တက္ကသိုလ်ဘုန်းနိုင် - လေရူးသည်စာမတတ်ပါ
အခန်း(၁)
အတိတ်နှင့် ပစ္စုပ္ပန်... ပစ္စုပ္ပန်နှင့် အတိတ်၊ ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်း၊ ပြီးတော့ ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်း။
ဤသည်က စိတ်၊ မိမိ၏စိတ်။ အာရုံတွေကို အာရုံအဖြစ် မထားနိုင် သေးဘဲ ပစ္စုပ္ပန်ဆတ်ဆတ်ပေါ် အတိတ်ရိပ်တွေ၊ အနာဂတ်ရိပ်တွေ အဖုံးခံ၊ အလွမ်းခံ၊ အပြုပြင်ခံနေသည့် မိမိ၏ စိတ်။
မြို့ကြီးကတော့ လှပနေသည်။ ယခင်ကထက် ပိုလှပနေသည်။
“ဟေ့ကောင် မြတ်ထန်၊ အဲလေ... မြတ်မောင်၊ တက်တော့၊ တခြား ကားတွေ ထွက်ကုန်ပြီ၊ ဘာကြည့်နေတာလဲ”
“သူတို့က တစ်နေရာ သွားမှာပဲ၊ သွားနှင့်ပါစေပေါ့၊ တို့ အေးအေး ဆေးဆေးပဲ သွားကြမယ်”
“မင်း အများကြီး ပြောင်းသွားတယ်” “တကယ်လား မြင့်အောင်” “ကဲ... နောက်မှ ပြော၊ အင်း..... တို့ ပြောစရာတွေ အများကြီးရှိတယ်”
မြင့်အောင်က ကားဦးမှ ပတ်ပြီး ဒရိုင်ဘာထိုင်ခုံတွင် ဝင်ထိုင်ရာ သူ့ဘေး ရှေ့ခုံတွင် ဝင်ထိုင်၍ မြတ်ထန်က ကားတံခါးကို ပိတ်လိုက်သည်။
သန့်ရှင်းကျယ်ပြန့်လှပနေသည့် ကမ်းနားလမ်းမကြီးပေါ်မှ ဆန်နီ ပစ်ကပ် ကားဝါလေးက ဘီးလှိမ့်ထွက်လာခဲ့သည်။
“ကဲ... ပြော၊ ငါ ဘာတွေ အများကြီး ပြောင်းလဲနေသလဲ”
“မင်းက ခံ့ပြီး ပိုချောလာတယ်၊ ဣန္ဒြေကလည်း အင်း... ကြီးနေ သလိုပဲ၊ ပြီးတော့ မင်း မျက်နှာမှာ ငယ်ငယ်တုန်းက မာန်ရိပ်တွေ၊ ထန်ရိပ်တွေ မရှိတော့ဘူး၊ အင်းလေ... မင်း အခု နာမည်ကလည်း မြတ်မောင်၊ ဒါထက် မင်းကို မြတ်ထန်လို့ ငါ ခေါ်တာ ကြိုက်ရဲ့လား၊ ငါက နှုတ်ကျိုးနေတဲ့ကောင်”
“ကြိုက်သလို ခေါ်ပါ၊ ပြီးတော့ အခု ဘယ်လို ခေါ်ခေါ် ရပြီပဲ။ မထူးတော့ပါဘူး”
“အဲဒါ ဘာပြောတာလဲ” “သော် ... အားလုံး ပြီးသွားပြီ”
စတီယာရင်ကို ထိန်းမောင်းရင်းက မြင့်အောင်သည် မျက်မှောင်ကုတ် ၍ မြတ်ထန်ဘက် တစ်ချက် ငဲ့ကြည့်သည်။
ပြီးမှ ရှေ့သို့ ပြန်ကြည့်ပြီး အေးချမ်းစွာ ဆို၏။
“အေး..... အားလုံး ပြီးသွားပြီ၊၊ အင်းလေ.. မင်း တို့မြို့ကိုတောင် ပြန်လာပြီ”
