Skip to product information
1 of 4

Other Websites

တက္ကသိုလ်ဘုန်းနိုင် - ပန်ဒိုရာအိုးပွင့်ပြီ ဟားပိဇ်းတို့ပြန်လာချိန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

ဟောလိဝုဒ်ရဲ့ အယုတ်မာဆုံး မင်းသား

          ၁၉၉၃ ခုနှစ် မေလထုတ် “ရင်ခွင်သစ်မဂ္ဂဇင်းမှ သတင်း ဆောင်းပါးခေါင်းစီးတစ်ခု ဖြစ်သည်။ ။

          မဂ္ဂဇင်းတွေ၌ ပြည်ပရုပ်ရှင်လောကမှ သတင်းတွေ ဖော်ပြ ကြသည်မှာ မဆန်းတော့ပြီ။ အဲသည်လောကမှ အချစ်ကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စ၊ ဖို မ အရှုပ်ဇာတ်တွေသာ များကြ၏။ သတင်း ဆိုသည်ထက် အတင်းအဖျင်းတွေသာ များကြ၏။ ကျွန်တော် တစ်ဦးတည်းအနေဖြင့် စိတ်မဝင်စားပါ။ ခေတ်အကြိုက် လိုက်လုပ် နေသည်ကိုလည်း အပြစ်မတင်ပါ။

( ၂ )

          ကျွန်တော်သည် ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်လမ်း ခေါ် ခေါမမစ်(ခ်)များကို ဘာသာပြန်ခဲ့သည်။

          ရှေးဟောင်းမစ်(သ်) အများနည်းတူ ခေါမမစ်(သ်)များ၌ အဖိုးတန်သော သင်ခန်းစာများ ပါသည်။ ရိုးရိုးသင်ခန်းစာများ မဟုတ်။ အသိဉာဏ်နှင့် နှလုံးသားတွင် စွဲကျန်နေပြီး ဆီဆိုင်လာ လျှင် အဓိပ္ပာယ် ကျယ်ကျယ်နက်နက် ဝင်းဝင်းထင်းထင်း ဖွင့်ပြ တတ်သည့် နိမိတ်ပုံရိပ် သင်ခန်းစာများ ဖြစ်ကြ၏။

          ဤဆောင်းပါး၏ ကိစ္စနှင့် ပတ်သက်သော ခေါမဂန္ထဝင် ဇာတ်လမ်းမှ နိမိတ္တပုံရိပ် နှစ်ခုကား -

(၁) ဟားပီးဇ် (Harpies) နှင့် (၂) ပင်ဒိုရာ၏ အိုး (Pindora's Jar) တို့ ဖြစ်လေသည်။

          ဟားပီးဇ်တို့ကား ညီအစ်မ သုံးဖော် ဖြစ်ကြသည်။ သူတို့ ၏ မျက်နှာနှင့် ကိုယ်ကား လူမျက်နှာနှင့် လူကိုယ် ဖြစ်ပြီး ငှက် အတောင်ပံ၊ ငှက်မြီးနှင့် ငှက်ခြေထောက် ရှိသည်။ ခြေထောက် များ၌ ခြေသည်းခွန်ခွန် ရှည်ရှည်ကြီးများ ရှိကြသည်။ သူတို့ကား ကိန္နရာလို လှလှပပနှင့် ချစ်စဖွယ် မဟုတ်၊ ကြောက်ဖွယ်လန့်ဖွယ် အလိုရမ္မက်ကြီးပြီး ရိုင်းစိုင်းရက်စက်သည့် ငှက်ပြိတ္တာမကြီးများသာ ဖြစ်လေသည်။

          သူတို့၏ သခင်မ သုံးပါးကား ပိုကြောက်ဖွယ်ကောင်းသည့် ဖယူရီးဖ် (Furies) ဟု လည်းကောင်း၊ အီရင်နီအီးဇ် (Erineyes) ဟု လည်းကောင်း ခေါ်သည့် နတ်ဘီလူးမကြီးများ ဖြစ်ကြသည်။ ဖယူရီးဇ်တို့ ဆံပင်တွေကား မြွေများ ဖြစ်သည်။ ဤနတ်ဘီလူးမကြီး သုံးဖော်ကား အကုသိုလ် ဒုစရိုက် ကျူးလွန်သူတိုင်းကို သိသည်။ ဒုစရိုက်သမားသည် မိမိအပြစ်ကို အခြားသူများ မသိအောင် ဖုံးကွယ် ထား၍ ရကောင်းရမည်။ ဖယူရီးဇ်တို့ မသိအောင်ကား ဖုံးကွယ် ၍ မရ။ သူတို့ ဒုစရိုက်သမားများကို မမေ့အောင် မှတ်ထားသည်။ “ဆိတ်ကွယ်ရာ”ဟု ထင်သော နေရာ၌ ဒုစရိုက်အမှုကို ပြုဝံ့လျှင် ပြုစမ်းပါလေ။ ဖယူရီးဇ်တို့က မျက်ခြည်မပြတ် စောင့်ကြည့်နေကြ သည်။ အချိန်တန်လျှင် သူတို့က ဟားပီးဇ်တို့ကို လွှတ်လိုက်သည်။ ဒုစရိုက်ကောင်ကို ဟားပီးဇ်တို့က သုတ်ချီ၍ ဖယူရီးဇ်တို့ထံ သယ်ဆောင်ခဲ့သည်။ ဖယူရီးဇ်တို့၏ နှိပ်စက်ညှဉ်းပန်းမှု အောက်၌ဒုစရိုက်ကောင်သည် ဒုစရိုက်ကြွေး ဆပ်ရပြီး မရှုမလှ သေပွဲဝင် ရသည်။

