိုင်၊ လက်တံရှည်ကြီးမှာ နှင့်တူသော အကိုင်းများကိုသာ ဆန့်တန်းလျက် ခါးတစ်ဝက်လည်ချီတန့်ချီ ဖြစ်နေ၏။
တုန်လှုပ်စွာရပ်ရင်း ညွန့်မေက အသံပြုသည်။ “နုနုငယ်၊ နုနုငယ် ရောက်နေပြီလား”
ဖြေသံမကြားရ၊ သို့ရာတွင် လက်ပံပင်အောက် မှောင်ရိပ်၌ တစ်စုံတစ်ရာ လှုပ်ရှားလေသည်ကို တွေ့လိုက်ရ၏။
ထိုစဉ် လျှပ်တစ်ချက်ပြက်သည်။ လျှပ်ရောင်၌ နုနုငယ်၏ သဏ္ဌာန်ကို ထင်ရှာ စွာ မြင်ရ၏။
လက်ပံပင်ရင် ၌ ပင်စည်ကို ကျောပေးလျက် နုနုငယ်ကရပ်နေသည်။
နုနုငယ်၏ အသားလေးများသည် ဆွတ်ဆွတ်ဖြူအောင်ဖွေးနေ၏ ။ နက်မှောင် သောဆံပင်များသည် လေဝယ်ကာ နောက်သို့ ပျံ့လွင့်နေကြ၏။
“န... နု... နုနုငယ်လား " လက်ပံပင်ရိပ်ရှိ သဏ္ဌာန်ဆီမှ ဖြေသံပေါ်လာသည်။ “ဟုတ်ပါတယ် မမညွန့်၊ နုငယ်လေ၊ နုငယ်ရယ်ပါ”
လျှပ်ရောင်မရှိပြီ။ သို့ရာတွင် ထူးဆန်းစွာပင် နုနုငယ်၏ သဏ္ဌာန်လေး မှာ ထင်ရှားစွာ ပေါ်လွင်လျက်တည်း။
အသားလေးများက ဆွတ်ဆွတ်ဖြူလျက်၊ အို ... အဝတ်အစားများကလည်းဆွတ်ဆွတ်ဖြူလျက်၊
နက်မှောင်သောဆံပင်များကလည်းလေ၀ယ်၀ဲကာပျံလွင့်မြဲပျံလွင့်လျက်။
ညွန့်မေသည် ယခုမှ တစ်စုံတစ်ခုကို သတိရသွားသည်။ သတိရမိသည့် ခဏ၌ ကြက်သီးတို့လည်း ဖြန်းဖြန်းထသွား၏။ ထိန်း၍ မရအောင် တုန်ယင်သော အသံဖြင့် ပြန်မေးသည်။ ။
“ဒါပေမဲ့ ဒါပေမဲ့ နု နု၊ နုနုငယ်က သေပြီးပြီ မဟုတ်လား” ရယ်သံသဲ့သဲ့က အလျင်ပေါ်လာ၏။ ထိုနောက်မှဖြေသံ။
“ဟုတ်ပါတယ်။ သေပြီးပါပြီ။ ဒါပေမဲ့ ဒီနေရာက နုနုငယ်စောင့်နေတယ်။ လာလေ မမညွှန့်၊နုငယ်ဆီလာလေ”
နုနုငယ်က ကြိုဆိုသည့်ဟန် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းပြရှာ၏။
ညွန့်မေက ငြင်းပယ်သော စကားကို ဆိုကြည့်၏။ အသံက ထွက်မလာ၊ ခေါင်းသာ အကြိမ်ကြိမ်ခါနိုင်၏။ ခေါင်းခါရင်းလည်း ကိုယ်မလှည့်ဘဲ နောက်ပြန် ဆုတ်၏။
လက်ပံပင်အောက်မြေမြင့်မှ နုနုငယ်က ဆင်း လိုက်လာသည်။ အသာလေးများက ဆွတ်ဆွတ်ဖြူဆဲ ဖြူလျက်။ အဝတ်အစားများကလည်း ဆွတ်ဆွတ်ဖြူဆဲ ဖြူလျက်။ အို နက်မှောင်သောဆံပင်များကလည်း လေဝယ် ပဲကာပျံလွင့်ခြံ ပျံလွင့်လျက်။
