ညီညီ(တတ်သိလိမ္မာမြန်မာစာ) - မူလတန်းအလယ်တန်းအဆင့်စာစီစာကုံးများ
ကျွန်တော်တို့ အတန်းပိုင်ဆရာ
ကျွန်တော်တို့ကျောင်းသည် အခြားကျောင်းများနှင့်မတူ အမည်နာမနှစ်မျိုးရှိသော ကျောင်းဖြစ်ပါသည်။ စိန်ပေါလ်ကျောင်းဟု အမည်တွင်သကဲ့သို့ အ.ထ. က ၆ ဗိုလ်တထောင်ဟုလည်း အမည် တွင်ပါသည်။ ကျွန်တော်သည် သတ္တမတန်းတွင် ပညာသင်ယူနေသောကျောင်းသားတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့၏ မြန်မာစာဆရာမှာ ကျွန်တော်တို့အတန်း၏ အတန်းပိုင်ဆရာ ဖြစ်ပါသည်။ ဆရာ၏ အမည်မှာ ဦးရေချမ်းဖြစ်ပါသည်။ ဆရာသည် မြန်မာစာဆရာ ပီသ ပါသည်။ ဆရာ့ကို ကြည့်လိုက်လျှင် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး တိုက်ပုံအင်္ကျီဝတ်ကာ မြန်မာဆန်လွန်းနေသော ဆရာတစ်ဦးအဖြစ် တွေ့မြင်နိုင်ပါသည်။
ဆရာသည် သဘောကောင်းသူတစ်ဦး ဖြစ်ပါသည်။ ဆရာ သည် စကားပြောနေစဉ် အချိန်တွင်သော် လည်းကောင်း၊ စာသင် ကြားနေစဉ်သော် လည်းကောင်း၊ စာဖတ်နေစဉ်သော် လည်းကောင်း၊ စာရေးနေစဉ်သော် လည်းကောင်း ပြုံးရွှင်ကြည်နူးသော မျက်နှာနှင့်ပြောဆိုသင်ကြား၊ ဖတ်ရှု၊ ရေးသားနေတတ်သော ဆရာတစ်ဦး ဖြစ်ပါ သည်။
ဆရာသည် အမည်နှင့် လိုက်ဖက်လွန်းလှပါသည်။ ဆရာ့ အမည်မှာ ဦးရေချမ်း ဖြစ်ပါသည်။ ဦးရေချမ်းဆိုသည့်အတိုင်း ဆရာ သည် ရေကဲ့သို့ ကြည်လင်အေးမြသူတစ်ဦး ဖြစ်ပါသည်။ ရေကဲ့သို့ ကြည်လင်အေးမြရုံမျှမက အေးအေးချမ်းချမ်း နေနိုင်သောသူတစ်ဦး လည်း ဖြစ်ပါသည်။ ဆရာသည် ကျွန်တော်တို့ကို စာသင်လျှင် စိတ်ရောလူရောနှစ်၍ အားပါးတရသင်ကြားလေ့ရှိပါသည်။ ကဗျာ များကို အသံနေအသံထား၊ အဖြတ်အတောက်တို့နှင့် ဖတ်ပြ၊ ရွတ်ပြ ကာ သင်ကြားပါသည်။ ဆရာ စာသင်သည့်အခါ မာန်ပါလွန်း၍လား မသိပါ၊ ဆရာ့လည်ချောင်းမှ အကြောကြီးများ ထောင်နေသည်ကို တွေ့ရပါသည်။