မြတ်ထန်က ဘာမျှ ပြန်မပြောဘဲ ငြိမ်နေ၏။
“ခွဲစိတ်ခန်းသစ်ကြီး ဖွင့်ပွဲကို ရန်ကုန်က ပါရဂူတွေ လာတက်မယ် ဆိုတော့ ပထမ မင်းတော့ ပါမယ် ငါ မထင်ဘူး၊ နောက် မင်းဆီက ဖုန်းလာမှ”
“ဒါကတော့ ကိရိယာသစ်တွေ ကိုင်တွယ် အသုံးပြုတာ ပြဖို့ ဒီက ဖိတ်တာကိုး”
“အေးလေ... ဘာပဲဖြစ်ဖြစ် တို့မြို့ဆီ မင်း ပြန်လာပြီပဲ၊ ပြီးတော့ ငါ့အိမ်မှာ တည်းမယ်ဆိုလို့ ငါ ဂုဏ်ယူတယ်”
“ဒီလောက်တောင်ပဲလားကွာ၊ မင်းလည်း တက္ကသိုလ်က ကထိက ကြီး တစ်ဦးပဲဟာ”
ခေတ္တတွေတွေပြီးမှ မြင့်အောင် ဟီးခနဲ ရယ်၏။
“အေး.. အဟေး၊ တို့ ချောင်းရေထဲ ကုန်းကြောင်းလျှောက်ကြတဲ့ ကောင်လေး နှစ်ကောင် မဟုတ်တော့ဘူး၊ ဘာတဲ့ မင်း ပြောတာ၊ ပရီမက်တစ်(ဗ်) အား(ဂျ်)၊ ဟား ဟား”
“မင်း မှတ်မိသေးသားပဲ”
“ဟ..... မှတ်မိသေးတာပေါ့၊ ဘာလ်... မင်းက အားလုံးကို မေ့ပစ် လိုက်ပြီလား” - မြတ်ထန်က မသိမသာလေး သက်ပြင်းရှိုက်၏။
“အဲဒီလို ငါ့စိတ်ကိုငါ မလှည့်စားပါဘူး၊ ပြီးတာတွေ ပြီးပြီ၊ ဒါပေမဲ့ ရင်ထဲမှာ ကျန်နေတာက ကျန်နေတယ်၊ အဲဒီအချက်ကို တည့်တည့်လက်ခံပြီး ဘဝမှာ တည့်တည့်နေရမယ်”
“မင်း အဲဒီလို နေလို့ ရပြီပေါ့”
“ရပြီလေ၊ ရပြီ ဆိုပါတော့၊ မင်း ပြောသလိုပဲ၊ ငါ ဒီမြို့ကို ပြန် လာပြီ၊ ပြန်လာဝံ့ပြီ”
“အား... ဒီစကား ကြားရလို့ ငါ ဝမ်းသာတယ်” ကားက တောင်ဝိုင်းလမ်းတစ်လျှောက် စပြေးသည်။
တောင်ဝိုင်းလမ်း၊ အမှတ်သညာက ပြောနေခြင်းပါ။ ရှုခင်းတွေက ရှေးကနှင့် မတူ။
“မင်း ဘာငြိမ်သွားတာလဲ” “ရှုခင်း” “ဘာဖြစ်သလဲ” “ပိုရှင်း... ပိုလှ... ပိုသာယာသလိုပဲ” “ဟုတ်တာပေါ့။ မြို့အလှကို ဖျက်ဆီးနေတာကြီးမှ မရှိတော့ဘဲဟာ” “အာ... ဟုတ်ပါရဲ့”
တောင်တန်းမှ ပြေပြေ လျှောကျနေသည့် သဘာဝ ကုန်းစောင်း မြက်ခင်းနှင့် ဥယျာဉ်ကို မြတ်ထန်က သမင်လည်ပြန် ကြည့်၏။
“မင်း ရှေ့ကျ ကွမ်းရေကန်ကို လှမ်းကြည့်၊ သာအံ့ဩဦးမယ်" ဟုတ်သည်။ အံ့ဩရသည်။ ယင်း
ယခင်က သည်နေရာက လှမ်းကြည့်လျှင် မြင်ရသည်။ မှိုင်းမှိုင်းညိုညို အိုအို မှုန်မှုန် အနိဋ္ဌာရုံ။
