Skip to product information
1 of 2

Other Websites

တက္ကသိုလ်ဘုန်းနိုင် - ဤမြေမှသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

ကေသရာဇာခြင်္သေ့မင်းသည် ရွှေဂူမှထွက်၍ ဟိမဝန္တအား မားမားရပ်ရှု သကဲ့သို့ ဝါးထရံ ဓနိမိုးလျှင် တန်ဆာဆင်အပ်သော (....) တိုက်နယ် (....) အဖွဲ့ရုံးမှထွက်၍ မုတ်ဆိတ်ချစ်သန်း သည် လောကကို စိမ်းစိမ်း ရှုဘိသည်။

ကေသရာဇာ ခြင်္သေ့မင်း ဆာလောင်နေမည်ကဲ့သို့ပင် ချစ်သန်း၏ ဟာနေသောအစာအိမ်မှ ဝါယောဓာတ်သည် လည်ချောင်းမှဆန်၍ တဟေ့ဟေ့ ပျို့တက်နေသည်။

အချိန်မှာ ညနေစောင်း အလုပ်ချိန်ဖြစ်သည်။ နယုန်လဖြစ်၍ မိုးညိုညိုမှာ အအေးဓာတ်လည်းပိုချင်၏။

ချစ်သန်းသည် ရပ်နေရာမှ လက်ယာဘက် သုံးအိမ်ကျော်ရှိ တရုပ် “ကွက်ရှင်” ၏ ကဇော်ဆိုင်ကို မျှော်ကြည့်မိသည်။ အပုပ်ချိန်ဖြစ် ၍ ဖောက်သည်တို့ တဖွဲဖွဲရောက်နေချေပြီ။

ချစ်သန်း သည် လက်တွင်းမှကြိမ်တုတ်ကို မြေမှာ ဆောင့်ရင်း ငတာကို ကျိန်ဆဲမိ၏။

မရွှေမိအိမ်မှ ရွှေမိ၏တူတော်မောင်ဟုဆိုသူ တိုးသွာ(ခေါ်) သက်ဝေ သည် ယနေ့ ဂျူဗလီဟောရှိ ပန်တျာကျောင်း၌ ဂစ်တာတီး နည်းပြဆရာ အဖြစ် စတင်အခန့်ခံရသည်။ တိုးညှာ (ခေါ်) သက်ဝေသည် ယနေ့အတွက် ဒါယကာဖြစ်ရန် အကြောင်းခိုင်လုံနေသည်။ သက်ဝေ ကလည်း ကတိပေးပြီးဖြစ်သည်။

ငတာမွေသည်ပင်ဖြစ်ရမည်။ သက်ဝေ အလုပ်ရသည်ကို ယဉ်ကျေး မှုဌာန ပါလီမန်အတွင်းဝန်၏ ဒရိုင်ဘာစိုးမောင်က သူ့ကြောင့်ဆိုသည်။ ရဲဘော်ဖြူလူထွက် တောခိုလက်နက်ချ တိုက်နယ်ပြန်ကြားရေးနှင့်ယဉ်ကျေးမှုတာဝန်ခံ ငတာ (ခေါ်) ဗိုလ်တာကလည်း သူစွမ်း၍ဟုဆို၏။ မည်သူစွမ်း၍ ဟူသည်မှာ ချစ်သန်း အတွက် ပဓာနမဟုတ်။ သက်ဝေ အချိန်မီပြန်ရောက် ရန်သာ အရေးကြီးသည်။ ပြန်မရောက်သည်မှာ မသောက်တတ်၊ မစားတတ်

သော စိုးမောင်ကြောင့်တော့ မဖြစ်တန်ရာ။ “ချက်” ကလေး ဝင်သော် သဘောတရားရေးဉာဏ် ပိုသွက်တတ်သော ငတာ၏ “အခွင့်အရေးကို လက်မနှေးသုံးတတ်” သော ဉာဉ်ကြောင့်သာ ဖြစ်ရမည်။

ချစ်သန်း သည် ကြိမ်တုတ်ကို မြေမှာဆောင့်မိပြန်သည်။ အစာ အိမ်မှ အလိုက်ကန်းဆိုးမသိတတ်သော လေသည် လည်ချောင်းကိုဆောင့် လာတိုင်း ချစ်သန်း သည် အပြစ်မဲ့သောမြေကြီးကို ကြိမ်တုတ်နှင့် ဆောင့် မိသည်။

