ဇော်ဝင်းကို - ကြီးမြတ်တဲ့တစ်သက်တာဂုဏ်ပြောင်တဲ့သေဆုံးမှု
နောက်တစ်လံပြန်ကြည့်
မသိမ့်၊ အင်ကြင်း၊ ထွန်းတေဇာ
သမီးတို့၊ သားတို့ဆီကို စာမရေးစဖူးရေးလိုက်တာကတော့ ဘဘဇော် မှာ မင်းတို့ကို ပြောစရာလေးတွေ ရှိနေလို့ပါ။ “ဟာ.. တို့ ဘဘဇော်ကတော့ ဆုံးမဩဝါဒတွေပေးတော့မယ်”လို့တော့ မထင်လိုက်ကြပါနဲ့။ မင်းတို့ သိကြတဲ့ အတိုင်း ဘဘဇော်ဟာ ကိုယ်တိုင်ကလည်း Live and let live (ကိုယ်လည်း ကိုယ့်စိတ်ကြိုက်နေ၊ သူလည်းစိတ်ကြိုက်နေပါစေ)ဆိုတဲ့မူကို သဘောကျတဲ့ လူတစ်ယောက်မို့ မင်းတို့ကိုဘာလုပ်ပါ၊ ဘာမလုပ်နဲ့ရယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။
အခု ဒီစာကိုရေးမိတာကတော့ မသိမ့်ကို အကြောင်းပြုလို့ပါ။ မသိမ့် က အခု ဘဘဇော်ရဲ့စာပေရောင်းရင်းတစ်ယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ဆီမှာ သင်တန်းတက်နေတယ်မဟုတ်လား။ မင်းတို့ဆရာကို “မောင်ရှင်စော' အဖြစ်နဲ့ ဘဘဇော်တို့ ထိုင်နေကျဝိုင်းမှာ မကြာမကြာတွေ့ရတတ်တာမို့ တွေ့တိုင်း လည်း မသိမ့်ကို ဂရုစိုက်ပေးဖို့ ဘဘဇော် အပ်တတ်တယ်။ သူကလည်း မသိမ့် နဲ့ပတ်သက်ရင် ဘဘဇော်ကို တရင်းတနှီးနဲ့ အသိပေးစရာရှိတာတွေ အသိ ပေးတတ်တယ်။
တစ်နေ့မှာတော့ သူက သူခိုးလိုးခုလုဖြစ်ရတဲ့ကိစ္စလေးကို ပြောပြ တယ်ကွဲ။ ပြက်လုံးလေးအဖြစ်နဲ့ပါပဲ။ သူက မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကိစ္စနှစ်ခု၊ သုံးခုလောက်ကို တပည့်တွေကို မေးသတဲ့။ ဘယ်သူမှ မသိကြဘူး။ ဒီအထဲမှာ သမီးကြီး မသိမ့်ကိုတော့ သိလောက်မယ်လို့ သူက ထင်တာတဲ့လေ။ သူ့စကားအတိုင်း ပြန်ပြောရရင် “ကျွန်တော်ဗျာ ဆရာဇော်တူမဆိုတော့ သိလောက်မယ်ထင်တာ၊ သူ ပြန်ပြောပုံလည်း ကြည့်ပါဦး”ဆိုပြီး မသိမ့်ရဲ့ ဆင်ခြေ စကားကို ပြန်ပြောပြတယ်။ “ဆရာကြီးကလည်း ဆရာကြီးပြောတဲ့ကိစ္စတွေ ဖြစ်တော့ သမီးအဖေနဲ့အမေတောင် အိမ်ထောင်မကျသေးဘူး။ သမီး ဘယ် သိပါ့မလဲ” တဲ့။ ကိုရှင်စောက ရယ်ရင်းမောရင်း ပြန်ပြောတာပါပဲ။ ဘဘဇော် ကတော့ “ရယ်ရင်းမောသွားရတယ် သမီးရေ။
ကိုရှင်စောကတော့ အဲဒီအဖြစ်ကနေ “ပိရမစ်”ဆိုတဲ့ ကဗျာတစ်ပုဒ်ရ သွားလေရဲ့။ ဘဘဇော်လည်း ဒီစာတစ်စောင်ရလိုက်ပြီပေါ့။ သမီးတို့၊ သား တို့ကို အဆက်ပြတ်နေတဲ့ ခေတ်တံတားလေး ထိုးပေးဖို့ပါ။
သမီးတို့၊ သားတို့ရေ ...
