Skip to product information
1 of 6

Other Websites

တက္ကသိုလ်နန္ဒမိတ် - အင်ဖာတိုက်ပွဲ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

          လက်ဝှေ့ကျော်နှစ်ဦး ... ။ 

          တစ်ဦးကား အင်္ဂလိပ်၊ တစ်ဦးကား ဂျပန်၊

          ပထမအချီတွင် ဂျပန်လက်ဝှေ့ကျော်သည်ကမ္ဘာ့ချန်ပီယံဘွဲ့ထူးကို အချိန်ကြာမြင့်စွာ ဆွတ်ခူးထားခဲ့သော အင်္ဂလိပ် လက်ဝှေ့ကျော်ကြီးအား ကြိုးဝိုင်းအပြင်နှင့်တူသော ချင်းတွင်းအနောက်ဘက်ကမ်း၏ ဟိုမှာ ဘက်သို့ လွင့်စဉ်သွားသည်အထိ ထိုးသတ်လိုက်နိုင်သည်။

          ကြိုးဝိုင်းကား မြန်မာပြည်။ အချိန်ကား (၁၉၄၂)ခုနှစ်အတွင်း၊

          ကမ္ဘာ့လက်ဝှေ့စင်မြင့်သို့ ဇွတ်အတင်းတက်လာသော ဂျပန်သည် တရားမဝင်သော တံတောင်ဆစ်နှင့် ဒူးကိုပါ အသုံးပြုကာ နယ်ချဲ့ ချန်ပီယံ ဘွဲ့ထူးကြီးကို ဆွတ်ခူးရယူထားသော အင်္ဂလိပ်လက်ဝှေ့ကျော်ကြီးအား အငိုက်တွင် အရှိုက်ကိုထိုးလျက် ပထမအချီတွင် အနိုင်ယူခဲ့၏။

          (၁၉၄၃)ခုနှစ် နှစ်ဦးပိုင်းသို့ ရောက်လာသောအခါ လက်ဝှေ့ကျော် နှစ်ဦးစလုံးပင် ဒုတိယအချီအတွက် အဘက်ဘက်မှ ပြင်ဆင်လျက်ရှိနေ ကြလေသည်။ (၁၉၄၃)ခုနှစ်တွင် ဂျပန်သည် မြန်မာပြည်တစ်ပြည်လုံးကို သူတို့ ခန့်မှန်းထားသည်ထက်ပင် အချိန်များစွာ စော၍သိမ်းပိုက်နိုင်ခဲ့ရာ ထိုနှစ် မေလသို့ရောက်လာသောအခါ သိမ်းပိုက်ရရှိထားသော မြန်မာပြည် ကိုပင် ကာကွယ်ရင်း ခံစစ်ပြ၍ပင်နေရမည်လား၊ သို့တည်းမဟုတ် အိန္ဒိယ သို့ဆက်လက်ချီတက်၍ ထိုးစစ်ဆင်ရမည်လားဟူသော ပြဿနာနှင့်ရင် ဆိုင်လာရတော့သည်။

          ဂျပန်စစ်သူကြီးအချို့က အိန္ဒိယပြည်၏အရှေ့မြောက်ဘက်တံခါး ဖြစ်သော အာသံကို ချက်ချင်းပင် ဆက်လက်တိုက်ခိုက်ရန် တိုက်တွန်းကြ လေသည်။

          သို့သော် အိန္ဒိယသို့ ဆုတ်ခွာသွားခဲ့ရသော အင်္ဂလိပ်တို့က ရခိုင်ဘက်ဆီသို့ ခြိမ်းခြောက်လာသဖြင့် ထိုတိုက်တွန်းချက်ကို ချက်ချင်းလက် ငင်းအကောင်အထည်ဖော်ရန် တွန့်သွားခဲ့ရသည် ။

