Skip to product information
1 of 3

Other Websites

တက္ကသိုလ်နန္ဒမိတ် - သိပ္ပံစုံထောက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           လန်ဒန်မြို့စွန် “လန်ဘတ်'ရပ်ကွက်ရှိ အိမ်တစ်ဆောင်၏ မည်း မှောင်၍ ကျဉ်းမြောင်းသော အိမ်ရှေ့ခန်းတွင် လူတစ်ယောက်သည် နံနက်စာစားရင်း “အရုဏ်ဦးသတင်းစာကို ကြည့်လျက်ရှိသည်။ ထိုသူသည် သေးသေးသွယ်သွယ်ရှိပြီး သူ၏ ဆံပင်များမှာ ဂရုတစိုက် ပြုပြင်ထားသဖြင့် လှိုင်းတွန့်ကလေးများ ထနေသည်။ သူ၏ ညိုမှောင်သော မုတ်ဆိတ်မွေးကို အဖျားတွင် ချွန်ထက်နေအောင် တယု တယ သ၍ထားသည်မှာ လှပနေပေသည်။

          သူ၏ နက်ပြာရောင် ကုတ်အင်္ကျီနှင့် ပဏာရစေရန် နက်ပြာ ရောင် လည်စည်း၊ နက်ပြာရောင်ခြေအိတ်နှင့် နက်ပြာရောင် လက် ကိုင်ပဝါများကို ဝတ်စားဆင်ယင်ထား၏။ ရှူးဖိနပ်သာလျှင် အညို ရောင်ဖြစ်၏။

          သူ့ကိုကြည့်ရသည်မှာ လူကြီးလူကောင်းတစ်ယောက်နှင့် မတူ သော်လည်း သူ၏ရုပ်ဆင်းသွင်ပြင် လက္ခဏာမှာ ရည်မွန်သော မိသားစု၏ ဓလေ့ထုံးစံများကို နားလည်ကျွမ်းကျင်ဟန်ရှိကြောင်းအကဲခတ်နိုင်ပေသည်။ သူကိုယ်တိုင် ချက်ပြုတ် သူကိုယ်တိုင် ပြင် ဆင်ထားသော နံနက်စာ စားပွဲမှာ ကျွမ်းကျင်သော အစေခံ တစ် ယောက်၏ လက်ရာနှင့် တူနေပေသည်။ ဝက်ပေါင် တစ်ပန်းကန်စာ လှီးဖြတ်၍ ထည့်ယူခဲ့သော သူ့အမူအရာမှာ အထက်တန်းစား စား တော်ကဲတစ်ယောက်၏ ဟန်ပန်အတိုင်းပင်ဖြစ်၏။

          သို့ရာတွင် သူသည် အသက်ကြီးလာ၍ အလုပ်မှ အနားယူထား ရသော စားတော်ကဲတစ်ယောက်လည်း မဟုတ်ပေ။ အမှန်အားဖြင့် ဆိုလျှင် သူသည် တစ်စုံတစ်ဦးထံမှ အမွေခံစားခွင့်ရရှိကာ ယခု အတောအတွင်းမှာ ချမ်းသာကြွယ်ဝလာသော ယောက်ျားအစေခံ တစ်ယောက်နှင့် ပို၍တူနေလေသည်။

          သူသည် ဝက်ပေါင်ခြောက်ကို မြိန်ရှက်စွာ စားသောက်ပြီးနောက် ကော်ဖီတစ်ခွက်ကို တစ်စုံစီသောက်ရင်းက အရုဏ်ဦး သတင်းစာမှ စာတစ်ပိုဒ်ကို စိတ်ဝင်စားစွာ ဖတ်ရှုနေလေသည်။

 

မြို့စားကြီး ပီတာဝင်(မ်)စီ၏ သေတမ်းစာ"

          ပေါင်တစ်သောင်းကို လှူဒါန်းခဲ့ပြီး ကျန်ပစ္စည်းများအားလုံးကို သူ၏ အစေခံအား ပေးအပ်ခဲ့ခြင်း။