“ရှေ့တစ်ခေါ်မျှော်ကြည့်၊ နောက်တစ်လံ ပြန်ကြည့်'ဆိုတဲ့စကားကို သမီးတို့၊ သားတို့လည်း ကြားဖူးကြပါလိမ့်မယ်။ မင်းတို့တစ်တွေ ရှေ့တစ်ခေါ် မျှော်ကြည့်ဖို့အတွက် အကူအညီပေးနိုင်သူတွေ အများအပြားရှိမှာပါ။ နောက် တစ်လံ ပြန်ကြည့်ဖို့အတွက်တော့ ဘဘဇော်က တစ်ဖက်တစ်လမ်းက ဖြည့် ပေးပါရစေ။
ဒီစာကစလို့ မင်းတို့ဆီကို မကြာမကြာ စာရေးမယ်လို့ စိတ်ကူးပါ တယ်။ ရှေ့မှာပြောခဲ့သလိုပဲ ဆုံးမဩဝါဒမဟုတ်၊ စပ်မိစပ်ရာလေးတွေပါ။ ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ၊ တို့တိုင်းပြည်နဲ့ တို့ကမ္ဘာရဲ့ ထူးထူးခြားခြား အတိတ် ဖြစ်ရပ်ကလေးတွေ၊ ဘဘဇော် ဖတ်ဖူးမှတ်ဖူးသမျှထဲက စိတ်ဝင်စား စရာလေးတွေ၊ အဲဒီ ဖတ်မှတ်စရာကတစ်ဆင့် စိတ်ကူးမိတာတွေ သောင်း ပြောင်းထွေလာပေါ့ကွယ်။
တစ်ခုတော့ရှိတယ်၊ ဘဘဇော် ရေးပြတာတွေက ဘဘဇော် ဖတ်ဖူး သမျှထဲက ဘဘဇော် မှတ်သားမိသလောက်သာဖြစ်မှာနော်။ ဘဘဇော်က မှတ်စုထုတ်ပြီး စာဖတ်တဲ့ဓလေ့လည်းမရှိ၊ ဖတ်သမျှမှတ်သားထားရင်လည်း အဲဒါတွေက မကြာခဏပျောက်ပျက်ခံရ၊ ဖျောက်ဖျက်ခံရနဲ့ဆိုတော့ အတိအကျ ကိုးကားနိုင်ဖို့ မလွယ်လှဘူး။ ဒါကြောင့် ဖတ်ဖူးသမျှထဲက မှတ်မိသလောက်သာ ဖြစ်ပါလိမ့်မယ်။ မင်းတို့တွေ စိတ်ဝင်စားရင်ဝင်စားသလို ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်အောင် မိတ်ဆက်ပေးတာပေါ့။
ဒီစာမှာတော့ “ကနောင်မင်းသားကြီး” အကြောင်းကို မိတ်ဆက်ပေး ချင်ပါတယ်။
ကနောင်မင်းသားကြီးဟာ ကုန်းဘောင်ခေတ်ရဲ့ ဒုတိယနောက်ဆုံး ဘုရင်ဖြစ်တဲ့ မင်းတုန်းမင်းကြီးရဲ့ညီပါ။ မင်းတုန်းမင်းကို နန်းတင်ပေးခဲ့တာ လည်း သူပဲလို့ ဆိုနိုင်ပါတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်က သာယာဝတီ မင်းရဲ့ သားတွေပေါ့။ သူတို့ညီအစ်ကိုဟာ မြန်မာမင်းဆက်ကို ဆက်ပြီးရှင်သန် စေဖို့အတွက် ကိုယ်သန်ရာနည်းလမ်းတွေနဲ့ ကြိုးစားရုန်းကန်ခဲ့တဲ့ ညီအစ်ကို ဆိုရင်လည်း မမှားပါဘူး။
အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို သုံးကြိမ်သုံးခါစစ်ခင်းပြီး တစ်ပိုင်း ပြီးတစ်ပိုင်း သိမ်းယူသွားခဲ့ကြတယ်ဆိုတာတော့ မင်းတို့သိပြီးဖြစ်မှာပါ။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲက ကုန်းဘောင်မင်းဆက် ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ်မှာ စဖြစ်ပြီး ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရေးထိုး တဲ့ ရန္တပိုစာချုပ်နဲ့ မြန်မာတို့အညံ့ခံလိုက်ရတယ်။ အင်္ဂလိပ်တွေကို စစ်လျော် ကြေးအဖြစ် ကျပ်သုံးဒင်္ဂါး တစ်ကုဋေ ပေးလိုက်ရတဲ့အပြင် ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲတို့ပါဝင်တဲ့ ရခိုင်ကမ်းရိုးတန်းဒေသကြီးနဲ့ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီတို့ပါဝင်တဲ့ တနင်္သာရီကမ်းမြောင်ဒေသကိုလည်း ပေးလိုက်ရတယ်။ အဲဒီ စစ်ရှုံးဘုရင် ဘကြီးတော်မင်းတရားဆိုတာ ကနောင်မင်းရဲ့ ဘကြီးပါ။
စစ်ရှုံးပြီးတဲ့နောက်မှာတော့ ဘကြီးတော် နန်းကျပြီး ကနောင်မင်းတို့ ခမည်းတော် သာယာဝတီမင်းနန်းတက်လာတယ်။ သာယာဝတီမင်းဟာ ဇာတိမာန်ကြီးတဲ့ ဘုရင်တစ်ပါးပါ။ ဘကြီးတော်လက်ထက်က အရှုံးကို အသိ အမှတ်မပြုဘဲ အင်္ဂလိပ်တွေကို တင်းတင်းမာမာ ဆက်ဆံဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဆုံးရှုံးသွားပြီးတဲ့နယ်မြေတွေကိုတော့ ပြန်ရအောင်မတတ်နိုင်တော့ပါဘူး။
နောက် သာယာဝတီမင်း နတ်ရွာစံတော့ သူ့ရဲ့ မိဖုရားခေါင်ကြီးကမွေး တဲ့ သားတော် (မင်းတုန်းနဲ့ကနောင်တို့ရဲ့ ဖအေတူမအေကွဲ အစ်ကို) ပုဂံမင်း နန်းတက်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းတုန်းမင်းသားရောကနောင်မင်းသားပါလောက်လောက်လားလား အရွယ်ရောက်နေကြပါပြီ။ မင်းတုန်းမင်းသားဆိုရင် သူ့ခမည်းတော် သာယာဝတီမင်းလက်ထက်ကတည်းက လွှတ်တက်မင်းသား ကြီး ဖြစ်နေတာပါ။
ပုဂံမင်း လက်ထက်ရောက်တော့ တိုင်းပြည်ရဲ့ အခြေအနေက ဆိုး သထက်ဆိုးလာတယ်။ ပုဂံမင်းဆိုတာကလည်းအရည်အချင်းရှိလှတဲ့မင်းမှ မဟုတ်ပေပဲကိုး။ ဘုရင်ကိုယ်တိုင်က တစ်နေ့တစ်နေ့ ကြက်တိုက်၊ ငှက်တိုက်နဲ့ အချိန်ဖြုန်း၊ တိုင်းပြည်အုပ်ချုပ်ရေးကိုတော့ သူ ယုံကြည်ရာ မင်းမြှောင်ကပ်ပါးတွေနဲ့လွှဲထား၊ တစ်ဖက်သတ်စကားကိုအဟုတ်ထင်နဲ့ နောက်ဆုံးမှာတော့ ဘုရင့်အလိုတော်ရိတွေနဲ့ မင်းတုန်း၊ ကနောင်မင်းသားညီအစ်ကိုတို့ ထိပ်တိုက် တွေ့ကြပါတော့တယ်။
