တက္ကသိုလ်ဘုန်းနိုင် - မိုးညအိမ်မက်မြူ
အပိုင်း(၁)
ဘ၀ဟောင်းမှအစ်မ
ဆယ်ဆဆင့်နှောင်
မယ်နှင့်မောင်တို့
တောင်ဟိမဝါ
တက်စဉ်ခါလည်း
မောင်သာတစ်ဖက်
မယ်တစ်ဖက်နှင့်
ရွှေလက်ဆွဲကိုင်
နွှဲကာယိုင်၏
မုခ်လိုဏ်ဂူဝ
တူရောက်ကြသော်
သူကရှေ့ဝင်
နန်းလေသွင်ဖြင့်
မယ်လျှင်နောက်က
ပါနေကျတည် ။
(၁)
မီးရထား၏ မှန်ကာပြတင်းပေါက်မှ မျှော်ကြည့်လျှင် စိမ်းလန်းသော လယ်ကွင်းတို့ထက် ကျသက်စ ပြုပြီဖြစ်သော မိုးသီးမိုးပေါက်တို့ကို မြင်ရသည်။
သီတင်းကျွတ်လ အစတွင်ဖြစ်၍ စပါးပင်တို့သည် ခါးလယ်မျှ အမြင့်ဆောင်ကြကုန်ပေပြီ။ လေဝယ် လှိုင်းထ၍ ငြိမ့်အိနေသော ဤစပါး မြပင်လယ် တစ်ကြောကို လွန်၍ မျက်လုံးကို ဆန့်ကြည့်သော် အရှေ့ဆီ၌ မိုးမြူသင်တိုင်း ဆင်သိုင်းစ မှိုင်းပျပျ ပဲခူးရိုးမအား မြင်ရသည်။
မီးရထား၏အရှိန်မှာ လျှော့သွားသည်နှင့် မရှေးမနှောင်းပင် ကြီးမား သော သံတံတားကို ဖြတ်ကျော်စဉ် ကြားရတတ်သည့် ပဲ့တင်ရိုက်သံ ပေါ်လာ၏။
တံတားကြီး၏အောက်၌ ဒေါသတကြီးနှင့် တဟဲဟဲ စီးဆင်းနေသော ချောင်းရေညိုညိုကို တွေ့ရ၏။
“အဲဒါ ဖိုးသာအောင် ကုန်းတံတားပဲ တူမကြီး၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်နယ်စပ်လေ၊ နောက်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရင် ပေါင်းတည် ကို ရောက်တော့မယ်”
ရှေ့မှခရီးသည် အသက်ငါးဆယ်ခန့်ရှိ အဘိုးကြီးက ပြောသဖြင့် တူမကြီးဟု အခေါ်ခံရသူ အသက်သုံးဆယ်ခန့် ဖြူဝင်းသော အသားအရေ၊ နက်မှောင်ကော့ပျံသော မျက်တောင်၊ ပေါ်ထင်သောနှာတံ၊ ချောမောသမျှ တည်ကြည် မွန်ရည်သော မျက်နှာရှင် မိန်းမရွယ်က ဖြူစင်ညီညာသည့် သွားလေးများပေါ်အောင် ယဉ်ကျေးဖွယ်ရာ ပြုံးလိုက်၍
“ဪ...ပေါင်းတည်အောင် ရောက်တော့မယ်၊ ခုလို ကြိုတင် သိရတာ ကျေးဇူးတင်ပါတယ် ဦးရယ်၊ ဒါထက် ဦးကတော့ သဲကုန်းအထိ ဆက်သွားရဦးမယ်နော်...”ဟု ဆိုသည်။
“ဟုတ်တယ်၊ ဪ...ဒါထက် ဦးတို့ သံပြတ်နဲ့သာ စကားပြောခဲ့ ကြရတယ်၊ ခွဲကာနီးမှ အသိဖွဲ့ ကြရအောင်၊ ဦးနာမည်က ဦးသိန်းမောင် ခေါ်တယ်၊ အဲ...စက်ပိုင်ရှင်ပေါ့လေ...”
