Skip to product information
1 of 7

Other Websites

တက္ကသိုလ်စိန်တင် - မြန်မာ့ဒီမိုကရေစီခရီးနှင့်သူရဦးတင်ဦး(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

ကာကွယ်ရေးဦးစီးချုပ်လောင်းစစ်သားကလေးတစ်ဦး မွေးဖွားခြင်း 

တက္ကသိုလ်စိန်တင်။ ။ ဒီနေ့ဟာ ၂၇-၉-၂၀၁၂ ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီခရီးနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စာအုပ်အတွက် မှတ်တမ်းတင် အသံသွင်းဖို့ ရန်ကုန်မြို့ ဗောဓိရိပ်သာလမ်း၊ အမှတ် ၃၀ ရှိ အငြိမ်းစားဗိုလ်ချုပ်ကြီး၊ ဇေယျကျော်ထင် သူရဦးတင်ဦးအိမ်ကို တက္က သိုလ်စိန်တင် ရောက်ရှိနေပါတယ်။ သူရဦးတင်ဦးက မွေးဖွားသည်နေ့က စလို့ နိုင်ငံတော်အတွက် အသက်ပေးထမ်းဆောင်ခဲ့ရတဲ့ ဘ၀ကို မျှတပြည့်စုံ စွာ ပြောပြစေချင်ပါတယ် ခင်ဗျာ။ 

သူရဦးတင်ဦး။    ။ကျွန်တော့်ကို ယခုလို စေတနာ မေတ္တာထား ပြီးတော့ စာအုပ်ကောင်းတစ်အုပ်ထွက်ဖို့ ဆောင်ရွက်ပေးမယ့် စာရေးဆရာ ကြီး တက္ကသိုလ်စိန်တင် ကို ကျွန်တော်က များစွာ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံ အတ္ထုပ္ပတ္တိကို စာတစ်အုပ် ပြုစုရေးသားထုတ်ဝေ ဖို့ လာရောက်မေတ္တာရပ်ခံတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ကျကျနန စာတစ်အုပ်လုပ်ပါတော့လို့ ကျွန်တော် မပြော ခဲ့ဖူးပါဘူး။ အတိုထွာကလေး၊ ဆောင်းပါးကလေးတွေတော့ ဟိုမှာ ဒီမှာ ရေးသားဖော်ပြခဲ့ကြတာတော့ ရှိခဲ့တာပေါ့လေ။ ထားပါတော့။ယခုအခါမှာတော့ ကျွန်တော်က မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသား လွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေး မြန်မာ့လွတ်

လပ်ရေး သမိုင်းခေတ်ဦးကစပြီး တောက်လျှောက် ပါဝင်ခဲ့တဲ့ အငယ်ဆုံး စစ်သည်တစ်ယောက်ပေါ့နော်။ အဲသည်လို ပါရှိလာခဲ့ပြီး ယခုဆိုလို့ရှိရင် တပ်ပိုင်းဆိုင်ရာအနေနဲ့၊ တပ်မတော်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ထဲက အစဉ်အလာတွေကို ဆက်လက်ပြီးတော့ မှီလာခဲ့တဲ့ ပုဂ္ဂိုလ်အနေနဲ့ ကျွန်တော်တစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ သို့သော် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများ ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်များထဲက ပုဂ္ဂိုလ်တွေအနေနဲ့ ယခုအချိန်မှာ ဗိုလ်ချုပ်ကျော်ဇော နဲ့တကွ ဗိုလ်မှူးရဲထွဋ် နှစ်ဦးပဲ။ အသက် ရှည်ကျန်တယ်။ ဗိုလ်မှူးရဲထွဋ်ဆိုရင်လည်း သိပ်ပြီး ကျန်းကျန်းမာမာ မရှိတော့ဘူး။ နောက်ပြီးတော့ ကျွန်တော်များစွာ ချစ်မြတ်နိုးတဲ့၊ များစွာ လေးစား ကြည်ညိုတဲ့ စိတ်ထဲမှာ တမြတ်တနိုးထားတဲ့ ဗိုလ်ချုပ်ကျော်ဇောပေါ့နော်။ ဗိုလ်ချုပ်ကျော်ဇောကလည်း ယခုအခါမှာ တရုတ်ပြည်ကို ရောက်ရှိနေပြီး အသက်အရွယ်လည်း ကြီးရင့် အိုမင်းနေပြီ။ ကောင်းစွာလည်း မကျန်းမမာ လှဘူးလို့ ကြားသိနေရတယ်။ (ဤစာရေးသည့်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း