အဲဒီအချိန်မှာ အင်္ဂလိပ်ကလည်း အမျိုးမျိုးရန်စနေတာပါ။ နောက် ဆုံးတော့ ခရစ်နှစ် ၁၈၅၂ ခု (မြန်မာသက္ကရာဇ်နဲ့ဆိုရင် ၁၂၁၃)မှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ခဲ့ရပြန်တယ်။ အဲဒီစစ်ပွဲဟာ တစ်နှစ်လောက်ကြာ ခဲ့ပြီး နောက်ဆုံးမှာတော့ မြန်မာဘက်က အရှုံးနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။
အင်္ဂလိပ်နဲ့စစ်ဖြစ်နေချိန်မှာပဲ ပုဂံမင်းရဲ့ ကျေးကျွန်မှူးမတ်တွေက နန်းတွင်းမှာ မီးထပ်မွှေးပြန်ရဲ့။ မင်းတုန်းမင်းသားက အေးအေးတည်တည်ပေမဲ့ ကနောင်မင်းသားကတော့ ခပ်ထက်ထက်မဟုတ်လား။ သူ့မှာလူသူလက်နက် စုဆောင်းထားပြီးသား အများအပြားရှိတယ်။ ဒီတော့ ရှေ့ရန်နဲ့ ရင်ဆိုင်နေရ ချိန်မှာ နောက်ရန်ကို ဖိထားရမယ်လို့ တွက်ဆမိသလားမသိ။ ကနောင်မင်း သားနဲ့ မင်းတုန်းမင်းသား ညီအစ်ကိုကို ပုဂံမင်းလူယုံတွေက ပြဿနာရှာတော့ တာပါပဲ။ ပုဂံမင်းရဲ့ အထိန်းတော် အဘွားကြီးတစ်ယောက်အိမ်ကို ဓားပြ အတိုက်ခံရတယ်လို့ဆိုတယ်။ အဲဒီဓားပြမှုမှာ မင်းတုန်းနဲ့ ကနောင်မင်းသား နှစ်ပါးရဲ့ အိမ်တော်သားတွေပါတယ်လို့စွပ်စွဲပြီး ဖမ်းလား ဆီးလား စစ်လား မေးလားတွေ လုပ်လာတယ်။
မင်းတုန်းမင်းသားကတော့ “တရားကိုနတ်စောင့်ပါတယ်ဆိုတာမျိုး နဲ့အေးအေးဆေးဆေးဖြေရှင်းဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကနောင် မင်းသားရဲ့ လောဆော်မှုအပြင် ပုဂံမင်းရဲ့ညီမတော်အရင်း (နောင်မှာ မင်းတုန်း မင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်လာတဲ့) စကြဒေဝီမင်းသမီးကြီးကလည်း တိုက်တွန်း တာကြောင့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ပြာသိုလမှာ ညီတော်၊ နောင်တော်နှစ်ပါး ကျေးကျွန်များနဲ့အတူ ရွှေဘိုကိုထွက်သွားပြီး လက်နက်လူသူ စည်းကြပ် ပုန်ကန် ကြပါတော့တယ်။ ပုဂံမင်းတရားရဲ့ တပ်တွေဟာ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါးရဲ့ တပ်တွေနဲ့ တွေ့ဆုံတိုက်ခိုက်ရတိုင်း အရေးနိမ့်ကြသတဲ့။ ဒါ့ပြင် အင်္ဂလိပ်တို့နဲ့လည်းတိုက်ခိုက်နေရဆဲမို့ မြောက်ဘက် (ရွှေဘိုဘက်က) တပ်သားတွေကို ကောင်းကောင်းမခုခံနိုင်ကြဘဲ အဲဒီနှစ်တပေါင်းလမှာ ပုဂံမင်း ထီးနန်းကဆင်းပေးလိုက်ရပါတယ်။ မင်းတုန်းမင်းတရားနန်းတက်လာပြီး သူ့ညီတော် ကနောင်မင်းကို အိမ်ရှေ့အရာပေးခဲ့ပါတယ်။ အိမ်ရှေ့မိဖုရား ကတော့ သမီးတို့၊ သားတို့ သိပြီးဖြစ်တဲ့ “လှိုင်ထိပ်ခေါင်တင်” ပေါ့။
