Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ညီပုလေး - မြေးသူကြီး

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out

ရွှေကြက်ယက်အလွမ်းနဲ့ ညီပုလေးရဲ့ ဆီဆေးပန်းချီ

          ညီပုလေးက သူ၏ “မြေးသူကြီးကို အမှာစာရေးပေးရန် ပြောလာပါ သည်။ ကျွန်တော့်မှာ အံ့အားလည်း သင့်ရ၊ ဂုဏ်လည်း ယူရပါသည်။ သူ့လို ဝါရင့်ကလောင်တစ်ချောင်းက ကျွန်တော့်လို ခပ်ပါးပါး၊ ခပ်ဖျော့ဖျော့ စာရေးသူတစ်ဦးကို ယုံကြည်စွာ အပ်နှင်းခြင်း။ သူ့ကိုခင်၍ အားနာ၍ တစ်ကြောင်း၊ သူ့စာဖတ်ကြည့်တော့ နှစ်သက်စိတ်ဝင်စား၍တစ်ကြောင်း အမှာစာ ရေးရန် ဆုံးဖြတ်လိုက်ပါသည်။ သူ့ကို ခင်သည်ဆိုသော်လည်း လူချင်း အထိအတွေ့ သိပ်များများ ရှိလှသည် မဟုတ်ပါ။ သူနှင့်စသိရစဉ်က ကျွန်တော် မေးသောမေးခွန်းကို ကြည့်ပါဦး။ “ကိုညိုရေ၊ ကိုညိုနဲ့ ညီပုလေးနဲ့ ငြိမ်းချမ်းနဲ့က တစ်ဦးတည်းလား၊ ဘယ်နှယောက်ရှိတာတုံး”ဟု မေးဖူးသည်။ သူကတော့ သူ့ထုံးစံအတိုင်း ခပ်အေးအေး၊ ခပ်ပြုံးပြုံးပဲ။ “အဲဒီ အားလုံးက ကျွန်တော်တစ်ယောက်တည်းပဲဗျ”ဟု ဖြေသည်။ အဲဒီလောက် သူ့ကို ကျွန်တော် ထဲထဲဝင်ဝင်သိခဲ့တာ။ နောင် သူ့ယောက္ခမ နေမကောင်း၍ ကျွန်တော် လိုက်ကြည့်ဖြစ်တော့မှ သူနှင့်ထိစပ်မှု ပိုလာပါသည်။ သူက စကားပြောလျှင် လည်း ဖြည်းဖြည်းညင်ညင်သာသာ၊ ကားမောင်းလျှင်လည်း ဖြည်းဖြည်း ညင်ညင်သာသာ။ လုပ်ယူမထားသည့် ပင်ကိုသိမ်မွေ့မှုက သူ့ကိုယ်မှ စိမ့် ထွက်နေသည်။ ဆိတ်ဖလူးနံ့ကပင် သူ၏သိမ်မွေ့မှုကို ဖျက်ဆီးနိုင်စွမ်းမရှိ။သူ့စာတွေကို “မီးသွေးခဲမို့ မည်းသကို”မှစ၍ ဂရုတစိုက် ဖတ်ဖြစ်ခဲ့သည်။ ဆရာတစ်ဦး ထောက်ပြသလို သူက ပျောက်ဆုံးခါနီး၊ ပျက်သုဉ်းခါနီး ဘဝဓလေ့တွေ၊ ရိုးရာလုပ်ငန်းတွေ၊ လူ့ဘဝနေဟန်တွေကို စွဲစွဲလမ်းလမ်း၊ မြတ်မြတ် နိုးနိုး၊ ရိုရိုသေသေဖွဲ့တတ်သည်။ သည့်ပြင် အကြောင်းတွေလည်း သူ ရေးပါ သည်၊ ရေးတတ်ပါသည်။ သို့ပေမဲ့ အတိတ် ပုံရိပ်မှုန်မှိတ်မှိတ်တွေ ရေးတော့ သူ့လက်က ကြွနေ၊ တက်နေလေသည်။ ယခုကော?

