Skip to product information
1 of 4

Other Websites

တက္ကသိုလ်ဘုန်းနိုင် - ညီမလေးရယ်စိုးရိမ်မိတယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

          ပုဲလဲရည်မိုးပေါက်တို့ လောကမြေပြင်ကို ချီးမြှောက်သည့် ပျိုးပေါက်သစ်ပင် မြသစ်လွင်ရာ နယုန်ကြွေမူးဝါဆိုဦးတွင် မုတ်သုန်လေနှင့်အတူ မေရီတယောက် တက္ကသိုလ်သို့ ရောက် လေသည်။

          လေရူးပမာ လူးလွန့်စ မေရီ၏စိတ်ကလေးက ထွေပြားပျံ့လွင့်နေသည်။ မြေကိုမှီ၍ လေဆီ မျှော်မှန်းသော မျိုးနုပင်၏ပမာ မေရီ၏စိတ်မာန်မှာ ကြွချီပျံတက်နေပါ၏။ လေလာတိုင်း ရွေ့လျား၍ ခဏချင်းမှာပင် သဏ္ဍာန်သစ်ဆက်ကာ ဖွဲ့ဆန်းသော တိမ်ဆိုင်ပမာလည်း မေရီ၏ စိတ်ကူးစိတ်သမ်း တို့မှာ အံဘနန်း အပြောင်းအလဲ မြန်တတ်ပါသေး၏။

          တချက်သာလျှင် မေရီ၌ ထူးပါ၏။ မုတ်သုန်နှင့်အတူ တက္ကသိုလ်မြေဆီ ရောက်ခဲ့ သော မေရီမှာ သည်တောင်ပင်လယ်မှ ခရီးသည်ကဲ့သို့ အပြုတေးကိုမသီ၊ မေရီ၏ ရင်တွင်း၌ကား အသံဖျက်တေး တပုဒ်မှာ သဲ့သဲ့မြည်ကြူးနေပါ၏။

          လှသော မေရီ၏ သန့်စင်ဖြူဖွေးသော မျက်နှာဝန်း ပြည့်ပြည့်လေးမှာ နုနယ်သဖြင့် ပို၍ တင့်တယ် နေသည်။ ပြည်ရည်ရွှမ်းသော မျက်လုံးကြည်နှစ်စုံ၏ ကျက်သရေမှာ စာ၌ဆိုသော သမင်မငယ်၏ မျက်လုံးအလှထက် အပြစ်ကင်းသည့် ကလေးငယ်၏ မျက်လုံးမှ သန့်စင်မှုသဘောက ပို၍ များနေ သည်။