ချစ်သန်းနှင့် ဤကြိမ်တုတ်မှာ ခွဲမရ၊ ဤကြိမ်တုတ်ကို ဘာကြောင့် ကိုင်ရကြောင်းလ. ချစ် သန်းကိုယ်နှိုက် သိပ်မသိလှ။ သို့သော်ဤကြိမ် တုတ်ကို ကိုင်ထားရသည်မှာသားရေပတ်တုတ်တိုကို ကိုင်လေ့ရှိသော တပ်မတော်မှ ဗိုလ်ကြီးများကဲသို့သူလည်း သူ့နည်းနှင့်သူ ခံ့ညားမှု ရှိသည်ဟု ချစ်သန်း ရေးရေးတော့ ထင်မိ၏။ ဤကြိမ်တုတ်နည်းတူပင် ခွဲမရသော အရာတစ်ခုလည်း ချစ်သန်း၏ခေါင်းထက်ရှိသည်။ ပိုးကိုက်စ ပြုပြီဖြစ်သော သိုးမွေးဦးထုတ်တစ်ခုဖြစ်၏။

 

ချစ်သန်းအရပ်မှာ ၅ ပေကျော်ရုံလေးရှိသည်။ အသားမှာ ညိုသော် လည်း အန်းအန်းရှိသောမျက်နှာမှာ မျက်လုံးများနှင့်အတူ နီနေတတ် သည်။ ဝမ်းဗိုက်မှာ အိုးစရည်းခန့် မရှိသေးသော်လည်း အတော်လေး ကြီးမားအောင် ရွှဲနေသည်။ ဤဝမ်းဗိုက်အပါအဝင် ခန္ဓာကိုယ် အထက် ပိုင်းကို စစ်သုံးကာကီအင်္ကျီ အစိမ်းပုပ်ရောင်နှင့် ကာကွယ်ထားသည်။ အနံကောင်းသော ချည်လုံချည်ကွက်ကျဲမှာ တရွတ်ဆွဲအောင် အဝတ် ခက်သကဲ့သို့ ခါးကိုပတ်မိရန် ကွင်းကျဉ်းလှသည်။ ဒါသည်လောက၏ အဆင်မပြေမှုတစ်ရပ်ဟု ချစ်သန်း နားလည်ထားသည်။

ဤနေရာ၌ ချစ်သန်းရပ်တည်နေသော ပထဝီအနေအထား ရပ်ကွက် အလားအလာကို ဖော်ပြသင့်သည်ထင်၏။

ချစ်သန်း မျက်နှာမူရာရှေ့၌ ဆိုက်ကား၊ မြင်းလှည်း၊ မော်တော် ကားတို့ မပြတ်သွားနေသော ကတ္တရာလမ်းမကြီးရှိသည်။ ချစ်သန်းကျောခိုင်းရာ၌ ဆယ်ပေခန့် အမြင့်ဆောင်သော တောင်သဏ္ဌာန်ကုန်းမြင့် ရှိသည်။ ဤကုန်းမြင့်မှာ ရန်ကုန်မြို့လယ်ရှိ ယခုတိုင် လူသေများမြှုပ်နှံ လျက်ရှိသေးသော သုသာန်မြေဖြစ်သည်။

စတုရန်းပုံ ဤသုသာန်မြေကိုပတ်လျက် တဲစုတ်၊ တဲဟောင်း၊ အိမ်စုတ်၊ အိမ်ဟောင်းတို့ ရှိနေကြ၏။ ချစ်သန်း၏နား၌ မြင်းလှည်းခွာ သံ၊ မော်တော်ကားသံတို့နှင့်အတူ ဖိုဆွဲသံ၊ တူထုသံတို့ကိုလည်း ကြား နေရ၏။

ချစ်သန်း၏ အဖွဲ့ရုံး လက်ဝဲဘက်၌ ဆိုက်ကားသမား ကာဆင် နှင့် မယား အတင့်တို့၏ တဲကုပ်ရှိသည်။ ကာဆင်တို့တဲပြီးလျှင် ပန်းပဲ ဆရာဦးစစ်ကျန် နှင့် မဝါနု တို့၏ ပန်းပဲဖို၊ ထိုနောက် အလုပ်မရှိ၊ အကိုင် မရှိ၊ လင်မရှိ၊ သားမရှိ၊ ဘာမှမရှိသော မုဆိုးမတစ်ကိုယ်တော် မဟဒ္ဓိဣစ္ဆာသယဂိုဏ်းဝင် မရွှေမိ၏အိမ်၊ မရွှေမိအိမ်ပြီးလျှင် ဓနိသစ်၊ ထရံသစ်နှင့်