ကိုယ်မလှည့်ဘဲ ညွှန့်မေက နောက်သို့သာ ဆုတ်နေသည်။ လက်ကလေး နှစ်ဖက် ရှေ့ ထုတ်ဆန့်တန်းရင်း နုနုငယ်ကလည်း ဖြည်း ညင်းစွာ လိုက်လာနေသည်။ညွန့်မေသည် ကိုယ်ကိုနောက်သို့ လှည့်လိုက်သည်။ ပြေးရန်လည်း ပြင်လိုက် သည်။ ထိုစဉ်ပင် ခြေတစ်ဖက်က တွင်း တစ်ခုတွင်း ကျွံမိပြီး လဲကျသွား၏။
ပြင်းထန်သော မိုးချုန်းသံ တစ်ခုကိုလည်း ကြားလိုက်ရသည်ထင်၏။ ညွန့်မေသည် ကြောက်အားလန့်အားနှင့် အော်သည်။
“ကိုဘခက် ကိုဘခက်၊ ညွန့်ညွန့် ညွန့်ကို” ညွန့်မေသည် စကားမဆုံးနိုင်၊ သို့ရာတွင် ခိုင်မာမြဲမြံသော လက်တစ်ခုက မိမိ၏လက်မောင်ကို ဆုပ်ကိုင်ထား မှန်း ခံစား မိသည်။ ခိုင်မာမြဲမြံ၍ ပူနွေး မှန်ကန်သော လက်တစ်ခု၊
အသံကလည်း ပေါ်လာ၏။ “ညွန့် ညွှန့်မေ ဘာဖြစ်သလဲ။ အိပ်မက်မက်သလား”
စိတ်အစဉ်၏ အလွန်တိုတောင်းသော ခဏသာဖြစ်သတည်း၊ ရင်ပေါ်၌ ရုပ်ဝတ္ထုကြီးတစ်ခုပမာ လေးလံစွာဖိထားသော အလုံး ကြီး သည် ကျသွား၏။
ရေနစ်ရာမှ ပြန်ပေါ်လာသူကဲ့သို့ ညွန့်မေသည် လေကို တအား ရှူရှိုက်လိုက်၏။ မိမိ၏လက်မောင်း ကို ခိုင်မာမြဲမြဲစွာ ဆုပ်ကိုင်ထားသော ချစ်လင်၏ လက်မှပူနွေးခြင်း ကို ပိုမိုသိသာစွာ ခံစားရ၏။
ညွန့်မေသည် အသာပြုံးလိုက်ပြီး စကားဆို၏။
“ဟုတ်တယ်၊ အိပ်မက်မက်လို့ ကိုဘခက်ကို ကျွန်မခေါ်လိုက်ရတာလေ။ အကြာကြီးပဲ၊ မကြားဘူးလား”
“မကြာပါဘူးကွာ၊ ကြားတာကတော့ အွန့် အွန့် အို့အို့ အော့အော့နဲ့” “ဒါပေမဲ့ ရှင်နိုးတယ်နော်” “ဟ နိုးလို့ မေးတာပေါ့ ကွ၊ နိုးလို့ မေးတာပေါ့” ညွန့်မေသည် ဒုတိယအကြိမ် ပြုံးမိပြန်သည်။ သူ့ကိုယ်ကို သိမ်းဖက်ပွေ့ယူ ထားသော ဘခက်၏ လက်မောင်း တစ်ဖက်ကို ညင်သာယုယစွာ ပွတ်ရင်း ချိုသာစွာ ပြော၏။
“ရှင်သိပ် အအိပ်ဆတ်တာပဲနော်”
“ဟယ် အအိပ်ဆတ်တာပေါ့၊ ကိုယ်တို့က တပ်မတော်ကလာတာ၊ အအိပ် ဆတ်တယ်၊ စာလည်းသတိ၊ သွားလည်း သတိ၊ အိပ်လည်း သတိ၊ အစစအရာရာ သတိနဲ့ချည်းပဲ”
“ဒါပေမဲ့ ရှင် အိပ်ပျက်တာ သုံးည ဆက်တိုက်ရှိပြီပဲ”
“တရုတ်ဖြူတွေနဲ့ တိုက်တုန်းက ဆယ့်ငါးရက်တိတိ၊ ဘုရားစူး လွတ်ရုံ အိပ်ဖူးတယ်။ ဒါလည်း မင်းကို ပြောဖူးသားပဲ။ ထားပါတော့လေ၊ ညွန့် ဘာအိပ်မက် မက်သလဲ၊ နေဦး ကိုယ်မီး အိမ် မြှင့်လိုက်ဦးမယ်”