 “မြေးသူကြီး” တဲ့။

          ကိုလိုနီခေတ်။ ဂျပန်ခေတ်။ လွတ်လပ်ရေးရပြီးစ မြန်မာပြည်။ ပြည် တွင်းစစ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လှိုင်းတံပိုးများနှင့် ဘောင်ဘင်ခတ် နေသော မန္တလေး။ ယင်းတို့ကို ဖြတ်သန်းကြီးပြင်း လွန်မြောက်ခဲ့သူ တစ်ဦး အကြောင်း။ ဖွဲ့ရာတွင် အဆင်တန်ဆာ သိပ်သုံးထားခြင်းမရှိ။ သူ့လေအတိုင်း ခပ်ရိုးရိုး၊ ခပ်အေးအေးပဲ။ သို့သော် သူ့ လက်ရာတွင် တွေ့ ရမြဲ အနုစိတ် ခြယ်မှုန်းမှုကို တွေ့ရသည်။ ခပ်ထူထူ ခပ်ပျစ်ပျစ်ရေးထားသည့် ဆီဆေးကား တစ်ချပ်လို မြင်ရသည်။ ခေတ်ကာလတွေကို မြင်သာထင်သာအောင် အကိုး အကား၊ အထောက်အထား များများရယူဟန် ထည့်ဟန်တူသည်။ ဖခင် သူကြီးလက်ထက်က အကြီးအကျယ် တခမ်းတနားလုပ်ခဲ့သော လှေပြိုင်ပွဲ တွေအကြောင်း ရေးရာတွင် စေ့စပ်အကွက်ကျလှသည်။ လှေသမားစကားထဲ မှ “ပတေ့ပတင်’ဆိုတာ မှတ်မှတ်ရရဖြစ်စရာ။ တက်ထောင်လျှင်၊ တက်မြှောက်လျှင် လှေပြိုင်ပွဲ ရှုံးတတ်သည်ဆိုတာကို ကြားဖူးသော်လည်း လှေ ထိုးသားထဲမှ တက်တစ်ချောင်းထောင်လျှင်ပဲ ရှုံးနိမ့်နိုင်ပုံကို ညီပုလေးရေးပြမှ ပို၍သဘောပေါက်ခံစားမိသည်။ ကိုလိုနီခေတ် အင်းလေလံပွဲတွေအကြောင်း၊ အင်းဒိုင်တွေအကြောင်း၊ ရွှေကြက်ယက်တစ်ဝိုက်နေ ကသည်းလူမျိုး၊ ဟိန္ဒူ လူမျိုးအကြောင်းတွေကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရသည်။ မန္တလေး အာဇာ နည် (၁၇)ဦးအကြောင်း ပြန်ပြောင်းတသရာတွင် စွန့်လွှတ်သူကျောင်းသား မိဘ၊ ရဟန်းပြည်သူများသာမက ဆန္ဒပြပွဲမှ ထွက်ပြေးလွတ်မြောက်လာသူကျောင်းသူ/သားငယ်ကလေးတွေကို ပူပန်ကြီးစွာ ဝှက်ပေးသော၊ ရေတိုက်၍ အမောပြေစေသော သာမန်ပြည်သူများအကြောင်းကိုလည်း ကြည်နူးဖွယ် ဂုဏ်တင်သည်။ (စာ ၉၂) အနက်ရောင်လက်ပတ်များ (စာ ၉၇)တွင် မျိုးချစ်စိတ်နှင့် ထက်သန်နေသော တောက်ပ၀င်းလက်နေသော လူငယ်တစ်စု၏ ရဲရဲတောက်စိတ်ဓာတ်ကို ဖျတ်ခနဲမြင်လိုက်ရသည်။ ဆရာဝန်တစ်ဦးအနေဖြင့် မန္တလေးတစ်ဝိုက် ဖြစ်ပွားခဲ့သော ကပ်ရောဂါ (ပလိပ်ရောဂါ) အကြောင်း ဖတ်ရတာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျွန်တော်တို့ခေတ်လူတွေ ဘယ်လိုမှမသိနိုင် မမီနိုင်တော့သည့် ရောဂါတွေ။ မန္တလေးသင်္ကေတဖြစ် သည့် မောင်တာရဲ၊ မရာထို၊ ဆရာကြီး ဦးရာဇာတ်၊ သူရိယဦးသန်းမောင်၊ ဗိုလ်ခင်မောင်လေး၊ ကျားဘညိမ်း၊ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်၊ ဒေါက်တာ ထွန်းရွှေ၊ နဂါးဒေါ်ဦး၊ ဦးကုသလ၊ဦးကျော်လှ (အသားစားရှောင်ကြဉ်ရေး)၊ ဦးထွန်းလှ၊ ဦးကြည်မြတို့ အကြောင်းကလည်း ဖြိုးခနဲ ဖြောက်ခန်း ရောင်စုံ တောက်ပနေသည်။

