Skip to product information
1 of 5

Other Websites

တက္ကသိုလ်ဘုန်းနိုင် - သာ၍၀ေးရာဆီကိုပါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

          မှောင်လိုက်သည်မှာ မည်းနေ၏။ ပိန်းပိတ်အောင် မှောင်ပါသည်လေ။ သည်အမှောင်မျိုးကို မကြုံဖူးပါလား။ ရှေ့ကို ဘယ်ပုံတိုးရမည်နည်း။ ရှေ့တိုးလေ မှောင်လေ။ အမှောင်က ဆုံးပါတော့မည်လော။ အမှောင်ထဲမှာပင် နေလိုက်ရမည် လား။ အို...မဖြစ်သေး။ ကိုယ်က ပြေးရမည်။ ပြေးနေရသူ။ ပြေး..ပြေး - ပြေး --။ မှောင်ထဲမှာပင်ပြေး။ ဟိုး...အဝေးရောက်သည်အထိပြေး၊ ဪ...ပြေးနိုင်မှ လွတ်မည်။

          ဟိုး...အနောက်မှာ။ မှတ်မိသမျှ ဟိုးအနောက်မှာက တံတိုင်းကြီး။ ငြင်းပယ်သော တံတိုင်းကြီး၊ ဖီလာဆီးသော တံတိုင်းကြီး၊ ရက်စက် ညိုမှိုင်းသော တံတိုင်းကြီး၊ သည်တံတိုင်းကြီးကို ကြောက်ပါသည်။ သည်တံတိုင်းကြီးတွင်းက အခန်းကျဉ်းလေးကို ပိုကြောက်ပါသည်။

          ကိုယ်တစ်ယောက်တည်း။ အခန်းကျဉ်းလေးတွင်းမှာ ကိုယ်တစ်ယောက် တည်း။ ဪ...သည်အခြေကျမှတော့ တစ်ယောက်တည်းပေါ့။ မှောင်ထဲက ဖယောင်းတိုင်မီးလေးလို ကိုယ်တစ်ယောက်တည်း။ ဖယောင်းတိုင်မီးလေး ငြိမ်းသွားတော့အမှောင်ပဲပေါ့။ ကိုယ့်ဘ၀ဆိုသည့်ဖယောင်းတိုင်မီးလေး ငြိမ်းသွားလျင်ကော. . . 

          ပြေးပြေး ပြေးနိုင်မှ လွတ်မည်။

          မှောင်ထဲမှာ ပြေးရတော့ ခလုတ်တိုက်မိလေသလော။ အရှိန်သည် တုံ့ခနဲ လန့်သွားသည်။ ဦးခေါင်းကလည်း တစ်စုံတစ်ရာနှင့် တိုက်မိသည်။

          ထိတ်လန့်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သောအခါ အလင်းရောင်တို့ စူးရှစွာ ဝင်လာသည်။

          အပြန်အလှန် စကားပြောသံများလည်း ပေါ်လာ၏။ “ဘာဘူကာပါလိမ့်” “ဒိုက်ပျက်လေ၊ ဟိုမှာ စာရေးထားသားပဲ” “ဪ..ဟုတ်ပါရဲ့၊ ဟင်္သာတနားနီးပြီလား”

          “အဝေးကြီး လိုပါသေးတယ်၊ ကြားထဲမှာက ခမောက်စု၊ ယုန်သလင်း၊ နိဗ္ဗာန်၊ နတ်မော်၊ လေးဘူတာတောင် ကျန်သေးတယ်”

          “လေးဘူတာတောင် ကျန်သေးသလား၊ သိပါဘူး၊ ကျွန်တော်က ဒီလမ်းမှာ တစ်ခါမှ မသွားဖူးသေးဘူး”

          ကြည်လင်စွာ နိုးလာခဲ့ပြီဖြစ်သော သူက ပတ်ဝန်းကျင်ကို မျက်လုံး ကြည့်သည်။

         သြော်..ရထားတစ်ခုပေါ်မှာပါကလား။ စောစောက ဦးခေါင်းနှင့် တိုက် မိသည်မှာ သစ်သားခုံတန်းနောက်မှီ ဖြစ်သည်။ ချိုစောင်းတစ်ဖက်က အနည်းငယ် လေး နာနေသည်။