          တဖန် (၁၉၄၂)ခုနှစီ ကုန်ခါနီးတွင် မြန်မာပြည်အလယ်ပိုင်းနှင့် အိန္ဒိယပြည်မကြီးအား ဗဟိုပြုနေသော အင်ဖာကို တိုက်ခိုက်သိမ်းယူရန် အကြံပေါ်ပေါက်လာပြန်သည်။

          တိုကျိုရှိ ဘုရင့်တပ်မတော်ဌာနချုပ်နှင့် စင်္ကာပူရှိ အာရှအရှေ့ တောင်ပိုင်းဆိုင်ရာ ဂျပန်စစ်ဌာနချုပ်တို့က ထိုအကြံကို လိုလိုလားလားပင် လက်ခံခဲ့ကြ၏။

          မြန်မာပြည်ရှိ အမှတ်(၁၅) ဂျပန်တပ်မတော်အား အင်ဖာကို တိုက်ခိုက်သိမ်းယူရန်အတွက် အစီအစဉ်ရေးဆွဲရန် တာဝန်ပေးခဲ့သည်။

          ဤအကြံကို ထောက်ခံသူများက အင်္ဂလိပ်တို့သည် ခံစစ်အတွက် အကွက်ကျကျ ပြင်ဆင်ထားခြင်း မရှိသေးသည့်အပြင် အင်ဖာသည် မြန်မာပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသအား ပြန်လည်တိုက်ခိုက်ရန် အတွက် ဗဟိုကျသောနေရာဖြစ်နေခြင်း စသောအကြောင်းများကို တင်ပြ ကြသည်။

          ဤတင်ပြချက်များမှာ အမှန်တကယ်လည်း ဟုတ်မှန်လှသည်။

          သို့သော် အင်ဖာတိုက်ပွဲကို အထူးတာဝန်ယူ၍ တိုက်ခိုက်ရမည့် ဂျပန်စစ်သူကြီးနှစ်ဦးက အင်ဖာအား ချက်ချင်းဆက်လက်တိုက်ခိုက်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြ၏။

          မိမိတို့၏ စစ်သည်တော်များ အလုံးအရင်းဖြင့် ချီတက်နိုင်ရန် အတွက် ရထားလမ်း၊ ကားလမ်း ဟူ၍ လုံးဝမရှိရုံမက တောအတန်တန်၊တောင်အဆင့်ဆင့်က လမ်းမှပိတ်ဆီးလျက်ရှိကာ ဖြတ်သန်းချီတက်ရမည့် ၊ ဒေသမှာ ရောဂါလည်း ထူပြောလှချေသည် ဟူသောအကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့သည်။ ဤအကြောင်းပြချက်များမှာလည်း အမှန်တကယ်ပင် ဟုတ်မှန်လှချေသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသော စစ်သူကြီးနှစ်ဦးအနက် မတ္တာဂူချီမှာ နောင်အခါတွင် အင်ဖာတိုက်ပွဲ၌ အရေးအပါဆုံးသော ဇာတ်ဆောင်တစ်ဦးဖြစ်လာသည်ကို တွေ့ရပေမည်။

          သို့ဖြင့် အင်ဖာအား ချက်ချင်းဆက်၍ တိုက်ခိုက်ရန် ပြဿနာမှာ နှစ်ဖက်အငြင်းအခုန်ကြားတွင် ချောင်ထိုးထားခြင်းခံရသည့် အဖြစ်သို့ရောက်လာကာ အမှတ် (၁၅)ဂျပန်တပ်မတော်သည်လည်း ခံစစ်ဖြင့်သာ (၁၉၄၂)ခုနှစ်ကုန်အောင် အချိန်ကို စောင့်နေခဲ့ရလေသည်။

          (၁၉၄၃)ခုနှစ် နှစ်ဦးပိုင်းသို့ ရောက်လာကြသောအခါ ဂျပန်၏ အာဏာပိုင်များအဖို့ အင်ဖာတိုက်ပွဲအစီအစဉ်ကို ပြန်၍ သုံးသပ်စရာ အကြောင်းများပေါ်ပေါက်လာသည်။