          အတ္ထုပ္ပတ္တိကောင်းတို့တွင် တွေ့ရမြဲ စိတ်ကူးထက် ဆန်းကြယ်သော ရင်ထဲလှုပ်ခတ်စရာတွေ တစ်ပုံတစ်ပင်ကြား အချို့ ကို ကောက်နုတ်တင်ပြချင် သည်။ ဆိုက်ကားဆရာ ကိုဖေတင်နှင့် ကားပြောသင်းဥက္ကဋ္ဌ ရင်ဆိုင်ခန်း (ခပ်ကြမ်းကြမ်းလှုပ်နှိုးသူ စာ ၂၂၂) မှာ ရုဒ္ဒရသနှင့်စ၍ သိင်္ဂါရရသနှင့် အနားသတ်သည့်ပွဲ။ အကြမ်းပတမ်းမှုက မည်သူ့အကျိုးစီးပွားကိုမှဦးမတည်။ နှစ်ဦးနှစ်ဖက် ပျက်သုဉ်းရေးကိုသာ ဦးတည်သည်။ ခွင့်လွှတ်ခြင်း၊ သည်းခံ ထိန်းသိမ်းခြင်း၊ အပြန်အလှန် တလေးတစား ကူညီထောက်ပံ့ခြင်းတို့ကသာလောကကို စောင့်ရှောက်နေသောတရားဆိုသည်ကို လင်းလက်စေသည်။ ဘိုးကြန်နဲ့ ဒေါ်မန္တလာမြင့် (စာ ၂၆၉-၂၈၁) ကတော့ ကရုဏာ၊ မေတ္တာ တို့နှင့် ထုံသင်းမွှေးပျံ့နေသော ဆွတ်ပျံ့ဖွယ် ပန်းချီကားတစ်ချပ်။ ကြေကွဲ စရာလည်း ကောင်း၊ အသက်ကြီးကာမှ ချို့ချို့တဲ့တဲ့၊ ဆင်းဆင်းရဲရဲ၊ နွမ်းနွမ်း ပါးပါး နေရရှာသူ အနုပညာရှင်ကြီးနှစ်ဦးအကြောင်း။ အနှီး အနုပညာသည် ကြီးတွေကို နေရာပေးတတ်သော၊ လေးမြတ်တတ်သော၊ ထောက်ပံ့ကူညီ ပူဇော်တတ်သော မြေးသူကြီးကို အကြိမ်ကြိမ် သာဓုခေါ်မိသည်။ ဝင်းပ ကရုဏာပုံရိပ်။ တည့်တည့်ပြောမှ ရိပ်မိတဲ့သူကြီး (စာ ၆၇)၊ ပေါင်လုံးကြောင် ကုပ် (စာ ၈၈) တို့ကတော့ စက်ဆုပ်စရာ၊ မသတီ အော်ဂလီဆန်ချင်စရာ ကောင်းလှ၍ ရင်ထဲစွဲရပုံမျိုး။ အထက်က အဖွဲ့အနွဲ့ တွေနှင့် တစ်ဘာသာစီ။