          “အာဖရိကတိုက် တန်ဂါရိကာနယ်တွင် လွန်ခဲ့သော ဒီဇင်ဘာလ အတွင်းက သားကောင်ကြီးများကို ပစ်ခတ်ရင်း ကွယ်လွန်အနိစ္စရောက်သွားခဲ့သော မြို့စားကြီး ပီတာဝင်(မ်)စီ၏ သေတမ်းစာကို မနေ့က လေ့လာခွင့်ရသဖြင့် ပေါင် ၅ သိန်း ထားရစ်ခဲ့သည်ကို သိရှိရကြောင်း ပေါင်တစ်သောင်းကို အလှူငွေအဖြစ်ထည့်ဝင်ရန် သတ်မှတ်ခဲ့ပြီး မြို့စားကြီး၏ အစေခံ'မာဗင်ဘန်တာ'အား တစ်နှစ်လျှင် ပေါင် ၅၀၀ စီ ထုတ်ယူသုံးစွဲရန် ခွင့်ပြုခဲ့သည်။ ထို့ပြင် မြို့ စားကြီးကိုယ်တိုင် နေထိုင်ခဲ့သော “ပစ်ကယ်ဒလီ'ရှိ အိမ်တစ်ဆောင် ကိုလည်း ၎င်း၏ အစေခံအား အမွေဆက်ခံခွင့်ပြုခဲ့ကြောင်း၊ မြို့စား ကြီးပိုင် အခြားပစ္စည်းဥစ္စာရတနာများနှင့် အဖိုးတန်စာအုပ်စာတမ်း ပန်းချီကားများကို မြို့စားကြီး၏ မယ်တော်ဒန်မြို့စားကတော်” အား ပိုင်ဆိုင်ခွင့်ပြုခဲ့ကြောင်း”

          “မြို့စားကြီးပီတာဝင်(မ်)စီ ကွယ်လွန်အနိစ္စရောက်သွားချိန်တွင် ၎င်းမှာ အသက်(၃၅)နှစ်မျှသာရှိသေးကြောင်း၊ မြို့စားကြီးမှာ အင်္ဂလန် ပြည်တွင် အချမ်းသာ အကြွယ်ဝဆုံးဖြစ်သော မှူးမတ် အနွယ်ဝင် ယခုလက်ရှိ ဒန်တမြို့စား၏ညီတော်အငယ်ဖြစ်ကြောင်း၊ သူသည် ရာဇဝတ်ပြစ်မှုဆိုင်ရာ စိတ်ပညာဘက်တွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ထင်ရှားသောအမှုခင်းအချို့ကို ဖြေရှင်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ သူသည် စာအုပ်စာတမ်းစုဆောင်းရန် ဝါသနာထုံသူဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ကြောင်း"အထက်ပါသတင်းကိုဖတ်၍ ပြီးဆုံးသွားသည်တွင် ထိုသူက စိတ်ထဲ၌ ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့ နောက် ခပ်ကျယ်ကျယ်ကလေး အော်၍ ပြောလိုက်ပြန်၏။

          “ဒီကိစ္စတော့ စိုးရိမ်စရာမရှိတော့ပါဘူး။ လူတွေဟာ တစ်နေရာ ကို သွားပြီး ပြန်လာမယ်ဆိုရင် ကိုယ့်ဥစ္စာ ပစ္စည်းတွေကို ဘယ်သူ့မှ ပေးပစ်မှာ မဟုတ်ပါဘူး။ ဒီလူတော့ သေလို့ မြေတောင်မြှုပ်ပြီးတော့ မယ်။ ငါလည်းပဲ လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်လာပြီမဟုတ်လား"

          သူသည် ကော်ဖီကို အပြီးသတ်သောက်လိုက်ပြီးနောက် ထမင်း စားပွဲကို သိမ်းဆည်း၍ ပန်းကန်ခွက်ယောက်များကို ဆေးကြောလိုက်သည်။ ပြီးလျှင် ဦးထုပ်တစ်လုံးကိုဆွဲကာ အပြင်သို့ထွက်ခွာသွားလေ သည်။

