Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ညီပုလေး - ဖင်စီခံနေ့စဥ်နှင့်အခြားဝထ္ထုတိုများ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

ခြကိုက်ခံ ခြံစည်းရိုး

          ငရှဉ့်ကို သူတို့ချင်းခေါ်ကြတဲ့နာမည်က “လေထီးငရှဉ့်”တဲ့။ လေထီးသမားမို့ ဒီဘွဲ့ရတာ၊ လေယာဉ်ပျံကြီးပေါ်က ခုန်ချတဲ့ လေထီးသမား မဟုတ်ပါဘူး။ ဒီကိစ္စမရှင်းရင် ပိုရှုပ်ကုန်လိမ့်မယ်။ ငရှဉ့်တို့က မီးရထား တွဲပေါ် ပြေးတက်လိုက်ပြီး လူအလစ်မှာ အထုပ်တွေ၊ အပိုးတွေ မပြီး ခုန်ချတတ်လို့ “လေထီးသမား”လို့ ခေါ်တာ၊ ဒါ သူတို့ချင်း ခေါ်ဝေါ်တဲ့ ဝေါဟာရ။

          ငရှဉ့်သိပ်အတင့်ရဲတယ်။ တစ်ခါတလေ ရထားပြတင်းပေါက်က၊ တွဲပေါ်က ရိုးရိုးခုန်ချတာမဟုတ်ဘူး။ ရထားခေါင်မိုးပေါ်ကနေ ဝမ်းလျား ထိုးပြီး အလစ်သုတ်တာ။ သူခိုးလမ်းပြလုပ်တာ မဟုတ်ဘူးနော်။ သတိ ဝီရိယလေးရှိအောင်လို့။ ငရှဉ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရထား ခေါင်မိုးပေါ်ကနေ သူ့ခြေထောက်နှစ်ချောင်းကို မြဲမြဲကိုင်ထား၊ သူက ဝမ်းလျားထိုးလျက်ကြီးနဲ့ အလုပ်လုပ်တာ၊ သူ အချက်ပြလိုက်ရင် အပေါ်က လက်ကို လွှတ်လိုက်တော့။ ငရှဉ့်က သံလမ်းနံဘေး အထုပ်ပိုက်လျက် ကြောင်ကျကျတာ။ ရထား အရှိန်ဘယ်လောက် မြန်ပါစေ။ ဂရုမစိုက်ဘူး။ ထားမြန်လေ၊ ပိုင်ရှင်နဲ့ ဝေးလေ၊ သူ့အတွက် အန္တရာယ်ကင်းလေပဲ။

        အထုပ်ပိုင်ရှင်သိလို့ အော်ဟစ်ရင်လည်း သူက တွဲအောက်ကနေ တာ့တာ၊ ဘိုင့်ဘိုင်၊ ချဲရီယို လက်ကလေး ဝှေ့ပြနေရစ်ပြီး ပျောက်သွားရော။ အရချောင်သလိုလိုပဲ၊ ဒါပေမဲ့ အသက်နဲ့ရင်းပြီး ခုန်ရတဲ့လေထီး၊ ပြီးမှ ပါသမျှပစ္စည်း၊ အချိုးကျ ဝေခွဲယူကြတယ်။ လေထီးခုန်တဲ့သူက နည်းနည်းတော့ ပိုရတာပေါ့။ ငွေတွေ၊ ပစ္စည်းတွေက အလကားနီးနီးရနေတာ မဟုတ်လား။ ငရှဉ့်က အထုပ်ဖြဲ ဇစ်ဖွင့်လိုက်လို့ ပါလာတဲ့ပစ္စည်းပေါ်မှာ မတော်မတရား မလုပ်ဘူး။ သူ့ဘော်ဒါတွေကို အမှန်အကန်ပြပြီး ခွဲကြ၊ ခြမ်းကြတာလေ။ ဒီကိစ္စမျိုး သူဖျံမကျဘူး။ ကလိမ်ကကျစ်သမား မဟုတ် ဘူး။ ငရှဉ့်က အမှန်အကန်သမား။ သူတို့လောကက ကျဉ်းကျဉ်းလေး မဟုတ်လား။ မဟုတ်မဟတ်လုပ်ထားရင်လည်း တစ်နေ့ကျ ဘူးပေါ်သလို ပေါ်တာမျိုး။ တစ်ဦးနဲ့တစ်ဦး သစ္စာမရှိရင် အလုပ်မဖြစ်ဘူး၊ ဒုက္ခရောက်မယ်။ အရနည်းတတ်တယ်။ ဒီလိုအယူတွေလည်း ရှိကြတယ်။