ယခုတော့ လမ်းဆုံမှနေ၍ အရှေ့ဘက်သို့ ပြေးသော လမ်းမကြီးက ပြည်လမ်းမကြီးကဲ့သို့ သစ်သစ်လွင်လွင်၊ ကျယ်ကျယ်ပြန့်ပြန့်၊ ခမ်းခမ်းနားနား။ လမ်းဆုံအဝိုင်းမှာက မျက်စိပသာဒ လှလှသည့် ကျောက်တိုင် အဆင်အယင် မြို့ပြတန်ဆာ။ “အသာယာဆုံး နေရာကို ဝင်တဲ့ထိပ်က အလှဖျက်နေတဲ့ဟာကြီး လည်း မရှိတော့ဘူး၊ ခု ဘယ်လောက် ကျက်သရေရှိလဲ”
လမ်းဆုံ ရောက်အပြီးတွင် မြင့်အောင်က ကားကို လက်ဝဲဘက်ရှိ ကျိုက်မရောလမ်းခွဲအတိုင်း မောင်းသည်။
“မင်း အိမ်က တက္ကသိုလ်ဝင်းထဲမှာ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ၊ မင်းကို ပြစရာတွေ ရှိတယ်၊ အရင်တုန်းက မရှိတဲ့ လမ်းတွေ၊ ဟိုးကျရင် ဗိုလ်ချုပ်လမ်းမကြီးကနေ ပြန်ကွေ့ဝင်ပြီး ငါ့အိမ် ကို သွားမယ်”
လက်ဝဲဘက် အဝေးမှာက စိမ်းပြာသော ကျိုက်သလံတောင်တန်း။ ပြီးတော့ နွေဦးမှာ ဖြစ်သောကြောင့် ရွှေညိုရောင် ရိုးပြတ် အကျန်အကြွင်းနှင့် လယ်ကွင်းများ၊ စိမ့်ရေ ရှိသောကြောင့် ဟိုမှာ သည်မှာ စိမ်းမြနေသည့် မြက်ခင်း နှင့် စိုက်ခင်းများ။
လက်ယာဘက်မှာက တောရိပ် တောင်ရိပ်မှ အိမ်သစ်၊ တိုက်သစ်၊ရပ်ကွက်သစ်များ။
လမ်း၏ လက်ယာဘက် တစ်နေရာတွင် မြင့်အောင်က ကားကို ထိုးရပ်လိုက်၏။
“ဘာလုပ်တာလဲ” “မင်း စိတ်ဝင်စားမှာပါ” “ဘာလဲ” ““မမှတ်မိတော့ဘူးလား၊ ပန်းမခူးရတဲ့ ပိတောက်ရိပ်သာလေ” မှတ်မိသည်။ မှတ်မိရုံမက ရင်က မသိမသာလေး ခုန်လာသည်။ သူက မြင့်အောင်နှင့်အတူ ကားပေါ်မှ ဆင်းလိုက်၏။
“မင်း ပြောတယ်၊ ရင်ထဲမှာ ကျန်နေတာက ကျန်နေတယ်၊ ဒါပေမဲ့ အဲဒါကို တည့်တည့် လက်ခံပြီး ဘဝမှာ တည့်တည့် နေတယ်၊ ကောင်းတယ်၊ ဘဝကို တည့်တည့် ကြည့်ကြမယ်၊ အဲ မရှိတော့တာကိုလည်း ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို့ ယူရင်ပေါ့”
“မင်း ဘာလုပ်တယ် ဆိုတာ ငါ နားလည်တယ် မြင့်အောင်၊ စကား မရှည်နဲ့၊ သွားမှာသာသွား”
“အတိတ်ကို...” “စကားမရှည်နဲ့လို့”
“ပြောသာ ပြောတယ်၊ နေရာဟောင်းကို မှတ်မိပါ့မလား မသိဘူး၊ ရှာကြည့်ကြတာပေါ့”
