Skip to product information
1 of 6

Other Websites

တက္ကသိုလ်ဘုန်းနိုင် - နွေကန္တာဦး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          နွေကိုလွမ်းသူနှစ်ဦး ယင်းမာပင်ကိုကျော်၍ နာမည်ကြီး သံစကာကွေ့ကို လွန်မိသည် ဆိုလျှင်ပင် နွေကန္တာဦး၏ အရိပ်အငွေ့ကို ထိတွေ့မြင်သိရသကဲ့သို့ အနံ့အသက်ကလေး များကိုလည်း ရှူရှိုက်ခံစားရသည်။

          အိပ်မက်ဆန်သော ကမ္ဘောဇ ရှမ်းမြေမြင့်၏ တောင်ရိုင်းတောင်လှိုင်း တောင်တံတိုင်းတို့သည် နောက်၌ ကျန်ရစ်ပြီ၊ ထင်းရူးသည် ကလောအလွန် ကတည်းက နှုတ်ဆက်နေရစ်သည်။ တောင်ကြီးခရိုင်နှင့် မိတ္ထီလာခရိုင်နယ်စပ် မကွေး ကြိုးဝိုင်းအစ နမ့်ပန်ဒက် ချောင်းယဉ်ဘေးဆီကတည်းက ရွက်ကြွေစ ကျွန်းပင်တို့ ကလည်း ခရီးတစ်လျှောက် လိုက်ပါမလာတော့။

          မော်တော်ကားလမ်းဘေး ဝဲယာတွင် မြေမြင့်နှင့် လွင်ပြင်ကိုပင် အဆက် မပြတ်အောင် သစ္စာရှိစွာ သွယ်နွယ်အုပ်ဆိုင်း ပေးလေသော ဝါးတောပုပု တို့သည်သာ ရှုခင်းကို စိုးမိုးနေ၏။

          မြရည်ကို ဆောင်ချင်ပေလျက် ဝါးရုံအုပ်တို့သည် ရွှေဝါသွေးကို ရေးရေးပြ ကြရပြီ၊ ရွှေဝါ ရွက်တို့ထံမှ သင်းပျံ့ပျံ့ရနံ့သည် မွေးကြိုင်ကြိုင် လှိုင်လေသည်။

          တောနှင်းသောက်ရသောကြောင့် မခြောက်မစို တောင်ညိုညိုကလည်း မြေသင်း ရနံ့ ပျံ့ပျံ့ပျူးလေသတည်း။

နွေ၏ ရနံ့၊ ချစ်ဖွယ်သော နွေကန္တာဦး၏ ရနံ့။

          သြော်... နွေကန္တာဦး၏ သွေးသောက်ရောင်းရင်းဖြစ်သည့် ထနောင်း ဆူးဖြူနှင့် ဆူးရစ်တို့ပင် ပေါ်လာနှုတ်ဆက် ကြိုဆိုလေပြီ။ သြော်... ကြိုဆိုကြ လေပြီ။

         ကျွဲတပ်ဆုံရွာအလွန် တံတားကုံး အနီကြီးကို ကျော်မိ၍ ညင်ညင်သာသာ ကွေ့ဝိုက်ရှည်သွယ်လေသော ကားလမ်းပေါ်အရောက်၌ (စ)နံပါတ်တပ် ဖီးယက်(စ်) ကားကလေးကို ရှေ့ပိုင်းမှ မောင်းနှင်လာသူ ဒရိုင်ဘာသည် မသိမသာ သက်ပြင်းချသည်။ သူ့သက်ပြင်းကား စိတ်လက်ပေါ့ပါးသွားသောကြောင့် ချလေသည့် သက်ပြင်း။

          မြေပြန့်သို့ ရောက်လေတော့မည်။

          စတီရာရင်ကို ထိန်းရင်း မသိမသာ ခေါင်းနောက်လှည့်၍ ဒရိုင်ဘာက ဆိုသည်။

          “မြေပြန့်ရောက်တော့မယ် ဆရာ၊ တော်တော်လေး အိုက်လာတယ်နော်ဆရာ”

          ကား၏ နောက်ခန်း၌ ကိုယ်ကို နောက်လှန်ကာ ခေါင်းကို မော့ရင်း ဘေးဘီကိုလျက် လိုက်ပါလာသည့် “ဆရာ” အခေါ်ခံရသော တစ်ဦးတည်း လူရွယ်က အထူးအထွေ ပြန်မဖြေ “အင်း”ဟုသာ ရှည်ရှည်ညည်းညည်း တုန့်ပြန်၏။