          တစ်ခါများ ရန်ကုန်အထူးအမြန်တွဲကြီးပေါ်ကနေ ငရှဉ့်အလုပ်လုပ် တာ။ အိပ်ခန်းထဲကမောင်တွေက စောစောစီးစီး ကျိုး(အိပ်)နေကြပြီ။ အိပ်စင်နှစ်ခုကြား စားပွဲပေါ်တင်ထားတဲ့ ဝီစကီအကောင်းစားကို ငရှဉ့်ယူပြီး တစ်ကျိုက်၊ နှစ်ကျိုက် ကျိုက်လိုက်သေးတယ်။ ပြီးတော့ အမြည်းတစ်ဖတ် ကောက်ဝါးတယ်။ ပုလင်းလက်ကျန်ကို ခေါင်မိုးပေါ် လက်ဆင့်ကမ်း ပြီးမှ အလုပ်ကြီးလုပ်လိုက်တာ။လက်ဆွဲအိတ်က အတော်လေးဆိုပဲ။ ဝီစကီတစ်ငုံ၊ နှစ်ပုံလောက်နဲ့ ငရှဉ့်မမူးပါဘူး။ လေထီးခုန်လို့ ကောင်းရုံပဲ။ လက်ဆွဲအိတ် မြဲမြဲဆုပ်ပြီး ခုန်ချနေခဲ့တယ်။ တော်တော်လေးတဲ့အိတ်ကို မဖွင့်သေးဘူး။ သူ့ဘော်ဒါ လာတဲ့အထိ စောင့်တယ်။ နောက်နေ့မှ ခတ်ထားတဲ့သော့ကို စုံညီဖျက်ကြ တာ။ ပိုက်ဆံတွေနဲ့ လေးစေချင်တဲ့အိတ်၊ ဖွင့်လည်းဖွင့်လိုက်ရော ငရှဉ့်တို့ နှစ်ယောက်သား ဆံပင်မွေးညင်းတွေ မြောက်တက်သွားတယ်။

          လား...လား ....... မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား။ ပိုက်ဆံက သုံးပုလင်းလောက်ပါတာ။ လေးနေတာက ပစ္စတိုသေနတ်နဲ့၊ ကျည်တွေကြောင့် လေးနေတာ။ ဘာလုပ်ရမှာလဲ။ ပစ္စတိုနဲ့ ကျည်ဆန်တွေ ကျွဲကျောင်း ချောင်းထဲ သွားပစ်လိုက်ကြရော။ တစ်ခါတလေလည်း ငွေတွေဖွေးနေအောင်ရချင်တာ၊တစ်ခါတစ်ရံကျတော့ ငွေတွေဖွေးမနေဘဲ မြွေတွေ အထွေးလိုက် ဖြစ်ချင်ဖြစ်တတ်တာမျိုး။