          ပင်ဒိုရာကား နတ်ဧကရာဇ်ကြီး ဇူးစ် ဖန်ဆင်းလိုက်သည့် မိန်းမတစ်ဦး ဖြစ်လေသည်။ ချောသည်။ လှသည်။ ဦးနှောက်တော့ မရှိ။ လူသားတို့ကို အပြစ်ဒဏ်ခတ်ရန်အတွက် ပင်ဒိုရာကို ဇူးစ်က ဖန်ဆင်းခြင်း ဖြစ်လေသည်။

          လူသား ဟူသည်က မိုက်တတ်သည်။ ။

          လိုင်းကေးအင် (Lycaon) ခေါ်သော ဘုရင်တစ်ပါးသည် လူလူချင်း သတ်၍ နတ်ကို လူသားနှင့် ယဇ်ပူဇော်သည်။ အမျက်ခြောင်းခြောင်းထွက်သော ဇူးစ်က လိုင်းကေးအင်ကို ဝံပုလွေ တစ်ကောင်အဖြစ် ပြောင်းပစ်လိုက်သည်။ သူ့အိမ်(နန်းတော်)ကို လည်း မိုးကြိုးပစ်ချ ဖျက်ဆီးလိုက်သည်။

           လိုင်းကေအင်၌ သားနှစ်ဦး ရှိသည်။ ဖအေ ပျက်စီးသွား သည်ကို သူတို့ မမှတ်။ မိုက်မျိုးမပြတ်အောင် မိုက်ဇာတ် ပြန်ခင်း ကြသည်။ သူတို့၏ မျက်တွင်းနက်နေပုံကို ရုပ်ဖျက်၍ စုံစမ်းရန် လာသူ ဇူးစ်ကို လူသားကျွေး၍ ဧည့်ခံသည်။ လူသားမှာလည်း ညီအရင်းကို သတ်၍ရသော လူသား။

          ဤအကြိမ်တွင်လည်း လူလို မနေကြသော ညီအစ်ကိုတွေ ကို ဇူးစ်က ဝံပုလွေအဖြစ် ပြောင်းပစ်လိုက်သည်။

          ဤမျှနှင့် မရပ်။ မိုက်မျိုးတွေအားလုံး တုံးစေရန် လူသား မှန်သမျှ ကမ္ဘာမြေ၌ မကျန်အောင် ကမ္ဘာကို ဇူးစ်က ရေနှင့် လွှမ်းပစ်သည်။ ဒူးကေလီအင် ရေလွှမ်းဘေးကြီး (Deucalion's Flood) ဟု ခေါ်သည်။

          တော်ပါသေး၏။ လူသားတွေအပေါ် သံယောဇဉ်ကြီးသည့် လူသားမိတ်ဆွေနတ် ပရမီးသီးအက်စ် (Prometheus) က ဘုရင် ဒူးကေလီအင်ကို လာမည့်ဘေး ညွှန်ပြရာ ဒူးကေလီအင်ကလှေကြီးတစ်စင်း တည်ဆောက်သည်။ ရေလွှမ်းဘေးကြီးလာသော အခါ ဒူးကေလီအင်နှင့် သူ့ဇနီး ပီရာ (Pyrrha) တို့ လှေကြီးကြောင့် အသက်မသေ ကျန်ရစ်သည်။ သူတို့မောင်နှံက ဇူးစ်ကို ရည်စူးလျက် ဂန်ချပူဇော်ပြီး “လူသားမျိုးဆက်သစ်” ပြန်လည် တည်ထောင်ပေးပါရန် ဆုတောင်းကြသည်။ စိတ်ပြေသွားသော ဇူးစ်က လူသားမျိုးဆက်သစ် ပြန်လည်ခွင့်ပြုသည်။