အဓိပ္ပာယ်ရှိပါသလား မသိ။
သို့ရာတွင် စိတ်ဝင်စားမှု တစ်ခုက ထူးထူးဆန်းဆန်းလေး လှုံ့ဆော် တိုက်တွန်းနေသည်။
ကုန်းရိုးလေး၊ အပြစ်ကင်း သန့်စင်နေသော ကုန်းရိုးလေး။
သစ်ပင်ပုလေးများသာပေါက်သည်။ ဟိုတစ်စု သည်တစ်စု သစ်ပင် အုပ်ကွက်ကွက်များတော့ ကျန်နေသေးသည်။
ပတ်ဝန်းကျင် တောတို့က နွေဦးမှာ သစ်လွင်စိမ်းမြနေ၏။
ဪ... သည်လိုတော့လည်း သဘာဝသည် သဘာဝပါတကား။
ကောင်းကင်ပြာက တိမ်ဖြူးဖြူ၊ ပါးပါးနှင့် လှနေသည်။ နေရောင်က လည်း ကြည်လင်၍ လင်းနေသည်။
နွေဦး၏ လေရူးလေးပင် သဘာဝအတိုင်း တိုက်ခတ်လာနေပါကလား။ မြင့်အောင်က ရှေ့မှ သွားရင်း ဆို၏။
“သာယာတယ်နော်၊ ဒီနေရာကိုလည်း ကျက်သရေရှိရှိနဲ့ တင့်တင့် တယ်တယ် ဖြစ်အောင် သုံးဖို့ လျာထားကြတယ်"
စကားပြောရင်း လျှောက်သော်လည်း မြင့်အောင်၏ မျက်လုံးများက ဟိုကြည့် သည်ကြည့် လုပ်လာသည်။
ခဏ၌မူ သူက ဆို၏။ “ဟာ... ဟောဟိုမှာ၊ အဲဒီနေရာ မဟုတ်လား” သူ ညွှန်ပြသည်က သီးသီးခြားခြား တည်နေသော သစ်ပင်အုပ်လေးတစ်ခု။
အတန်လေး ကြီးနေသော ပိတောက်ပင်က သုံးပင်ခန့်။ စိန်ပန်းတစ်ပင် နှင့် ငုဝါတစ်ပင်လည်း ရှိသေးသည်။
သူငယ်ချင်း နှစ်ဦးက သစ်ပင်ရိပ်များ အောက်တွင် ရပ်လိုက်ကြသည်။
မြင့်အောင်က ပိတောက်ပင် တစ်ပင်၏ ပင်စည်ကို လက်ညှိုးထိုးပြ သည်။
ပင်စည်မှာက သံချေးတက်နေသော သံတစ်ချောင်း ရှိနေသည်။ မြတ်ထန်က မြေပြင်ကို ကြည့်သည်။ ဘာမျှမရှိ။ ဘာမျှ မရှိတော့။ စိန်ပန်းပွင့်ကြွေများသာ မြေမှာ နီနီရဲနေသည်။ ငုပွင့်ကြွေများကလည်းရွှေရွှေဝါဝါ။
ပိတောက်တွေကသာ မပွင့်သေး။ အဖူးစိမ်းပုံ လုံးလုံး သေးသေးများ တော့ ရှိနေကြသည်။
လေရူးကြောင့် သစ်ကိုင်း သစ်ရွက်တွေက ညင်ညင်သာသာ လှုပ်ယိမ်း နေကြသည်။
ဪ... သည်လေရူးနှင့် ပိတောက်တွေ ပွင့်ပါလျှင်လည်း သူ့ရင်က ပြည့်လျှမ်းလာသည်။
ပွင့်ကြွေတို့မှတစ်ပါး အခြား ဘာဆိုဘာမှ မရှိသော မြေပြင်ကို မြတ်ထန်က ငြိမ်လျက် စိုက်ကြည့်နေသည်။
နားတွင်းမှာတော့ တေးသံတစ်ခုက ပေါ်လာနေသည်။