Skip to product information
1 of 2

Other Websites

တက္ကသိုလ်ဘုန်းနိုင် - လွမ်းပါလေရစ်သည်းသောင်ငွေဦး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အပိုင်း(၁)

          အာရုဏ် (သို့မဟုတ်) ညနိဒါန်း

          ကျွန်တော့်အတွက် လသာနေသော နွေညကို လှပါလေသလောဟု သတိမပြုမိ။

          လသာနေသည် ။ သည်အချက်ကိုပင် ဘယ်အချိန်က သတိပြုထားမိသည် မသိ။ဟုတ်ကဲ့ ....... လတော့ သာနေသည်။ အပြင်ဘက်မှာပါ ...... ကျွန်တော့် အခန်း၏ အပြင်ဘက်မှာပါ။ ပြီးတော့ ကျွန်တော့် သန္တာန်၏ အပြင်ဘက်မှာပါ။

          ရွက်ဝါတွေ ကြွေသံကိုလည်း ကြားနေရသည် ထင်သည်။ မဟုတ်ပါ။ ရွက်၀ါတွေ ကြွေသံတော့ မဟုတ်နိုင်ပါ။ ရွက်ဝါကြွေသံကို ကြားဘူးပါသလား။ မဖြစ်နိုင်ပါ။ ကြွေပြီးသား ရွက်ဝါတွေ လေအတွန်းခံရသောကြောင့် မြေမှာ တိုက်လွင့်သံသာ ဖြစ်လိမ့်မည်ထင်ပါသည်။ ထင်သည်လေ ...။

          ညမှန်းတော့ သိနေသည်။ လ သာနေသော နွေညမှန်းတော့ ကောင်းကောင်းကြီး သိနေသည်။ ခက်ရချည်ရဲ့ ... ဘယ်အချိန်က ဘယ်လို သိလိုက်ရပါသလဲ။

          ရွက်ဝါတွေ လှုပ်ရှားသံ ကြားနေရသည့်ကြားက ညသည် တိတ်ဆိတ်လွန်းလှသည် ထင်ရပြန်သည်။ အင်းလေ....... သည်ရွက်ဝါကောင်တွေက အားတိုင်း မပြတ် အော်နေကြသည်မှ မဟုတ်ဘဲ၊ လေကလည်း မရပ်ဘဲ တိုက်နေသည်မျိုးမှ မဟုတ်ဘဲ..........။ ။

          လေတိုက်ချင် တိုက်ပါစေ။ ရွက်ဝါတွေကလည်း ထအော်ချင် အော်ကြပေါ့။ လလည်း သာချင် သာနေလေ.......။ ဘာဖြစ်သေးသလဲ...... အားလုံး အပြင်ဘက်မှာ။ ကျွန်တော့ အပြင်ဘက်မှာ....။

          မြတ်စွာဘုရား... အပြင်ဘက်........... အပြင်ဘက်... ကျွန်တော် အပြင်ဘက်။ အပြင်ဘက်ရယ်... ကျွန်တော်ရယ်၊ ကျွန်တော်ရယ်....... အပြင်ဘက်ရယ်။ ကျွန်တော်က သတ်သတ်။

          အပြင်ဘက်က သတ်သတ်။ အမယ်လေး............ ကျွန်တော် တစ်ယောက်တည်းပါလား။ ကျွန်တော် တစ်ယောက် ထီးထီးပါကလား............။

          ကျွန်တော်သည် လမ်းလျှောက်ခြင်းကို ရပ်လိုက်၏။ ရပ်လိုက်မှပင် စောစောက ကျွန်တော် သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့မှန်း သိမိပြန်သည်။ ၁၀ ပေပတ်လည် အခန်း ကျဉ်းကျဉ်းဝယ် ခေါက်တုံ့ခေါက်ပြန်သာ လျှောက်နိုင်သည် မဟုတ်လော။

          စာရေး စားပွဲ၌ ကျွန်တော် ဝင်ထိုင်သည်။

          ကျွန်တော့် ကိုကို... ဓာတ်ပုံတွင်းမှ ကျွန်တော့ ကိုကိုကကျွန်တော့်ကို စိုက်ကြည့်နေသည်။ ဟုတ်သည်.... စိုက်ကြည့်နေသည်။ ပြုံးကြည့်နေသည်မဟုတ်။ ဓာတ်ပုံတွင်းမှာ ကိုကိုက မပြုံးပါ။ သော်... အပြင်မှာလည်း ကိုကိုသည် ပြုံးခဲလှသည်။ ကျွန်တော့် ကိုကိုသည် ပြုံးခဲလှပါသည်။

          “မပြုံးနဲ့ ကိုကိုရေ.. မပြုံးနဲ့ သိလား။ အခုမှ ခင်ဗျား သာပြီး မပြုံးနဲ့တော့"

          စာမေးပွဲ နီးချိန်မို့ ကျွန်တော့် စားပွဲမှာ ပွရှုပ်နေသည်။ ကျွန်တော်ဖွင့်ဖတ်ထားသော ကိုကို့ထံမှ စာတွေကြောင့် ပိုမိုပွေရှုပ်နေသည်။

“ညီလေးငယ်...

