Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ညီစေမင်း - နပိုလီယံကိုခြောက်တဲ့တစ္စေ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

နပိုလီယံကို ခြောက်တဲ့တစ္ဆေ

          ကျုပ်တို့မင်းချင်းတစ်စု စကားဝိုင်းဖွဲ့ကောင်းနေတုန်းမှာပဲ တော်ကြီး ဘုရားက စက်ရာဆောင်ခန်းကို ကြွမြန်းတော်မူသွားတယ်။ “လက်သုံးတော်ကြီးရေ ပြတင်းလေသာက ကန့်လန့်ကာများကိုလည်း ချထားလိုက်ပါကွယ်။

          မောင်မင်းတို့ထွက်သွားရင် လေသာတံခါးများလည်း ပိတ်ခဲ့ပါဦး”လို့ လက် သုံးတော်တစ်ဦးကို မိန့်ကြားတော်မူတယ်။ လက်သုံးတော်ကြီးက အမိန့် တော်အတိုင်း ဆောင်ရွက်ပြီးသွားရော တော်ကြီးဘုရားလည်း အလင်းတိုင်ကို ကောက်ယူပြီး စက်ရာဆောင်ခန်းက သလွန်တော်မှာ မှေးစက်တော်မူတယ်။

            ခဏကြာတော့ စက်တော်မူတဲ့မှီအုံးက တောင့်လာသလိုလို၊ မာလာ သလိုလို ခံစားမိပါရော။ ဒါနဲ့ တော်ကြီးဘုရားက စက်ရာကထလိုက်ပြီး မှီအုံးကို လှုပ်ခါ ကြည့်တယ်။ မှီအုံးထဲ ဘာတွေများဝင်နေပါလိမ့်မလဲပေါ့။ အဲဒီတုန်းမှာ သလွန်ခေါင်းရင်းက တဖျပ်ဖျပ် တရှပ်ရှပ်သံလိုကြားမိတာနဲ့ ခဏနားစွင့်ကြည့်တယ်။ ဘာမှထပ်မကြားရတော့ဘဲ ပကတိတိတ်ဆိတ် နေတာမို့ စက်ရာပေါ် ပြန်လှဲလိုက်ပြန်တယ်။

          ပျော်တစ်ဝက် မှေးတစ်ဝက်၊ စက်တော်ခေါ်လို့ မပျော်တပျော်အနေ မှာ မဟားတရား ရေဆာလာပြန်ပါရော။ ဒါနဲ့ တံတောင်နဲ့ထောက်ထပ် သလွန်တော်ဘေးက ကလပ်ခုံလေးပေါ်မှာ တင်ထားတဲ့ ဖျော်ရည်တစ်ခွက်ကို တစ်ကျိုက်တည်းနဲ့ မော့သောက်လိုက်တယ်။ သောက်တော်ခွက်ကို ခုံပေါ်ပြန်အတင် အခန်းထောင့် တစ်နေရာ ဝတ်လဲတော်အခန်းထဲက ဆွဲဆွဲ ငင်ငင် ညည်းသံတစ်ခု ပေါ်လာတယ်။

          “ဘယ်သူလဲ” တော်ကြီးဘုရားက လက်သုံးတော်သေနတ်ကိုဆွဲယူ ရင်း မေးလိုက်တယ်။ “ပြောရင်ပြော မပြောရင် မောင်မင်းရဲ့ ခေါင်းကို ပစ်ခွဲလိုက်ရလိမ့်မယ်”လို့ ခပ်ထန်ထန်ပြောလိုက်တယ်။ အဲဒီလိုလည်း ခြိမ်းခြောက်လိုက်ရော အခန်းထောင့်မှောင်ရိပ်ထဲက “ဟက်ခန်” ရယ်သံ တစ်ချက်ပေါ်လာပြီး ပြန်တိတ်ဆိတ်သွားပြန်တယ်။ တော်ကြီးဘုရားလည်း သလွန်ပေါ်က ဖျပ်ခနဲထ၊ ထိုင်ခုံတစ်လုံးပေါ်မှာ လွှမ်းထားတဲ့ ဝတ်ရုံတော် ကို ဆွဲခြုံလိုက်ပြီး အသံကြားရာဆီကို ခပ်သုတ်သုတ်ကြွချီလာခဲ့တယ်။ အသံလာရာ ဝတ်လဲတော်ခန်းတံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်။ တဖျပ်ဖျပ် တရှပ်ရှပ်အသံက ထပ်မံပေါ်ထွက်လာပြန်တယ်။ တော်ကြီးဘုရားဟာ အနီးအပါးမှာချိတ်ဆွဲထားတဲ့ လက်သုံးတော်ဓားကိုပါ အားနေတဲ့လက် တစ်ဖက်နဲ့ ဆွဲယူပြီး ရှေ့ကိုတိုးဝင်လိုက်တယ်။ အခန်းငယ်ထဲမှာတော့ ဘာဆိုဘာမျှမရှိ။ တဖျပ်ဖျပ် တရှပ်ရှပ်အသံက ပြုတ်ကျနေတဲ့ ခန်းဆီးကို လေခတ်လို့ ထွက်ပေါ်လာတဲ့အသံ ဖြစ်ဟန်တူရဲ့။ ဒီတော့မှ ဒီလောက်ထိအောင် သွေးကြောင်ရပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင် ရှက်စိတ် ဝင်ပြီး စက်ရာဆောင်ခန်းကို ပြန်လည် ကြွမြန်းခဲ့ပြန်တယ်။

