ညီပုလေး - ဝထ္ထုတို ၅ ပုဒ်
ရတနာပုံ ရွှေမန္တလေးဝတ္ထု
“သူတော်...”
“ဟဲ့ သူတော်...”စည်ရှင်ဘုန်းကြီးရဲ့ အသံ။
နောက်ဆုံးတစ်ခွန်းက ငေါက်သံပါပြီး ပထမတစ်ခွန်းထက် ပိုမာလာတယ်။
“ဘုရား...” လို့ အမြန်ပြန်ထူးလိုက်ရတယ်။ “မြန်မြန်လာ... မနက်တိုင်း နှင့်စောင့်စောင့်နေရတာ နေမြင့်လှပြီ”
ကျောင်းတိုက်ရှေ့က တမာပင်အောက်မှာ တန်းစီပြီး ဆွမ်းခံကြွ ကြမယ့် သံဃာတွေ စုံနေကြပါပြီ။ သုနန္ဒက ညစ်ပြီး ကျုပ်ကို လှမ်း မခေါ်ဘူး။ ဆရာတော်တို့ရှိရာကို သူ အရင်သွားနှင့်ပြီး လူလုံးပြနေလို့ သာ ကျုပ် ဒီလိုအငေါက်ခံရတာပေါ့ ။
ကျုပ်ရဲ့ ပိတ်ဖြူကလနံကို သေသေချာချာပြင်ဝတ်ပြီး လက်စွဲတော်ကြေးစည်နဲ့ တင်းပုတ်ကလေးကိုခေါင်းရင်းက ဘုရားစင်မှာ ရှာတော့ တင်းပုတ်လေးသာတွေ့ပြီး ကြေးစည်က ဘယ်ရောက်နေမှန်း မသိ။ ကျောင်းသားတွေပဲ မနေ့ညနေက ယူဆော့ကြပြီး နေရာတကျ ပြန်မထားတာလား။ သုနန္ဒကပဲ “ချောက်” ချချင်လို့ ဝှက်ထားခဲ့လေ သလား။ သေသေချာချာလှန်လှောရှာတော့ ကျပ်ခြေရင်း သင်ဖြူးအောက်ကတွေ့တယ်။ ဒါတစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ။ ကျုပ် ကတော့ သုနန္ဒလက်ချက်လို့ ထင်မိတယ်။ ကျုပ်အပေါ် သုနန္ဒက ဒီလိုခဏခဏညစ်နေကျ။
နေ့တိုင်းလိုပါပဲ။ တမာပင်အောက် ကျုပ်ရောက်တဲ့အခါ ဦးပဉ္စင်းတွေ သင်္ကန်းကို လက်ကတော့ထိုးပြီးလို့ သပိတ်လွယ်ရင်း ဝါစဉ်ကြီးငယ်အလိုက် နေရာယူတန်းစီပြီး နေကြပြီ။ ဆရာတော်ပါးစပ် က ဘာမှမပြောဘဲ ကျုပ်ကို မျက်လုံးနဲ့ လှမ်းကြည့်လိုက်တယ်။ ဒီ အကြည့်ရဲ့ နောက်မှာ အဓိပ္ပာယ်တွေ တစ်သီတစ်တန်းကြီးပါလာတယ်။ ကြိမ်လုံးကြည့်ထား သူတော်၊ နောက်နေ့တွေ ဒီလိုနောက်ကျရင်တော့ ဒဏ်ပေးမယ်။ ထကြွလုံ့လနည်းရကောင်းလား သူတော်ဆိုတဲ့ အကြည့်၊ ဆုံးမတဲ့အကြည့်။
ဦးပဉ္စင်းတွေကတော့ ကျုပ်ဒီလိုအငေါက်ခံရတာ အကြည့်ခံရ တာကို သဘောကျနေကြပုံပါပဲ။ ပြီးတဲ့ ဦးပဉ္စင်းတွေက ပြုံးလို့၊ သူတော် သုနန္ဒကဆိုရင် သိပ်ကျေနပ်တဲ့ အပြုံးနဲ့ပေါ့။ ခဏနေတော့ ဆရာတော်က မိန့်ပါတယ်။
“ကဲ သူတော် ကြွ...ကြွ”
ဘုန်းကြီးက ရိုးရိုးမိန့်တာပေမဲ့ ကျုပ်စိတ်ထဲမှာတော့ နည်းနည်း ငါ့သံပါနေတယ်လို့ ထင်လိုက်မိတယ်။
နယုန်လ အရုဏ်ဦးရဲ့ လေပြည်ကလေးတွေဟာ ဟိုဟိုဒီဒီ ပြေးလွှားနေကြတယ်။ ဒီလေပြည်လေးတွေက မစိုးရိမ်ကျောင်းတိုက်နာရီစင် ရဲ့ “ငါးနာရီထိုးပြီ” ဆိုတဲ့ နာရီတီးသံကို သယ်လာကြတယ်။
ကျောင်းတိုက်ရဲ့ မြောက်ဘက်တံခါးရောက်တော့ ငါး နာရီထိုးတဲ့ သင်္ကေတသံက ဆုံးသွားတယ်။ ဒီလိုဆို ကျုပ်တို့ ဘယ်နောက်ကျလို့ တုံး ခါတိုင်းလိုပါပဲလား၊ အချိန်မှန်ပါရဲ့နဲ့။
မြောက်ဘက်တံခါးကထွက်တော့ ကြေးစည်ကို ထုံးစံအတိုင်း တီးတော့မယ်အလုပ်မှာ သုနန္ဒက...