         သူ့လက်တစ်ဖက်က နာသောနေရာဆီ ရောက်သွားသည်။ စေးထန်းထန်း အရာတို့ကို စမ်းမိသည်။ ပြန်ရုပ်ယူလိုက်သော လက်ဖျားတွင် သွေးစသွေးနများကို တွေ့ရသည်။

          သည်ဒဏ်ရာက ကောင်းကောင်းမကျက်သေးပါလား။ မကျက်သေးဆို အင်း....အဲ....ဘယ်နှရက်ရှိပြီနည်း။

          သူသည် မျက်မှောင်ကြိုက်လိုက်မိသည်။ မမှတ်မိ။ ဘယ်လိုကော ရလာ သလဲ။ အင်း .အဲဒါလည်း ဒုက္ခ။ ထားတော့။ ယခု လွတ်လာခဲ့ပြီ မဟုတ်လော။ လွတ်လာရင် ပြီးရောပေါ့။ လွတ်အောင်ပြေးခဲ့ရသည့်နောက်တော့ ဒဏ်ရာသည်က ရမည်။ မဆန်း။ ဘာမျှမဆန်း။

          ဘူတာတွင် ရထားက ခဏလေးသာဆိုက်ပြီး ပြန်ထွက်သည်။

          ဘူတာလေးက သေးသေး။ ရွာလေးကလည်း သေးသေး။ တက်သူ ဆင်းသူဟူ၍လည်း များများစားစား မရှိ။

          ထွက်စဖြစ်သောကြောင့် အရှိန်နှေးသောရထားက တလှုပ်လှုပ် တငြိမ့်ငြိမ့် နိုင်သည်။

          သူသည် တွဲတွင်းရှိ ခရီးသည်များကို ကြည့်မိပြန်သည်။

          စောစောက စကားပြောနေကြသူနှစ်ဦးက သူ့မျက်နှာချင်းဆိုင်ရှိခုံတွင် တွဲထိုင်နေကြသည်။

          ယခုလည်း သူတို့ စကားပြောကြပြန်သည်။ “တွဲက လူချောင်တယ်နော်”

         ယင်းမှတ်ချက်ကို ပေးသူကား ခေါင်းတုံးဆံတောက်နှင့် အသက်သုံးဆယ် ခန့် ရှိသူတစ်ဦး ဖြစ်၏။ မိုးကာဖျင် ဂျာကင်အင်္ကျီကို ဝတ်ထားသည်။ သူ့အနီးတွင် နိုင်ငံခြားလေယာဉ်ကုမ္ပဏီတစ်ခု၏ တံဆိပ်အမှတ်အသားပါသော အပြာရောင်လက်ဆွဲ သားရေအိတ်တစ်ခု ရှိနေသည်။

          သူ့စကားပြောအဖော်ကား ပင်ညိုရောင် တိုက်ပုံအင်္ကျီ မနွမ်းတနွမ်းကို ဝတ်ထားသည်။ ဘိုကေမှာ နောက်ပါး ဘေးပါးဖြစ်ပြီး ဆံပင်နက်တွင် ဆံပင်ဖြူများ ရောနေ၏။

          ထိုသူက စကားပြန်သည်။

         “ခါတိုင်းတော့ ဒီလိုင်းလည်း လူကျပ်တာပဲပေါ့ဗျာ၊ အခုတော့ ရထားတွေ မှာ စည်းကမ်းလည်း ပြန်ကိုင်နေတယ်၊ ပြီးတော့ ရန်ကုန်မှာက ညမထွက်ရအမိန့် ထုတ်ထားတယ် မဟုတ်လား၊ ညခြောက်နာရီမတိုင်ခင် ရန်ကုန်ဝင်နိုင်အောင် ရထားက အချိန်ပြောင်းပြီး မနက်လေးနာရီ ပုသိမ်ကထွက်တော့ လူချောင်တာပေါ့"

          မျက်နှာချင်းဆိုင်မှ တစ်ဦးတည်းသော သူ့အတွက်လည်း ပြဿနာတစ်ခုက ရှင်းသွား၏။

           မှောင်နှင့်မည်းမည်း။ ဟုတ်သည်။ ထွက်လာစက မှောင်နှင့်မည်းမည်း။ နံနက်လေးနာရီဆိုတော့ မှောင်နှင့်မည်းမည်း ရှိသေးသည်ပေါ့။ ။