          ဇူးစ်က အမိုက်ဗီဇရှိသော လူသားတွေ၌ မီးမရှိအောင် လုပ်ထားရာ ပရမီးသီးအက်စ်က အိုးလင်ပက်စ်တောင်တော်ထက်မှ မီးကို ခိုးယူခဲ့ပြီး လူသားတွေကို ပေးသည်။

          ချုံ၍ဆိုရလျှင် ပရမီးသီးအက်စ်ကို မကျေနပ်၍ တစ်ကြောင်း၊ မီးရပြီးနောက် အစွမ်းထက်သထက် ထက်လာကြသော လူသား တို့ကို စိုးရိမ်၍ တစ်ကြောင်း ဇူးစ်သည် ပင်ဒိုရာကို ဖန်ဆင်းသည်။

          ဇူးစ်က ပရမီးသီးအက်စ်ကို ထာဝရ အကျဉ်းချထားလိုက် ၏။ ပရမီးသီးအက်စ်၏ ညီ အပမီးသီးအက်စ် (Epimetheus) ကိုလည်း ပင်ဒိုရာနှင့် ဇွတ်အတင်း လက်ထပ်စေ၏။

          ပင်ဒိုရာသည် အမီးသီးအက်စ်၏ဇနီး ဖြစ်သွားသောအခါ...

          အပမီးသီးအက်စ်ထံ၌ ပရမီးသီးအက်စ်က အားလုံးလုံးရှည်ရှည် တစ်ခု အပ်ထားခဲ့၏။

          လူသားကို ဒုက္ခပေးမည့် အိုခြင်း၊ နာခြင်း၊ ဆင်းရဲပင်ပန်း ခြင်း၊ ရူးသွပ်ခြင်း၊ မိုက်မှားခြင်း၊ ရမ္မက်ကြီးခြင်းဟူသည့် အမင်္ဂလာ အပေါင်းတို့ကို ပရမီးသီးအက်စ်က ဖမ်းယူပြီး ထိုအိုးတွင်း၌ ပိတ် လှောင်ထားခဲ့သည်။

          ပင်ဒိုရာသည် တစ်နေ့တွင် ထိုအိုးကို တွေ့ရှိသွားပြီး မဆင် မခြင်ဖြင့် အလုံပိတ်ထားသော အိုးအဖုံးကို ဖွင့်လိုက်သည်။

          အမင်္ဂလာအပေါင်းတို့ အိုးတွင်းမှ ထွက်လာပြီး ကမ္ဘာအနှံ့ ပျံ့၍ လူသားတို့ကို ဒုက္ခပေးလေတော့သတည်း။ ။

          အဓမ္မရာဂ ခေါ် လိင်ဖောက်ပြန်မှု ဒုစရိုက်မှုတွေကြောင့် ရောဂါဆိုးတို့ ဤနှစ်ဆယ်ရာစုအတွင်း၌ ပေါ်ပေါက်လာကြသော အခါ...

          နိမိတ္တပုံရိပ်တွေဖြင့် ကျွန်တော် စိုးရိမ်ထိတ်လန့်မိသည်။ ဖယူရီးဇ်တွေက ဟားပီးဇ်တွေကို လွှတ်လိုက်လေပြီလော။

          ဪ -ပင်ဒိုရာ၏ အမင်္ဂလာအိုးအသစ်တစ်လုံး ပွင့်ပြန် လေပြီလော။

 

( ၃ )

          ကျွန်တော် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြား နေစဉ်အခါက ပညာတတ်များကြား၌ စိတ်ဝင်တစား ဆွေးနွေးကြ သည့် ဖြစ်နိုင်ခြေကိစ္စတစ်ခု ရှိခဲ့သည်။

          ထိုဖြစ်နိုင်ခြေကား အကြင်လင်မယားစနစ် (Institution of Marriage) ဤကမ္ဘာမြေ၌ ပျောက်ကွယ်သွားနိုင်သည် ဆိုသည့် ခန့်မှန်းချက် ဖြစ်လေသည်။ ။

          အကြင်လင်မယားစနစ် ဟူသည်မှာ လူ့ယဉ်ကျေးမှု ခေါ် လူလုပ်ထားသောစနစ် ဖြစ်လေသည်။ တိရစ္ဆာန်များ၌ ဖို မ ကာမဂုဏ် ဆက်ဆံရေးသာ ရှိသည်။ အကြင်လင်မယားစနစ် မရှိ။ အကြင်လင်မယားစနစ် မရှိသောကြောင့် မိဘစနစ် မရှိ။ မိဘစနစ် မရှိသောကြောင့် မိသားစုစနစ် မရှိ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)