မိန်းမရွယ်က ပြုံးလိုက်သည်။ အပြုံးမှာ တောက်ပသော်လည်း တည်ငြိမ်ခံ့ညား၏။ ။
“ကျွန်မနာမည် ဒေါက်တာ မသက်ရီ၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက ကထိကတစ်ဦးပါ၊ ဦးနဲ့ ခုလိုသိရတာ ဝမ်းသာပါတယ်”
ဦးသိန်းမောင်မှာ အံ့သြသည့်ဟန် မသိမသာ မျက်လုံးပြူးသွားသည်။
“ဒေါက်တာ...ဒေါက်တာ မသက်ရီ၊ ဒေါက်တာဆိုတော့ ပါရဂူဘွဲ့ ရှင် ပေါ့နော်” ။
“ပါရဂူဆိုတဲ့စကားကြီးက မြင့်မားလွန်းပါတယ်၊ ဒါပေမဲ့ ဝေါဟာရ အဖြစ်နဲ့တော့ ဒီကနေ့ သုံးစွဲနေကြတာပါပဲရှင်...”
ဦးသိန်းမောင်က ခေါင်းတညိတ်ညိတ်ဆတ်ရင်း မှတ်ချက်ချသည်။ “အင်း... ခေတ်ကြီးကတော့ တော်တော်ပြောင်းလဲခဲ့တာပဲ။
ဟိုတုန်းကတော့ ပါရဂူ ဒေါက်တာဘွဲ့က အင်မတန် ရှားတာကလား။ ဦးသိသမျှတော့ ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ဒေါက်တာသိန်း၊ ပြီးတော့ ဦးတို့ နယ်သား တူမကြီးတို့ ဆရာဖြစ်လိမ့်မယ် ပါမောက္ခ ဒေါက်တာဦးလှဖူး၊ ဒီပုဂ္ဂိုလ်ကြီးတွေလောက်ပဲ ရှိကြတာပဲ”
“ဟုတ်ကဲ့ ... ဆရာကြီး ဦးလှဖူးဟာ ကျွန်မတို့ရဲ့ ဆရာဆိုလည်း ဟုတ်ပါတယ်၊ ဖခင်ဆိုလည်းမှန်ပါတယ်၊ ဆပ်မကုန်တဲ့ ကျေးဇူးရှင်ကြီးပါပဲ”
“အင်း... အင်း... တွေ့ရတာ ဝမ်းသာသကွယ်၊ တူမကြီးတို့လို မိန်းမသားတစ်ဦးက ဒေါက်တာဘွဲ့ ရထားတာ တွေ့ရတော့ မြန်မာပြည် ကြီးရဲ့ ရှေ့ရေးအတွက် ဦးဝမ်းသာမိတယ်။ ဦးတို့နယ်ကို အလည်လာတုန်း တူမကြီးပျော်ရွှင်ပါစေလို့ ဦးဆုတောင်းတယ်၊ ဦးတို့ နယ်သူနယ်သား တွေက အင်မတန် ခင်မင်ဖော်ရွေပါတယ်၊ ကဲ...ကဲ...တူမကြီး ပစ္စည်းတွေ သိမ်းဦး”
ဦးသိန်းမောင်သည် အလိုက်သိစွာ စကားကို ဖြတ်၍ သတင်းစာ၌ မျက်နှာအပ်လိုက်၏။မသက်ရီသည် ဦးသိန်းမောင်အား ကျေးဇူးတင်မိသည်။
စင်စစ် ကမ္ဘာလှည့် ခရီးသွားခဲ့ဖူးသူ တစ်ဦးဖြစ်သဖြင့် မသက်ရီမှာ အစစ ကြိုတင်ပြင်ဆင်မှုရှိသောကြောင့် ဆင်းမည့်ဘူတာနီးခါမှ အရေးတကြီး သိမ်းဆည်းရန် ပစ္စည်းများမရှိ။ သို့ရာတွင် အဓိကထား ဆောင်ရွက်ရန် ကိစ္စတစ်ရပ်မူရှိသည်။ ထို့ကြောင့်ပင် မသက်ရီသည် အလိုက်သိသော ဦးသိန်းမောင်ကို ကျေးဇူးတင်မိခြင်းဖြစ်၏။