“အာဒိစ္စ ကြေးစည်တီးတော့လေ” တဲ့။ ဆရာတော် မကြား အောင် အသံအုပ်အုပ်နဲ့ လှမ်းပြီးပြောတယ်။ သူတော်သုနန္ဒ သက်သက် မဲ့ဆရာလုပ်တာ၊ လျှာရှည်တာ၊ သူတော် လည်လုပ်တာ။ ကျုပ်အပေါ် တမင်လာညွန့်တာ၊ ကျုပ်သိတာပေါ့။ ချက်ချင်းပဲ နောက်ကိုလှည့်ပြီး “မိုက်ကြည့်” ကြည့်လိုက်တယ်။ သူ့ကိုရွဲ့ပြီး ကြေးစည်ကို အကျယ်ကြီး လိုက်တီးတော့ ကြေးစည်သံဟာ ဝေဝေလွင်လွင်နဲ့ အောင်ဓူဝံ” ရပ်ကွက်ထဲမှာ ပျံ့လွင့်သွားတယ်။ စိတ်ထဲမှာတော့ သုနန္ဒကို တေးထား မိတယ်။ သူဝတ္ထုတွေ၊ ကာတွန်းတွေ ခိုးခိုးဖတ်နေတာ ဆရာတော်ကို ကျုပ် မတိုင်ချင်လို့။ တိုင်လိုပဲလို့ကတော့ ဘာပြောကောင်းမလဲ။ ဒီသူတော်ကို မြင်းခြံကားပေါ်တင်ပြီး ရွာပြန်ပို့ပစ်မှာ သေချာတယ်။
အောင်ဓူဝံရပ်ကွက်ဆိုတာလည်း လက်လုပ်လက်စားတွေ အနေ များတော့ တဲတွေနဲ့ အိမ်တွေက လွှမ်းနေတာပေါ့။ တိုက်ဆိုလို့ နံကပ် တစ်ထပ်အဟောင်းကလေး နှစ်လုံးရှိရဲ့။ ဒီနံကပ်တိုက်က တိုက်ကလေး ရှင်တွေကလည်း ဆွမ်းတွေဘာတွေ လောင်းလေ့မရှိကြပါဘူး။ ဘယ် မှာအလှူတွေသွားလုပ်နေကြတယ်တော့ မပြောနိုင်ဘူး။ အံမယ် လမ်းတောင်ဘက်ထိပ် အာရောဂျုံတိုင်းရင်းဆေးတိုက်” က ဆရာကြီး ကတော် ဒေါ်စိန်ဦးတောင် ဆွမ်းလောင်းမှကိုး။ ဟုတ်ပေသားပဲ။ ဒီနေ့အင်္ဂါနေ့၊ ဆရာကြီးကတော်မွေးနေ့ ။ ပြီးတော့ ပန်းထိမ်ဖိုကလည်း ဆွမ်းလောင်းတယ်။ အောင်ဓူဝံရပ်ကွက်မှာ ဒီနေ့တော့ ဒီနှစ်အိမ်ပဲ ဆွမ်းလောင်းလိုက်ကြတယ်။ ဆရာကြီးကတော် ဒေါ်စိန်ဦးကတော့ ထုံးစံအတိုင်း ကျုပ်အတွက်ဆွမ်းတစ်ဇွန်းကို သူတော်သုနန္ဒရဲ့ ကျပ်ထဲလောင်းနေကျ။ တချို့ ဒကာတွေ ဒကာမတွေက ကျုပ်လို ကြေးစည် တီးတဲ့သူတော်ကို ထည့်တွက်ကြတာ မဟုတ်ဘူးလေ။
ကျောင်းရောက်တော့ တစ်စားပွဲတည်းအတူ ဆွမ်းစားကြရပေမဲ့ တစ်ခါတလေတော့လည်း သူတော်သုနန္ဒလို ကျပ်ကို ထမ်းချင်သေး တာပေါ့ ။ ကျပ်ကို သုနန္ဒက သူတော်ပိုင် စီးထားတယ်။ ကျုပ်ကို တစ်လှည့်မပေးဘူး။ ကြေးစည်ချည်းပဲ နေ့တိုင်းတော့ ဘယ်သူ တီးချင် မလဲ။ ကြေးစည်က