ဆောက်ပြီးစ တက္ကသိုလ်မှ ကထိကတစ်ဦး၏ ဒရိုင်ဘာကိုဖိုးစိန်၊ မစွမ်တီ၊ မစွန်ကြည် တို့၏အိမ်၊ မစွမ်တီမှာ ကိုဖိုးစိန်၏ မရီး ဖြစ်၍ မစွမ်ကြည်မှာ ကိုဖိုးစိန်၏မယားဖြစ်သည်။ သို့သော် ရပ်ကွက်က ကိုဖိုးစိန်ကို ဘုရားဒကာ ခေါ်၍ မစွမ်တီနှင့် မစွမ်ကြည်ကို လေဘာတီခင်ညွန့် နှင့် ကောလိပ်စိန်ဟု သမုတ်ကြသည်။

ချစ်သန်းသည် မစွမ်တီကို သဘောကျသည်၊ ထို့ကြောင့် ကိုဖိုးစိန်ကို အမြင်ကတ်သည်၊ ကိုဖိုးစိန်၏ အစ်ကိုမှာ သာယာဝတီမှ အခံပါတီဝင်ဖြစ်၍ ပို,အမြင်ကပ်သည်။ နောက် ကိုဖိုးစိန်မှာ တက္ကသိုလ်မှ ညစ်ကျယ်ကောင် ကလေးများနှင့်တွဲ၍ ကြီးကြီးကျယ်ကျယ် ပြောတတ်၍ အမြင်ကတ်ဆုံး ဖြစ်သည်။

ကေသရာဇာခြင်္သေ့မင်းသည် တောသုံးတောင်ကို အုပ်သကဲ့သို့ ဤသုသာန်ဘေး ပလက်ဖောင်းရပ်ကွက်ကို ချစ်သန်းအုပ်သည်။ ကေသ ရာဇာ ခြင်္သေ့မင်း၌ လည်ဆံမွေးဖွားဖွား ရှိသကဲ့သို့ ချစ်သန်း၌လည်း မုတ်ဆိတ်မွေးချွန်ချွန် ရှိသည်။ ထို့ကြောင့် သူ့နာမည်မှာ မုတ်ဆိတ်မွေး ချစ်သန်း ဟူသတည်း။

မုတ်ဆိတ်ချစ်သန်းကို ပမာမခန့် ပြုရဲသူမှာ ဤဒရိုင်ဘာ ဘုရားဒကာ ဦးဖိုးစိန်နှင့် တစ်အိမ်ကျော်မှ မြင်းလှည်းသမားကိုထွန်းမောင်၊ မလှယဉ်၊ သိန်းဆောင်နှင့် တစ်အိမ်သားလုံး ဖြစ်သည်၊ သိန်းဆောင်မှာ ဆယ့်နှစ်နှစ်သာ ရှိသေးသော ချာတိတ်ဖြစ် သည်။ သိန်းဆောင်တို့ တစ်အိမ်သားလုံးမှာ

တောမှ တက်လာစဖြစ်သည်။ တောမှ တက်လာစဖြစ်၍ ဘာမျှ နားမလည်။ မည်မျှအထိ နားမလည်သနည်းဆိုသော် မိမိကဲ့သို့သော ပုဂ္ဂိုလ်ကိုပင် ကြောက်ရမှန်း နားမလည်သေး၊ ဤအထိ အသိဉာဏ် ခေါင်းပါးသည်။ ရှိစေတော့... သူတို့ကို “ပညာပေး”ရမည်။

ကိုဖိုးစိန်နှင့် ကိုထွန်းမောင်တို့အိမ်ကြား၌ “တွံတေး၊ တာဝ ကိုစံပ ၊ မညိုမြ ရွှေပန်းတိမ်ဆရာ ရွှေ၊ ငွေ၊ကျောက်၊သံ ရတနာအမျိုးမျိုး အဖိုး နှုန်းချိုသာ လက်ရာကောင်းကောင်း ပြုလုပ်ပေးသည်”ဟူသော ဆိုင်းဘုတ်နှင့် ကိုစံပ မညိုမြတို့၏ ပန်းထိမ်ဖိုရှိသည်။ ကိုစံပမှာ မြင်းရှုံးလျှင် မညိုမြကို ရိုက်တတ်၍ မညိုမြမှာ လင်ရိုက်လျှင် ကာဆင့်မိန်းမ အတင့် နည်းတူ တစ်ရပ်ကွက်လုံးကြားအောင် ခုနစ်သံ ချီနိုင်သော မိန်းမစား ဖြစ်သည်။ ဤစုံတွဲကိုမူ ချစ်သန်း မမှုလှ၊ ချစ်သန်း ငြိမ်ကြည့်နေခိုက် ကိုဖိုးစိန်၏ အိမ်ရှေ့၌ ဂျစ်ကားတစ်စင်း ထိုးဆိုက်လာသည်။ ဤမီးခိုး ရောင်ဂျစ်ကားမှာ ကိုဖိုးစိန်မောင်းသော ဂျစ်ကားဖြစ်ကြောင်း ချစ်သန်း သိသည်။

