တက္ကသိုလ်ဘုန်းနိုင် - တန်ခူးလေနှင့်လျောတော့သည်
(၁)
ပိတောက်ချင်းတော့ မတူပါလေ
“တစ်နှစ်တွင် သည်တစ်လပေပ
တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း”
ဦးကြော့
(၂)
ရာသီပန်းဖြစ်သဖြင့် ဆန်းသစ်သည့်ဂုဏ်ကို မြတ်နိုးမိရာမှ တန် ဖိုး ထားခဲ့မိလေသလား မသိ။
ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း စသော နှလုံးသားနှင့်သာ ဆိုင်သည်ဟု အနုပညာရှင်တို့ ဖွဲ့နွဲ့လေ့ရှိသည့် စိတ်ဝေဒနာသဘောတို့မှာ ကြောင်းကျိုးဆက်သွယ် တွေးခေါ်မှုမှထက် ပုဂ္ဂလိက အတွေ့အကြုံဝယ် မူတည်ပေါ်ပေါက်လာသည် ဟူသော အယူအဆမှာ မှန်ကောင်းမှန်ပေလိမ့်မည်။
ပိတောက်ကို ချစ်မိရသည့် အကြောင်းကို မရှာလိုပါ။ ပိတောက် ပင်ရိပ်၌ ဆုံတွေ့ခဲ့ရသည့် ပိတောက်ကို မချစ်သော မိမိ၏ အယူအဆ နိုင်ငံတွင် “တစ်ပြည်သူ” သက်သက်သာ ဖြစ်နေသည့် ချစ်လှစွာသော ထားတစ်ယောက်အား မုန်းသင့်သည့် အထောက်အထား၊ မေ့ထိုက်သောအကြောင်းချက် တွေ့ရှိလျက်နှင့် မမုန်းရက်၊ မမေ့နိုင်သော မိမိ ကိုယ်ကိုလည်း အပြစ်မတင်လို...။
မင်သော ပိတောက်ကို မြင်လေတိုင်း မကြင်သော တစ်ယောက် ကို ထင်ယောင်မိသဖြင့် မချိလှသောရင်မှာ မသက်သာသော်လည်း သည်ဝေဒနာ၏ သံသရာကိုသာ တစ်နှစ်တစ်ခါ ထပ်ကာလည်စေမိ သော ကိုယ့်ကိုယ်သာ အံ့ဩရမည်ထင်ပါ၏။
ပိတောက်ပွင့်လျှင်မူ ပင့်သက်ကိုရှူရင်း ပင်မြင့်ကိုမျှော်မိစမြဲဖြစ် သည်။
မြင်မိလျှင် မြင်လေတိုင်း မလှုပ်ရှားသော်လည်း အသည်းပြင်၏ နက်ရှိုင်းသော တစ်နေရာဝယ် မြည့်မြည့်နှင့် ငွေ့ငွေ့ကျန်လေသေး သည့် ဝေဒနာကို လှုံ့ဆွလေသော သည်ပန်းကိုမှ “သည်ပန်းမှမြတ် ပန်းတော်” ဖြစ်နေမိသည့် ကိုယ့်ကိုယ်ကို နားမလည်မိ။
ရာသီပန်းဖြစ်သဖြင့် ဆန်းသစ်သည့်ဂုဏ်ကို မြတ်နိုးမိရာမှ တန် ဖိုးထားခဲ့မိလေသလား မသိ။
(၃)
လ,တန်ခူးဖြစ်သဖြင့် ခရီးကျူးစမိုးသားတိမ်လွှာတို့ အံ့ကာဆိုင်း၍ မှိုင်းပျပျရှိသော တာသင်္ကြန် ကာလတည်း။“မိုးနံ့၊ ရေနံ့၊ ပိတောက်နံ့တို့မှာ မြေသင်းနံ့နဲ့ ရောလျက် သင်းပျံ ကြိုင်နှံ့နေ၏။
ညောင်ဝိုင်းရွာ၏ ကျစဒီရေနှင့် ပြည့်ဖြိုးလျက်ရှိသေးသော ချောင်း မရေစပ် ပိတောက်ပင်အောက်ဝယ် တစ်ယောက်တည်း အေးအေးလူလူ ထိုင်နေမိသည်။
ခပ်လှမ်းလှမ်း အာရှလူငယ်ဥက္ကဋ္ဌ ကိုသိန်းမောင်၏ အိမ်ဝင်းအတွင်းရှိ မုန့်လုံးရေပေါ်ဝိုင်းမှာ ကျွန်တော့်ပတ်ဝန်းကျင်၌ အစီအရီ ဝိုင်း ပေါက်နေသော ဓနိပင်များ ကာကွယ်နေသဖြင့် မမြင်ရသော်လည်းထိုမှ အသံများကို ကောင်းစွာကြားနေရ၏။ “ဥက္ကလာပ... ဟမ္မသောက...”