           ဘယ်အချိန်က ရထားထွက်လိုက်သည်ကိုပင် သတိမပြုမိ။ အိပ်ပျော်လိုက် လာတော့ အိပ်မက်တွေ ဘာတွေမက်သည်ပေါ့။ အိပ်မက်တွင်းမှာလည်း မှောင်နှင့် မည်းမည်း။ မှောင်ကြီးထဲတွင် ခရီးသွားရခြင်း၊ အင်း...အဟင်း...ဒါပေမဲ့ တံတိုင်း ကြီးရယ်၊ အခန်းကျဉ်းလေးရယ်၊ အဲဒါတွေက အိပ်မက် မဟုတ်ပါ။ အိပ်မက်ထဲမှာ တော့ ပါတယ်လေ။ ဒါပေမဲ့ အိပ်မက် မဟုတ်ပါ။ မဟုတ်ပါ။ ပြီးသူ့လက်က ဦးခေါင်းမှ ဒဏ်ရာဆီ ပြန်ရောက်သွားသည်။ သွေးစိုစိုထိုင်း ထိုင်းကို စမ်းမိပြန်၏။

           သည်တစ်ကြိမ်တော့ ဒဏ်ရာအကြောင်း ဆက်မစဉ်းစားဘဲ ခရီးသည်များ ကို တစ်ဦးချင်း လိုက်ကြည့်သည်။

            ဘယ်ဘက်ခုံတန်းမှာက လူငယ်နှစ်ဦး။ ဆံပင်များက နီကြောင်ကြောင်နှင့် ကုပ်ကျော်အောင် ရှည်သည်။ ဘောင်းဘီတွေက ကျပ်သည်။ ခြေမျက်စိလောက်ကျတော့ အစတွေက ကားနေပြန်သည်။ လက်ပတ်နာရီကြီးတွေကတော့ ပြူးတူးပြဲတဲ။ ဒိုင်ခွက်ကလည်း အရောင်စုံပါတကား။

           ကျန်ခရီးသည်များကတော့ သူလိုငါလို။ ယောက်ျားတွေရော၊ မိန်းမတွေပါ သူလို ငါလို။ အထုပ်တွေလည်း ပါသည်။ တောင်းတွေလည်း ပါသည်။ ခြင်းတွေ လည်း ပါသည်။

          မလှမ်းမကမ်းတွင်တော့ အဘိုးကြီးတစ်ဦးက ရပ်နေသည်။ အရပ်ကြီးက ရှည်ပြီး ခါးက ကိုင်းနေ၏။ ဖျင်ကြမ်းတိုက်ပုံအောက်မှာ ဘာမျှမရှိ။ ရင်ဘတ်မှ အရိုးတို့ ပေါ်နေသည်။ ဝါးခမောက်အောက်၌ ပေါ်နေသော မျက်နှာက မေးရိုးသည် ခိုင်ပြီး လေးထောင့်ပုံကျသည်။ သို့ရာတွင် ပါးများက ချိုင့်ဝင်နေပြီး မျက်လုံးများက ဖြူဖြူမွဲမွဲနိုင်လှသည်။ ။

          အဘိုးကြီးသည် ခုံတန်းနောက်မှီစောင်းကို ကိုယ်တစ်ခြမ်းနှင့် မှီထားသည်။ ခေါင်းပိတ် ဝါးတောင်ဝှေးတစ်ခုကိုလည်း လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားယူထောက် ထား၏။

          လက်ဖျား၌ စေးထန်းထန်းကပ်နေသော သွေးတို့ကို အမှတ်မထင် လက်မ နှင့်ပွတ်ရင်း သူက စဉ်းစားသည်။

          အဘိုးကြီးသည် ဘာကြောင့်မထိုင်ပါသနည်း။ အိုကြီးအိုမ သည်အဘိုး ကြီးကို ဘယ်သူကမှ ထိုင်ခိုင်းတော့ဘူးလား။

          သူက သူထိုင်နေသည်ကို ပြန်ကြည့်မိ၏။

          နှစ်ယောက်ထိုင်ခုံတွင် သူတစ်ယောက်တည်း။ သည်ထိုင်ခုံပေါ်မှာ စောစော က သူဇိမ်နှင့် ကွေးအိပ်လာဟန်တူသည်။ ယခုလည်း ခြေကို မကွေးတကွေး တင်ထားပြီး ပြတင်းနံရံနှင့် နောက်မှီထောင့်မှာ ကိုယ်ကို အလိုက်သင့် မှေးထားသည်။ တယ်တော့ဇိမ်မကျလှ။ နေရာကို ဗိုလ်ကျအပိုယူထားသည်နှင့် တူနေ၏။