          မေရီ၏ လှုပ်ရှားမှုကလေးများမှာ ညှင်းလေနုပမာ သိမ်မွေ့ပေါ့ပါး၍ မေရီ၏ ကြငှန်းဆံသောဟန်မှာ ပျိုးပင်ပျို၏ ယိမ်းနွဲ့ခြင်းကဲ့သို့ နွဲ့နှောင်းပြေပြစ်သည်ဟု ဆိုကြပါ၏။ မေရီ၏ နက်မှောင်သော မျက်ခုန်းနှစ်သွယ်၏ အနားရေးမှ မြရောင်ရှိမ်းရှိမ်းနှင့် ပါးပြင်နုနုမှ ကွန်ယက်ရှက်ဖြာလျက်ရှိသည့် အကြောစိမ်းကလေးတို့မှာ မိုးဖျန်းပင်ပျို၏ ရွက်သစ်သစ်တို့ပင် မယှဉ်သာအောင် ပိုမို၍ လန်းဆန်းတင့်ရွန်းသည်ဟု အလှအပဆို အလွန်လျှင် ကိုးကွယ်တတ်ကြသော တက္ကသိုလ်ကျောင်းတော်ကြီးသားများက ဆိုမှတ်ပြုကြသည်။ ၀ိဇ္ဇာတန်းမှ ကျောင်းသားကြီးများကမူ မေရီကို ကြည့်ခြင်းသည် အလှအပ၏ အဘိဓမ္မာတရပ်ကို လက်တွေ့နားလည်ခြင်းပင် ဖြစ်သဖြင့်ခေါမတိုင်းပညာရှင် ပလေတို့၏ ပုရာဏ်ကျးမ်းကြီးမှ လှပခြင်းသဘာဝကို ဆွေးနွေးခန်းအား ဖတ်ကြည့်ရန်မလိုဟု နက်နဲစွာ မှတ်ချက်ချကြကုန်သည်။ ဤသို့ဖြင့် မေရီသည် ညှင်းလေပမာ သိမ်မွေ့ပေါ့ပါးသော လှုပ်ရှားမှု၊ ပျိုးပင်ပျို၏ ယိမ်းနွဲ့ခြင်းကဲသို့ နွဲ့နှောင်းဖြစ်သည့် ကြငှန်းဆန်သောဟန်တို့ဖြင့် ပိတုန်းရောင်တောက်ရွန်းသော ကော့မျက်တောင်ရှည်တို့ ဝန်းရံအပ်သည့် မျက်လုံးပြာကြီးများကို လှည့်ကစားရင်း တက္ကသိုလ်၏ စင်္ကြန်များတလျှောက် လုပ်လဲ လုပ်လီ သီကရီနှင့် တည်တဖုံကြည်တလှည့်ဖြင့် လျှောက်လျက်ရှိခဲ့ သည်။

          ခက်သည်မှာ မေရီသည် သူ့ကိုယ်သူ လှမှန်းသိခြင်းပေတည်း၊ ပိုခက်သည်မှာ မိမိအလှ၏ စူးရှထက်မြက်ခြင်းကို ရိပ်စားမိခြင်းပေတည်း၊ အခက်ဆုံးမှာ မိမိယုံကြည်စိတ်ချရသော အလှအားကိုး နှင့် တက္ကသိုလ်ဝယ် မှတ်တမ်းတင်စရာ ဇာတ်လမ်းပမာ စွန့်စားခန်းတရပ်ကို ဖွင့်လှစ်ခြင်းပေတည်း။

          “တက္ကသိုလ်မှာနေနေ ဘယ်ဆီရောက်ရောက် ကုန်ကုန်ပြောမယ်၊ ယောက်ျားရပြီးတဲ့ အထိ မိန်းကလေး တဦးဟာ မိမိကိုယ်ကို သဘင်အနုပညာရှင်တဦးလို အမှတ်ထားရမယ်၊ တလောကလုံးမှာ ဟန်ဆောင်မှု ကလွဲပီး ဘာမှမရှိဘူး။ ဟန်ဆောင်သူတွေ အားလုံးထဲမှာ အပိရိဆုံးလူကို သဘာဝအကျဆုံးအဖြစ်နဲ့ လောကဇာတ်ခုံက သရဖူဆောင်းပေးလိမ့်မယ်...”

          ဤစကားရပ်များကား မေရီ တက္ကသိုလ်မရောက်မီကတည်းက ယခုအခါ နိုင်ငံခြားရှိ သံရုံးတခု၏ စစ်တွဲဘက် အတွင်းဝန်ကတော် ဖြစ်နေသော အမဖြစ်သူ မေဘယ်လ်လွင်၏ နှုတ်မှ မကြာခဏ ကြားခဲ့ရသော အံ့ဘနန်းသည့် သြဝါဒထူးပင်တည်း။