          ခက်ခဲလှသည် မဟုတ်သော်လည်း သိသိသာသာ ကွေ့ဝိုက်၍ မသိမသာ တွန့်လိမ်လေသော လမ်းဖြစ်သောကြောင့် ဒရိုင်ဘာသည် သတိမူလျက် ကားကို အရှိန်မပြင်းတပြင်း မောင်းသည်။

          မောင်းလျက်ကလည်း စဉ်းစားမိသေးသည်။

          သူ့ဆရာသည် ခါတိုင်း၌မူ နှုတ်သွက်သူဟု မဆိုနိုင်စေ နှုတ်လေးသူကား မဟုတ်၊ ယခု ဤခရီးတွင်မူ နှုတ်နည်းသည်၊ ရွက်ဝါတို့ကို စမြင်လေသည်မှစ၍ အထူးနှုတ်ဆိတ်သည်။ ဤအတွက်မူ အနည်းငယ် အံ့သြမိသည်။ သို့ရာတွင် ဆရာ၏ ဤမူဟန်ကြောင့် သူ့၌ ကန့်ကွက်ဖွယ်မရှိ၊ သူ့အလုပ်က ကားကို ကောင်းကောင်းမှန်မှန် မောင်းရန်သာ မဟုတ်လေလော။

          ဖြစ်နိုင်သည်မှာ အေးချမ်းသာယာသော တောင်ကြီးမြို့မှ ပူအိုက်သော ဤဒေသနားအရောက်၌ ဆရာသည် ပင်ပန်းနေရော့မည်။ အမှန်က ဆရာသည် အမြဲပင်ပန်းနေသူ ဖြစ်လေသည်။ နေ့မအိပ်ညမအိပ် လူနာတွေနှင့် အမြဲပင်ပန်း နေသူသာတည်း၊ ယခုလည်း ပင်ပန်းသောကြောင့် ကားနောက်ခန်း၌ အိပ်မောကျပါလာလေသည်လား မပြောတတ်၊ ဆရာအိပ်မောကျ ပါလာလျှင်မူ သူ ဝမ်းသာ ရမည်၊ သူ့ဆရာသည် ည၌ အိပ်မောကျတတ်သူမဟုတ်၊ ဒါကိုတော့ သူသာ အသိဆုံးပါ။ အသိဆုံးပါ။

          ဒရိုင်ဘာသည် ဤသို့ စဉ်းစားကာ ဂီယာ မပြောင်းရရုံ အရှိန်ပေး၍ `ကားကို မှန်မှန်လေး မောင်းလာ၏။

          ကြင်နာသိတတ်၍ တာဝန်ကျေသော ဒရိုင်ဘာခမျာ သိရှာမည် မဟုတ်၊ အမှန်မှာ သူ့ဆရာသည် အိပ်မောကျ၍ ပါလာသည်မဟုတ်ပါ၊ အိပ်မက်မူးရီနှင့် ဆိုလျှင်မူ မှန်လိမ့်မည် ထင်သည်။

          အိပ်မက်ဆန်သော ကမ္ဘောဇ ရှမ်းမြို့တော်၏ ချယ်ရီတောနှင့် ထင်းရှူးမြိုင် ရိပ်ဝယ် သူသည် အိပ်မက်မူးရီ မဖြစ်ခဲ့ဘူး။ ထာဝစဉ် ဆောင်းလဆန်သော ရှမ်းမြို့တော်သည် သူ၏ပစ္စုပ္ပန်သာ ဖြစ်သည်။ လှုပ်ရှားရင်း ရှင်သန်နေရသော ပစ္စုပ္ပန်သည် အိပ်မက်မူး ရီဖွယ်ရာ ပတ်ဝန်းကျင်ကို မပေး။