          သူသည် 'ဘာမွန်ဆီ"ရပ်ကွက်ထဲသို့ ဘတ်စ်ကားစီးကာ သွားခဲ့ ပြီး မည်းမှောင်သောလမ်းကြားများကို ဆယ့်ငါးမိနစ်ခန့် ဖြတ်၍လျှောက်သွားပြန်သည်။ ထို့နောက် ဆင်းရဲသားရပ်ကွက်ထဲတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စုတ်ချာလှသည့် အရက်ဆိုင်တစ်ဆိုင်ထဲ သို့ ဝင်သွားကာ ဝီစကီနှစ်ခွက် မှာယူလိုက်လေသည်။

          အရက်ဆိုင်မှာ ယခုမှ ဖွင့်စစ်သော်လည်း သောက်စားလိုသူ အစ်ကိုကာလသားများက “မသောက်မစား လူယောက်ျား၊ မယား အိမ်က ဆဲလတ္တံ့။ သောက်သောက်စားစား လူယောက်ျား မယား အိမ်က ရွှေလိုဥလတ္တံ့”ဟူသော အရက်သမားဆောင်ပုဒ်ကို လက်ကိုင် ပြုကာ ဆိုင်မဖွင့်မီကပင် စောစောစီးစီး ရောက်နေနှင့်ကြပြီဖြစ်သည်။

          ဆိုင်ပေါက်ဝတွင် စုပြုံရောက်နှင့်နေသည့် “ဇိုးဘဘ"များအနီးသို့ ချဉ်းကပ်လာသော လန်ဘတ်ရပ်ကွက်မှ လူသည် ၎င်း၏ အရက် ဖန်ခွက်ကိုယူရန် လက်လှမ်းလိုက်သည်တွင် အခြားသူတစ်ယောက်၏ တံတောင်ဆစ်ကို သွား၍ တိုးမိလိုက်လေသည်။ အတိုးခံရသူမှာတောက်ပြောင်သောအင်္ကျီဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် လည်စည်းကို တပ်ထားသူဖြစ်သည်။

          “ဒီမှာ...ကိုယ့်လူ၊ ခင်ဗျား ဘာသဘောနဲ့လုပ်တာလဲ။ ခင်ဗျား လို လူမျိုးကို ဒီနေရာမှာ မမြင်ချင်ဘူး၊ အခုထွက်သွားပါ..."

          အနက်ရောင်လည်စည်းနှင့်လူက ဟိန်းဟောက်မာန်မဲလိုက်ပြီး မျက်နှာစိမ်းဧည့်သည်ကို ရင်ဘတ်မှဆွဲကာ တွန်းထိုးလိုက်သည်။

          “ အရက်ဆိုင်ဆိုတာ ဘုံဘိုင်ပဲ၊ ဘုံဆိုင်ဟာ လူတိုင်းနဲ့ ဆိုင်တာပဲ မဟုတ်လား.."

          မျက်နှာစိမ်းဧည့်သည်ဖြစ်သူက နှုတ်လှန်ထိုးလိုက်သလို လက်က လည်း တွန်းလှန်၍ထိုးလိုက်ပြန်၏။

          “ဒီလိုမလုပ်ကြပါနဲ့ ဟိုလူကြီးက ရှင့်ကို တမင်သက်သက် တွန်းပစ်တာမဟုတ်ပါဘူး...မစ္စတာ"

          အရက်ရောင်းသော လုံမလေးက အနက်ရောင်လည်စည်းနှင့် ဆရာကို ပြောလိုက်ခြင်းဖြစ်၏။

          “သူ မလုပ်ဘူးလား..သူ မလုပ်ရင် ကျုပ်ကလုပ်တယ်။ ဘာ ဖြစ်သလဲ..." ။

          မစ္စတာဂျူက အရက်ဆိုင် အရောင်းစာရေးမကလေးကိုပင် ရန် လုပ်နေပြန်သည်။

          “ ကျွန်မတို့ဆိုင်မှာ ဒီလို မနက်စောစောစီးစီး ရန်ဖြစ်တာ ကျွန်မ မကြိုက်ပါဘူး။ ရှင့်လည်းပဲ ရှင့်ကိုယ်ကို ရှင်ပြန်ပြီး ရှက်သင့်ပါတယ် "