          သို့ ကြောင့်ပင် မေရီသည် အရည်လည်ကျွမ်းကျင်ပြီးသား ကျောင်းတော်သားကြီးများ၏ ရှေ့တွင် မျက်လုံးဝိုင်းဝိုင်း အလည်လည်နှင့် နုသောမျက်နှာလေးအား ကြည်နိုင်သမျှ ကြည်ကြည်လင်လင် ထားကာ ကလေးငယ်သဖွယ် ချစ်စရာအမူ လုပ်တတ်လေ့ရှိသလောက် အချစ်ကျေးကျွန် ဖြစ်ချင် ဇောဖြင့် ဘဝသခင်မကို အမောသား ရှာနေသော လူကြီးလူကောင်းပေါက်စလေးများနှင့် ရင်ဆိုင်လျှင်မူ မျက်နှာပေးကို အလှမပျက်ရုံ တည်နိုင်သမျှ တည်ထားလျက် ထီမထင်ဟန် ပြုစွမ်းသကဲ့သို့ပင် အူတူတူ အတတ၊ မနှင့်ရင်ဆိုင်လျှင် ပါမောက္ခချုပ်နှင့် တွေ့ရသည်ထက် အနေခက်သော စာကြမ်းပိုး သနားစရာ ဂွအိုးများကို တွေ့လျှင်ကား မျက်နှာကို ပြုံးချိုချိုထားလျက် ရယ်မောခြင်းကို လွတ်လပ်စွာ ပြုပြီး ကပြားမလေးများအဟန် သွက်သွက်နှင့် ရိုးအေးသူအား ကလေးသဖွယ် စကစားချင်သေးသည်။

          သို့နှင့် တလခန့် ကျောင်းတက်မိလျှင်ပင် နှစ်အဆုံး၌ စာမေးပွဲအောင်မည် မအောင်မည် မသေချာသော်လည်း သူ့ အမပြောသကဲ့သို့ လောကဇာတ်ခုံဝယ် သရဖူ မဆောင်းနိုင်သည့်တိုင်အောင် တက္ကသိုလ်နန်းမှ တပါးသော “ထား” သခင်မ ဖြစ်ရတော့မည်ကို မေရီသည် စိတ်ချမိခဲ့သည်။

          တခုသော ဆန္ဒသည်သာ မေရီ၏ရင်၌ ခိုတွဲမနေဟုဆိုလျှင် ယခုအချိန်အထိ သူထင်သကဲ့သို့ ဖြစ် နေသော တက္ကသိုလ်၌ သူမျှော်မှန်းခဲ့ သည်တို့ ကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီဖြစ်သော မေရီမှာ သူ့ဘဝအားသူ အကျေနပ်ကြီး ကျေနပ်မိနေမည်မှာ အမှန်ဖြစ်ပေသည်။

          ဤဆန္ဒကိုမူ မေရီသည် ဘယ်သူ့အားမျှ ဖွင့်မပြောမိခဲ့။ ဖွင့်ပြော၍လည်း မဖြစ်ဟုထင်သည်။ ဤဆန္ဒ ရှိနေသည့်အတွက်ပင် မေရီမှာ သူ့ကိုယ်သူ ရူးမိုက်နေမိသလောဟုပင် တခါတရံ အသိဉာဏ်လေး ဝင်တိုင်း အံ့သြမိသည်။

          အမှန်တော့ လည်း မိမိမမြင်ဘူးသူ၊ မိမိအားလည်း ကမ္ဘာမြေဝယ် ရှိလေသလားဟုမှ အမှတ်ပြု လိမ့်မည် မဟုတ်သူတဦးအား ရှာဖွေနေခဲ့မိခြင်းအတွက် မေရီမှာ ရှက်စိတ်ကလေးတော့ ပေါက်မိ သည်။

          ကိုမြင့်သူ။ ဤနာမည်က မေရီ ရင်တွင် အမှတ်ထင်ထင် ပဲ့တင်ထပ်နေတတ်သည်။ နာမည်ကပင် ကဗျာဆံနေသည်ထင်၏။ ကဗျာဆရာမို့ နာမည်ကို ကဗျာဆံဆံပင် မှည့်ထားလေသည်လားမသိ။