          လူ့စည်း ဘီလူးစည်း ခွဲမသိသူတွေ၏လုပ်ရပ်။ ရှိုက်ကုန်းနှင့် ကြီးလေးသော အပြစ် (စာ ၁၅၇)ကလည်း ထို့အတူ။ လူဆိုတာ ဒေါက်တာချက်ကြီးဖြစ် လိုက်၊ မစ္စတာဟိုက်(ဒ)ဖြစ်လိုက်။ မြင့်မြတ်ချင်လျှင်လည်း မိုးထိမြင့်မား၍အောက်ကျချင်လျှင်လည်း အဝီစိဆိုတာ သိပ်စောက်မနက်ပါဘူးဟု ထင်ချင် သူတွေ။

          မြေးသူကြီး မှတ်မှတ်ရရဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေထဲမှ ပုဂ္ဂိုလ် ၄ ဦးအဖွဲ့က ဖြိုးပြက်နေသည်။ တစ်ဦးက မြေးသူကြီးရဲ့ အဖေ သားသူကြီးပေါ့။ သူကြီး သားအတွက် သင်ခန်းစာ (စာ ၆၃)တွင် ငှက်ပစ်နည်းကိုပြော၍ လူ့ကျင့်ဝတ် တစ်ခုကို အလေးထားသင်ပေးသော အဖေ့ကို သတိရသည်။ မိမိအားကြီး နေလျှင် တစ်ပန်းသာနေလျှင် တစ်ဖက်က အားငယ်သော၊ နိမ့်ကျသောသူ ကို တန်းတူအခွင့်အရေးပေးပြီးမှ ယှဉ်ပြိုင်ရင်ဆိုင်သင့်ကြောင်း ပြောပြသည်။ ဖခင်သူကြီးကျေးဇူး (စာ ၂၃၈) တွင်လည်း ဖခင်၏အဆုံးအမနှင့် လေ့ကျင့် သင်ကြားပေးမှုကြောင့် လူထဲသူထဲ ဝံ့ဝံ့စားစားနေနိုင်ကြောင်း၊ နေတတ်သည့် ဓလေ့ ရခဲ့ကြောင်းပြောသည်။ ဖခင်ကျေးဇူးကို အမှတ်ရခြင်း။ သူ့အစ်ကို ရဲဘော်ကိုအောင်ခကို တခုတ်တရစာဖွဲ့ သည်။ ချစ်ခင်စွာ၊ ညွတ်နူးစွာ၊ ဂုဏ် ယူစွာ။ သူ့ကို နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးအရ အလွှမ်းမိုးဆုံးသူတစ်ဦး ဖြစ်သည့် ကိုထွန်းတင် (ခ) ကိုချစ်ခင် (ခ) ကိုကိုကြီးအကြောင်း ဖတ်ရတာ အလွမ်းဝတ္ထုတစ်ပုဒ် ဖတ်ရသလိုပင်။ အမိတိုင်းပြည်အတွက် လွမ်းတေး တစ်ပုဒ်။ ကိုထွန်းတင်က ထက်မြက်ခြင်းကို ကိုယ်စားပြုသည်။ ကိုယ်ကျိုး စွန့်ခြင်းကို ကိုယ်စားပြုသည်။ အမြော်အမြင်နှင့်ပြည့်စုံခြင်းကို ကိုယ်စားပြု သည်။ အတ္ထုပ္ပတ္တိ တစ်စောင်တစ်ဖွဲ့ ရေးထိုက်သည့် ပုဂ္ဂိုလ်တစ်ဦးပေတကား။ နောက်တစ်ဦးက ဘွိုင်းစကောက် ဦးလှကြီး (စာ ၈၄)။ “သူလိုလူ”ထဲက ဆရာဝန်မြင့်မောင်လို အနစ်နာခံသည့်လူ။ ဆရာတစ်ဦးအနေနှင့် ပညာရပ် ဆိုင်ရာ ပြည့်စုံကုံလုံသူ။