ညောင်ဝိုင်းရွာ၏ မိန်းမကြမ်းကြီးဒေါ်ပု၏ မျောက်ဆရာ သီချင်းသံနှင့် မြေပြင်ကို ကြိမ်နှင့် တဖျတ်ဖျတ်ရိုက်သံသည် ပေါ်ထွက်လာသည်။ လူကြီး၊ လူငယ်၊ မိန်းမ၊ ယောက်ျားများ၏ ဝါးကနဲ ပွဲကျသံ မှာလည်း ပေါ်လာ၏။
ဗိုလ်ကြီးရေ. . ဟောဒီမှာ ကယ်ပါဦး၊ လူစင်စစ်က အမြီးနောက် ပေါက်ပြီး မျောက်ဖြစ်နေပြီ၊ အဟီး”
ကျွန်တော့်တပည့်ကျော် ရဲဘော်သန်းထွတ်ကြီး၏ ဟန်လုပ်ထား သော ရွှတ်ပြက်ပြက် ငိုသံကြီးက နောက်မှ ဆက်ထွက်ပေါ်လာ သည်။
“အံမာ.. နင့်ဗိုလ်ကြီးများအားကိုးလို့၊ ကဲ... ကမှာက၊ မကရင် ရှေ့ကအမြီးပါ ဆွဲနှုတ်လိုက်ရမလား...”
“အံမာလေး. . လေး. . ဒါလေး တစ်ခုတော့ ချမ်းသာပေးပါ၊ က, ဆိုရင်လည်း က,ပါမယ်၊ ဟယ်.. တတ်နိုင်ဘူး မင်းပဘာ၊ မင့်အတွက်ဖြေဖျော်ရမယ်ဆိုရင်တော့ မောင်ကြီးကုသမျောက်ဘဝနဲ့ လှလှ ကြီး က,ပါမယ်... အဲဟယ်...”
သန်းထွတ်ကြီးမှာလည်းမခေ၊ မင်းသားဟဲ, ဟဲ၍ ဒေါ်ပုအားခွပ် လိုက်သည်။ ပရိသတ်မှာ ပွဲကျသွားပြန်သည်။
“အံမယ်-အံမယ် သေနာက ငါ့ကိုပဘာ၊ သူ့ကိုကုသတဲ့၊ ကဲ ကဲ...”