မသက်ရီသည် စာရေးစာအုပ်မှ ရေးပြီးသော စာတစ်ရွက်ကို ဆုတ်ခွာယူလိုက်သည်။ မီးရထားလှုပ်လှုပ်တွင် တတ်နိုင်သမျှ ကြိုးစားရေး ထားရသည်မို့ လက်ရေးများသည် မသေသပ်။ သို့တစေ ကိစ္စမရှိ။
မသက်ရီသည် မသိမသာပြုံး၍ စာရွက်ကို ခေါက်ကာ စာအိတ်တစ်ခု တွင်း ထည့်သည်။ ထိုနောက် လိပ်စာတပ်၏။ ရထားမှာ အရှိန်မပြင်းသဖြင့် စာရေးရန် မခက်လှ။
“ဦးမင်းလွင်၊ ဒုတိယ အတွင်းဝန်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အတွင်းဝန်များရုံး၊ ရန်ကုန်မြို့”
မသက်ရီသည် စာအိတ်ကို ပိတ်ပြီးနောက် လွတ်အိတ်တစ်လုံးတွင် ထည့်လိုက်၍ အသင့်အတင့် သိမ်းဆည်း ပြင်ဆင်စရာရှိသည်များကို သိမ်းဆည်း ပြင်ဆင်သည်။ မိနစ်ပိုင်းအတွင်း အားလုံး ပြီးစီးသဖြင့် နေရာတွင် ထိုင်ကာ ပြတင်းမှနေ၍ အပြင်သို့ မျှော်ကြည့်မိပြန်၏။
ပေါင်းတည်သို့ လာရခြင်းအတွက် မသက်ရီမှာ ရင်အနည်းငယ် ခုန်မိသည်။
မသက်ရီသည် လုပ်ဖော်ကိုင်ဖက် စာရေးဆရာ ကထိက တစ်ဦးမှ တစ်ဆင့် ပေါင်းတည်သား စာရေးဆရာ ကဗျာဆရာ အနုပညာသမား ၊ တော်တော်များများနှင့် သိကျွမ်းခဲ့၏။ သူတို့ပြောပြသော ပေါင်းတည်နယ်၏ ၊ အလှမှာ ရင်ခုန်ဖွယ်ရာ ဖြစ်ခဲ့သည်။
စိမ်းသော လယ်ကွင်း၊ လန်းသော တောရိပ်၊ မှောင်သောရိုးမ...။
သို့သော် မသက်ရီသည် ဤလှပမှုတို့အား အသေအချာ မတွေ့ရ။ အကြောင်းမှာ အပြင်ဘက်၌ နှောင်မိုးးသည် အငြိုးကြီးကြီးနှင့် သည်းသည်း ကြီး ရွာနေပြီဖြစ်သောကြောင့်တည်း။
မီးရထားသည် အရှိန်လျှော့သွားပြန်ကာ ချောင်းငယ်တစ်ခုကိုကျော်ဖြတ်သည်။ ပေါင်းတည်မြို့ကို စဝင်လေပြီ။
မီးရထားသည် ရဲဌာနဝင်းဟု သိသာသော အဆောက်အအုံဘေးများ မှ စတင် မြို့တွင်းဝင်သည်။ ထိုအခိုက်တွင်ပင် ဦးသိန်းမောင်က သတင်းစာမှ မျက်နှာခွာ၍ စကားဆိုသည်။
“တူမကြီးက ဒီနယ်ကို ပထမဆုံး လာလည်တယ်ဆိုတော့ မေးရ ဦးမယ်၊ ဘူတာမှာ လာကြိုမယ့်လူတွေ ဘာတွေ ရှိရဲ့ နော်”