ကျော်ဇောတရုတ်ပြည်တွင် ကွယ်လွန်ခဲ့ရှာသည်မှာ ၃ လကျော်ခန့် ရှိခဲ့ပြီ၊ စာရေးသူ)

ယခု ကျွန်တော်ဘဝမှာ မှတ်မိသမျှ ပြောနိုင်သမျှကို ပြောပြပါ့မယ်။

ကျွန်တော့်ကို ပုသိမ်မြို့ ဗိုက်ကြီးတန်းလမ်းမှာ အဖ ဦးမောင်ကြိုင် အမိ ဒေါ်မြတင်တို့က မွေးခဲ့တဲ့ သားသမီး ၆ ဦးတွင် အကြီးဆုံးသား ကြီး ဖြစ်ပါတယ်။ ကျွန်တော့်ကို ခရစ် ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့မှာ ညနေ ၂ နာရီနဲ့ ၄ နာရီကြားမှာ မွေးဖွားခဲ့ပါတယ်လို့ အမေက အဲဒီလို ပြောပါတယ်။

သာဦးစနေ။

အဲဒီ ခရစ်နှစ်မွေးနေ့ကို မြန်မာသက္ကရာဇ်နဲ့ ပြောရရင် ၁၂၈၈ ခုနှစ် တပေါင်းလဆန်း ၁၀ ရက် စနေနေ့ ဖြစ်ပါတယ်။ ကျွန်တော့်ကို ဖွားစဉ်က အမေရဲ့ အမေ ကျွန်တော့်အဘွားက လာရောက်ကူညီလုပ်ကိုင်ပေးတော့ နည်းနည်း အယူသည်းတယ် ထင်ပါရဲ့။ မယ်တော်ကြီးတို့ရွာက မြောင်းမြနဲ့ပုသိမ် ကြားမှာဆိုတော့ ကျွန်တော့်ကို သားဦးစနေ မီးလိုမွှေဆိုပြီး နာမ်နှိမ်တဲ့ အနေနဲ့ပေါ့နော်။ ယတြာချေတဲ့အနေနဲ့ အဖွားဒေါ်မိုးက ဓားမကြီး ထမ်းပြီး ကျွန်တော့်ကိုယ်ပေါ်မှာ ခုနစ်ကြိမ်၊ ခုနစ်ခါကျော်တယ်ပေါ့ဗျာ။

(၂)

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦးက သူ၏ ငယ်ဘဝဖြစ်စဉ်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ထိုသို့ပြောနေလေသည်။ Sony အမျိုးအစား ကက်ဆက် အသံသွင်းကြိုးခွေကလေးသည်၊ အေးဆေးတည်ငြိမ်စွာ ပြောဆိုနေသော သူရဦးတင်ဦး၏ ဘဝမှတ်တမ်း အညတရ စစ်သည်တစ်ဦး၏ ဖြစ်ကြောင်း ကုန်စင်ကို ဤသို့ တပုံတပင် မှတ်တမ်းတင်လေတော့သည်။

ဤတွင် အထင်ကရ တင်ပြရန် လိုအပ်သည်မှာ သူရဦးတင်ဦးကို မွေးဖွားခဲ့သော ဇာတိရပ်ရွာ ပုသိမ်မြို့ အကြောင်းပင်တည်း။ 

သည်တော့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၆ စာမျက်နှာ ၃၄၇ ရှိ ပုသိမ်ခရိုင်အကြောင်း သောင်းပြောင်းထွေလာ မှတ်ဖွယ်မှတ်ရာကို ဖွေရှာ တင်ပြရဦးမည်။

ပုသိမ်ခရိုင်။

ပုသိမ်ခရိုင်သည် အောက်မြန်မာနိုင်ငံ၊ ဧရာဝတီ တိုင်း၏ အနောက်တောင်ဘက်အစွန်တွင် တည်ရှိသည်။ ဧရာဝတီတိုင်း၏ အကျယ်ဝန်းဆုံးသော ခရိုင်ဖြစ်၍ ပုံပန်းသဏ္ဍာန်မှာ အပေါ်ကား၍ အောက် ပိုင်း ရှူးသည်။ ပုသိမ်ခရိုင်၏ မြောက်ဘက်တွင် ဟင်္သာတခရိုင်နှင့် သံတွဲ ခရိုင်၊ အရှေ့ဘက်တွင် မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ဘင်္ဂလားပင်လယ်အော်တို့ အသီးသီးရှိကြသည်။