ငရှဉ့် သူ့ဆရာတွေကို အတိအလင်းပြောပြီးသား။

           “ကျွန်တော် ဘိုင်ပြတ်တဲ့အခါ အလုပ်လုပ်တယ်။ ဒါပေမဲ့ ခြံစည်းရိုးကို ဘယ်တော့မှ ထင်းမခွေဘူး ဆရာ””တဲ့။ ငရှဉ့်ပြောတဲ့ “ခြံစည်းရိုး ထင်းမခွေဘူး” ဆိုတဲ့ သူခိုးတစ်ယောက်က ပြောတဲ့စကားကို ဆရာသမားတွေ နားမလည်လို့ ရှင်းပြရသေးတယ်။ ကျွန်တော့်ဇာတိ၊ ဆရာတို့ပိုင်နက် ဟောဒီ ရမည်းသင်း နယ်ထဲမှာ ဘယ်တော့မှ အလုပ်မလုပ်ဘူးဆရာ။ တပ်ကုန်း၊ ပျော်ဘွယ်၊ ပျဉ်းမနားဘက်တော့ တစ်ခါတလေ ရောက်တတ်တယ်ဆရာတဲ့။ တစ်ခါ တလေတော့လည်း ကျောက်ဆည်၊ စဉ့်ကိုင်ဘက်တဲ့။ ဒါလည်း သူ့ရွာနဲ့ ရွာပတ်ဝန်းကျင်မှာ ကြက်ပွဲ၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းတို့ မရှိတဲ့အခါပေါ့။

          ငရှဉ့်မှာ စည်းရှိတယ်။ သူ့ကတိအတိုင်း လုပ်တယ်။ အလုပ်လုပ် ပြီးလို့ အိတ်တို့၊ သေတ္တာတို့ ဖွင့်တဲ့အခါ ဘောင်းဘီများပါလာရင် ဘယ်တော့မှ သူမယူဘူး။ ဆရာသမားတွေ ဝတ်ကြပါစေ။ တစ်ယောက်မဟုတ် တစ်ယောက် တော်ကြမှာပါ။ ဒီလိုစိတ်ရှိတဲ့လူ။ တကယ်ဆိုရင် လေထီးခုန်တာ ဘောင်းဘီနဲ့ဆို ပိုမကောင်းဘူးလား။ ဒီလိုမေးစရာရှိတယ်။ ဒါပေမဲ့ ငရှဉ့်ကြည့်ရတာ ဘောင်းဘီကို စိတ်နာနေပုံပဲ။ ဘောင်းဘီဝတ်နဲ့ အလုပ် လုပ်ရင်း တစ်ခုခုနဲ့ ငြိခဲ့ဖူးလေသလား။ ဘာဖြစ်ခဲ့ဖူးတယ်တော့ မသိဘူး။ အတွင်းခံဘောင်းဘီနဲ့ အပေါ်က ပုဆိုးပဲ။ တစ်ခါတလေ အတွင်းခံတောင် မပါဘူး။ ပုဆိုးဝတ်နဲ့ ခုန်တာ၊ လေထီးငရှဉ့် အဲဒီလောက် ကျွမ်းတာ။

          အသားညိုညို၊ ဂင်တိုတို၊ မျက်နှာပြဲပြဲ၊ ပုဆိုးလည်း တိုတိုဝတ်တတ် လေတော့ ငရှဉ့်ကြည့်ရတာ သစ်သီးမှည့်တစ်လုံးနဲ့ တူတယ်။ ဒါပေမဲ့ ဝတ်တာ စားတာ သပ်သပ်ရပ်ရပ် ဝတ်တတ်စားတတ်တယ်။ စမတ်ကျကျ နေတတ်တယ်။ စီးကရက်ခဲလေ့ရှိပြီး မိုးအုံ့မျက်မှန်က ချွတ်တယ်လို့ မရှိဘူး။

          ဒါပေမဲ့ ငရှဉ့်အိတ်ထောင်က ကျွဲကျောင်းချောင်းရေလိုပဲ၊ နည်းတစ်ခါ များတစ်လှည့်လေ။ ရထားသံလမ်းပေါ်မှာ လူစီးရထားတွေ ပြေးနေသရွေ့ လေထီးငရှဥ့် စားဝတ်နေ‌ရေး မပူပေါင်..။

          ငရှဉ့်တို့ ဥသျှစ်ကုန်းရွာကပဲ ကိုနေမျိုးအေးဆိုတဲ့ လူတစ်ယောက် ရှိတယ်။ ထောင်ထောင်မောင်းမောင်း၊ ဖြူဖြူချောချော။ ကိုနေမျိုးအေးတို့ က အစဉ်အဆက်ချမ်းသာခဲ့ကြတာ။ လယ်လည်းရှိ၊ ယာလည်းရှိတယ်။ ကျွဲအုပ်၊ နွားအုပ်အပြင် ဆိတ်အုပ်ပါ ပိုင်လိုက်သေးတယ်။ ဥသျှစ်ကုန်းမှာ ဟာလာနှစ်စက်ရှိတာ။ သူတို့စက်က ပိုအလုပ်ဖြစ်တယ်။ သူ့ဥပဓိက ဥသျှစ် ကုန်းမှာ သူဌေးလေးမလုပ်ဘဲ မြို့တက်ပြီး ရုပ်ရှင်မင်းသားလုပ်ဖို့ ကောင်း တဲ့ရုပ်။

