Skip to product information
1 of 2

Other Websites

တက္ကသိုလ်ဘုန်းနိုင် - လွမ်းတေးမဆုံးစေနဲ့စောသခင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာရေးသူ၏အမှာစာ

ကျွန်တော်သည် ၁၉၅၈ ခုနှစ် မတ်လတွင် မြဝတီမဂ္ဂဇင်းကြီး၌ ပါခဲ့သော “မုန်းရစ်လေဦးမှ အစပြု၍ လူမှုရေး၊ နိုင်ငံရေး၊ တွေးခေါ်မြော်မြင်မှု သဘောတရားတို့နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်သော ဝတ္ထုများကိုသာ ရေးခဲ့သည်။

စာဖတ်ပရိသတ် တော်တော်များများက “နှင်းရက်ကြွေစော”နှင့်“လွမ်း” တို့ကဲ့သို့သော မေတ္တာဘွဲ့ သက်သက် ရေးပေးပါဦးဟု တိုက်ထွန်းလာကြသည်။

ကျွန်တော်၏ တပည့်ရင်းဖြစ်သူ မန္တ လေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သဘာဝတ္ထဗေဒဌာန ဆရာဦးအေးကိုက “ဆရာရေ လေးနက်တဲ့ တွေးခေါ်မြော်မြင် မှုတွေနဲ့ ခက်ထရော်တဲ့ ဘဝပိုင်းတွေကို ချည်း ရေးတော့မလား၊ ရေးတဲ့အခါ လည်း ရေးတာပေါ့၊ ဒါပေမယ့် နှလုံးသားရဲ့ သမုဒယသစ္စာအကြောင်းလည်း ကျွန်တော်တို့ ဖတ်ချင်နေကြပါတယ်" ဟု စာရေးတိုက်တွန်းသည်။

ကျွန် တော်၏ ကျေးဇူးရှင်ဆရာတစ်ဦးဖြစ်သူ ရာဇော်ဂျီကမူ ပညာ အရည်အချင်း၊ အသက်အရွယ်၊ ရာထူးအဆင့်အတန်းရောက်သင့်သမျှ ရောက် နေပြီဖြစ်သောကြောင့် အနုအလှ သမုဒယတွေနှင့်ချည်း အချိန်မကုန်စေဘဲ ကမ္ဘာ့အမွေ ဂန္တဝင်စာကြီးပေကြီးတို့အား မြန်မာပြည်သူတို့ က်အရောက် ပို့ပေးရေးကို အာရုံပြုရန် သတိပေးဆုံးမ၏။ ဆရာ့ဆုံးမစကားသည် ကျွန်တော့် နား၌ ဝင်သည်။ အသက်အရွယ်၊ အတွေ့အကြုံ၊ အလုပ်ဝတ္တရားတို့ကလည်း ဆရာ့ဘက်မှကူ၍ ကျွန်တော့်ကို ပြောပေးနေကြ၏။

ဤကြားထဲက “လွမ်းတေးမဆုံးစေနှင့် စောသခင်””ကို ရေးဖြစ်အောင် ရေးမိသည်။

အမှန်မှာ ၃၅ နှစ်ဟူသော အသက်အရွယ်သည် လူငယ်ပိုင်းမှ လူကြီး ပိုင်းသို့ ကူးဝင်သောအရွယ်ဖြစ်၏။ တစ်နည်းအားဖြင့် ဆောင်းနှင့်နွေအကူးတည်း။

“ကမ္ဘာကုန် ကျယ်သရွေ့ဝယ်” သီချင်းတွင် ကျွန်တော် ရေးစပ်ခဲ့မိသည့်အတိုင်း။ “တစ်ပိုင်းပြည် နွေအဖွင့်သို့”ဟု ညည်းရမည်ရှိနေ၏။ မာန်ခါတွင်း ဖြစ်သော်လည်း ဆောင်းရိပ်သို့ ကြွင်းနေဆဲပင် တကား။ 

နွေဝယ်ဆောင်းပမာ မြူနှင်းလေးတွေ ဝေဝေစီသာ ရှမ်းပြည်နယ်ကို နောက်ခံထား၍ ဤ ““လွမ်းတေးမဆုံးစေနှင့် စောသခင်””ဝတ္ထုကြီးကို ရေးလိုက်

မိပေပြီ။

တောင့်တကြသော ဆောင်းအလှပမာ သမုဒယဘွဲ့ တေးတစ်လွှာ ဖြစ်ပါ၏။

သို့ရာတွင် ဂိမာန်အခါ ဖြစ်သဖြင့် ရော်ရွက်ကြွေသံစည်းနရီ ဖြစ်နေ ခဲ့ပါသော်၊ နွေကန္တာဦး၌လည်း သူ့အပွင့်၊ သူ့အဖူးကြောင့် သူ့နည်းနှင့်သူ ကြည်နူးဖွယ် ရှိလေသည်ဟု ခံစားသိနိုင်ကြပါစေသတည်း။