          (၁၉၄၃)ခုနှစ် နှစ်ဦးပိုင်းဖြစ်သော ဇန်နဝါရီလတွင် ဗိုလ်မှူးချုပ် ဝင်းဂိတ်ဦးစီးသော ခြင်းဒစ်စစ်ကြောင်းများသည် လူတိုင်းက ဖြတ်ကျော် ရန်ခဲယဉ်းလှသည်ဟု ယူဆထားသော တောတောင်ကန္တာရကြီးကိုဖြတ်၍ ဂျပန်များအုပ်စိုးထားသော မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရန်သူ့စစ်ကြောင်းများနောက်မှနေ၍ လှုပ်ရှားနေခဲ့ကြသည်။

          ဤလှုပ်ရှားမှုမှာ အင်္ဂလိပ်တို့က ထိုးစစ်ကြီးဆင်နွှဲရန်အတွက် ပဏာမလှုပ်ရှားမှုပင် ဖြစ်လေသလားဟု ဂျပန်စစ်အာဏာပိုင်များကစိုးရိမ် လာကြတော့သည်။ မြန်မာပြည်မြောက်ပိုင်းတွင်လည်း (၁၉၄၂)ခုနှစ် ကမောင်းထုတ်ခံခဲ့ရသော ယူနန်တရုတ်တပ်မတော်သည်လည်း လူသူနှင့် လက်နက်များ အားပြန်လည်စုဆောင်းကာ တရုတ်-မြန်မာလမ်းမကြီးအား နှင့် အမေရိကန်အကူအညီဖြင့် ပြန်လည်ဖွင့်နိုင်ရန် ကြိုးစားလာသည်ကို တွေ့ နေရသည်။မဏိပူရတွင် အင်္ဂလိပ်တို့သည် အင်ဖာလွင်ပြင်၌အခြေစိုက်စခန်း ကြီးဖွင့်လှစ်ကာ အင်ဖာမှနေ၍ အရှေ့နှင့်တောင်ဘက်အရပ်များသို့ လမ်း များကိုဖောက်လုပ်ချဲ့ထွင်လျက် အင်ဖာအနီးတွင်လည်း လေယာဉ်ကွင်း အသစ်အဟောင်းများကို တိုးချဲ့ပြင်ဆင်ဖောက်လုပ်နေကြသည်ကို ဂျပန် အာဏာပိုင်များ ကြားသိလာရသည်။

          ဤအကြောင်းပြချက်သုံးရပ်က တစ်ခုတည်းသော ပန်းတိုင်ဆီသို့ ဦးတည်ညွှန်ပြနေသည်။

          မဟာမိတ်တို့၏ တန်ပြန်ထိုးစစ်ပင်တည်း။

          မဟာမိတ်တို့သည် (၁၉၄၃)ခုနှစ်စောစောပိုင်းတွင်ပင် မြန်မာပြည် အားတန်ပြန်ထိုးစစ်ဆင်ကြလိမ့်မည်ဟု ဂျပန်စစ်အာဏာပိုင်များက ယူဆ လာကြသည်။

        ဂျပန်ကို တန်ပြန်ထိုးစစ်ဆင်မည့် မဟာမိတ်တို့၏ အခြေစိုက်စခန်းကြီး ဖြစ်သော အင်ဖာအား ယခုထက် အင်အားပြည့်မလာမီ မိမိတို့က စ၍ ချေမှုန်းလိုက်ခြင်းက နောက်လာမည့်အန္တရာယ်ကို ကြိုတင်ကာကွယ်သည် မမည်ပါလား။

          ဖြစ်ပေါ်လာသော အခြေအနေသစ်ကို ဖြေရှင်းရန်အတွက် မြန်မာ ပြည်ရှိ စစ်အာဏာပိုင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