          အတိတ်ဆိုသည်မှာမူ အိပ်မက်ဆန်သည်။ သို့မဟုတ် မရှိသည်ကို ရှိယောင်အဖြစ် အိပ်မက်ပမာပြလာ လှည့်စားတတ်သည်။ သည်အတွက်မူ သူ့ အတွက် ဝမ်းနည်းရမည်လော၊ ဝမ်းသာရမည်လော မပြောတတ်၊ ကြည်နူး လွမ်းဆွတ်မိသည်ကိုမူ သိသည်။ တစ်ခါတစ်ရံတော့ ကြံကြံဖန်ဖန် တွေးမိသည်။ မသိနိုင်သော နောင်ဘဝခေါ် အနာဂတ်ဆီ သယ်ပိုးပေးသည်ဆိုသော သေခြင်း တရားရှိသည့်နည်းတူ သိခဲ့ဖူးသော်လည်း မရှိတော့ပြီဖြစ်သည့် အတိတ်ဆီ ပြန်ခေါ်သွားနိုင်သည့် နောက်ကြောင်းပြန် သေခြင်းတစ်မျိုးများ ရှိခဲ့လျှင် ကောင်းများ ကောင်းလေမည်လောဟု တွေးမိသည်။ ကောင်းကောင်းလေမည်လော မှန်သည်။ ကောင်းများကောင်းလေမည်လော၊ အတိအကျတော့ မသိပါလေ၊ အကြောင်းမှာ အတိတ်ကာလမှ ကြည်နူးလွမ်းဆွတ်ဖွယ်ရာများသည် ကောင်းခြင်း ဆိုးခြင်းနှင့် မဆိုင်၊ ခံစားမှုနှင့်သာ ဆိုင်သည်။ ကောင်းသည်ကိုလည်း ခံစားရသည်။ မကောင်းသည်ကိုလည်း ခံစားရသည်။ ခံစားရသည့် အရာမှန်သမျှသည် ကြည်နူး လွမ်းဆွတ်ဖွယ်ရာချည်းသာတည်း။

          သူက သူ့ အတွေးနှင့်သူ ငြိမ်ပါလာခိုက် ကားသည် ဘုရားငါးဆူ တောင်ကြားဝသို့ ဆိုက်ရောက်လာသည်။ တောင်ကြားဝနောက်ဆုံး မြေမြင့်မှ လှမ်းမျှော်ကြည့်လျှင် သာစည်လွင်ပြင်သည် မျက်စိတဆုံး ပြန့်ချင်တိုင်းပြန့်၍ ပြောချင်တိုင်း ပြောနေ၏။

          နွေ၏ ညနေပိုင်းမြူတို့ လွင်ပြင်ကို မှုန်မှုန်လွှမ်းနေသော်လည်း ရှုခင်း ဝါးအောင် ဆိုင်းဆို့ခြင်းတော့ မရှိသေး။ အနောက်မိုးပြင်ဝယ် ဝင်ပြီးစနေသည်ရောင်လျှံကို ချန်ထားဆဲဖြစ်သောကြောင့် သည်ကနေကြည့်လျှင် နောက်ခံကားပြု အရာဝတ္ထုတိုင်းကို သဲသဲကွဲကွဲ မဟုတ်သည့်တိုင်စေ စေ့စေ့စပ်စပ် သတိပြုရာက မြင်နိုင်သေးသည်။

          ဒရိုင်ဘာက အော်သည်။

          “ဟိုမှာ ဆရာ ပုပ္ပား၊ ပုပ္ပားကို မြင်နိုင်သေးတယ်” - နောက်မှ သူကလည်း လှည့်ကြည့်သည်။ အမြင့်မှစီးကြည့်ရသောကြောင့် နွေ၏ခရမ်းရောင်လွင်ပြင်သည် ပြန့်ချင်တိုင်း ပြန့်သွားရာမှ မိုးကုပ်စက်ဝိုင်းဆီ၌ အနံလိုက် ထောင်တက်နေသယောင်ယောင်ရှိသည်။ မိုးကုပ်စက်ဝိုင်း၏ နယ်နိ မိတ်အစပ်ကို ကျော်မိုး ထိုးထောင်လျက် တိမ်စိုင်လိုလို တိမ်တောင်နှယ်နှယ်နှင့် ပုပ္ပားတောင်မင်းကို သီးသီးခြားခြား ထီးထီးမတ်မတ် မြင်ရ၏။

          ဒရိုင်ဘာက ဆိုသည်။

          “ဟောဒီ နေရာကိုရောက်တိုင်း ပုပ္ပားကို လှမ်းမြင်မိတယ်ဆရာ၊ တောင်တန်းကြီးတွေထဲ ကားမောင်းလာတုန်း စိတ်က ကျဉ်းကြပ်တယ်၊ လွင်ပြင်ကို ဘွားခနဲတွေ့ရတော့ စိတ်က အိပ်မက်ကနိုးသလို လွတ်လပ်သွားတယ်၊ ပုပ္ပားကို လှမ်းမြင်ရတော့ အင်း ဟိုဒင်း အောက်မေ့ချင်တယ် ဆရာရယ်”