ဆရာစာသင်ကြားနေစဉ် စိတ်မဝင်စားဘဲ စကားပြောနေ သော၊ ငေးငိုင်နေသော ကျောင်းသားကိုတွေ့လျှင် စကားမပြောရန် မျက်နှာထားတည်တည်နှင့် ဆုံးမတတ်ပါသည်။ ထိုအချိန်တွင် ဆရာ့ မျက်နှာပေါ်မှ အပြုံးများ ဘယ်ရောက်ကုန်သည်မသိပါ။ ကျွန်တော်တို့ အားလုံး ကြောက်လန့်တကြား ဖြစ်ရပါသည်။ ဆရာသည် ဆုံးမပြီး လျှင် အေးမြသော၊ ချိုသာသော၊ လန်းဆန်းသောအပြုံးကို မျက်နှာ ထက်တွင် ဆင်မြန်းကာ စာဆက်သင်ပါတော့သည်။ မကြာခဏ “နားလည်ကြရဲ့လား” ဟူ၍လည်း မေးလေ့ရှိပါသည်။
ကျွန်တော်တို့ အတန်းပိုင်ဆရာသည် တပည့်များအပေါ် သား သမီးများပမာ ချစ်ရှာပါသည်။ စာသင်ရုံမျှမကဘဲ ကျွန်တော်တို့ ခြေသည်းလက်သည်း ညှပ်ရဲ့ လားကအစ ရေမှန်မှန်ချိုးရဲ့ လားထိ စိတ်ပူတတ်ပါသည်။ မကြာခဏ လက်သည်းခြေသည်း ညှပ်မညှပ်တို့စစ်ဆေးလေ့ရှိပါသည်။ ဆရာသည် ကျောင်းတွင်းသန့်ရှင်းရေးကို လည်း ကျွန်တော်တို့အား လုပ်ခိုင်းပါသည်။ ကျွန်တော်တို့သည် အလှည့်ကျသော နေ့ရက်များတွင် ကိုယ့်တာဝန်ကိုယ်ယူကာ တံမြက် စည်းလှည်းခြင်း၊ သောက်ရေထည့်ခြင်း၊ ခုံစီခြင်းစသည်တို့ကို လုပ် ဆောင်ရပါသည်။
ကျွန်တော်တို့အတန်းပိုင်ဆရာသည် စာသင်ပြခြင်း၊ စာရှင်း လင်းခြင်းတို့တွင် ကျွန်တော်တို့ နားလည်သည်အထိ စိတ်ရှည်ကာ ရှင်းလင်းသင်ပြသူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် စာသင်ကောင်းသော ဆရာတစ်ဦး ဖြစ်ပါသည်။ ဆရာသည် စာသင်ကောင်းသကဲ့ သဘောလည်း ကောင်းပါသည်။ သို့သော်လည်း ကျွန်တော်တို့ စည်း ကမ်းမလိုက်နာလျှင် မကြိုက်ပါ။ ခပ်ပြင်းပြင်းလေး ဆုံးမလေ့ရှိပါ သည်။ ရိုက်တာထက် နာသော စကားလုံးများသုံးကာ စိတ်ရှည်လက် ရှည် ရှင်းပြကာ ဆုံးမပါသည်။ ဆရာ့ဆုံးမစကားတို့သည် အရိုက်ခံရ သည်ထက် ပို၍နာပါသည်။
ဆရာသည် ကျွန်တော်တို့ကို အဆင့်အတန်းမခွဲခြားဘဲ ဆက်ဆံပါသည်။ ဂရုစိုက်ပါသည်။ ဆရာ့မွေးနေ့ရောက်တိုင်း ဆရာ သည် ကျွန်တော်တို့ကို သူ့အိမ်သို့ ခေါ်သွားကာ ဆရာကတော် လက်ရာ မုန့်တစ်မျိုးမျိုးကို ကျွေးလေ့ရှိပါသည်။ ဆရာသည် ဆင်းရဲ သောကျောင်းသားများကိုလည်း စာအုပ်၊ စာတမ်း၊ ခဲတံ၊ ပေတံတို့ကို ပေးလေ့ရှိပါသည်။ စာတော်သော ကျောင်းသားများကိုလည်း ဆုချ လေ့ရှိပါသည်။ ကျွန်တော်တို့သည် စာသင်ကောင်းရုံသာမက ကျွန် တော်တို့ကို ချစ်သော အတန်းပိုင်ဆရာ ဦးရေချမ်းကို အလွန်ချစ်ခင် ကြပါသည်။