“ရှိပါတယ်ဦး၊ ကျွန်မအငြိမ်းစား တရားဝန်ကြီး ဦးမင်းခိုင်အိမ်မှာ တည်းမလို့ပါ၊ လာကြိုပါလိမ့်မယ်” ။
“ဪ... ဦးမင်းခိုင်ဆီလား၊ ဟာ... ဒီလိုဆို လာကြိုမယ့်လူ မရှိတောင် မပူပါနဲ့၊ ဘူတာမှာ ဘယ်သူမေးမေး သိကြပါတယ်၊ အဲ... စကားစပ်လို့ ပြောရဦးမယ်၊ ဦးတို့ပေါင်းတည်နယ်ဟာ ဆရာစံ သူပုန်ကြီးတုန်းက နာမည်ကျော်တာမို့ တချို့က ပေါင်းတည်သားဆိုရင် လူကြမ်း လူရမ်းကြီးတွေ ထင်တတ်ကြတယ်၊ အင်း ဝံသာနုရေးရာမှာ ဦးတို့တွေက ကြမ်းချင်ကြမ်း၊ ရမ်းချင်ရမ်းမပေါ့လေ၊ ဒါပေမဲ့ သာမန်အချိန်ဆိုရင် ဦးတို့နယ်သားတွေက အင်မတန် ဖော်ရွှေယဉ်ကျေးတတ်ပါတယ်၊ ဆိုလို တာက တူမကြီးကို ကြိုမယ့်လူ မရှိတောင်မှ ဘာမှမပူပါနဲ့လို့၊ ဟုတ်လား”
မသက်ရီသည် “ဟုတ်ကဲ့ရှင်”ဟု ယဉ်ကျေးမှုအရ ပြောလိုက်ရ သော်လည်း ရင်တွင်း၌မူ ကျိတ်သဘောကျမိသည်။ ဤနယ်သားတို့သည် မိမိတို့နယ်ကိုမူ အလွန်လေးစား ဂုဏ်ယူဟန် ရှိစွတကား။ မသက်ရီနှင့် ခင်မင်သော ပေါင်းတည်သား စာရေးဆရာ သော်တာဆွေကလည်း တစ်ကြိမ်၌ ဝင့်ကြွားစွာ ရေးဖူးသည်။
“ပြင်သစ်မှာ ဂါစကွန်နယ်၊ အင်္ဂလန်မှာ စကော့ပြည်နယ်၊ မြန်မာပြည်မှာတော့ ပေါင်းတည်နယ်”
“အစ်ကိုဆွေကြီး”ပြောသည်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မသက်ရီမှာ ပေါင်းတည်သို့ ရောက်လာခြင်းအတွက် ရင်ခုန်မိရိုးအမှန်ပင်...။
မသက်ရီ အတွေးမဆုံးမီ မီးရထားသည် ပေါင်းတည်ဘူတာ၌ ဆိုက်မိ၏။
မသက်ရီက ဦးသိန်းမောင်အား နှုတ်ဆက်ကာ ခရီးဆောင်သားရေ သေတ္တာနှင့် တိုလီမိုလီ ပစ္စည်းများကို ဆွဲ၍ ရထားထက်မှ ဆင်းခဲ့သည်။
အပြင်ရောက်ခါမှ မိုးမှာ ထင်သည်ထက် ပိုသည်းနေမှန်း မသက်ရီ သိရသည်။
ပြင်းသော လေအဟုန်ကြောင့် မိုးသီးမိုးစက်များမှာ နေရာအနှံ့ စဉ်ပက်နေသည်။ နေ့လယ်ပိုင်း ရှိသေးသော်လည်း မိုးမှာ မှောင်၍ ညနေစောင်းထင်ရ၏။ လေပြင်၌ ညည်းညူ ယိမ်းယိုင်နေသော သစ်ပင် ကြီးများအသံကို ခွင်း၍ မိုးခြိမ်းသံများ လွှမ်းမိုးနေ၏။