          သူငယ်မကလေးက ခေါင်းကလေးတခါခါဖြင့် ပြန်၍ပက်လိုက်

          “ကျွန်တော်ကြောင့် မတော်တဆဖြစ်ရတာပါ ခင်ဗျာ။ ကျွန်တော် ဟာ အိမ်ကြီးအိမ်ကောင်းတွေမှာ နေခဲ့ဖူးတဲ့လူတစ်ယောက်ပါ။ ဒီလို အနှောင့်အယှက်ပေးတတ်တဲ့လူစား မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန် တော်ကို ဘယ်သူကမဆို အနှောင့်အယှက်ပေးလာမယ်ဆိုရင်တော့..."

          လန်ဘတ်ရပ်ကွက်မှ ဆရာက စကားကို အဆုံးမသတ်ရသေးမီ မစ္စတာဂျက အေးဆေးသောလေသံဖြင့် ဝင်၍ ပြောလိုက်၏။

          “ ကောင်းပါပြီဗျာ...ကောင်းပါပြီ။ ခင်ဗျားကိုလည်း ကျုပ်က မျက်နှာစုတ်ပြဲသွားအောင် မလုပ်လိုပါဘူး။ နောက် ဒီကိုလာရင်သာခင်ဗျားရဲ့ အပြုအမူကို ဆင်ခြင်ပါလို့ ပြောချင်တယ်။ ကိုင်း ... ခင်ဗျာ ဘာသောက်မလဲ ပြောစမ်းပါ"

          မစ္စတာဂျက မျက်နှာစိမ်းဧည့်သည်အား အရက်သောက်ရန် ဖိတ်ခေါ်လိုက်၏။

          “မဟုတ်သေးပါဘူး၊ ဒီအတွက် ကျွန်တော်က ဒဏ်ခံရမှာပါ။ ကျွန်တော် ခင်ဗျားကိုတွန်းမိတာ ဝမ်းနည်းပါတယ်။ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီလောက်စိတ်တိုတာ တော့ ကျွန်တော် မကြိုက်ဘူးဗျာ”

          " ဒီအကြောင်းကို နောက်ထပ် မပြောကြပါနဲ့ဗျာ၊ ဒီအရက် အတွက်တော့ ကျွန်တော်ပေးပါရစေ။ ကဲ...လာဗျာ၊ လူရှင်းတဲ့နေရာ မှာ သွားထိုင်ရအောင် ။

          မစ္စတာက ဝီစကီများကို ထပ်၍မှာယူလိုက်ပြီး လန်ဘတ် ရပ်ကွက်မှလူအား လူရှင်းရာအခန်းထောင့် စားပွဲတစ်နေရာသို့ ခေါ်ယူ သွားလေသည်။

          "ခင်ဗျားလုပ်တာ ဟန်အကျသားပဲ။ တော်တော်လေး ပီပီရီရီ ရှိတယ်"

          အခန်းထောင့်စားပွဲတွင် ထိုင်မိလျှင် ထိုင်ချင်း မစ္စတာက ပြောလိုက်ခြင်းဖြစ်၏။

          “ ဒီနေရာမှာ ဘေးအန္တရာယ်ရှိလိမ့်မယ်လို့ ကျုပ် မထင်ပါဘူး။ ဒါပေမယ့် သိပ်ပြီး စိတ်ချထားလို့လည်း မဖြစ်ဘူးပေါ့ဗျာ။ ကဲ...ဒါ ထက် ဟိုကိစ္စ ဘယ်လိုလဲ ကျွန်တော်တို့နဲ့ အတူတူပါဝင်လုပ်ကိုင်ဖို့ စိတ်ဆုံးဖြတ်ပြီးပလား...မစ္စတာဂျာ...”