သမီးတို့၊ သားတို့ရေ ... ။
မင်းတုန်းမင်းနန်းတက်တော့ အင်္ဂလိပ်-မြန်မာစစ်ပွဲက တရားဝင် ပြီး သေးတာမဟုတ်ဘူးကွဲ။ အင်္ဂလိပ်က သက္ကရာဇ် ၁၂၁၄ ခု ပြာသိုလ (ခရစ်နှစ်နဲ့ ပြောရရင် ၁၈၅၂ ခု ဒီဇင်ဘာလ ၂၀ ရက်)မှာ မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးနယ်ကို သိမ်းပိုက်ကြောင်း ကြေညာပြီးပြီ။ ရခိုင်နယ် ဝန်ရှင်တော်မင်းကြီး အာသာဖယ်ရာကိုလည်း ပဲခူးမှာ ဝန်ရှင်တော်မင်းကြီးအဖြစ် ခန့်လိုက်ပြီးပြီ။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက မြန်မာဘုရင်နဲ့ စစ်ပြေငြိမ်းရေးဆွေး နွေးဖို့ ဖယ်ရာကို အရေးကုန် လွှဲထားလိုက်ချိန်ပေါ့။ ဒီအချိန် အမရပူရနေပြည်တော်မှာ မင်းတုန်းမင်း နန်းတက်လာတော့ဖယ်ရာဟာ စစ်ပြေငြိမ်းရေးကိစ္စ အတွက် မင်းတုန်းမင်းနဲ့ ဆွေးနွေးရပါတယ်။
မင်းတုန်းမင်းက နောင်တော်ပုဂံမင်းနဲ့ အင်္ဂလိပ်တို့စစ်ဖြစ်တာ၊ စစ်ပြေငြိမ်းတာကို အသိအမှတ်မပြု၊ စစ်ပြေငြိမ်းစာချုပ်ကိုလည်း လက်မှတ် မထိုး၊ အင်္ဂလိပ်တို့ကိုမတိုက်ခိုက်ဖို့အမိန့်တော်နဲ့တားမြစ်လိုက်တဲ့အတွက် စစ်အလိုအလျောက် ငြိမ်းသွားခဲ့တာပါ။ ထူးခြားတာက တတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်သွား တဲ့အချိန်အထိ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကတော့တရားဝင်စာချုပ် စာတမ်းနဲ့မရပ်စဲခဲ့ရတာပါပဲ။
မင်းတုန်းမင်းဟာ အင်္ဂလိပ်တို့နဲ့ချက်ချင်း စစ်မက်ဖက်ပြိုင်ရင် အရေးမလှနိုင်ဘူးဆိုတာသိတယ်။ ဒါကြောင့် သူ့ကိုယ်သူ ငြိမ်းချမ်းရေးလိုလား တဲ့ဘုရင်အဖြစ် ထင်သာမြင်သာဖြစ်အောင် ရပ်တည်ပြတယ်။ (ဒါဟာ သူ့ရဲ့ ပင်ကိုစရိုက်နဲ့လည်းကိုက်ညီပါတယ်) အင်္ဂလိပ်တို့ အနေနဲ့ စစ်မက်ပြုဖို့အကြောင်းပြချက်မရှိအောင် အေးဆေးတည်ငြိမ်တဲ့မင်းကောင်းတစ်ပါးအဖြစ် နေပြတယ်။ သံခင်းတမန်ခင်းတိုက်ပွဲကို မင်းတုန်းမင်းကဆင်တာပါ။