ပေါ့ပေါ့ပါးပါးတော့ရှိပါရဲ့။ ကျပ်ဆိုတာ ကြာလေ ညောင်းလေ၊ လက်အံသေလာလေပေါ့။ ဒါပေမဲ့ အရပ်ထဲမှာ ခွေး ဟောင်တော့ ရှေ့ဆုံးက ကြေးစည်တီးတဲ့ကျုပ်ကို ဟောင်တာမဟုတ် လား။ ဦးဇင်း ပြုံးညိုကတော့ ကြေးစည်တီးတဲ့လူက နောင်ဘဝကျ အသံကောင်းတဲ့ နတ်သားတွေဘာတွေ ဖြစ်နိုင်သတဲ့။ ဦးဇင်း ပြုံးညို ပြောတဲ့စကားအတိုင်း တကယ်ဖြစ်လာရင်တော့ မဆိုးပါဘူး။
အောင်ဓူဝံရပ်ကိုကျော်ခဲ့ပြီး ငှက်ပျောခြံထဲကိုရောက်တယ်။ ဒီခြံ တွေထဲကလည်း သိပ်တော့ ဆွမ်းလောင်းလေ့မရှိဘူး။ ဆယ်ခါရံတစ်ခါလောင်းကြတာပါ။ အလယ်ခြံက ဦးလေးကြီးကတော့ထူးတယ်။ တစ်နှစ်လုံးမှာ ဇူလိုင်လထဲမှာ စောစောပိုင်းတစ်ရက်ပဲ ဆွမ်းလောင်း တယ်။ အဲဒီနေ့ကျရင် ပြက္ခဒိန်မကြည့်နဲ့တော့။ တစ်ပြည်လုံး ဝမ်းနည်းကြေကွဲကြတဲ့နေ့ပဲ။ စတုတ္ထခြံက ဆွမ်းခပ်နီနီတွေလောင်းတယ်။ အခု ထိတော့ သပိတ် ထဲက ဝတ်ခွက်တွေဟာ ချောင်ချိအားလပ်နေတုန်း ပါပဲ။
ငှက်ပျောခြံကိုကျော်ပြီး မြတောင်ကျောင်းတိုက် အနောက် မြောက်ထောင့်မှာ ခဏရပ်ကြတယ်။ ကျုပ်တို့ကျောင်းရဲ့ အရှေ့ဘက် ဒဟတ္တာရပ်တို့၊ ရှမ်းဝိုင်းတို့၊ မုန့်တီစုရပ်တို့က ဒကာ၊ ဒကာမတွေဆီ က ဆွမ်းခံပြီး မြို့ထဲကိုကျုပ်တို့နဲ့ ဆွမ်းခံအတူကြွကြမယ့် သံဃာတော် တွေ ဒီနေရာမှာ လာပေါင်းကြပါတယ်။ ကျောင်းကအထွက်မှာ ကျုပ် တို့နဲ့ အတူထွက်ခဲ့တဲ့ သံဃာတော်တွေထဲက ဒေးဝန်းတို့၊ ဂေါဝိန်တို့ကို ဆွမ်းခံကြွကြမယ့် ဘုန်းကြီးတွေလည်း ဒီနေရာကနေခွဲပြီး အနောက် ဘက်ကို ကြွကြတယ်။
ခဏနေတော့ ဆရာတော်က “သူတော် အာဒိစ္စ”တဲ့။
နောက်ထပ်တစ်ခွန်းမှ ဆက်မိန့်စရာမလိုတော့ဘူး။ ကျုပ်က ကြေးစည်ကောက်တီးလိုက်တယ်။ ရှေ့ဆက်ပြီး ဆွမ်းခံကြွတော့မယ် ဆိုတဲ့ သင်္ကေတဆိုလည်း ဟုတ်ရဲ့။
ကျုပ်တို့သံဃာတန်းဟာ အခုဆိုရင် အပါးအစိတ်လောက်ရှိပြီ။ ရှေ့ဆုံးကကျုပ်၊ ပြီးတော့ သုနန္ဒ၊ နောက်က ဆရာတော်၊ ဆရာတော် နောက်ကမှ ဦးပဉ္စင်းတွေ ဝါစဉ်လိုက်လို့ နောက်ဆုံးက ကိုရင်ဘဒ္ဒိယ တို့၊ ကိုရင်ဇောတိကတို့ ၊ ရှင်ပဒုမတို့...။