          “လ ဟုတ်ကဲ့...ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ"

          မစ္စတာရောဂျာဟု အခေါ်ခံရသော လန်ဘတ်မှလူက စိတ်မလုံ သလို နောက်သို့ပြန်ကြည့်ရင်း ပြောလိုက်၏။

          “ကျွန်တော့်အတွက် ဘာမှ ဘေးအန္တရာယ်မရှိဘဲနဲ့ အားလုံး နေရာတကျဖြစ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့နဲ့ အတူတူ ပါဝင်ဆောင်ရွက်ပါ့မယ်။ ခင်ဗျားတို့ကို သတင်းပေးဖို့တော့ ဝန်မလေး ပါဘူး။ ဒါပေမယ့် ကိုယ်တိုင်ပါဝင်ရမယ့် အလုပ်မျိုးဆိုရင်တော့ ကျွန်တော် တာဝန်မယူနိုင်ဘူး၊ ခင်ဗျားနားလည်ပါတယ်နော်”

          “ခင်ဗျားက လုပ်ချင်ပါတယ်ဆိုရင်တောင်မှ ခွင့်ပြုမှာ မဟုတ်ပါ ဘူး၊ သူ့လုပ်ငန်းထဲမှာ ကျွမ်းကျင်ပြီးသားသူကိုမှ နံပါတ်(၁)က တာဝန်ပေးတာပါ။ ခင်ဗျားတာဝန်က ဘယ်ပစ္စည်းတွေ ဘယ်နေရာမှာ ရှိတယ်။ ဘယ်လိုလုပ်ယူရင် ရမယ်ဆိုတာသာ ပြောဖို့ပါပဲ။ ကျန်တဲ့ လက်တွေ့လုပ်ငန်းကျတော့ အသင်းက တာဝန်ယူပါတယ်။ ဒီအသင်း ဟာ စနစ်တကျဖွဲ့စည်းထားတဲ့ အသင်းဖြစ်တယ်။ ဒီအသင်းကို ဘယ်သူက ဦးဆောင်ပြီးလုပ်နေတယ်၊ ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ခင်ဗျားသိရမှာမဟုတ်ပါဘူး။ ခင်ဗျားက မသိသလို အခြား အသင်းသားတွေကလည်း ခင်ဗျားကို သိမှာမဟုတ်ပါဘူး။ နံပါတ်(၁) တစ်ယောက်ပဲ ခင်ဗျားကိုသိမှာပဲ။ သူကတော့ အသင်းသားတိုင်းကို သိတာ ။

          “ဒါဖြင့် ခင်ဗျားကိုရော သိသလား"

          ရောဂျာက မစ္စတာအား မေးလိုက်၏။

          “သိတာပေါ့ မသိဘဲနေမလား။ ဒါပေမယ့် ကျွန်တော့်ကို တခြား ခရိုင်တစ်ခုကို ပြေပစ်လိမ့်မယ်။ ဒီနေ့ ဒီနေရာမှာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ဆုံပြီးကြရင် နောက်ထပ်တွေ့ဆုံကြရမယ် မဟုတ်ဘူး။ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှာပဲ တွေ့နိုင်ခွင့်ရှိတော့မယ်။ ဒါပေမယ့် အဲဒီစည်းဝေးပွဲကျတော့လည်း အားလုံးလူ မျက်နှာဖုံးစွပ် ထားရလို့ တစ်ယောက်နဲ့တစ်ယောက် သိနိုင်ကြမှာမဟုတ်ဘူး” “ကဲ..ဆက်ပြီးပြောစမ်းပါဦး”

          ရောဂျာက စိတ်ပါဝင်စားလာဟန်ဖြင့် တိုက်တွန်းလိုက်၏။ “လုပ်ငန်းစဉ်ကတော့ ပထမ၊ ခင်ဗျားကို နံပါတ်(၁)ဆီ ခေါ် သွားမယ်။ သူက ခင်ဗျားကိုကြည့်မယ် ဒါပေမယ့် ခင်ဗျားက သူ့ကို မြင်ရမှာမဟုတ်ဘူး။ သူက ခင်ဗျားကို သင့်လျော်တယ်ထင်ရင် အသင်း ဝင်အဖြစ် လက်ခံပြီး ဘယ်နေရာမှာသတင်းပို့ရမယ်ဆိုတာ ပြောပြ လိမ့်မယ်။ ဆယ့်လေးရက်တစ်ကြိမ် အုပ်စုလိုက်စည်းဝေးပွဲပြုလုပ်ပြီး သုံးလတစ်ကြိမ် သင်းလုံးကျွတ်စည်းဝေးပွဲကြီးမှာ အသင်းသား တစ်ယောက်စီကို နံပါတ်စဉ်အလိုက်ခေါ်ပြီး သူရသင့်တဲ့ဝေစုကို ပေးလိုက် တာပါပဲ”