          အဖွဲ့ သစ်တွင် ဗိုလ်ချုပ်ကြီး ကဝါဘီက မြန်မာပြည်လုံးဆိုင်ရာ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူ၍ မြန်မာပြည်မနှင့် ရခိုင်ရှိဂျပန်တပ်များကို ထိန်းသိမ်းအုပ်ချုပ်ရန်နှင့် အမှတ် (၁၅)ဂျပန်တပ်မတော်က မြန်မာပြည် အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် ယူနန်စစ်မျက်နှာတို့တွင် တာဝန်ယူရမည် ဖြစ်သည်။

          မြန်မာပြည်ရှိ၏ဂျပန်စစ်အာဏာပိုင်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်မတ္တာဂူချီအား အမှတ် (၁၅) ဂျပန်တပ်မတော်ကို တာဝန်ပေးလိုက်ခြင်းမှာ အတော်ပင်ထူးခြားသော အချက်တစ်ရပ်ဖြစ်၏။အသက် (၅၆)နှစ်ရှိ မတ္တာဂူချီမှာ စိတ်ခက်ထန်သလောက် လက်အောက်ငယ်သားများက ဖိန့်ဖိန့်တုန်အောင်ကြောက်ရသူဖြစ်ပြီး တစ်ခုခု ကိုလုပ်မိလျှင်လည်း မဖြစ်မနေ ဇွတ်တရွတ်လုပ်တတ်သူဟု နာမည်ကြီး နေသူဖြစ်၏။

          မတ္တာဂူချီ၏ အမှတ် (၁၅) တပ်မတော်တွင် တပ်မသုံးခုပါရှိသည့် အနက် အမှတ် (၅၆)တပ်မကယူနန်တရုတ်တပ်များကိုစောင့်ကြည့်နေပြီး အမှတ် (၁၈)တပ်မက မန္တလေး အနောက်မြောက်ဘက် မိုင်(၂၅၀) အကွာ ရှိမြန်မာပြည်မြောက်ပိုင်းဒေသတစ်လျှောက်ကို တာဝန်ယူရတာ အမှတ် (၃၃)တပ်မက အနောက်ဘက်နှင့် အနောက်မြောက်ဘက်မှ ချင်းတွင်းကို ဖြတ်ကာ မန္တလေးသို့လာရောက်တိုက်ခိုက်မည့် ရန်သူများကို တားဆီး  လျက်ရှိသည်။ ဗိုလ်ချုပ်ကြီး မတ္တာဂူချီ၏လက်အောက်တွင် ရိက္ခာ၊ ဆေးဝါး၊ ရုံးအဖွဲ့ သားများကိုပါ ထည့်သွင်းရေတွက်လိုက်မည်ဆိုပါက စုစုပေါင်း လူအင်အား ၁ဝဝဝဝဝ(တစ်သိန်း) ရှိနေလေသည်။

          (၁၉၄၂)ခုနှစ်က တပ်မတစ်ခုကို အုပ်ချုပ်နေရစဉ် အင်ဖာအား တိုက်ခိုက်ရန် အပြင်းအထန်ကန့်ကွက်ခဲ့သော မတ္တာဂူချီသည် တပ်မတော် တစ်ခုအား ချုပ်ကိုင်ရသည့် ဗိုလ်ချုပ်ကြီးဖြစ်လာသောအခါ အင်ဖာအား နှောင့်နှေးခြင်းမရှိဘဲ တိုက်ခိုက်သိမ်းယူရန် လောဆော်၍လာတော့သည်။