ဘခက်သည် ခုတင်ပေါ်မှဆင်းပြီး မှိန်မှိန်သာထွန်းထားသော ရေနံဆီမီးအိမ်ကို ပိုမိုအလင်းရောင်ရရန်း မီးစာမြင့်လိုက်၏။
အပြင်ဘက်၌ မိုးသဲသဲရွာနေမှန်း ညွန့်မေ သတိပြုမိသည်။ လျှပ်တို့လည်း ဝင်းနေ၏။ မိုးတို့လည်း ချုန်းနေ၏။
ခုတင်ထက်သို့ ဘခက်ပြန်ရောက်လာသည်။
“ကဲ ဆိုစမ်း ဘာအိပ်မက် မက်သလဲ”
ညွန်မေက အသာအယာရယ်၏။
“ညွှန့် ဘာရယ်တာလဲ"
“ညွန့်ပြောရင် ရှင်လည်း ရယ်မှာပဲ”
“ရယ်ရောဆိုလဲ ရယ်ပါမယ်၊ မရယ်စေချင်ဘူးဆိုလည်း မရယ်ပါဘူး။ ပြော မှာသာ ပြောပါဦး"
ညွန့်မေသည် ဆက်မပြောဘဲ ရယ်ပြန်သည်။
“ညွန့်ရာ ရယ်နေပြန်ပါပြီ၊ ဘာသဘောကျလို့လဲ” အိပ်မက်ကို သဘောကျလို့ပါ” “ဘာမက်လို့ “နုနုငယ်ကို”
“ဟေ့ နုနုငယ်ကို”
ညွန့်မေသည် အိပ်မက်ကို ပြန်လည်ပြောပြ၏။ ညွန့်မေ စကား ဆုံးသောအခါ ဘခက်က တည်ငြိမ်စွာ မှတ်ချက်။
“ညွန့်က စိတ်စွဲလို့ပါကွာ၊ အင်းလေ မိနုငယ်ကို တို့ဘယ်လိုမေ့နိုင်ပါ့မလဲ။ ညွန့်လည်း မမေ့နိုင်ဘူး၊ ကိုယ်လည်း မမေ့နိုင်ဘူး၊ ဟိုကောင်နှင်းငွေဆိုရင်တော့ ဘယ်လိုရှိရှာမယ်မသိဘူး"
ညွန့်မေသည် ဘခက်၏ရင်ခွင်၌ ခေါင်း အပ်လျက် တိုးတိုး ဆိုသည်။
“ညွန့်ကတော့ တစ်မျိုး ထင်တယ်”
“ဘယ်လို ထင်လို့တုံး”
“နုငယ် မကျွတ်ဘူးထင်တယ်”
“ဟေ”
“ဟုတ်တယ်၊ အိပ်မက်ထဲမှာ နုငယ်ကသေသေချာချာကို ပြောတယ်။ ကျွန်မနားထဲမှာ ကြားယောင်တုန်းပဲ၊ ဘာတဲ့ အဲဟုတ်ပါတယ်၊ သေပြီးပါပြီ။ ဒါပေမဲ့ ဒီနေရာက နုငယ်စောင့်နေတယ်။ အဲဒီလို ပြောတယ် ကိုဘခက်ရဲ့ ”
ဤတစ်ကြိမ်တွင်မူ ဘခက်သည် သူ့လေ့အတိုင်း အော်ရယ်တော့၏။
“ကြည့် ရှင်ရယ်တယ်၊ ကျွန်မစကားက ဘာရယ်စရာကောင် လို့တုံး”
“ရယ်စရာကောင်းတာပေါ့၊ တခြားလူက ပြောရင် ကိုယ်ရယ်ချင်မှရယ်မယ်။ ညွန့်လို ဘီအီးဒီဘွဲ့ရထားတဲ့ ဆရာမကြီးကပြောတော့ ရယ်တာပေါ့"
“ဘာဆိုင်လို့တုံး”
“ဟောဗျာ၊ နို့ ညွန့်ပဲပြောတယ်၊ ညွန့်တို့စိတ်ပညာ သင်ခဲ့ရတယ်။ ကမ္ဘာကျော် ခွဲခြမ်း စိတ်ဖြာ စိတ်ပညာဆရာကြီး ဒေါက်တာဖရွိုက်က အိပ်မက်ဆိုတာကို စိတ်စွဲလမ်း မှုရဲ့ အကျိုးလို့ ရှင်းပြတယ်။