          သူက စိတ်ဝင်စားဟန်နှင့် ဒရိုင်ဘာကို ပြန်မေးသည်။

          “ဘယ်လို ကိုထွေးရင်၊ ပုပ္ပားကိုမြင်ရတော့ အောက်မေ့ချင်တယ် ဟုတ်စ”

           ဒရိုင်ဘာ ကိုထွေးရင်က ပြုံးခြင်းထက် သာရုံရယ်သည်။

          “ဟုတ်တယ်၊ အောက်မေ့ချင်တယ်၊ ကျွန်တော်က ကျောက်ပန်းတောင်း သား မဟုတ်လားဆရာ၊ ကျွန်တော်ဖတ်တဲ့ ဝတ္ထုရေးဆရာတွေရဲ့ အသုံးနဲ့ပြောရရင် လွမ်းတယ်ပေါ့၊ ပုပ္ပားကိုလွမ်းတယ်၊ ကျောက်ပန်းတောင်းကို လွမ်းတယ်၊ အထူး သဖြင့် ပုပ္ပားနဲ့ ကျောက်ပန်းတောင်းရဲ့ နွေကို လွမ်းတယ်၊ ကျွန်တော် သိပ်ကဗျာဆန်သွားသလားဆရာ”

          သူ့ဆရာက ရယ်သည်။ သူ့ဆရာ ရယ်သောကြောင့် ကိုထွေးရင်ကလည်း လိုက်ရယ်သည်၊ ရယ်ခြင်းပြီးကြလျှင် သူ့ဆရာထံမှ စကားတစ်ခုခု ကြားရလိမ့် မည်ဟု ကိုထွေးရင်က မျှော်လင့်ထားသည်။

          သူ့ဆရာထံမှ စကားသံ ထပ်မပေါ်လာ၊ ကိုထွေးရင်မှာ ပွဲမကျသော ပြက်လုံးကို ထုတ်မိသည့် လူရွှင်တော်ကဲ့သို့ ခံစားရရှာ၏။

          ကိုထွေးရင်သည် ကားကို မှန်မှန်သာ ဆက်မောင်းလာခဲ့ရ၏။

          ဖွင့်ထားသော ကားမှန်တံခါးတို့မှ လေသည် အသံမြည်လျက် ဝင်လာ နေ၏။ နွေ၏လွင်ပြင်လေသည် ကုန်းမြေမြင့်မှ ထာဝစဉ်ဆောင်းဆန်သောတောင် တန်းလေနှင့် ကွာခြားလှသည်။ တောင်တန်းလေက နုသည်၊ ထိတွေ့ရာ၌ ပေါ့သည်၊ ခံစားမိရာ၌ အေးမြလတ်ဆတ်သည်။ နွေ၏လွင်ပြင် လေက ကြမ်းသည်။ ထိတွေ့ရာ၌လေးပင်သည်။ ခံစားမိရာ၌ ပူနွေးထိုင်းမှိုင်းသည်။ ဪ ငိုက်မြည်းဖွယ်ရာလည်း ရှိသတည်း။

          ကားလမ်းသည် ဖြောင့်ဖြောင့်ပြေးနေ၏။ ဝဲယာ ဘေးတစ်ဖက်တစ်ချက် တွင် ဝါးရုံတောတို့ ပျောက်ကွယ်သွားပြီ၊ လယ်မြေ ယာမြေတို့က ခြောက်ခမ်း ပတ်ကြားအက်နေသည်၊ ထနောင်းပင်ပု၊ ဆူးဖြူပင်မှီ၊ ဆူးရစ်ပင်ပြတ်တို့သာ ချုံသာသာ အမြင့်အစုနှင့် ပုပုနိမ့်နိမ့်ဖြင့် မြေကိုကင်းစောင့် တန်ဆာဆင်နေကြ၏။

          လေ၌ ဖုန်မှုန့်မြေနံ့တို့သာ စိုးမိုးသည်၊ သို့ရာတွင် ခံပွင့်ဦးတို့၏ ရနံ့များကကြိုးစားသင်းပျံ့ကြည်နေကြသည်။