ကျောပြင်ကို တအုန်းအုန်းထုသံ ထွက်လာသည်။ ညောင်ဝိုင်းရွာတွင် ခေတ္တစခန်းလာချနေသော ကျွန်တော်တို့ ဗမာ့ တပ်မတော် တော်လှန်ရေးတပ်စုလေးမှ အရွှတ်ဆုံး၊ အနောက်ဆုံး မျက် နှာ အပြောင်ဆုံး တပ်သားကျော်သန်းထွတ်ကြီးနှင့် ညောင်ဝိုင်းရွာ “အပျိုခေါင်း” ဒေါ်ပုကြီးတို့၏ နှစ်ပါးသွားမှာ ဤသို့လျှင် စိုစိုပြည်ပြည်နှင့် မြိုင်ဆိုင်လှချေ၏။
သင်္ကြန်မှာ ပျော်တတ်သူတို့အတွက် ဘက်မရှိအောင် ရွှင်ဖွယ် ကောင်းသော မြန်မာ့ပွဲတော် တစ်ခုမှန်ပါ၏။ အပေါင်းအသင်းနှင့် စည်စည်ကားကား ပျော်ရသည်ထက် ကိုယ့်အတွေးနှင့်ကိုယ် နှစ်သိမ့် ကြည်နူးရသည်ကို ပိုမက်မောသော ကျွန်တော်ကသာ ချောင်းရေစပ်၌ အေးအေးလူလူ လာထိုင်နေမိသည်။
ကျဆင်းလျက်ရှိသော ချောင်းရေတိုးသဖြင့် ငိုက်ညွှတ်ကျလျက် ရှိသော ဓနိပင်၏ အရိပ်တို့မှာ ငြိမ်ငြိမ့်နှင့်လှုပ်ယမ်းနေသည်။ နောက်ကျိသော ချောင်းရေပြင်တွင် အခွေခွေလည်ရွေ့လျက်ရှိသည့် ဝဲဂယက် တို့နှင့်အတူ ဗေဒါပင်နှင့် လမုသီးများမှာလည်း တလှုပ်လှုပ်မျောပါနေ ၏။
ပိတောက်ပွင့်လွှာကလေးများမှာ အသာအယာမြေဆီသို့ ကြွေဆင်းလျက်ရှိသည်။ မြေပြင်နှင့်ဝဲလည်လျက်ရှိသော ရေစပ်ဝယ် ရွှေဝါပွင့်ချပ် တို့ ခပ်ကျဲကျဲပြန်နှံ့လျက်ရှိ၏။
တော်လှန်ရေးကာလ၏ လွမ်းဖွယ်သည့် ဤတစ်ခုသော သင်္ကြန်ဝယ် မတူလေသော ပိတောက်နှစ်ခိုင်တို့ တိုက်ဆိုင်ပွင့်မိကြခြင်းဖြစ် ပါ၏။ အတွေး၌နစ်မြော၍ စိတ်မှာ ဗေဒါနှင့်အတူ ချောင်းရေအလိုက် ဘယ်အထိ မှီပါနေမိသည်မသိ၊ ဗွမ်းကနဲ သွန်လောင်းချလိုက်သော ရေသံနှင့်အတူ တစ်ကိုယ်လုံးရွှဲစိုသွားကာမှ အလန့်တကြားနောက်သို့ လှည့်ကြည့်မိသည်။ သာယာသော နှစ်နှစ်ခြိုက်ခြိုက် ရယ်မောသံကို လည်း တစ်ပြိုင်နက် ကြားလိုက်ရသည်။
ထား..။
ထားသည် ကျွန်တော့်လိုသင်္ကြန်အခါတွင် တစ်ကိုယ်တော်ကျင့် သုံး၍ အပုန်းကောင်းသူကိုမှ မိအောင်ရှာဖွေရေလောင်းရသည်ကို ကျေနပ်ဝမ်းမြောက်လှသည့်အလား လှိုက်လှိုက်လှဲလှဲ ရယ်မောနေပါ၏။ ရှည်သွယ်သမျှ ကော့ပျံသော ပိတုန်းရောင်မျက်တောင်တို့ ဝန်းရံအပ် သည့် မျက်လုံးပြာ၂-စုံဝယ် ရွှင်မြူးခြင်း၏ မျက်ရည်ကြည်များမှာ ပြည့်လျှမ်း ဝင်းလဲ့နေ၏။
ရုတ်တရက်တော့ စကားမဆိုမိ၊ ရွှေဝါရောင်နုအသားနှင့် မျက်လုံးပြာရှင် ထား၏ရယ်မောစဉ် လျှပ်လက်ပြေးသည့် သန့်စင်ဖြူဖွေးသော သွားညီညီလေးများကိုသာ အသားကြည့်နေမိသည်။ “ဘယ့်နှယ်လဲ ကိုမြင့်ခိုင်၊ ပိတောက်ပင်အောက်မှာ တိတ်တိတ်လေး ကျိတ်ဆွေးနေတာ လူမိလို့ အံ့အားသင့်နေပလား...”