          ညီလေးငယ်ကို ကိုကို သိပ်အောက်မေ့တာပဲ။ ညီလေးငယ်နဲ့ ခွဲနေရတာဟာ ငယ်ငယ်တုန်းက ညီလေးငယ် နွဲ့ဆိုး ဆိုးပြီး ကိုကို့ကို မေးစေ့ ယောင်အောင် ထိုးတာထက် အခံရခက်တယ်။ အသည်းနှလုံးမာတဲ့ ညီလေးငယ်က ကိုကို့ကို သရော်လေမလား။ ကိုကို့ စကားဟာ မိန်းမစကား....လို့။ မိန်းမစကားပဲ ပြောပြော၊ မိန်းမလျာစကားပဲပြောပြော... ညီလေးကို ကိုကို တကယ်အောက်မေ့တယ်။ အငယ်ရယ်... ကိုကိုတို့ ညီအစ်ကို ဘယ်တုန်းက ခွဲနေခဲ့ကြဖူးလို့လဲ။ ပြီးတော့... ဒီလောကကြီးထဲမှာ ကိုကိုနဲ့ညီလေးငယ် နှစ်ယောက်တည်း..." သည်စာကတော့ တစ်နှစ်က ကျွန်တော် တက္ကသိုလ် ရောက်စတွင် ကိုကို့ထံမှ ရသည့် ရှေးဦး စာ။

          နောက်တစ်စောင်... သည်တစ်စောင်ကိုတော့ သည်နှစ် အစပိုင်း၌ ကျွန်တော် ရခဲ့သည်။ ... သံယောဇဉ်အကြောင်းကို ညီလေးငယ် ကောင်းကောင်း သိရဲ့ လား။ နှောင်ကြိုးလို့လဲ ပြောကြတယ်။ တွယ်တယ်လို့လည်း ပြောကြတယ်။ ရုန်းမရတဲ့ သဘော၊ ခွာမရတဲ့ သဘော။ ဘယ်သူမပြု မိမိမှုလို့ တရားကတော့ ပြောတယ်။ ပုထုဇဉ်အတွက်တော့ တရားဆိုတာဟာ စကား  တစ်မျိုးသာပဲပေါ့။ မဟုတ်ဘူးလား..... ညီလေးငယ်။ နားထဲမှာ အသံပေါ်လာတယ်။ ပြီးတော့

          ပျောက်သွားတယ်။ နှလုံးသားမှာတော့ သံယောဇဉ်.. တစ်ဇဉ်လည်း မဟုတ်ဘူး၊ နှစ်စဉ်လည်း မဟုတ်ဘူး၊ သုံးစဉ်လည်း မဟုတ်ဘူး။ ခိုင်လိုက်တာမျိုးကလည်း သံယော လို့ မရေးဘဲ သံရော..... အဲဒီလို ရေးဖို့ကောင်းတယ်။ သံနဲ့ ရောထားသလို သိပ်.. ခိုင်တယ် သိလား ညီလေးငယ်..."

          သည်စာ၏ အဓိပ္ပာယ် (ဝါ) အပြင်သဒ္ဒါနည်း အဓိပ္ပာယ်ကို ကျွန်တော် နားလည်သည်။ အတွင်းသဘော ဆိုလိုချက်ကိုမူ ဘာမျှ ကျွန်တော် မရိပ်စားမိခဲ့။ အဲသည်တုန်းက...။

          နောက်ထပ် တစ်စောင်မှာတော့ ကိုကိုသည် သူ့ရင်ကို ထင်ထင်ရှားရှား ဖွင့်လာသည်။

          “...ရူးလောက်တယ်။ ဒီစကားကိုပဲ ကိုကို ရှာတွေ့တော့သည်။ သူ့အလှဟာ ရူးလောက် တယ်။ လှတာနဲ့ ရူးရမှာလားလို့ စိတ်ကူးမယဉ်တတ်တဲ့ ညီလေးငယ်က မေးမလား မသိဘူး။ ရူးတယ်ဆိုတာဘာလဲ... ကာလသားတွေ ဟာသ သရုပ်ဖော် ကကြတဲ့ ဥမ္မာဒန္တီ ပြဇာတ်ထဲက ပေါတောတော ကြောင်တောင်တောင် ဖြစ်ကုန်ကြတာမှ ရူးတယ် ခေါ်သလား။ ဥပမာ... မိုးနတ်ဒေဝီဘောလယ်မှာ ဦးပြုံးချို စပ်ထားသလို အာသဝေ မပျက်သမျှ ပါလေချက် သမုဒယ တဏှာ၊ ယခုဘဝမှာ... မနီးရင်လေ...ကြီးမောင့်ဒုက္ခာ... ဆိုတာ မျိုးကကော... ရူးရတာကို ပြောတာပဲပေါ့။