          ကျွန်တော်တို့ ဆေးကျောင်းရောက်တော့ ကျောင်းရှေ့ လမ်း ၃၀ ပေါ် တအိအိဖြတ်မောင်းသွားသည့် ကားပြာကြီးတွေကို ရံဖန်ရံခါ သတိရမိ၊ လွမ်းမိသည်။ ကျွန်တော်တို့ မစိုးရိမ်ရုပ်ရှင်ရုံ၊ ဈေးချို၊ ရဲရင့်စာအုပ်ဆိုင်ဝင်းလိုက်ရုပ်ရှင်ရုံ၊ ဘုရားကြီးတို့ကို သွားရင် စီးရတာ။ ဘုရားကြီးက ဂိတ် ဆုံး။ ကျွန်တော်တို့တစ်တွေ ကျောင်းထဲကနေပြေးထွက်ပြီး လက်ပြတားလျှင် ရပ်ပေးတတ်သည်။ ဒီကားပြာကြီးတွေနဲ့ပဲ ပြင်ဦးလွင်သွားလည်ကြရင်း ပြန် အဆင်း ပြင်စာအလွန်မှာ ကားမှောက်ကြတာ။ ဒီကားပြာကြီးတွေ၏ ခေတ်ဦး သမိုင်းကို ယခုစာအုပ်ဖတ်မှ ဂဃနဏသိရသည်။ ကားပြာအသင်းကြီးမှာ ပါဝင်လှုပ်ရှားခဲ့သော၊ အသင်းကို ပုံသွင်းထုဆစ်ခဲ့သော မြေးသူကြီး၏ ကဏ္ဍကို တွေ့ရမြင်ရသည်။ သူ၏ ပါးနပ်ကျွမ်းကျင်မှု၊ ကိုင်တွယ်တတ်မှု (Manipulation) ကို မြင်ရသည်။ စည်းရုံးရေးအတွေ့အကြုံ၊ အသားကျသူ တစ်ဦး၊ သြဇာအာဏာကို ကျင်လည်စွာကိုင်တွယ်ဖူးသူတစ်ဦးက သူ့လောက် အတွေ့အကြုံ မစုံလင် မထွေပြားသည့်လူတွေကို သူလိုရာလမ်းကြောင်းပေါ် အတင်းတွန်းပို့ ဆွဲခေါ်သွားတာ မြင်ရသည်။ ဒါကလည်း ခေတ်တိုင်းမှာ ကြုံရမြဲ။ ထူးသော်လည်း မဆန်းလှသည့် ဖြစ်စဉ်တစ်ခုသာ။ သူကြီးသွေးနှင့် တိုက်တိုက်ခိုက်ခိုက် ဝံ့ဝံ့စားစား လုပ်တတ်သည့်စိတ်က ကားပြာအသင်း ဥက္ကဋ္ဌဘဝမှာ ခေါင်းပြူ အကျိုးပေးသည်ထင့်။

          ညီပုလေးက အဖွဲ့ အနွဲ့ ကောင်းသူ။ အတ္ထုပ္ပတ္တိဆန်ဆန် ရေးရတော့ ဖွဲ့နွဲ့စရာ သိပ်မရသည့်ကြားက ရသရွေ့ ကြိုးစားဖွဲ့နွဲ့ သူ။ အချို့သော ဆိုရိုး စကားတွေ၊ အသုံးအနှုန်းတွေက သာမန်လူထုပါးစပ်ဖျားက ခုန်ဆင်းလာသော်လည်း လှပသပ်ရပ်နေသည်။ ဒါတွေကို ညီပုလေးက ဂရုတစိုက် မှတ်တမ်းတင်သည်။

          “မောင်သာမြဆိုင်တော့ဗျာ မစားကြလေနဲ့။ သူ့ဆိုင်သွားရင် မင်းတို့ ကြက်သွန်ချဉ်တောင် စားရမှာမဟုတ်ဘူး”(စာ ၃၂)

          “ဘနောကအကောင်တွေ လုပ်ချသွားတာ။ ဒီအကောင်တွေ နွားစား သလိုပဲ ကြက်သွန်တွေချည်း စားသွားတာ” (စာ ၃၂) ၊

          “ရွှေကြက်ယက် မိကျောင်းပေါ် မရာကျော်ကိုက်တဲ့မိကျောင်း”(စာ ၃၇) ၊

          “ဒီလိုကိစ္စတွေအတွက် လက်အလွန်