ကျွန်တော့်လို သုံးလိုင်းကြယ်တစ်ပွင့် ဗိုလ်လေးတစ်ဦးအား တစ်ရွာလုံးက ဗိုလ်ကြီးဟု လေးလေးစားစား ခေါ်ကြသော်လည်းထား ကမူ နာမည်ကိုသာ ရင်းရင်းနှီးနှီး ခေါ်သည်။ ခေါ်ထိုက်သည့် အကြောင်း လည်းရှိသည်။
စစ်မဖြစ်မီ တက္ကသိုလ်၌ ထားနှင့် ကျွန်တော်တို့အတူပညာ ဆည်း ပူးခဲ့ကြဖူးသည်။ ထိုစဉ်တုန်းကမူ ကုလားနှင့် ကပြားများသာ အယူများသော သတ္တဗေဒကို မိန်းကလေးဖြစ်လျက်လိုက်နေသော ထားအားကျွန်တော်မသိသကဲ့သို့၊ ဖီလိုဆိုဖီဌာန တက္ကဗေဒစာအုပ်များအကြား ၌သာ အချိန်ကုန်တတ်သော ကျွန်တော့်အားလည်း ထားကမသိ၊ မြင်ဖူး တွေ့ဖူးကြယုံမျှဖြစ်သည်။ စစ်အတွင်း တပ်မတော်တွင် အမှုထမ်းရင်း အာရှလူငယ်ဌာနချုပ်သို့ မကြာခဏအလည်ရောက်မိမှ အမျိုး သမီးဌာနတွင် ထာဝရတွေ့ရသောထားနှင့် ခင်မင်ရင်းနှီးခဲ့ရသည်။ အကြောင်းဆုံပြန်၍ ထားတို့ အိမ်သားများက ညောင်ဝိုင်းရွာသို့ စစ်ပြေးအလာ ကျွန်တော်ကလည်း တာဝန်နှင့် အဆိုက်ဖြစ်သဖြင့် အလိုက် သင့်ပိုမို အကျွမ်းဝင်ခဲ့ကြခြင်း ဖြစ်ပါ၏။
တက္ကသိုလ်မှ ဝေးကတည်းက တက္ကသိုလ် “မီးလျူး” ပတ်ဝန်း ကျင်မှ အပြင်လူအတွက် အတန်စိမ်းသော တက္ကသိုလ် “လင်ဂို” သီး ခြား ဘာသာစကားမျိုးနှင့်ကင်းခဲ့သော ကျွန်တော်တို့ ၂ ဦး အတွက် အချိန်အားလပ်တိုင်း စကားပြောမဆုံးနိုင်အောင် ရှိရသည်မှာလည်း မဆန်းဟု ထင်သည်။
“အံ့အားသင့်သွားတာတော့ မှန်ပါတယ်၊ ကျိတ်ဆွေးစရာကတော့ လွမ်းဖို့သခင် မရှိသေးပါဘူးထား...
“တယ်ဆိုလိုက်တဲ့ စာပါလား...”
ထားသည် ခပ်ရွှင်ရွှင်နောက်လိုက်ရင်းပိတောက်ပင်ရင်း ကျွန်တော့် ဘေးတွင် ဝင်ထိုင်လိုက်သည်။
“မသိပါဘူး၊ ထားက ရှင်တို့စစ်သားတွေ ဆိုလေ့ရှိတဲ့ လှရာရာ ... ရွေးလို့ ဆင်မပေးရဆံမြညှာကေ... ဆိုတဲ့ သီချင်းသဘောလိုများ ပိတောက်ပွင့်တာရင်း ဆွေးနေသလားလို့ပါ....”
ထားသည်ပေါင်ပေါ်တွင် မှောက်တင်ထားသော ဖလားအောက် ခံပေါ်၌ ပိတောက်ပွင့်ကလေးများအား ကောက်ယူ စီဆော့ကစားရင်း ခပ်အေးအေးနှင့် ဆက်နောက်နေသည်။
ကျွန်တော်ကမူ အသာပြုံးရင်း ပင်ထက်မှာ လျှံဝင်းသော ပန်းမင်း ရွှေငုံတိုင်အားသာ မျှော်ငေးကြည့်နေမိသည်။
“ကျွန်တော်က ပိတောက်ပန်းကို သိပ်ချစ်တယ်၊ ဒီလိုချစ်တဲ့ ပိတောက်နဲ့ ထားပြောသလို လွမ်းစရာဇာတ်ကြောင်းများ မတော်တဆ လာဆက်သွယ်မိမှာကို ... တစ်ခါတစ်လေ တွေးကြောက်မိသေး တယ်”
“ဟော... ရှင်စိတ်ကူးယဉ်လာပြန်ပြီ...”