          ဝင်းဂိတ်၏ ခြင်းဒစ်စစ်ကြောင်းများကပင် ဖြတ်ကျော်၍မရ ဟု ယူဆနေသော တောတောင်ကန္တာရကြီးကို ကျော်နင်း၍ လာနိုင်ခဲ့ပါလျှင် ' သူ၏အမှတ် (၁၅) ဂျပန်တပ်မတော်ကြီးသည်လည်း အချိန်ကောင်း ရာသီ ကောင်းသည့်အခါသမယတွင် ပြင်ဆင်မှုကောင်းကောင်းလုပ်၍ ဖြတ်ကျော်ခြင်း မလုပ်နိုင်စရာမရှိဟု မတ္တာဂူချီသည် တွက်ကိန်းချမှတ်လိုက်၏။ထို့ကြောင့် မတ္တာဂူချီသည် မြန်မာပြည်စစ်နယ်မြေ ဒေသလုံးဆိုင်ရာ အာဏာပိုင်ဖြစ်သော ဗိုလ်ချုပ်ကြီးကဝါဘီအား အင်ဖာနှင့် ပတ်သက်၍ သူ့ထင်မြင်ချက်များကို လက်ခံလာစေရန် လှုံ့ဆော်လာတော့သည်။

          သို့တိုင်အောင် ကဝါဘီ၏ ဌာနချုပ်နှင့် မတ္တာဂူချီ၏ ဌာနချုပ်မှ အချို့ အဖွဲ့ဝင်များက မတ္တာဂူချီ၏အကြံအစည်ကို ကန့်ကွက်နေကြသေး သည်။ သူတို့က အင်ဖာကို တိုက်ရန်အတွက် တပ်ဖွဲ့များ အလုံအလောက် ရနိုင်ရန် ခဲယဉ်းခြင်းနှင့် တပ်ဖွဲ့များလုံလောက်အောင်ရနိုင်သည်ဆိုပြန် လျှင်လည်း အလွန်များပြားသော တပ်ဖွဲ့များကို နောက်မှနေ၍ ရိက္ခာ ထောက်ရမည့်လုပ်ငန်းမှာ များစွာခက်ခဲလှသည်ဟု အကြောင်းပြကြ၏။

          အိန္ဒိယရှိ အင်္ဂလိပ်တို့၏ ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြန်မာ ပြည်ရှိ ဂျပန်တို့၏ သယ်ယူပို့ဆောင်ရေးအခြေအနေကို ယှဉ်၍ကြည့်လိုက် ပါက ဂျပန်တို့ကပင် သာနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။

          အိန္ဒိယပြည်မှနေ၍ အင်ဖာသို့ရောက်နိုင်သည့်လမ်းမှာ ကုန်းလမ်း တစ်လမ်းသာရှိသော်လည်း ရန်ကုန်မှ မြစ်ကြီးနားသို့လည်းကောင်း၊ ချင်း တွင်းမြစ်ကမ်းပေါ်ရှိ မြို့များပေါ်သို့လည်းကောင်း ရောက်နိုင်သည့်လမ်း များမှာ များပြားလှသည်။

          တစ်ခုခုလုပ်မိလျှင် မဖြစ်မနေ ဇွတ်လုပ်တတ်သော မတ္တာဂူချီ သည် သူ့အကြံအစည်ကို ဟန့်တားနေသူများ၊ ဟန့်တားချက်များကို ဘေး သို့ပုတ်၍ထုတ်လိုက်ကာ စူးစူးစိုက်စိုက်ပင် သူ့အကြံအစည်ကို ဆင့်ကဲ ဆင့်ကဲတင်ပြလာသည်။ သို့ဖြင့် တိုကျိုရှိ ဘုရင့်ဌာနချုပ်နှင့် စင်္ကာပူရှိ အာရှအရှေ့တောင်ပိုင်းဆိုင်ရာ ဂျပန်စစ်ဌာနချုပ်တို့က မတ္တာဂူချီ၏အကြံ အစည်ကို တဖြည်းဖြည်းသဘောတူလာတော့သည်။

          ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ဂျပန်ပြည်ရှိ တိုကျိုအစိုးရက မတ္တာဂူချီ၏အကြံအစည်ကို ပို၍ပို၍ ထောက်ခံလာသည်။