မလွန်ရပ်ကွက်ကြီးထဲက မလွန်နီးပါးတန်းတို့၊ မလွန်ပွတ်တန်း တို့၊ မလွန်ကြက်သွန်တန်းတို့၊ မလွန်ချင်းတန်းတို့ဆိုတဲ့ ရပ်ကွက်စိပ် ကလေးတွေထဲ ကျုပ်တို့လွန်းထိုးပြီး ဆွမ်းခံကြတယ်။ မလွန်ရပ်ဆိုတာ အရောင်းအဝယ်သမားတွေအနေများကြတဲ့ ဗုဒ္ဓဘာသာ မြန်မာ ရပ်ကွက်စစ်စစ်ပေါ့။ လမ်းထောင့်ပွဲရုံက အမေကြီးက ဆွမ်းလောင်းနေ ကျ။ ပွဲကတော်က အသက်ကြီးပြီမို့ ပွဲရုံရှေ့ ရောက်ခါနီးရင် ကျုပ်က ကြေးစည်ကို ခပ်ကျယ်ကျယ်နဲ့ ခဏခဏတီးပေးရတယ်။ ပွဲကတော် ကြီးက နားနည်းနည်းလေးတယ်လေ။ ပွဲကတော်ရဲ့ ဆွမ်းတွေကဖြူဖွေးပြီး အငွေ့တထောင်းထောင်းထနေလေ့ရှိတယ်။ ဆွမ်းက မွှေး လည်းမွှေးတယ်။
ဒီနေ့ဝတ်ခွက်တွေထဲကို စပြီးနေရာယူတဲ့ ပဲရေပွကို ကားဝပ်ရှော့ က ဝပ်ရှော့ဆရာကတော်က လောင်းတယ်။ ပဲရေပွထားပုံက ရဲတွတ်နေ တာပဲ။ ဆီနည်းတာတစ်ခုပဲ ပြောစရာ ရှိတယ်။ အဝေးပြေးကားဂိတ်က ဗယာကြော်လောင်းတယ်။ မှတ်မှတ်ရရ တပေါင်းလဆုတ် ရှစ်ရက်နေ့ က သပိတ်တွေထဲမှာ ဗယာကြော်တွေအများကြီးရတဲ့နေ့ ။ အဲဒီနေ့က မန္တလေးမြို့လယ်ကောင်ကို မီးလောင်တာ နှစ်ပတ်လည်တဲ့နေ့။ ဘေး ဘယာတွေကို ကျော်လွှားကြဖို့ ရည်စူးကြတယ်ထင်ပါရဲ့။
မလွန်ချင်းတန်း တောင်ဘက်အစွန်က “ခွေးသတိ” ဆိုတဲ့ ဆိုင်းဘုတ်ရှိတဲ့အိမ်က ပဲပြုတ်လောင်းတယ်။ ပဲပြုတ်ကတော့ ဆီလေး ပါလေကာနဲ့။ ပြီးတော့ ဈေးချိုထဲမှာ လက်ဖက်နဲ့အကြော်စုံရောင်းတဲ့ အမေကြီးက နိစ္စဘတ်ဆွမ်းနဲ့ဆွမ်းဟင်းတစ်ခွက်လောင်းနေကျ။ ဒီနေ့တော့ ကြက်ဟင်းခါးသီးချက်လောင်းတယ်။ ဆရာတော်အကြိုက်။ အခါးက သက်ကြီးဝါကြီးတွေနဲ့ တည့်တယ်ဆိုမဟုတ်လား။
အဲဒီအိမ်ပြီးတော့ ဆွမ်းနီကြင်ကြင်တွေ ထပ်ရသေးတယ်။ ၃၃ လမ်းထောင့်က အဝီစိတွင်းတူးထားပြီး ရေရောင်းတဲ့အိမ်ကလည်း နိစ္စ ဘတ်ဆွမ်းနဲ့ ဆွမ်းဟင်းတစ်ခွက်။ ဒီနေ့တော့ ဗယာကြော်ချက်တဲ့။ ဒီဒကာမကြီးက ပုရစ်ကြော်သိပ်ကြိုက်ပုံရတယ်။ ပုရစ်ပေါ်တဲ့ ရာသီဆို ရင် ပုရစ်ကြော်ကို ဆွမ်းဟင်းတစ်ခွက်အနေနဲ့ ခဏခဏလောင်းတယ်။ ဗိုက်ထဲမှာ ဥတွေနဲ့ ပုရစ်အမကြီးတွေ၊ ချင်းနဲ့ကြက်သွန်ဖြူနဲ့ ကြော်ထား တာ။ အဲဒါကတော့ ကျုပ်တို့၊ ဘဒ္ဒိယတို့အကြိုက်ပေါ့။