ထားသည် ကျွန်တော့်စကား ဘယ်နေရာမှ ဟာသတွေ့သွားသည်မသိ၊ တခစ်ခစ်နှင့် ရယ်နေသည်။ အရယ်ရပ်သော် ဆက်လက်၍များပင် ဝေဖန်မှတ်ချက် ချနေပြန်ပါ၏။
“ရှင်တို့ စိတ်ကူးယဉ်သမားတွေ၊ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ အားလုံးပေါ့လေ၊ တော်တော်ရယ်ဖို့ကောင်းတယ်၊ သူ့ သဘာဝပွင့်ချင်လို့ ပွင့်နေတဲ့ ပိတောက်လည်းမနေရ စံပယ်လည်း မလွှတ်၊ သဇင်လည်း ချမ်းသာမပေး၊ နှင်းဆီလည်းမကျန်ဘူး၊ လျှောက် ဖွဲ့နွဲ့ပြီး မျက်ရည်နဲ့ လိမ်းပေးချင်ကြတယ်” ။
“ဒါကတော့ ဒီလိုရှိပါတယ်ထား၊ ကဗျာဆရာ့ လုပ်ငန်းကိုကတိကျတဲ့ အကြောင်းအရာတစ်ခုကို ယေဘုယျ သဘောပေါ်အောင်ဖွဲ့နွဲ့ ဖန်တီးရခြင်းပေကိုး၊ ဥပမာ ပန်းရဲ့ပွင့်ခြင်း ကြွေခြင်းဆိုတဲ့ နယ် ကျဉ်း တိကျတဲ့ အကြောင်းတစ်ရပ်ကို ဖွဲ့နွဲ့နေသယောင်ဖြစ်ပေမယ့် ကဗျာဆရာတွေဟာ လောကသဘာဝတစ်ခုခုရဲ့ဖြစ်ခြင်း၊ ပျက်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ ယေဘုယျအနက်သဘောကို ဖတ်သူရဲ့ ဉာဏ် အမြင်မှာထင်လာအောင် သီကုံးကြရတာကလား။ ပန်းရဲ့ အကြောင်း ဖော်ရာမှာ လူရဲ့ဝေဒနာ၊ စေတနာသဘောတွေကို သိမ်သိမ်မွေ့မွေ့ တင်ပြခဲ့တဲ့ ဆရာဇော်ဂျီတို့၊ ဆရာမြကေတုတို့ရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး တစ်ခါက ဒီသဘောမျိုး ကျွန်တော် ရှင်းပြခဲ့ဖူးတယ် ထင်တယ်...”
“ရှင်ပြောနေတုန်းတော့ နားလည်သလိုလိုပါပဲ။ နောက်တော့သာ ဘာမှမရေရာတာ ရှင်တို့အနုပညာဆိုတာကဒီလိုပဲ ဝေ့လယ်လယ် ထင်ပါရဲ့။ ဒါထက်နေပါဦး ရှင်ကကော ကဗျာဆရာ မဟုတ်ပေမယ့် ပိတောက်ပန်းကို ဘယ်လိုများမြင်ထားသလဲ...”
ကျွန်တော်က ပြုံးလိုက်မိသည်။ ဖြေလိုက်လျှင် ထားဆီမှအဘယ် သို့သော ဝေဖန်ချက်လာမည်ကို သိနှင့်သဖြင့်ပင်ပြုံးလိုက်ရသည်။
“ကျွန်တော်ကတော့ ပိတောက်ရိုမန်းတစ်လပ်ဖ် စိတ်ကူးယဉ် အချစ်အဖြစ်နဲ့ပဲမြင်မိတယ်...”
ထားသည် မျက်လုံးလေးပြူးကာ ကျွန်တော်အားလှည့်ကြည့် လိုက်သည်။
“ထားအတွက် ရယ်စရာကောင်းသွားသလား...”
“ဒီနေရာမှာတော့ ထားအမြင်နဲ့ ရှင့်အမြင် တူလွန်းလို့ အံ့အား သင့်သွားတာပါ...”
ကျွန်တော့်မှာလည်း အံ့သြသွားသည်။