          မျက်လုံးစုံမှိတ် အိပ်ပျော်တော့မယ့်ဆဲဆဲမှာပင် တင်ခုံပေါ်မှာထွန်း ထားတဲ့ အလင်းတိုင်သုံးချောင်းဟာ ဝုတ်ခနဲ ငြိမ်းသွားပြီး တစ်ခန်းလုံး မှောင်အတိကျသွားတယ်လို့ ထင်လိုက်မိတယ်။ တကယ်တော့ အလင်း တိုင်များ ငြိမ်းသွားခြင်းမဟုတ်။ အရိပ်မည်း၊ အလင်းရောင်ကို ပိတ်ကွယ် လိုက်တာကိုး။ ဇောချွေးများပြန်စပြုလာတဲ့ တော်ကြီးဘုရားဟာ လူခေါ် ခေါင်းလောင်းကို ဆွဲလှုပ်ဖို့ လက်အလှမ်းလိုက်၊ မမြင်ရတဲ့အရာတစ်ခုက သူ့လက်ထဲက ခေါင်းလောင်းကြိုးကို ရိုင်းပျစော်ကားစွာ ဆွဲယူသွားတယ်။ တစ်ချိန်တည်းဆိုသလို မကောင်းဆိုးဝါး အရိပ်မည်းကြီးလည်း ပျောက် ကွယ်သွားပြီး တစ်ခန်းလုံး ပြန်လင်းလာပြန်တယ်။

          “ဝူး...တကယ်တော့ ငါ့အမြင်အာရုံရဲ့ လှည့်စားမှုတွေပါလား”လို့

တော်ကြီးဘုရားက သက်ပြင်းကိုမှုတ်ထုတ်ရင်း တစ်ကိုယ်တည်း ညည်း လိုက်မိတယ်။

          “အမြင်အာရုံရဲ့ လှည့်စားမှု ဟုတ်စ” လျှို့ဝှက်ဆန်းကြယ်တဲ့ အသံ နက်ကြီးက ဝမ်းခေါင်းသံကြီးနဲ့ ပြောသံကြားလိုက်ရတယ်။ “အမြင်အာရုံရဲ့ လှည့်စားမှုဆိုတာ သေချာရဲ့ လား ဧကရာဇ်ဘုရင်မင်းမြတ်ကြီးရဲ့ ၊ ဒါတွေ ဟာ အစစ်အမှန်တွေ ရှေ့ဖြစ်မယ့်အရေးကိစ္စတွေရဲ့ နိမိတ်လက္ခဏာတွေပဲ၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္တာ၊ ရတနာခုနစ်ပါးအရှင်၊ လက်နက်စကြာ သခင်၊ ဘဝသခင်၊ ရေမြေသနင်းပြည့်ရှင်မင်း နပိုလီယံ၊ ကျွန်ုပ်နောက်က သာ လိုက်ခဲ့ပါ၊ သင် ဒီထက်မက မြင်ရစေမယ်”

          စကားသံအဆုံး သူ့ရဲ့ အာရုံထဲမှာ တစ်စုံတစ်ခု ထင်ထင်ရှားရှား ပီပီပြင်ပြင် ပေါ်ထွက်လာတယ်။ ရွှေနားကွပ် အပြာရောင်ဝတ်ရုံကို ဆင် မြန်းထားတဲ့ ပိန်ရှည်ရှည်လူတစ်ယောက်၊ အနက်ရောင်ဗာလီကွေးတစ်ခု ကို ခပ်ကျပ်ကျပ်ဝတ်ဆင်ထားတယ်။ နားနောက်မှာလည်း နားကင်းနှစ် ဖက်က နားရွက်ချွန်ချွန်ကြီးနှစ်ခု ထောင်ထားသည့်အလား။ မျက်နှာထားက ခပ်တင်းတင်း၊ မျက်လုံးတွေကလည်း မျက်တွင်းဟောက်ပက်ထဲက ငါ ကြီးပြူးထွက်နေပြီး မီးတောက်မီးလျှံအလား ရဲရဲတောက်နေတယ်။