ကားပေါ်၌ သေတ္တာ၊ အိပ်ရာလိပ် စသောပစ္စည်းများ တင်လာ သည်။ ကားဆိုက်၍ မကြာမီပင် ကိုဖိုးစိန် နှင့် အသက်ဆယ့်ခုနှစ်နှစ်ခန့် အသားမဖြူမညို လူငယ်တစ်ဦးဆင်းလာပြီး ပစ္စည်းများကို သယ်ချသည်။ စိတ်ဝင်စားလာသော ချစ်သန်း သည် ပန်းပဲဖိုဘက်ထွက်ခဲ့၏။

“ဘုရားဒကာက ဘာဘော်ချက်လာတယ်မသိဘူး”

ချစ်သန်းသည် ကားဆီ မျက်စပစ်ပြရင်း ဦးစစ်ကျန် ကိုပြော သည်။ ကိုဖိုးစိန်သည် သူ့ဆရာကားနှင့် ပစ္စည်းသယ်၊ လူပို့ အချောင် အလုပ်များ ခိုးလုပ်တတ်ကြောင်း ချစ်သန်းသိ၍ ရည်ညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။

ဦးစစ်ကျန် သည် မြင်းလှည်းအတွက်ဖြစ်သော “လေး” ကို ထု နေရာမှ ချစ်သန်း ကိုတစ်လှည့်၊ ကိုဖိုးစိန်၏ ကားကိုတစ်လှည့် ကြည့်သည်။ ဘာမျှတော့မပြော။ ဤအဖိုးကြီးမှာ တွေ့ကရာစကားတွေထက် သူ၏နား ကွဲလု မတတ်ကျယ်သော ပေထက်တူနှက်သံကိုသာ အရေးယူ သာယာ တတ်သူ ဖြစ်၏။

သို့သော် ဖိုဆွဲပေးနေသော မဝါနုက တုံ့ပြန်ဖြေ၏။

“ဒီတစ်ခါ ဘော်ချက်တာမဟုတ်ဘူးတော်ရှေ့၊ သူ့အိမ်တစ်ဖက် ခန်းကို ငှားတဲ့လူတွေကို သယ်ပေးနေတာ”

“အဲဒါလည်း ဘော်ချက်တာပဲပေါ့ဗျ”

 “သူ့ဘာသာချက်တာ ဘာဖြစ်သလဲ”

ဤဘုကျကျအပြောမှာ အနီးရှိ ပက်လက်ကုလားထိုင်တစ်လုံး ထက် ဒန်တိုခဲရင်းထိုင်နေသူ သိန်းဆောင်၏အဖေ၊ မလှယဉ်၏ယောက်ျား မြင်းလှည်းသမား ဦးထွန်းမောင် ၏နှုတ်မှ ထွက်လာခြင်းဖြစ်သည်။

ချစ်သန်း မှာ ရုတ်တရက် ကြောင်တက်တက်ဖြစ်သွားသည်။ ထို့ နောက်မှ လက်ယာလက်ဖြင့် ကြိမ်တုတ်ကို မြေမှာထောက်ရင်း လက်ဝဲ လက်ဖြင့် မုတ်ဆိတ်မွေးကျစ်သကဲ့သို့ကျစ်ရင်း မျက်မှောင်ကြုတ်၍ စကား မပြောဘဲ ဦးထွန်းမောင် ၏ မျက်နှာကို စိုက်ကြည့်သည်။ ဤအကြည့်မျိုး ကို ရဲကြပ်ဘတင် ပင် ရိုသေလေမည် မဟုတ်ပါလော။

သို့ရာတွင် ဦးထွန်းမောင်သည် တံတွေးကို သွားကြားမှ ပျစ်ခနဲ မြည်အောင် လေးပေကျော်အရောက် မပင်မပန်း ထွေးလွှတ်လိုက်ပြီး ဦးစစ်ကျန် ကို လှမ်းပြောသည်။

“ဂျစ်လေးအစစ်နော် ဆရာကြီး” ဤလေးမှာ ဦးထွန်းမောင်၏ ဒုတိယလှည်းအတွက်ဖြစ်၍ လေး ကောင်းရန်သာ စိတ်စောနေသဖြင့် ချစ်သန်းကို ဆက်မမှုတော့ဘဲမေးခြင်း ဖြစ်၏။ ဦးစစ်ကျန်က တူကြီးကိုချလိုက်သည်။

“ဒီမှာ ကိုထွန်းမောင် ..... ဂျစ်လေးအစစ်ဘဲ၊ မြန်မာပြည်မှာဂျစ်လေးကို ကျုပ်စကိုင်တယ် နားလည်လား”

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)