မေတ္တာရည်၍ တက္ကသိုလ်ဘုန်းနိုင်

၁။ သွေးသစ္စာနှင့် ချစ်မေတ္တာ

၁၉၃၁ ခုနှစ် ဆောင်းကုန် နွေကူးစ တပေါင်းလအခါ ဖြစ်သည်။

သာယာ၀တီနယ်မှ စတင် ပေါက်ကွဲခဲ့သော မျိုးချစ် လယ်သမားသူပုန်ကြီး သည် မြန်မာပြည် အရပ်ရပ်သို့ ကူးစက်ပွားနှံ့လျက် ကိုလိုနီနယ်ချဲ့၊ တော်လှန်ရေး သမိုင်း ကဏ္ဍသစ်တစ်ရပ်ကို သွေးနှင့်ဓားတို့ဖြင့် မော်ကွန်းတင် ဖွင့်လှစ်ဆဲတည်း။

နိုင်ငံ၏ ခေါ်သံကြောင့် ဇာတိမာန် ရှိသူတိုင်း ဓား အဖွေးဖွေး ရဲသွေး အညီညီနှင့် ကိုယ်စီထကြရာ၌ ပြည်မသားတို့တွင်မက ၁၈၈၅ ခု ပါတော်မူ အရေးတော်ပုံမှစလျက် ဗြိတိသျှဆန့်ကျင်ရေး သမိုင်းအစဉ်အလာရှိခဲ့သော ရှမ်းပြည်နယ် မြေမြင့်သား နောင်ညီဖွားတို့လည်း ပါကြသည်။

သို့ရာတွင် ဇာတိမာန်နှင့်သာ အားကိုးရာရှိသော ပြည်မသား လယ် သမားကြီးတို့ ဗြိတိသျှကြေးစား စစ်သားတို့၏ စစ်သေနတ်ကျည်ဆန်များ၌ တဖွားဖွား ကျဆုံးလျက် ပပ်ကြားအက်သော လယ်မြေပြင်ဝယ် မျက်ရည်နှင့် သွေးတို့ ဖုံးလွှမ်းကျန်ရစ်သည့်နည်းတူ ရှမ်းမြေမြင့်ဝယ် မျိုးချစ်အများတို့ သစ်ယာ မိုးမခမော်ရွက်တို့နှင့် တစ်ပြိုက်နက် မြေဝယ် ဖွဲဖွဲကြွေသက် ကျဆုံး နေလေသည်တကား။

ဤသို့လျှင် ကြုံးဝါးသံ၊ ငိုညည်းသံ၊ သေနတ်သံတို့နှင့် ပွက်ပွက်လျှံ ချိန်ဝယ်၊ မြောက်ပိုင်းသိန္နီနယ်၏ တောင်တို့လျှင် မှိုင်းလျက် တောတိုင်းလျှင် ရွက်ဝါကြွေလေသော ပတ်ဝန်းကျင်၌ မထင်ရှားသော တောရပ် တဲအိမ် ငယ်သည် ဆိတ်ငြိမ်စွာ ရပ်တည်နေသည်။

ညဖြစ်သဖြင့် လရောင်သည် မှုန်ရီမှုန်ပျ အေးချမ်းစွာ ကျရောက်နေသည်။ မြူရိပ်ဆင်၍ နွေညမှာ ပို၍ ဝေဝေဝါးဝါးနိုင်၏။

“ရွက်ဝါကြွေ ... နွေမူး .. မူး... ရာသီခါမှီလသာခေါင်၊ မြလွှာမှောင်တိမ် ခိုးမြူး၊ ရွှေဖီဦး .. ပေါ်ရော့မည်လေ .. လေ့၊မေ့ရက်ကယ် ... နေနိုင်တယ်” ။

တဲအိမ်တွင်းမှ စောင်းသံနှင့်အတူ ဆွေးဆွေးမြည့်မြည့် မတိုးမကျယ် သီဆိုလေသော မိန်းမသံ တစ်သံသည် သာယာစွာ ထွက်ပေါ်နေ၏။