          သြော်...နွေကန္တာဦး၌လည်း သူ့အပွင့်၊ သူ့ အဖူး၊ သူ့ရနံ့၊ သူ့ဓာတ်နှင့် သူ့အထာအလျောက် လှပသော လွမ်းမောဖွယ်ရာတို့ ရှိနေကြသည်။ ရှိနေကြ ပါသည်။

          ရှေ့တစ်မိုင်ခန့် အဝေး၌ လွင်တီးခေါင် သစ်ပင်ကျွန်းငယ်ပမာ ရွာဟုသာ သိသာသော တစ်နေရာကို လှမ်းမြင်ရသည်။

          ထိုအခါကျမှ ကား၏နောက်မှ ဆရာက စကားဆိုသည်။ “ခုနင်က ဘာတဲ့၊ အင်း... ကိုထွေးရင်က နွေကို လွမ်းသတဲ့ ဟုတ်လား” 

          “ဗျာ ခင်ဗျာ၊ဆရာဘာပြောတာလဲ”

          “ဪ... စောစောက ကိုထွေးရင်က နွေကို လွမ်းတယ်ဆိုလို့ပါ”

          “ဪ... အဟင်း... အင်း... အင်း ...ဟုတ်ကဲ့ဆရာ” 

          “နွေကိုလွမ်းတယ်လို့ မပြောဘဲနွေကို ချစ်တယ်လို့ ပြောကြရအောင်”

           ကိုထွေးရင်က မျက်မှောင်ကြုတ်၍ တစ်ချက် စဉ်းစားသည်။ ထို့နောက် သူဖတ်ဖူးသော ဝတ္ထုတစ်ခုတွင်းမှ ဇာတ်ဆောင်တစ်ဦး၏ လေသံကို အတုယူ၍ တည်ကြည်စွာ ဖြေသည်။

          “ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး ဆရာ”

          “ကိုထွေးရင်အနေနဲ့ ကန့်ကွက်စရာလည်းမရှိဘူး၊ နွေကိုချစ်တယ်ဆိုရင် ဟောဟိုရှေ့က ရွာမွန်သာမှာ ခဏနားကြရအောင်လား”

          ကိုထွေးရင် ငိုင်သွား၏။ ထိုနောက် အသံပျော့ပျော့နှင့် ကန့်ကွက်သည်။

          “နေဝင်ပြီဆရာ၊ မိတ္ထီလာရောက်အောင် တစ်နာရီနီးပါး ဆက်မောင်းရ ဦးမယ်၊ နောက်ကျနေရင် ဆရာကြီး ဒေါက်တာဦးဘမောင်နဲ့ ဇနီးကလည်း စိတ်ပူနေကြဦးမယ်” ။

          “ဦးဘမောင်က စိတ်ပူစိုးရိမ်တတ်သူ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း အင်မတန် လူအားကိုးတဲ့ ခရိုင်ဆရာဝန်ကြီး ဖြစ်နေတာ မဟုတ်လား၊ ဒို့ရွာမွန်သာမှာ ခဏနားကြရအောင်”

          “ဒါပေမယ့် ခက်တာကဆရာ၊ ဆရာတို့က မိတ္ထီလာမှာ တစ်ညအိပ်ပြီး မနက် ၅ နာရီထိုးထ ရန်ကုန်ကို အရောက်မောင်းမယ်ဆို၊ ဆရာတို့ ဆေးပညာ ညီလာခံက သဘက်ခါ စတော့မယ်ဆို” 

          “ဟုတ်တယ် အဲဒါကြောင့်လည်း ဆရာ ရွာမွန်သာကို ဝင်မယ်၊ ခင်ဗျားမှာ ကန့်ကွက်စရာ ရှိသေးလား ကိုထွေးရင်”

          ကိုထွေးရင်က ခေါင်းကို အသာအယာ ခါသည်။

          “ဆရာ့ကို ကျွန်တော် ဘယ်တုန်းကမှ မကန့်ကွက်ဖူးပါဘူး၊ ဆရာ ပင်ပန်းမှာ စိုးလို့ပါ”

          “ဒါဖြင့်ရင် ရွာမွန်သာမှာ ခဏရပ်ပေးပါ” 

          “ဟုတ်ကဲ့ ဆရာ” ကားသည် ဆက်လက်ပြေးလာခဲ့၏။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)