          အင်း...ကြီးမောင့်ဒုက္ခ... ကိုကို့ဒုက္ခ......။

          သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ညီလေးငယ် ပြန်လာတုန်းက ကိုကို ဖွင့်ပြောမယ် ကြံသေးတယ်။ ဒါပေမယ့် မပြောရက်ဘူး။ ညီလေးငယ်ထက် ပိုချစ်ရသူ တစ်ယောက်ကို ကိုကို တွေ့နေပြီ... လို့ ညီလေးငယ် ထင်သွားမှဖြင့်ရင်....။

          ကိုကို့ကို ခွင့်လွတ်ပါ၊ ညီလေးငယ်ကိုလည်း ချစ်ပါတယ်။ သူ့ကိုလည်း ချစ်တယ်။သူဘယ်သူဆိုတာ ဒီတစ်ခါ ညီလေးငယ်ပြန်လာရင် ကိုကို ပြောမယ်။ အဲ... ပြလည်း ပြမယ်ကွယ်။ ရူးလောက်တယ် ဆိုတဲ့ ကိုကို့စကားဟာ ပို မပို...အဲဒီတော့မှ ညီလေးငယ် ဆုံးဖြတ်....”

          နောက်တစ်စောင်ကတော့ ကိုကို့ဆီက ကျွန်တော် နောက်ဆုံး ရခဲ့သော စာ ဖြစ်ပါ၏။

          “ညီလေးငယ်"....

          နွေဦးရောက်တော့မယ်။ သစ်ရွက်တွေ ကြွေတော့မယ်ပေါ့။ လူတွေ... စာရေးဆရာ တွေပေါ့.... သစ်ရွက်ကြွေတာကို မြတ်မြတ်နိုးနိုး စာဖွဲ့ကြတယ်။ ကြွေတာဟာ မြတ်နိုးစရာလားကွယ်။ ပြီးတော့ လှကော... လှသတဲ့လား။

          "ညီလေးငယ်"

          ကိုကို့ အတွက်တော့ အားလုံးကြွေသွားပြီ။ မျှော်လင့်ချက် ဆိုတာတွေလေ... ကိုကိုကဘာမှ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဘဝဆိုတာကို စကတည်းက အနုတ်လက္ခဏာနဲ့ စခဲ့ရတယ်

          ဒီတစ်ခါဘဲ မျှော်လင့်ခဲ့ဘူးတယ်။ မျှော်လင့်ချက် ဆိုတာဟာ အမှန်က ပိတ်နေတဲ့ မျက်လုံးပါ။ သူ့ဘာသာသူ ဘယ်တော့မှ မပွင့်ဘူး။ ရောင်ခြည်လေး သမ်းပြမှ ဖွင့်မိရတာမျိုး။

          အရောင်လက်တိုင်း ရွှေ မဟုတ်ဘူးတဲ့။ ရောင်ခြည်သမ်းလာ တိုင်းလည်း အရုဏ် မတက်ဘူး။ ဪ.. အရုဏ ဆိုတဲ့ ပါဠိစကားကလဲ နေရဲ့ ပထမအရောင်လို့ အဓိပ္ပာယ်ရသလို နေဝင်ခါနီး နိဂုံးအရောင်လို့လည်း အဓိပ္ပာယ် ရှိသား...။

          ကိုကိုသာ မှားပါတယ် ညီလေးငယ်... ကိုကိုသာ မှားပါတယ်။ အမှောင်ကို ကိုကို မကြောက်ဘူး။ လူတိုင်းဟာ အမှောင်ထဲက လာကြတယ်။ ပြီးတော့ အမှောင်ကို ပြန်သွားကြတယ်..."

          ပဟေဠိဆန်သော ဒီစာကို တစ်နေ့ ကျွန်တော် ရသည်။ 

          သည်နေ့ ညနေမှာတော့ သံကြိုးစာ....။

          သံကြိုးရိုက်လိုက်သူကတော့ ဒေါ်လေး။ ကိုကိုနှင့် ကျွန်တော်တို့၏ ဒေါ်လေး။

          သံကြိုးစာမို့ စာကြောင်းတို့က တိုသည်။ ဪ.. ရှည်ဖို့ကော လိုပါသေးသည်လော။ အကြောင်းအရာတို့က တိုလွန်းသောအကြောင်း။ ဒီလောက၌ တိုလွန်းသော အကြောင်း...။

          ကျွန်တော့် မျက်လုံးများမှ မျက်ရည်တစ်ပေါက် သံကြိုးစာမှ စာကြောင်းပေါ် ကျသွား၏။

          “....ထွန်းနောင် ကွယ်လွန်၊ အငယ် အမြန်ဆုံး ပြန်လာ..."

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)