          “ဘုရား...ဘုရား...ငါဘာတွေများ မြင်တွေ့နေရပါလိမ့်”တော်ကြီး ဘုရားက အလန့်တကြား ရေရွတ်လိုက်မိတယ်။ “ဟဲ့..တစ္ဆေကောင် နင် ဘယ်ကလာတာလဲ” ( တစ္ဆေက ဘာမှစကားပြန်မပြောဘဲ သူ့ရှေ့ကို စေ့ ခနဲ ရောက်လာ တယ်။ ပြီးတော့ သူ့နောက်ကလိုက်ခဲ့ဖို့ နပိုလီယံကို လက်ညှိုးကွေးချည် ဆန့်ချည်နဲ့ ခေါ်လိုက်တယ်။ တော်ကြီးဘုရားဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုရဲ့ ညှို့ယူခြင်းခံရသူပမာ ကိုယ်တိုင်တွေးခေါ်ဆင်ခြင် ဆုံးဖြတ် နိုင်စွမ်းမရှိတော့ဘဲ အသာတကြည်နဲ့ပဲ မငြင်းမဆန်နာခံလိုက်ရတော့တယ်။ ခိုင်မာတောင့်တင်းလှတဲ့ အုတ်နံရံကြီးဟာ သူတို့ချဉ်းကပ်သွားတယ်ဆိုရင်ပဲ ဘေးကိုရဲသွားပြီး အလိုက်သင့်ဖွင့်ပေးကြတယ်။ သူတို့လည်းဖြတ်ပြီး တဂျိမ်းဂျိမ်းတဂျုန်းဂျုန်း မြည်ဟိန်းကာ ပြန်ပိတ်သွားတော့တယ်။ တစ္ဆေဆီ က ထွက်ပေါ်လာတဲ့ ခပ်မှိန်မှိန် အလင်းရောင်ကြောင့် ရှည်လျားစိုထိုင်းနေတဲ့လိုဏ်ခေါင်းလမ်းကြီးကို ခပ်ဝါးဝါး ခပ်ပျပျ မြင်တွေ့ နေရတာကလွဲရင် ပတ်ဝန်းကျင်မှာ ပကတိပိန်းပိတ်အောင် မှောင်မိုက်နေတယ်။ နှစ်ယောက် သား စကားတစ်ခွန်းမှမဟဘဲ ခရီးကိုသာ ခပ်သုတ်သုတ်နှင်နေကြတယ်။ လိုဏ်ဂူတစ်လျှောက် တဝီဝီ တိုက်ခိုက်နေတဲ့ အေးမြလန်းဆတ်တဲ့ လေအေးကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့အတွက် တော်ကြီးဘုရားဟာ ညဉ့်ရုံတော်ကို ခပ်တင်းတင်းဆွဲပတ်လိုက်ရတယ်။ အပြင်ဘက်လဟာပြင်ထဲကို ရောက်လာ ပြီဆိုတဲ့သဘောပေါ့။

          အပြင်ဘက်ကိုလည်းရောက်ရော ပါရီမြို့တော်ရဲ့ အဓိကရလမ်းမ တစ်ခုထဲ ရောက်ရှိနေတာကို နပိုလီယံ တွေ့ လိုက်ရတယ်။

          “အို..ဝိညာဉ် စက်ရာဆောင်ပြန်ပြီး ဝတ်လဲတော်များ ဝတ်ဆင်ခွင့် ပေးပါ။ ပြီးတော့ သင်နဲ့ ချက်ချင်းပြန်လိုက်ခဲ့ပါ့မယ်” အေးမြလှတဲ့ ညဉ့် လေပြည်ကြောင့် ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ နပိုလီယံက တောင်း တောင်းပန်ပန် ပြောလိုက်တယ်။

          “ရှေ့သို့သာ ဆက်ပါလေ” တစ္ဆေက ခပ်ပြတ်ပြတ်ခပ်ထန်ထန် ပြောလိုက်တယ်။ အလိပ်လိပ်ထလာတဲ့ ဒေါသလှိုင်းတံပိုးများကို အနိုင်နိုင် ချုပ်တည်းပြီး တစ္ဆေခိုင်းတဲ့အတိုင်းလုပ်ရုံကလွဲပြီး တခြား ဘာမှမတတ် နိုင်တော့။