          သူက နေရာကို ပြင်ထိုင်လိုက်သည်။ သူ့ဘေးတွင် လူတစ်ယောက်စာ လွတ်သွားသည်။ သူက အဘိုးကြီးကို လှမ်းကြည့်ပြီး အမူအရာဖြင့် ဖိတ်ခေါ်၏။

          တုန်တုန်ချည့်ချည့်ဖြင့် အဘိုးကြီးက လျှောက်လာပြီး သူ့ဘေးတွင် ဝင် ထိုင်၏။

          “သာဓု...သာဓု၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ”

          အဘိုးကြီးက ထိုင်အပြီး၌ ဆုပေးသောအခါ ဆံရှည်ကောင်လေးနှစ်ဦးက ပြုံးစိစိဖြင့် လှမ်းကြည့်ကြ၏။

          အဘိုးကြီးပေးသောဆုကို သူက စဉ်းစားသည်။

          ဘုန်းကြီးပါစေ။ အင်း ..အဟင်း ..သည်အခြေနှင့် သည်ဘဝမှာ ဘုန်းကြီး ဖို့က ဘာဆိုင်သနည်း။ အသက်တော့ ရှည်လိုသည်။ အသက်ရှည်ဖို့သည်သာ ဘဝ၏ တစ်ခုတည်းသော ဦးတည်ချက်ဖြစ်ခဲ့ပြီ မဟုတ်ပါလော။ ဘဝဆိုတာကလည်း မှောင် ထဲက ဖယောင်းတိုင်မီးကလေး။ အဲဒီမီးကလေး မငြိမ်းဖို့၊ ခနဲမှုတ်လိုက်လို့ ငြိမ်းသွားသလို မငြိမ်းဖို့။

          သည်တော့...ပြေး လွတ်အောင်ပြေး။ အဘိုးကြီးက တိုးတိုးညင်ညင် မေး၏။ “ဘယ်သွားမှာလဲ”

          “ခင်ဗျာ”

          “ဘယ်ထိအောင်သွားမှာလဲ” ““အဲ.....အင်း...ပုသိမ်ကလာတာ”

          သူ့အဖြေက အမြီးအမောက်မတည့်။ ဖြေပြီးမှ အမြီးအမောက် မတည့်သည် ကိုလည်း သူသတိပြုမိသည်။ သို့ရာတွင် မတတ်နိုင်။ အခြားဖြေစရာလည်း မရှိပြီ။

          အဘိုးကြီးက သူ့ကို တစ်ချက်စိုက်ကြည့်သည်။ သို့ရာတွင် သည်မျက်လုံး များအတွင်း၌ အထူးတလည် စူးစမ်းမှုကို မတွေ့ရ။ အရာရာကို လျစ်လျူရှုနိုင်သည့် မျက်လုံးမျိုး ဖြစ်သည်။ သို့မဟုတ် အရာရာကို လျစ်လျူရှုရန် အလေ့ရနေသော မျက်လုံးမျိုး ဖြစ်ဟန်တူသည်။ သော်သည်အရွယ်ကျမှ အရာရာကို လျစ်လျူရှု နိုင်ပြီပေါ့။ နေဝင်ချိန်ရောက်နေသောဘဝမှာ ဘာတွေကကော စိတ်ဝင်စားဖွယ် ရှိပါ တော့မည်နည်း၊

          မျက်လုံးသွားပြီးနောက် အဘိုးကြီးသည် ဘာစကားမျှ ထပ်မပြောတော့။ ရထားတွဲကြမ်းပြင်ဆီ စူးစိုက်ကြည့်ရင်း ဦးခေါင်း တုန်တုန်ယင်ယင်နှင့် ဆက်လိုက် ပါလာသည်။

           မျက်နှာချင်းဆိုင်မှ လူနှစ်ဦး၏ မျက်လုံးနှစ်စုံသည် သူ့ထံစိုက်လျက်ရှိမှန်း သူ သတိပြုမိသည်။

           သူတို့၏ မျက်လုံးများကို ရင်မဆိုင်ဘဲ မျက်နှာလွှဲလျက် သူက အပြင်သို့ ကြည့်လိုက်လာသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)