          အသက် (၃၅) နှစ်ဆိုတော့ လူပျိုသိုး၊ လူပျိုဟိုင်းကြီးပေါ့။ အဲဒီ အသိုးအဟိုင်းကြီးကိုပဲ ဥသျှစ်ကုန်းတို့၊ ထန်းကိုးပင်တို့၊ စည်သာအေးတို့၊ ဆပ်ပြာကျင်းတို့က အပျိုကြီးငယ်လတ်တွေက ကိုနေမျိုးအေးကို အချစ်ဦး မို့ စိတ်ကူးနဲ့ သနပ်ခါးလူးကြတယ်။

            ကိုနေမျိုးအေးတစ်ယောက် ပျော်ဘွယ်က ဆင်သုံးကောင် ဘီစကွတ် စက်ရုံပိုင်ရှင် မိသားစုဝင် ဖြစ်တော့မှာလိုလို။ ရမည်းသင်း ပေါ်လွင်ရွှေဆိုင် မိသားစုက ကိုနေမျိုးအေးကို သူတို့သမီးအကြီးဆုံးလေးနဲ့ နေရာချထားပေး ချင်နေကြတယ်။ ဧဝရက်သောက်ရေသန့်မိသားစုရဲ့ သမီးဆရာဝန်မလေး ဘက်ကလည်း ကြီးရင်မှီရတာပေါ့တဲ့။ ကွာလတီစတိုးမိသားစုထဲက သမီး လတ် ကထိကဆရာမလေးနဲ့ဆိုရင် ရှေ့သွားနောက်လိုက်ညီသတဲ့။

          အေးအေးနေချင်တဲ့ ကိုနေမျိုးအေးက ဘယ်သူ့ကိုမှ စိတ်ဝင်စားဟန် မတူဘူး။ ရွာမူလတန်းကျောင်းပြင်တဲ့ ကိစ္စ၊ (၁၈) တောင်ပြည့်ဘုရား ပဋ္ဌာန်း ရွတ်ဖတ်ပွဲ နှစ်စဉ်ဖြစ်မြောက်ရေး၊ ဥသျှစ်ကုန်းတစ်ရွာလုံး လျှပ်စစ်မီး ရရှိရေး၊ သူ့ဟာလာစက် နေ့စဉ်လည်ပတ်ရေး၊ ဥသျှစ်ကုန်းရွာ ရွေးကောက်ပွဲ ကော်မရှင် အလုပ်၊ ရပ်ရွာ ရေရရှိရေး စတဲ့အရေးတွေနဲ့ ကိုနေမျိုးအေး မအေးရရှာဘူး။

          တစ်နေ့တော့ ကိုနေမျိုးအေး မြို့ကိုတက်ဖို့ ကြုံလာတယ်။ လေးမိုင် လောက် ဝေးတဲ့ခရီး၊ စီးစရာဆိုလို့ မြင်းလှည်းပဲရှိတော့ မြင်းလှည်းပေါ် တက်ခဲ့တယ်။ ရပ်အကျိုးရွာအကျိုး ဆောင်ရွက်သူ၊ ပစ္စည်းဥစ္စာလည်း ပြည့်စုံသူဆိုတော့ တစ်ရွာလုံးရှိတဲ့ မြင်းလှည်းဆယ့်နှစ်စီး၊ ဘယ်အစီးပဲ ကိုနေမျိုးအေး တက်စီးလိုက်၊ မြင်းလှည်းဆရာရဲ့ ဘေး ဦးခန်း၊ ခေါင်းခန်းက နေရာပေးကြတယ်။ ကိုကျောက်ခဲ၊ ကြွက်နီ၊ ကိုစောဝင်း၊ ကိုမာဂျီ၊ ဇော်သက်ထွေး ဘယ်သူ့မြင်းလှည်းစီးစီး ကိုနေမျိုးအေးဆိုရင် အိုကေ လာ ထားပဲ။