          စိန်းမြစ်ကမ်းပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ဂေဟာကြီး တစ်ခုဆီ ရောက်သည်အထိ လူသူကင်းမဲ့တဲ့လမ်းတွေကို ဖြတ်သန်းလာခဲ့ ကြတယ်။ အိမ်ဂေဟာကြီးရဲ့ ရှေ့တည့်တည့်ကိုလည်းရောက်ရော တစ္ဆေက ရုတ်တရက် ရပ်တန့်လိုက်တယ် ဝင်းတံခါးမကြီးက သူတို့အလာကို စောင့်ဆိုင်းနေသည့် အလား အဆင်သင့်ပွင့်သွားကြတယ်။ ကြီးမားလှတဲ့ ကျောက်ဖြူသားခန်းမ ကြီးထဲကို သူတို့နှစ်ယောက်သား ဝင်ခဲ့ကြတယ်။ ခန်းမကြီးတစ်ပိုင်းကို ကန့်လန့်ကာများနဲ့ ကွယ်ထားတယ်။ ဒီကန့်လန့်ကာနောက်က ကျောက်ဖြူ သားနံရံက တန်ပြန်ဟပ်လာတဲ့ စူးစူးဝါးဝါးအလင်းရောင်ကြောင့် ကန့်လန့် ကာကြီးကို ထိုးဖောက်ပြီး ခပ်ဝါးဝါးမြင်နေရတယ်။ သားသားနားနား ဝတ်ဆင်ထားတဲ့ အမျိုးသမီးသဏ္ဌာန်များက ကန့်လန့်ကာကြီးရှေ့မှာ တန်းစီရပ်နေကြတယ်။ သူတို့ခေါင်းတွေပေါ်မှာတော့ လှပေ့ဆိုတဲ့ပန်းတွေကို ခွေထိုးပန်ဆင်ထားကြတယ်။ သူတို့မျက်နှာများကိုတော့ သေမင်းရဲ့ အမှတ်အသားလက္ခဏာ မျက်နှာဖုံးတွေနဲ့ ဖုံးကာထားကြတယ်။

          “ဒီမျက်နှာဖုံးစွပ်တွေက ဘာတွေလဲ၊ နာနာဘာဝ ဝိနာဘာဝတွေ လား၊ ငါဘယ်ရောက်နေတာလဲ၊ ငါ့ကို ဘာလို့ ဒီနေရာကို ခေါ်လာရတာ လဲ”တော်ကြီးဘုရားက အနိုင်နိုင် ချုပ်တည်းထားရတဲ့ စိတ်နှောင်ကြိုးကို ချိုးဖြတ်ဖို့ ကြိုးစားဖို့အနေနဲ့ ခပ်ငေါက်ငေါက်ပြောလိုက်တယ်။

          “တိတ်စမ်း” သွေးစွန်းမည်းနက်နေတဲ့လျှာ ရှေ့ကိုငေါထွက်လာ သည့်အထိ တစ္ဆေက အော်ငေါက်ပြောလိုက်တယ်။ “ခုချက်ချင်း ဇီဝိန်ချုပ် မသွားချင်ရင် တိတ်လိုက်စမ်း”

          ပွဲဦးထွက်ကတည်းက စေသည့်ကျွန် ထွန်သည့်နွားပမာ အလျှော့ ပေးအညံ့ခံခဲ့ရတဲ့ ကြောက်စိတ်ကိုကျော်လွှားနိုင်သည်အထိ ပင်ကိုသတ္တိ တွေ ပြည့်ဝလာပြီဖြစ်တဲ့ တော်ကြီးဘုရားက တစ်စုံတစ်ခုကို ပြန်ပြောတော့မယ် အလုပ်မှာ အဇ္ဈတ္တအတွင်းက ဆူညံညံ သို့မဟုတ် လေချင်းတိုးဝှေ့ရာက ပေါ်ပေါက်လာတဲ့ အသံလေလားမသိ အရိုင်းဆန်တဲ့ ပရလောကက ဂီတ သံဟာ ကန့်လန့်ကာကြီးနောက်က ချောက်ချားအား ငယ်စရာ တငြိမ့်ငြိမ့် တသိမ့်သိမ့်ပေါ်ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ မွှေးကြိုင်လှတဲ့ အရှေ့ တိုင်းဖြစ် နံ့သာမျိုးစုံ အခိုးအထုံတို့နှင့် ပြုပြင်စီမံထားတဲ့ စိတ်နှလုံးကို တိမ်း မူးစေတဲ့ ရနံ့များက ထုံသင်းကြိုင်လှောက်လာတယ်။

          ခပ်ဝေးဝေးဆီက တစ်စုံတစ်ရာကို တီးတိုးရေရွတ်ပြောဆိုနေသံ လိုလို ကြားလိုက်ပြီး တစ်စုံတစ်ယောက်က သူ့လက်မောင်းကို နောက် ကနေ ဖမ်းဆွဲကိုင်လို့ လှည့်ကြည့်လိုက်တော့ ဧကရီမိဖုရားကြီး လူဝီမေရီ “အလို! သင်လည်း ဒီအသူရကာယ်ဘုံကို ရောက်နေတာပဲလား၊ ဘယ်လို နည်းနဲ့ ဒီကိုရောက်နေရတာလဲ”လို့ တအံ့တသြ မေးလိုက်သည်။