တဲအိမ်အတွင်း ဝါးကြမ်းခင်း အဆင့်မြင့်ထက် ချောမောမွန်ရည်သမျှ ခံ့ညား တည်ကြည်လေသော အသက်သုံးဆယ်ခန့် မိန်းမသားတစ်ဦးသည် မှန်စီရွှေချ စောင်းတစ်လက်ကို အသာအယာတီးခတ်ရင်း တေးကို ခပ်ညည်းညည်း ဆိုနေ၏။ မလှမ်းမကမ်းတွင် အသက်အစိတ်ခန့် နှုတ်ခမ်းမွေးရေးရေးနှင့် ရှမ်းယောက်ျားတစ်ဦးသည် အခါလည်သားခန့် ကလေးငယ်တစ်ဦးအား ရင်ဝယ် ပိုက်ရင်း တေးနှင့်ဂီတကို နားစိုက်ထောင်နေ၏။ မိန်းမရွယ်သည် ယောက်ျား နှင့် ကလေးငယ်အား တစ်ချက်လှမ်းကြည့်ပြီး စောင်းတီးကို ရပ်လျက် မေးသည်။ ။

“သားတော်မောင် စက်ပျော်ပြီလား၊ ခွန်မှိုင်းငယ်” ခွန်မှိုင်းဆိုသူက ဤအခါကျမှ ...... ။

“ရင်သွေးတော် အိပ်ပျော်တာ အတန်ကြာပါပြီ၊ သခင်မ တေးသံမှာ ကျွန်တော်မျိုး မိန်းမောမိလို့ သတိမပေးမိပါ”ဟု ရိုသေစွာ စကားပြန်သည်။

မိန်းမရွယ်သည် ဘာမျှ ဆက်မပြောတော့ဘဲ စောင်းကိုချလျက် မလှမ်း မကမ်းရှိ ပုခက်ဆီထသွားကာ ကလေးအိပ်ရန် နေရာပြင်ဆိုသည်။ မိန်းမရွယ်ထံမှ အချက်ပြသည်ကိုမြင်ရမှ ခွန်မှိုင်းသည် ကလေးအား ပွေ့ယူလာ၍ ညင်သာစွာဖြင့် ပုခက်တွင်း၌ ချသိပ်သည်။ ။

ခွန်မှိုင်းသည် ပုခက်ကို အရှိန်ရအောင် လွှဲယမ်းနေခိုက် မိန်းမရွယ်သည် တဲအိမ်ပြတင်းဝ၌ မှီရပ်လျက် အပြင်ဘက်သို့ ကြည့်နေ၏။ 

အပြင်ဘက်တောင်တန်းတို့၌ ရွက်ဝါကြွေနေလေသည်ကို လရောင်၌ ဝါးဝါးမြင်နိုင်၏။ တောင်တန်းများမှာ မြူလွှမ်း၍ ပြာရီမှောင်နေ၏။ 

မိန်းမရွယ်၏ ချောမောသော မျက်နှာဝယ် စိတ်မချမ်းမြေ့မှုမှာ ပေါ်လွင် နေသည်။ သို့ရာတွင် အားငယ်ညှိုး နွမ်းသာ အသွင်မူ မဟုတ်။ မနှစ်သက်လှသော ဖြစ်လာသမျှအား တည်ငြိမ်စွာ ခံယူထားသည့် ဣန္ဒြေရှင်တစ်ဦး၏ မရွှင် ပျမှု သာတည်း။

ခွန်မှိုင်းသည် အိပ်ပျော်နေသော ကလေးငယ်၏ ဖြူစင်သန့်ရှင်းသော မျက်နှာ တစ်ချက်၊ သူ့သခင်မဆီတစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ကို မသိမသာ ချသည်။ ထို့နောက် သူ့သခင်မနှင့် မလှမ်းမကမ်း၌ လာ၍ ရပ်၏။ မိန်းမရွယ်ကသာ မိမိကိုယ်ကို ပြောသကဲ့သို့ တိုးတိုးညည်းသည်။

“တစ်လကျော်သွားပြီ”

ခွန်မှိုင်းသည် မည်သို့မျှမဖြေ။ မျက်နှာ၌လည်း မည်သည့် လှုပ်ရှားမှုကိုမျှ မပြ။ သူ့အနေနှင့်သခင်မ ဘာဆိုလိုသည်ကို နားလည်၏။ ဘာမျှ ပြန်ဖြေစရာ မရှိသည်ကိုလည်း သိ၏။ သူ့ရင်၌ ခံစားမှုတို့သည် ရှိသည်။ သို့ရာတွင် သူသည် ခံစားမှုကို ပြရမည့်သူမဟုတ်၊ ပြတတ်သူလည်း မဟုတ်ခဲ့။ ထို့ကြောင့် သူသည် မည်သို့မျှ လှုပ်ရှားမှုမရှိသော မျက်နှာနှင့် တည်ငြိမ်စွာသာ ရပ်နေ၏။

တဲအိမ်တွင်း၌ လက်ဆွဲ ရေနံဆီ မီးအိမ်တစ်လုံးသာ ရှိသဖြင့် မလင်း လှသော်လည်း အပြင်မှ လရောင်ကြောင့် မမှောင်လွန်းလှ။