ကနောင်မင်းကတော့ အားနည်းလို့ စစ်ရှုံးရတဲ့နိုင်ငံ၊ ခေတ်နောက်ကျ လို့ စစ်ရှုံးရတဲ့နိုင်ငံကို အားကောင်းအောင်၊ ခေတ်နဲ့အမီလိုက်နိုင်အောင် ကြိုး ပမ်းပေးတဲ့တာဝန်ကို ယူလိုက်တယ်လေ။ ခေတ်မီနိုင်ငံထူထောင်ဖို့အတွက် ဥရောပနိုင်ငံကြီးတွေမှာ တိုးတက်ထွန်းကားနေတဲ့ ခေတ်ပညာအရပ်ရပ်ကိုလေ့လာဆည်းပူးဖို့ ပညာတော်သင်ပေါင်း ၉၀ ကျော်ကို ဥရောပနိုင်ငံကြီးတွေ ဆီ လစာစရိတ် အလုံအလောက်ပေးပြီး လွှတ်ခဲ့တာဟာ ကနောင်မင်းသားရဲ့ အစီအစဉ်ပါ။ အဲဒီပညာတော်သင်တွေထဲမှာ ဒီပဲယင်းဝန်ထောက်ဦးမြနဲ့ ညီ ဦးဖဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောက်အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင် စသူတို့ ပါခဲ့တာပေါ့။
ခေတ်မီလက်နက်ရှိမှ နိုင်ငံအင်အားရှိမယ်လို့ ယုံကြည်တာကြောင့် လည်း ကနောင်မင်းသားကြီးဟာ စစ်ကိုင်းဘက်မှာ လက်နက်စက်ရုံကြီးတစ်ရုံ တည်ခဲ့ပါတယ်။ ရွှေမြို့တော်အနောက်မြောက် ရွှေတချောင်းနားမှာလည်း စက်ရုံတစ်ရုံ ဆောက်ခဲ့တယ်။ ကာကွယ်ရေးဘက်မှာလည်း စစ်ဘက်ဆိုင်ရာ ပြုပြင်မှု အမြောက်အမြားကို လုပ်ပေးခဲ့တာပါ။ အရင်က မြန်မာဘုရင်မှာ အမြဲတမ်း တပ်မတော်မရှိဘူး။ စစ်တိုက်ခါနီးမှ တိုက်ရေးခိုက်ရေးကောင်းသူ တွေကို စုဆောင်းပြီး တိုက်ရတာ။ အိုးစားဖက်ရှာခိုင်းပြီး တိုက်ရခိုက်ရတဲ့ အခြေ အနေမျိုးပါ။ ဒီအခြေကနေ အမြဲတမ်းတပ်မတော်ရှိတဲ့အခြေရောက်အောင် ကနောင်မင်းသားကြီးကပဲ ပြုပြင်ပေးခဲ့ပါတယ်။ စစ်ပညာလေ့ကျင့်သင်ကြား ရာမှာလည်း နိုင်ငံခြားသား ပြင်သစ်၊ အီတာလျံလူမျိုးတွေ အကူအညီနဲ့ ကိုယ် တိုင်ကြပ်မတ်လုပ်ကိုင်ပေးခဲ့တာပါ။ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေးပိုကောင်း စေဖို့အတွက် ကြေးနန်းတိုင်တွေစိုက်၊ ကြေးနန်းရိုက်တဲ့ပညာတွေ သင်ပေး၊ မြန်မာအက္ခရာနဲ့ ကြေးနန်းရိုက်နည်းကိုလည်း ယောအတွင်းဝန်နဲ့ပေါင်းပြီး တီထွင်ပေးခဲ့ပါသေးတယ်။
စက်မှုလူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးကို ဖြစ်မြောက်စေဖို့လည်း ငွေဒင်္ဂါးစက်ရုံကစလို့ရက်ကန်းစက်၊ ကော်ဇောစက်၊ စပါးစက်၊ လွှစက်၊ ပန်းကန်စက်၊ သကြားစက်၊ မဲနယ်စက် စတာတွေကို နိုင်ငံခြားကနေ ဝယ်ယူ ထူထောင်ခဲ့တယ်။ စက်ရုံပေါင်း ၅၀ ကျော်ပါတယ်။ ဒီစက်ရုံတွေကို ကြီးကြပ်အုပ်ချုပ်ဖို့ သူကိုယ်တိုင် အလုပ်ဝန်၊ ပညာဝန်၊ အလုပ်ဌာနဝန်ကြီး၊ အတွင်းဝန် တို့ကို စီမံခန့်ခွဲခဲ့သတဲ့။ ဒီလိုပညာတော်သင်လွှတ်တဲ့စရိတ်တွေ၊ စက်ရုံသစ် တည်ထောင်တာတွေအတွက် ကုန်ကျတဲ့ငွေကိုလည်း ကနောင်မင်းသားကြီး အိမ်ရှေ့မင်းအဖြစ်နဲ့ရတဲ့စားကျေးမြို့ရွာတွေက ခန့်ခွဲရရှိတဲ့ငွေတွေကပဲ သုံးစွဲ ခဲ့ပါသတဲ့။