          စင်္ကြံများတွင်လျှောက်ခိုက် ပရိသတ်အကြိုက်ကို သိုက်မြိုက်စွာ အသုံးတော်ခံရင်း ကချေသည်မလေး မေရီမှာ သူ့ အား ဖူးတွေ့လိုသူအများကြားမှ သူမြင်တွေ့လိုသူအား တွေ့နိုးနိုးဖြင့် ရှာကြည့်နေမိ ခဲ့ သည်။ တခါတရံတွင် အကြောင်းမဲ့ စိတ်ပေါက်ကာ အပြစ်မဲ့ သူ တယောက်လူအား ကရုဏာ ဒေါသောနှင့် ကျိန်ဆဲမိခဲ့ သည်လည်း ရှိသည်။

          “ဘယ်မှလဲတဲ့... ကဗျာဆရာဆိုတဲ့ ကိုမြင့်သူ ကောင်ရယ်.....”

          အခန်းတံခါးပိတ်ပြီး၍ သူ့ပါတနာ ပိုဝမ်းတယောက် အိပ်ပြီဆိုလျှင် မေရီသည် ထူထဲသော စာရွက်ပြာအထပ်များကို သေတ္တာတွင်းမှ အသာအယာထုတ်ကာ တိတ်တဆိတ် ခိုးဖတ်မိသည်။

          မီးမှိတ်ပြီးလျှင်ကား မေရီသည် တဒိတ်ဒိတ်ခုန်သော မိမိရင်မှအသံကို နာခံမိရင်း ရှက်ရွံ့ရွံ့နှင့်ပင် သူငယ်စဉ်ကထဲက အလွတ်ရခဲ့ သော ကဗျာဆရာမ ကြည်အေး၏ ကဗျာလေးတပုဒ်ကို တီးတိုး ရွတ်နေမိတတ်သည်။

“မမြင်ဘူးခင်က

မေ့မှဖြင့် ရူးပြီမောင်...

ဗွေသဉ်မှာ ရွှေရင်ထိတ်နှင့်

တိတ်တိတ်လေးပျော်ရအောင်”

          သူတွေ့ချင်သော ကိုမြင့်သူအား သူမမျှော်လင့်သောနည်းဖြင့် မေရီသည် တနေ့မှာ တွေ့ခဲ့ရပါ၏။

          နံနက်ကိုးနာရီ အတန်းတက်ပြီးနောက် နေ့လယ်ပိုင်းတွင်သာ ကြုံတိုးရီးရဲတချိန် ရှိသဖြင့် မေရီသည် ၊ အင်းလျားကျောင်းဆောင်သို့ မပြန်တော့ဘဲ အားလပ်ချိန်အတွင်း ကျက်မှတ်စရာရှိသည်များကို ကျက်မှတ်ရန် တက္ကသိုလ်စာကြည့်တိုက်ဆီသို့ ထွက်လာခဲ့သည်။

          မေရီ၌ တခုတော့ ချစ်ဘွယ်ရှိသည်မှာ ဘာတွေးတွေး ဘာကြံကြံ ကျောင်းစာကိုမူ လျစ်လျူမရှု ခြင်းပင် ဖြစ်သည်။ တက္ကသိုလ်သင်တန်းများမှာ တနေကုန် ဆက်တိုက်တက်ရသည်မဟုတ်ဘဲ ကြား၌ အားလပ်ချိန်များရှိရာ ဤအချိန်များအတွင်း၌ပင် ကြိုးစားကြည့်မည်ဆိုက တနေ့ပေးသည့် သင်ခန်းစာ ကို တနေ့အတွင်း ပြီးအောင်ကြည့်နိုင်သည်။ ဤကဲ့သို့ ကြည့်ချင်သူများအတွက် တက္ကသိုလ် စာကြည့်တိုက်သည် ဆူညံ၍စည်ကားသော ကျောင်းဆောင်အခန်းများနှင့် အပန်းဖြေအခန်းများထက် ပိုမို၍ သင့်လျော်သည်။ သင်ခန်းစာကို မကြည့်ချင်သူများအတွက်လည်း အခြား အထွေထွေဗဟုသုတ ဖြစ်ဖွယ် စာပေများကို စာကြည့်တိုက်တွင် လေ့လာနိုင်သည်။