ခွန်မှိုင်း ငြိမ်နေခိုက် မိန်းမရွယ်က ခွန်မှိုင်းဘက်သို့ လှည့်၍မေးသည်။ “တစ်လကျော်သွားပြီ ခွန်မှိုင်းရယ် မင်း ဘာသတင်းမှ မရဘူးလား”

ခွန်မှိုင်း၏ နှုတ်ခမ်းများသည် မသိမသာ လှုပ်ရှားသွားသည်။ သို့သော် မည်သည့်စကားမှ ပေါ်ထွက်မလာ။ ကိုယ်ရော မျက်နှာမှာ ကျောက်ရုပ်ကဲ့သို့ ဆက်ငြိမ်နေ၏။

မိန်းမရွယ်က သက်ပြင်းတစ်ချက်နှင့်အတူ မဲ့ပြုံးလေးပြုံး၍ ခွန်မှိုင်းနားသို့ ကပ်လာသည်။ 

“မင်းမှာ ပြောစရာတွေရှိပါတယ် ခွန်မှိုင်းရယ်၊ မင်းနှုတ် ဘယ်လောက် ပိတ်ထား ပိတ်ထား၊ မင်းရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သခင်မ သိတယ်”

ခွန်မှိုင်းသည် ယခုအချိန်အထိ မလှုပ်လာသေး၊ မိန်းမရွယ်ကသာ ခွန်မှိုင်းအား စေ့စေ့တစ်ချက် ကြည့်လိုက်ပြီးနောက် အသာအယာ လက်ခုပ်သုံးချက် တီးလိုက်၏။ မရှေးမနှောင်းပင် မီးဖိုချောင်ဘက်မှ အသက် ၂၀ ခန့် ရှမ်း မိန်းမပျိုတစ်ဦး ကိုယ်ကို ယိုလျက် ဝင်လာသည်။

မိန်းမရွယ်ကသာ ဆက်ပြော၏။

“မင်း မပြောပေမဲ့ နန်းသီတာက မီးဖိုဘေး နေရာက နားတွေ မျက်စိ တွေရှိတယ် ခွန်မှိုင်းရယ် သိရဲ့လား။ ကဲ နန်းသီတာ”

မိန်းမရွယ်က နန်းသီတာခေါ် ရှမ်းမလေးအားကြည့်၍ အဓိပ္ပာယ်ပါပါနှင့်

ပြောလိုက်သဖြင့် နန်းသီတာသည် သခင်မအား တစ်ချက်လှမ်းကြည့်ပြီး ခွန်မှိုင်းအားလည်း မျက်လွှာပင့်၍ ကြည့်ပြန်သည်။ ။

ဤအခါမှ ခွန်မှိုင်းသည် လှုပ်ရှားလာသည်။ သူ့အသွင်၌ နန်းသီတာ အပေါ် မကျေနပ်သည့်ဟန်လည်း ပေါ်နေ၏။ မထူးတော့ဟု ဆုံးဖြတ်ဟန်နှင့် စကား စပြောသည်။

“ကျွန်တော်မျိုးမှာ လျှောက်တင်စရာတွေ ရှိပါတယ်၊ ဒါပေမယ့် သခင်မ စိတ်မချမ်းသာမည်ကို စိုးရွံ့သူ ငယ်ကျွန်ဖြစ်ပါတယ်”

“ဒီထက် ထူးပြီးများ စိတ်မချမ်းသာစရာ လိုသေးလား ခွန်မှိုင်းငယ်”” ခွန်မှိုင်းက မဖြေ။ “ကဲ..ဆိုစမ်းပါဦး”

“နှစ်ပတ်ကျော်က သိန္နီအလွန်မှာ တိုက်ပွဲ ဖြစ်ပါတယ်။ သခင်စောမွန်ဖဘက်က ကုလား မြင်းတပ်တွေပါ ရောက်လာကူတိုက်လို့ တော်ကြီးဖုရား ကစဉ့်ကလျား ဆုတ်ရကြောင်းပါ၊ ဒါပေမဲ့” ခွန်မှိုင်း၏စကားမှာပြတ်သွားသည်။

“ဒါပေမယ့် ဘာဖြစ်သလဲ ခွန်မှိုင်း”

“ဒါပေမယ့် တော်ကြီးဖုရားရဲ့ တပ်တော်တွေ လက်ချက်နဲ့ ကျည်သင့်ပြီးသခင်စောမွန်ဖ ကျဆုံး”

ခွန်မှိုင်းမှာ စကားမဆုံးလိုက်ရ မိန်းမရွယ်သည် ...

“အို...မတ်တော်မောင်ကျဆုံးပြီ”ဟု လွတ်ခနဲအော်လိုက်တာ စကားကို မကြားဝံ့သကဲ့သို့ လက်နှစ်ဖက်ဖြင့် နားများကို ပိတ်ထားသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)