          “ ကဲ...ကောင်းပါပြီ၊ အသင်းသားနှစ်ယောက်ကို လုပ်ငန်းတစ်ခု တည်းမှာ တာဝန်ပေးရင် သူတို့နှစ်ယောက် မသိကြတော့ဘူးလား”

          “နေ့ဘက်မှာလုပ်ရမယ့်လုပ်ငန်းဆိုရင်တော့ သူတို့နှစ်ယောက် လုံးကို ရုပ်ဖျက်ထားမှာဖြစ်လို့ သူတို့အဖေတွေတောင် မှတ်မိနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်ရမယ့်လုပ်ငန်းက အများအားဖြင့် ည၌ အချိန်မှာ လုပ်ရတ... တယ်” ။

          “ ကျွန်တော်နားလည်ပါပြီ။ ဒါပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်နောက်ကို နောက်ယောင်ခံလိုက်လို့ အိမ်ကိုသိသွားပြီး ပုလိပ် လက် အပ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ"

          “ ဒါမျိုးတော့ မဖြစ်နိုင်ဘူး စိတ်ချပါ၊ ဒီလိုဆန်းကျယ်တဲ့စိတ်ကူးမျိုး ရှိတဲ့လူတော့ ပုလိပ်ကို သတင်းမပေးနိုင်ခင် မြစ်ထဲမှာ ပုစွန်စမ်း နေရမယ်ဆိုတာ စိတ်ချပါ။ နံပါတ်(၁)က အသင်းဝင်တိုင်းကို သိထား တယ်ဆိုတာ ခင်ဗျားယုံကြည်စေချင်တယ်”

          “ အိုး .. ဒါဖြင့် နံပါတ်(၁)က ဘယ်သူလဲ"

          " နံပါတ်(၁) ဘယ်သူဆိုတာသိရရင် ဘယ်လောက်ပဲကုန်ကုန် ပုံပေးမယ့်လူတွေ အများကြီးရှိနေတယ်"

          “ ဒါဖြင့် နံပါတ်(၁)ကို ဘယ်သူမှ မသိဘူးဆိုပါတော့”

          “ဘယ်သူမှ မသိဘူး၊ နံပါတ်(၁)ကတော့ အတော်အံ့သြစရာ ကောင်းတဲ့လူပဲ။ သူ့အမူအရာနဲ့ လုပ်ကိုင်ပုံကိုကြည့်ပြီး ဒီလူဟာ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ပြောနိုင် ပါတယ်။ ဒီလူမှာ ဦးခေါင်းတစ်လုံးတည်းပေမယ့် မျက်စိက အများ ကြီးရှိတယ်လို့ဆိုတာ ခင်ဗျားသိထားစေချင်တယ်။ သူ့လက်တံဟာ လည်း အင်္ဂလန်ကနေပြီး သြစတြေးလျအထိ” ရှည်တယ်ဆိုတာ ခင်ဗျား မှတ် ထားစေချင်တယ်။ သူ့ အကြောင်းကို နံပါတ်(၂)ကလွဲပြီး အခြား ဘယ်သူမှ သိနိုင်မယ်မထင်ဘူး။ ကျွန်တော်ဖြင့် ဒီအမျိုးသမီး တောင်မှ နံပါတ်(၁)အကြောင်း စုံလင်အောင် သိမှသိပါ့မလားလို့ သံသယဖြစ်မိတယ်" "

          “ဒါဖြင့် အသင်းထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေသပေါ့ ဟုတ်လား"

          မစ္စတာရောဂျာက အံ့သြသွားဟန်ဖြင့် မေးလိုက်၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)