          ဤသို့ထောက်ခံလာသည်မှာလည်း အကြောင်းမဲ့ မဟုတ်ပါချေ။

          ဂျပန်သည် စစ် စ၍ဖြစ်လာသည့် အချိန်မှ တိုတောင်းလှသော တစ်နှစ်အချိန်အတွင်း အရှေ့မြောက်ဘက်ရှိ အလွန်ဝေးကွာလှစွာသော အလူရှန်ကျွန်းများကိုလည်းကောင်း၊ ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် တောင်ဘက်အလွန်ကျသော နယူးဂီယာနာကိုလည်းကောင်း သိမ်းပိုက်နိုင်ပြီး ဂျပန်အင်ပါယာကြီးကို အလွန်ကျယ်ပြန့်စွာ တိုးချဲ့နိုင်ခဲ့၏။

          သို့ကြောင့်လည်း ဂျပန်တိုင်းသူပြည်သားတို့၏ စိတ်ဓာတ်မှာလည်း ဂျပန်အစိုးရက ဦးဆောင်၍ ဆင်နွှဲနေသော စစ်ကြီးကြောင့် များစွာတက် ကြွ၍လာခဲ့သည်။

          သို့သော်(၁၉၄၃)ခုနှစ်သို့ ကူးလာသော အချိန်တွင်ကား အခြေ အနေအရပ်ရပ်မှာ တစ်မျိုးပြောင်းလာတော့သည်။

          ဂျပန်သည် အလွန်ဝေးကွာသော အလူရှန်ကျွန်းစုများမှဆုတ်ခွာ လာရကာ တောင်ပိုင်း ပစိဖိတ် သမုဒ္ဒရာအတွင်းတွင်လည်း ဂျပန်တပ် များသည် မဟာမိတ် ရေတပ်ဗိုလ်ချုပ်ကြီး မက်အာသာ၏ နှိမ်နင်းခြင်းကို ခံနေရသည်။

          ဂေါဒတူးမြောင်း၊ ကိုရယ်ဆီး၊ မစ်ဒ်ဝေးကျွန်း၊ နယူးဂီယာနာနှင့် အခြားသောဒေသများတွင် ဂျပန် ကြည်းတပ်၊ ရေတပ်၊ လေတပ်များသည် ဆက်ကာဆက်ကာ အထိနာတော့သည်။ ထို့ကြောင့်လည်း ဂျပန်တိုင်းသူ ပြည်သားတို့၏ စိတ်ဓာတ်မှာ တဖြည်းဖြည်း ကျဆင်း၍လာခဲ့၏။

          ဂျပန်အစိုးရသည် လူထုစိတ်ဓာတ် မြှင့်တင်ရေးအတွက် လက်ညှိုးထိုးပြစရာ အောင်ပွဲတစ်ခုခုကို အရေးတကြီး အလိုရှိနေလေ၏။ မြန်မာပြည်ဘက်ဆီမှအောင်ပွဲသည် စိတ်ဓာတ်မြှင့်တင်ရေး ဆေးတစ်လက်ပင် ဖြစ်နိုင်ကောင်းပေစွ။ ဤအောင်ပွဲသည် တိုက်ပွဲဖြစ်ပွားရာ အရပ်တွင်သာ သိရှိထင်ရှားသည့် တိုက်ပွဲမျိုး မဖြစ်စေရဘဲ တိုင်းသိပြည်သိ ဂျပန်ကသိ သည့် အောင်ပွဲမျိုးဖြစ်စေရမည်။

          အိန္ဒိယပြည်တွင် ထိတ်လန့်တကြားဖြစ်စေကာ အိန္ဒိယအစိုးရကြား ကျီးလန့်စာစား ဖြစ်စေရမည့် အောင်ပွဲမျိုးလည်း ဖြစ်လာကာ မြန်မာပြည် မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်လာရန် တာစူနေသော အင်္ဂလိပ်တို့၏ ခြေလှမ်းကိုလည်း ဖမ်း၍ ရိုက်လိုက်သော အောင်ပွဲမျိုးဖြစ်လာစေရမည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)