ရခိုင်ရိုးမတောင်တန်းသည် ပုသိမ်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် ကမ်းရိုးတန်းနှင့် ယှဉ်ပြိုင်လျက် မြောက်မှတောင်သို့ သွယ်တန်းပြီးလျှင် မော်တင်စွန်းတွင် အဆုံးသတ်လေသည်။

ပုသိမ်ခရိုင်အတွင်း၌ မြစ်ငယ်ချောင်းငယ်များစွာ ဖြတ်သန်းစီးဆင်း လျက်ရှိသည်။ အရေးအပါဆုံးသော မြစ်မှာ ပုသိမ်မြစ် (ငဝန်မြစ်) ဖြစ် သည်။ ထိုမြစ်သည် ဟင်္သာတမြို့ အထက်၌ ဧရာဝတီမှခွဲထွက်၍ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းကာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင် လေသည်။ င၀န်မြစ်ဝတွင် ကျွန်းကလေးများ အများအပြားရှိရာ အထင်ရှား ဆုံးမှာ ဟိုင်းကြီးကျွန်း၊ လိပ်ဥအမြောက်အမြားထွက်သော လိပ်ကျွန်းခေါ် သမီးလှကျွန်း၊ အင်္ဂလိပ်အခေါ် ဒိုင်းမွန်းကျွန်းတို့ ဖြစ်ကြသည်။

ပုသိမ်၊ ငဝန်မြစ်၏ မြစ်လက်တက်များမှာ ပုသိမ်မြို့ အထက် ၁၄ မိုင်ခန့်တွင် စီးဝင်သော ဒကမြစ်၊ ပုသိမ်မြို့တောင်ဘက် ၂၈ မိုင်တွင် စီးဝင်သော ပမ္မဝတီမြစ်တို့ ဖြစ်ကြသည်။

ပုသိမ်ခရိုင်သည် ဆန်စပါး အများအပြားထွက်၍ ဆန်၊ သစ်နှင့် ငါးပိလုပ်ငန်းတို့ဖြစ်သည်။

၁၈၇၂-၇၃ မှစ၍ ရန်ကုန်-ပုသိမ် သင်္ဘောလမ်းကို ဧရာဝတီ သင်္ဘောကုမ္ပဏီက ဖွင့်လှစ်ခဲ့သည်။ ပုသိမ်ခရိုင်၏ တစ်ခုတည်းသော မီးရထားလမ်းမှာ ပုသိမ်-ဟင်္သာတလမ်း (၈၆) မိုင်ရှည်လျားသည်။

ပုသိမ်ခရိုင်သည် ၁၄၉ စတုရန်းမိုင်ကျယ်ဝန်း၍ ၁၉၅၆ ခန့်မှန်း သန်းခေါင်စာရင်းအရ လူဦးရေ

၇၇၅၅၄၈ ယောက်ရှိသည်။

ပုသိမ်ခရိုင်သည် ရှေးမြန်မာနှင့် မွန်ဘုရင်တို့လက်ထက်ကပင် ထင် ရှားခဲ့သော ဒေသဖြစ်၍ ရာမညတိုင်း မွန်သုံးရပ်တွင် ပါဝင်ခဲ့သည်။ ကု သိမ မဏ္ဍလ ဟူ၍လည်းကောင်း၊ ကုသိမရဠတိုင်း ဟူ၍လည်းကောင်း၊ မွန်ည ဟူ၍လည်းကောင်း ခေါ်တွင်သော မွန်တိုင်းတို့တွင် ပါဝင်ခဲ့သည်။

မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံနိုင်ငံတော် နရပတိစည်သူမင်း လက်ထက်၊ ရွှေတိုက်တော်စာရင်းတွင် ပုသိမ် ၃၂ မြို့၏ အမည်များ မှတ်တမ်းတင်ထားသည်။ ပုသိမ်သည် ရှေးနှစ်ပေါင်းများ စွာကပင် ပင်လယ်ကူး သင်္ဘောဆိပ်မြို့ ဖြစ်ခဲ့သည်။ မွန်နှင့် ဗမာတို့သည် နှစ်ပေါင်းများစွာကပင် ပုသိမ်တွင် နိုင်ငံရေးအင်အားပြိုင်ခဲ့ကြသည်။