လွယ်အိတ်တွင်းမှ စာကို အဆင်သင့် တွေ့ရသောအခါ စာတိုက် ပုံတွင်း ထည့်လိုက်ပြီးနောက် ဘူတာရုံ ပလက်ဖောင်းထက် ရပ်ရင်း မသက်ရီသည် ဟိုဟိုသည်သည် မျှော်ကြည့်မိ၏။
မိုးကြောင့်လော၊ ဆင်းသူ နည်း၍လောမသိ၊ ဘူတာ၌ လူရှင်း နေသည်။
မသက်ရီမှာ အနည်းငယ် စိတ်ပူသွားမိ၏။
ဤမိုး ဤလေ ဤရေတွေကြားတွင် သူစိမ်းတစ်ရံဆံမြေ၌ ရောက်လာသည်မှာ အားငယ်ဖွယ်မူ ကောင်း၏။
မသက်ရီသည် သက်ပြင်းတစ်ချက်ရှိုက်၍ ကိုယ်ကိုမတ်ကာစိတ်အားတင်းလိုက်သည်။ ရေခြား မြေခြား နိုင်ငံခြား၌ပင် မိမိသည်ကျင်လည်ခဲ့ဖူးလေသည် မဟုတ်ပါလော။
ထိုအခိုက်တွင်ပင် အသက်လေးဆယ်အရွယ် လူတစ်ဦးက မသက်ရီ ၏အပါးသို့ ကပ်လာသည်။
“ခွင့်ပြုပါခင်ဗျာ၊ ဒေါက်တာ ဒေါ်သက်ရီ ဆိုတာများ ဖြစ်ပါ သလား”
ထိုလူ၏ မေးခွန်းကြောင့် မသက်ရီမှာ ဝမ်းသာသွားမိ၍ ပြန်မဖြေမီ သူ့အားလည်း လျင်မြန်စွာ အကဲခတ်လိုက်မိသည်။
ရုပ်ရည်မှာ မွန်ရည်၍ ဝတ်ဆင်ပုံမှာ ရိုးသားသပ်ရပ်၏။ ယဉ်ကျေး ရိုကျိုးသော ဟန်ပြင်၌ ငြိမ်သက် တည်ကြည်မှုလည်း ရှိသည်။
မသက်ရီသည် အေးချမ်းစွာ ပြုံးလိုက်ပြီး “မှန်ပါတယ်၊ ကျွန်မနာမည် သက်ရီပါ”ဖြေ၏။
“ကျွန်တော့်နာမည် စိုးလှိုင် ခေါ်ပါတယ်၊ သခင်ကြီး ဦးမင်းခိုင်ရဲ့ ဘဏ္ဍာစိုးပါ၊ ဆရာမအတွက် သခင်ကြီးက ဒီစာပေးခဲ့ပါတယ်”
ဦးဘိုးလှိုင် လှမ်းပေးလိုက်သော စာကို ယူရင်း မသက်ရီသည် သူ၏မျက်နှာကို တစ်ချက် ဖျတ်ခနဲကြည့်မိသည်။ မိမိကို “ဆရာမ”ဟု ခေါ်သည်ကိုထောက်၍ ဦးဘိုးလှိုင်သည် မိမိအား ကောင်းကောင်းကြိုတင် သိထားပုံရ၏။
စာမှ လက်ရေးမှာ မသက်ရီ သေချာစွာမှတ်မိသော ဦးမင်းခိုင်၏ လက်ရေးဖြစ်သည်။ စာ၌ အထွေအထူးမူမပါ။ ဦးမင်းခိုင်မှာ ပြည်သို့ အရေးတကြီး ကိစ္စတစ်ရပ်ကြောင့် ထွက်သွားရသဖြင့် ယနေ့အရောက်ပြန်ရန် ကြိုးစာမည်ဖြစ်သော်လည်း ရထားဆိုက်ချိန် မီချင်မှ မီမည်ဖြစ်ကြောင်း၊ မမီသော် မိမိအားခွင့်လွှတ်ရန်နှင့် ဘဏ္ဍာစိုးလှိုင်အား အစစယုံကြည်ရန်စသည်ဖြစ်၏။