မင်းတုန်းမင်းမှာ မိဖုရားတွေကလည်း များလှတာမို့ သားသမီးတွေ လည်း အများအပြားရှိတာပေါ့။ အဲဒီအထဲမှာ အရွယ်ရောက်ပြီးတဲ့ သားတွေ ကလည်း များလှတယ်။ မင်းတုန်းမင်းကြီးက အဲဒီသားတော်ကြီးတွေကို ကနောင်မင်းသားကိုပဲအပ်ပြီး ဆုံးမပဲ့ပြင်စေသတဲ့။ မင်းသားတွေဆိုတာက မင်းရဲ့ သားမို့ မာန်မာနကြီးကြတာကလား။ ဒီတော့ ဘထွေးတော် ကနောင်မင်း နဲ့ မင်းတုန်းမင်းရဲ့ သားတော်ကြီးတွေအကြားမှာ အကြိတ်အခဲတွေရှိလာမှာ သဘာဝပါပဲ။ ဒါတင်မက ကနောင်မင်းကို အိမ်ရှေ့အရာပေးထားပြန်တော့ သူတို့တွေရဲ့ နန်းမွေခံအခွင့်အရေးကလည်း အကန့်သတ်ခံလိုက်ရတာမို့ သား
တော်ကြီးတွေ အတော်များများဟာ မကျေမနပ်ဖြစ်နေကြတာပါ။ ဒီအထဲမှာ မြင်ကွန်းနဲ့မြင်းခုံတိုင်မင်းသားညီနောင်ဟာ အပြင်းထန်ဆုံးပါပဲ။
ဒါနဲ့ပဲ သက္ကရာဇ် ၁၂၁၈ ခု ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်၊ ၁၈၆၆ ဩဂုတ် ၂ မှာ နန်းတော်ရဲ့ အပြင်ဘက် ယာယီတဲနန်းမှာ မင်းတုန်း မင်းနဲ့ ကနောင်မင်း ညီနောင်တို့ လွှတ်တော်ဝန်ကြီးများနဲ့အတူ ယာယီစံနေတုန်း ညီလာခံကျင်းပစဉ်မှာ မြင်းကွန်းနဲ့ မြင်းခုံတိုင်တို့က အလစ်ဝင်တိုက်တာကြောင့် ကနောင်မင်းသား တိမ်းပါးခဲ့ရပါတော့တယ်။
သားတို့၊ သမီးတို့ရေ ...
တိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက်နေရင်းက လူတချို့ရဲ့ အတ္တ၊ မာနတွေကြောင့် အသက်တိုခဲ့ရတဲ့ ကနောင်မင်းသားအကြောင်းကို စဉ်းစားလိုက်မိတိုင်း “ကနောင်မင်းသားကြီးများ အသက်ရှည်ခဲ့ရင် တို့မြန်မာ နိုင်ငံရဲ့ ကံကြမ္မာများ တစ်စုံတစ်ရာ ပြောင်းသွားနိုင်လေမလား”လို့ ဘဘဇော် တော့ မကြာခဏတွေးမိတာပါပဲ။
အချိန်က အတော်နှောင်းနေတာတော့ အမှန်ပေါ့။ အောက်မြန်မာ နိုင်ငံတစ်ခုလုံး ဆုံးရှုံးခံထားရပြီး ပင်လယ်ထွက်ပေါက် ပိတ်နေရတဲ့အဖြစ်က အတော်ကြီးမားတဲ့ အခက်အခဲမဟုတ်လား။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အချိန်မီ