          ကိုနေမျိုးအေးရဲ့ လက်ထဲမှာလည်း ရမည်းသင်းရောက်တဲ့အခါ လုပ် ရမယ့်အလုပ်တွေ တန်းစီပြီးရေးထားတဲ့ စာရွက်လေးဆုပ်လို့။ ပွဲရုံငွေခံရန်၊ သစ်ဈေးစုံစမ်းရန်၊ စက်အပိုပစ္စည်းဆိုင်သွားရန် အဘအတွက် ဆေးဝယ်ရန်၊ တိကုဆရာဝန်ခေါ်ရန် ဆိုတာမျိုးတွေပါပဲ။

          သူတို့မြင်းလှည်း ဇရပ်ကတုံးနားရောက်တော့ ခရီးသည်နှစ်ယောက် လက်ပြတားလို့ မြင်းလှည်းရပ်ပြီး တင်ခဲ့တယ်။ ဒီပြင်ရွာက ဧည့်သည် သားအမိ ထင်ပါရဲ့။ ရွာလယ် လက်ဖက်ရည်ဆိုင်နားရောက်တော့ ငရှဉ့်က သူလည်း မြို့လိုက်မယ်ဆိုပြီး လိုက်လာတယ်။

           လမ်းမှာ ကိုနေမျိုးအေးနဲ့ မြင်းလှည်းဆရာ ကိုဝတုတ်နဲ့ စကားတွေ တပြောပြောပေါ့။ ငရှဉ့်က နားထောင်သူ၊ ဇရပ်ကတုံးက တက်လာကြတဲ့ သားအမိနှစ်ယောက်လည်း သူတို့ချင်း စကားပြောတဲ့အခါပြောလို့၊ ကုက္ကို ရိပ်ကောင်းတဲ့ မြင်းလှည်းလမ်းလေးအတိုင်း မောင်းလာကြတယ်။ သူတို့ ပြောကြတဲ့အထဲမှာ ပဲဈေး၊ နှမ်းဈေးလည်း ပါတယ်။ ခွာနာလျှာနာလည်း ပါတယ်။ ဒီဇယ်ဈေးအကြောင်းလည်း ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီနှစ် မန်ယူ ဖလားလက်မဲ့ဖြစ်သွားတဲ့အကြောင်းလည်း ပါတယ်။

          မြို့အဝင်ကျော်လာတော့ ငရှဉ့်ကို မြင်းလှည်းဆရာက မေးတယ်။ “ကိုငရှဉ့် ဘယ်ဆင်းမှာလဲ”တဲ့။ ငရှဉ့်က ရန်ကုန်က စပယ်ယာတွေအော် ကြသလို “ခိုင်ရွှေဝါ၊ ဓမ္မာရုံ၊ ဂိတ်ဆုံး”တဲ့။ သူ မြင်းလှည်းဂိတ်ဆုံးအထိ လိုက်မှာဆိုတဲ့သဘော၊ ဈေးမရောက်ခင် ခါလာကြီးရဲ့ ကုန်မျိုးစုံဆိုင်နား ရောက်တော့ ငရှဉ့်က မြင်းလှည်းဆရာကို ခဏအရပ်ခိုင်းပြီး ခါလာကြီး ဆိုင်ထဲ ခပ်သုတ်သုတ်ဝင်သွားတယ်။

          တစ်အောင့်ကြာတော့ လန်ဒန်စီးကရက်တစ်တောင့်ကိုင်ပြီး ပြန်ထွက် လာတယ်။ ကိုနေမျိုးအေးတောင် ခါလာကြီးဆိုင်မှာ အသစ်ရောက်တဲ့ ပစ္စည်း စာရင်း လှမ်းဖတ်ခဲ့သေးတယ်။ သူလိုချင်တာ မပါပါဘူး။ ကိုနေမျိုးအေး