          စာကြည့်တိုက်အတွင်းသို့ မေရီရောက်လာသောအခါ စာအုပ်ငှားရာ ကောင်တာမှ ထူထဲလှသော စာအုပ်ကြီးတအုပ်ကို ထုတ်ယူပိုက်ထွက်လာသော ကျောင်းသူတဦးနှင့် ရင်ဆိုင်တိုးနေသည်။ ထိုကျောင်းသူနှင့် မကျွမ်းသေးသော်လည်း တဆောင်တည်းနေဘက်ဖြစ်၍ အခန်းချင်းလည်း မဝေးသဖြင့် သူ့နာမည်အား မေရီသည် သိပြီးဖြစ်သည်။ ငြိမ်း ဟူသတည်း။

          ငြိမ်းမှာ အရပ်သွယ်သွယ် ပိန်ပိန်ပါးပါး ဖြစ်သည်၊ အနည်းငယ်ရှည်သယောင်ရှိသော မျက်နှာတွင် ထူထဲလှသော ကျွဲကော်ကိုင်းမျက်မှန်ကြီးကို တပ်ထားရာ အသွင်မှာ အတန်ရင့်ပုံပေါက်သည်။ လမ်းလျှောက်လျှင် မျက်လွှာကို ချထားတတ်၍ မျက်နှာပေးမှာ ထာဝစဉ် ရှက်ကိုးရှက်ကန်းနိုင်သော သဏ္ဌာန် ပေါ်နေသည်။ မလွှဲသာ၍ မျက်နှာချင်းဆိုင်မိစဉ် ငြိမ်း၏ မျက်မှန်နောက်ကွယ်မှ မျက်လုံး ရှည်ရှည်များကို တွေ့မိလျှင်ကား ငြိမ်းမှာ နာမည်သာငြိမ်းအေးသော်လည်း အတွင်းစိတ်မှာ မတည်ငြိမ်ကြောင်းကို ရိမ်မိနိုင်သည်။ ငြိမ်း၏ မျက်လုံးရှည်ရှည်များမှာ ချားရဟတ်လည်နေတတ်၍ အတွင်းစိတ်ကိုမှီကာ မျက်လုံးရောင်မှာ ခဏချင်းပင် မှိန်ချည်ဝင်းချည် ရှိနေတတ်သည်။ သို့ ရာတွင် ပိတ်အင်္ကျီ အဖြူလက်ရှည်၊ အသွေးရင့်သော ချည်လုံချည်ပိန်းများကိုသာ အမြဲဝတ်တတ်သဖြင့် ငြိမ်းအား ဟန်ဆောင်မှုနည်း၍ ရိုးအသော မိန်းကလေးတဦးဖြစ်သည်ဟု မေရီက နားလည်ထားသည်။

          မေငြိမ်းနှင့် ရင်ဆိုင်တိုးမိသောအခါ မေရီကပင်စ၍ ပြုံးနှုတ်ဆက်လိုက်သည်။

          “စာအုပ်လာထုတ်သလား....”

          စာကြည့်ခန်းတွင် စကားကျယ်ကျယ်မပြောရဲသဖြင့် မေရီက လေသံဖြင့် မေးလိုက်သည်။ ငြိမ်းက ရော့ရဲစွာပြန်ပြုံးရင်း ခေါင်းညိတ်ပြသည်။

          “မေရီကတော့ စာဖတ်ချင်လို့ လာတာ.....”

          “လာလေ ဒါဖြင့် အပေါ်ထပ်ကိုသွားရအောင်၊ ငြိမ်းလဲ စာဖတ်မလို့ဘဲ..............”