ခုနကပြောတဲ့ မန္တလေးမီးကြီးမလောင်ခင်က ကျုပ်တို့ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ လှိုင်ပေါလယ်နေတာပေါ့။ ဒီမီးကြီးထဲမှာ ကျုပ်တို့ရဲ့နိစ္စဘတ်ဆွမ်းဒကာတွေရဲ့ အိမ်တွေ အများကြီးပါသွားတယ်။ အခုတော့ တချို့ဆွမ်းဒကာတွေပဲ ရှိတော့တယ်။ တချို့လည်း ရေကြည်ရာ ရေပေါရာအရပ်ကို ပြောင်းသွားကြပြီ။ မီးလောင်ပြီးမှ တချို့ကလည်း နိစ္စဘတ်ဆွမ်းမလောင်းတော့ဘဲ အလျဉ်းသင့်သလို လောင်းလှူကြ တယ်။ ဆွမ်းဒကာ ဒကာမအသစ်တွေလည်း တိုးတော့တိုးလာပါရဲ့။ အရင်ကလောက်တော့ မများသေးဘူး။ မန္တလေးမြို့ ရဲ့ အသည်းနှလုံးကို နုတ်သွားတဲ့ မီးကြီး။ နည်းတဲ့ မီးကြီးလားဗျာ၊ အခုတော့ အသည်းနှလုံး အသစ်နဲ့ ဆိုပေမဲ့ ဘယ်အသားကျဦးမလဲ။ ဒီဒဏ်က နည်းတဲ့ဒဏ်မှ မဟုတ်ဘဲ။ မီးလောင်ခံရတဲ့ လူထုက ပြာပုံထဲက ကုန်းရုန်းထကြရတာ။ ဒါကြောင့် ဆွမ်းကွမ်း မလောင်းနိုင်ကြသေးတာ ကျုပ်တို့ သိတာပေါ့။ ဒီလိုမဟုတ်ရင် မြန်မာလူမျိုးပါတဲ့ဗျာ၊ အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုး။
တချို့ကလည်း မီးလောင်ပြီးမှ “မီးညွန့်တက်လာကြသတဲ့၊ အရင်က တစ်ထပ်တိုက်နဲ့လူက အခု နှစ်ထပ်သုံးထပ်။ အရင်က နှစ်ထပ်က အခု သုံးထပ်လေးထပ်၊ ဒါကတော့ လူနည်းစုဗျ။ တချို့ လည်း လူသစ်တွေ၊ ကျုပ်တို့ မျက်မှန်းမတန်းမိတဲ့သူတွေ။
သုနန္ဒစာချိုး ချိုးနေတဲ့ ခင်မောင်ဝင်း ချဉ်ပေါင်ဟင်းဆိုတဲ့၊ ချဉ်ပေါင်ဟင်းအများဆုံး လောင်းနေကျ ဒကာတော့ အဆောက်အအုံ ပြန်မဆောက်နိုင်ရှာဘူး။ သူ့မြေကွက်မှာ စုံစမ်းရန်- ညွန့်ဝေဆံသ၊ ၃၂ လမ်း”ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားပုံထောက်တော့ မြေရောင်းရ တော့မယ့်ပုံပဲ။
အခါကြီး ရက်ကြီးဆိုရင် ပုန်းရည်နဲ့ဝက်သားတို့၊ ဝက်ခြေ ထောက်ရိုးနဲ့ လက်ပံခေါင်းချဉ်ရည်တို့ လောင်းလှူတတ်တဲ့ ဒကာမကြီး တို့ကတော့ အိမ်ငှားနေမယ့် လူဆီက စပေါ်ယူပြီး နံကပ်တိုက်ကလေး