ဗြိတိသျှနယ်ချဲ့ အစိုးရသည် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် အခြေစိုက်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ရာ မအောင်မြင်။ ခရစ် နှစ် ၁၆၈၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းတွင် အခြေစိုက်ပြီး အရှေ့အိန္ဒိယကုမ္ပဏီကို ပုသိမ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

ခရစ်နှစ် ၁၇၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် အလောင်းမင်း တရားကြီးနှင့် မွန်တို့၏ အရေးအခင်း၌ ဗြိတိသျှအစိုးရသည် မွန်တို့ဘက်မှ ကူညီခဲ့၍ အလောင်းမင်းတရားကြီးက ဗြိတိသျှတို့ရှိနေသော ဟိုင်းကြီးကျွန်း သို့ ဗမာတပ်များ စေလွှတ်၍ ဗြိတိသျှစစ်ခံတပ်ကို တိုက်ခိုက်ပြီးဖျက်ခဲ့သည်။ 

ပုသိမ်မြို့။

ပုသိမ်မြို့သည်၊ မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာဝတီ တိုင်း၏ အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သည်။ ဧရာဝတီတိုင်းမင်းကြီးရုံး၊ ပုသိမ် ခရိုင်ဝန်ရုံး ရုံးစိုက်ရာမြို့ဖြစ်သည်။ ပုသိမ်မြို့ သည် င၀န်မြစ်ကမ်းပေါ်၌ တည်ရှိ၍ ပင်လယ်ဒေသနှင့် ၇၅ မိုင်ဝေးသည်။ ပင်လယ်ကူးသင်္ဘောကြီး များ ဝင်ထွက်ရပ်နားနိုင်သည်။

ပုသိမ်မြို့သည် ရှေးကျသော သင်္ဘောဆိပ်မြို့ကြီးဖြစ်ရာ မြန်မာ နိုင်ငံနှင့် အိန္ဒိယ မဇ္ဈိမဒေသ သီဟိုဠ်ကျွန်း စသည်တို့သို့ နိုင်ငံရပ်ခြားကူး သန်းသွားလာရာတွင် ပုသိမ်ဆိပ်ကမ်းမြို့သည် အရေးပါခဲ့သည်။

မြို့သက်ရှည်ကြာသော ပုသိမ်မြို့ ကို မဇ္ဈိမဒေသ သီရိဓမ္မာသောက မင်းလက်ထက် သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်ဆီက အတီသာနဂရဟု ခေါ်တွင်ခဲ့၏။ ထို့နောက် ကုသိမရဋ္ဌဟု ခေါ်ပြန်၍ ပုဂံနိုင်ငံတော် မင်းယဉ် နရသိင်္ခမင်းလက်ထက်တွင် ကုသိမံကို ပုသိမ်ဟု နာမည်ပြောင်းခဲ့သည်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်သော ခရစ် ၁၈၂၄ ခုနှစ်တွင် ဗြိတိ သျှနယ်ချဲ့စစ်တပ်ကြီးက ပုသိမ်မြို့ကို သိမ်းပိုက်ခဲ့ပြီး ရန္တပိုစာချုပ်အရ လက်လွှတ်ရသည်။ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ခရစ် ၁၈၅၂ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့စစ်တပ်ကြီးက ပုသိမ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်များ 

ပုသိမ်မြို့သည် ၁၂ စတုရန်းမိုင် ကျယ်ဝန်း၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၇၉၀၅ ယောက်ရှိသည်။ ဗမာဗုဒ္ဓ ဘာသာဝင် များပြား၍ ဒုတိယအများဆုံးမှာ ခရစ်ယာန်ဘာသာဝင်၊ ကရင် လူမျိုးတို့ ဖြစ်ကြသည်။ ပုသိမ်မြို့ သည် ပုသိမ်မြို့၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတို့တွင် တည်ရှိပေရာ အရှေ့ဘက်ကမ်းတွင် မြို့သစ် အကွက်ရှိ၍ အစိုးရရုံးနှင့် ဈေးရုံကြီးရှိသည်။