          ၂ဦးသား လှေကားဆီမှ တက်လာစဉ် မေရီက ငြိမ်း၏လက်တွင်းမှ စာအုပ်ကြီးကို တစေ့တစောင်း ကြည့်မိသည်။ ဂျွန်ဒရင့်ဝါးတား တည်းဖြတ်သည့် ကမ္ဘာ့စာပေသမိုင်းအတိုချုပ် ဖြစ်လေသည်။

         မေရီက ငြိမ်းအား အံ့သြသွားသည်။ ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှကျယ်ဝန်းသော ပညာကို လေ့လာကာ အဘယ်ကြောင့်ငြိမ်းသည် မိမိကိုယ်ကို ညှဉ်းဆဲချင်ရသနည်းဟုလည်း သနားသွားသည်။

          အပေါ်ထပ်တွင် စာကြည့်ရန် စားပွဲကလေးများရှိသည်။ ပေါ်လစ်အရောင်ဖြင့် တောက်ပြောင်နေသော စားပွဲကလေးတခုစီအား အလယ်တွင် အတန်မြင့်သော သစ်သားပြားအကာတခုက ၂ ပိုင်း ခွဲခြားထား သည်။ သစ်သားအကာ၏ တဖက်တွင် တယောက်စီ ကုလားထိုင်နှင့် ထိုင်၍ စာကြည့်နိုင်သည်။

          မေရီနှင့်ငြိမ်းတို့ အပေါ်ထပ်သို့ ရောက်ကြသောအခါတွင် ၂ နေရာသာ လစ်လပ်တော့သည်ကို တွေ့ရ သည်။ စားပွဲ ၂ လုံးမှာ တပိုင်းစီသာ လွတ်နေသည်။ ကျန်အပိုင်းများတွင် ယောက်ျားကလေး ၂ ဦးက နေရာယူထားသည်။

          ဘာကြောင့်မသိ၊ ငြိမ်း၏ ဖြူရော်သောမျက်နှာကလေးမှာ အနည်းငယ်နီရဲသွားသည်ကို မေရီသည် သတိပြုလိုက်မိသည်။ ငြိမ်းသည် ရှက်ကိုးရှက်ကန်းနှင့် အဓိပ္ပာယ်မဲ့ မေရီအား တချက်ပြုံးပြလိုက်၍ နေရာရှာသည့်ပမာ ခေတ္တ ယောင်ချာချာဖြစ်နေပြီးနောက် လက်ျာဘက်စားပွဲ၏ လွတ်သောနေရာတွင် ဝင်ထိုင်လိုက်သည်။

          ငြိမ်းဝင်ထိုင်သော စားပွဲ၏ အခြားတပိုင်းတွင် ထိုင်နေသူမှာ ငြိမ်းကဲ့သို့ပင် ကျွဲကော်ကိုင်း မျက်မှန် ကြီးကို တပ်ထားလျက် မပြီးဘဲထားဟန်ရှိသော ဆံပင်များမှာ ထိုးထောင်ပွယောင်းလျက်နေသည်။ အသားမှာ ညိုကာ နှာခေါင်းအနည်းငယ်ပြား၍ အသွင်မှာ လူကြောက်တတ်သော စာဂျပိုးတယောက် ဂိုက်ပေါ်နေသည်။ သူသည် မေရီတို့ ဝင်လာသောအခါ တချက်မော်ကြည့်လိုက်ပြီး၊ ငြိမ်းအား တွေ့သောအခါ ညိုသောမျက်နှာမှာ ပြာသွားပြီး ခေါင်းပြန်ငုံ့သွားလျက် စာအုပ်ကိုသာ သဲသဲမဲမဲပြန်ဖတ် နေသည်။ သူဖတ်နေသော စာအုပ်ကြီးမှာလည်း ၃လက်မခန့် ထူသတည်း။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)