Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဇော်ဇော်အောင် - အနုပညာမပါတဲ့အနုပညာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

လမင်းလက်ဆောင်

          တစ်ခါတုန်းက တဲ့။ ဒီလိုကြားဖူးပါတယ်။ သူတော်စင် တစ်ပါးဟာ တောရပ်ကို မှီးပြီး တစ်ပါးတည်း တရားအားထုတ် နေသတဲ့။ လူသူမနီးတဲ့ တောကြီးမြိုင်ခြေမှာ ဧကစာကျင့်သုံးပြီး တဲငယ်ကလေးတစ်လုံးမှာနေတယ်။ တစ်နေ့တော့ အဲဒီတောရကျောင်း တဲငယ်ကလေးကို သူခိုးတစ်ယောက် ရောက်လာတယ်။ တဲထဲမှာ ပစ္စည်းတစ်စုံတရာ ခိုးဖို့ ရှာဖွေတာပေါ့။ တဲထဲမှာဘာပစ္စည်းမှ မရှိဘူး။ ပစ္စည်းဆိုလို့ အဖိုးဟန်ပစ္စည်းမဆိုထားနဲ့ ဖိုးမတန်တဲ့ပစ္စည်းလည်းမရှိဘူး။ သပိတ်တစ်လုံး၊ သင်္ကန်းသုံး ထည်နဲ့။ ပရိက္ခရာပစ္စည်း အလွန်နည်းပါးတယ်ဆိုတာ သူတော်စင် တို့ရဲ့ လက္ခဏာပေပဲ။ ခိုးယူစရာပစ္စည်းမရှိလို့ စိတ်ပျက်လက်ပျက် ဖြစ်နေတုန်း သူတော်စင် ပြန်ရောက်လာပြီး သူခိုးနဲ့ ပက်ပင်းတိုးတယ်။ မရှောင်ပြေးသာတော့ဘူးပေါ့။ သူတော်စင်က လူသူမနီး တဲ့ ဒီနေရာကိုရောက်ဖို့ ခရီးအဝေးကြီးက လာခဲ့ရတယ်။ မင်း ဘာမှ ရမသွားဘူးဆိုတာ မရှိရလေအောင် ငါ့သင်္ကန်းကိုယ်ရုံတွေ သာ ယူသွားတော့ဆိုပြီး ချွတ်ပေးလိုက်တယ်။ ထိတ်လန့်ခြင်း တစ်ဝက်၊ အံ့အားသင့်ခြင်းတစ်ဝက်နဲ့ ဘာပြောရမှန်းမသိ၊ သူခိုး ဟာ ကြက်သေသေနေတယ်။ ရော့ပါ၊ ယူသွားပါဆိုပြီး ပေးလေ တော့ သူခိုးလည်း ကိုယ်ရုံအဝတ်တွေယူပြီး တစ်ခါတည်း ထွက် ပြေးတယ်။ သူတော်စင်ကြီးတစ်ပါးတည်း ကျန်ရစ်တယ်။ အဲဒီ အချိန်ဟာ ညအချိန်ဖြစ်နေပြီ။ သူတော်စင်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်တော့... ငွေလမင်းဟာ ရွှန်းရွှန်းစက်စက် ကောင်းကင်ထက်မှာ သာနေတယ်။ အဲဒီအခါမှာ သူတော်စင် ဟာ... စကားတစ်ခွန်း ပြောလိုက်တယ်။ “သနားစရာကောင်းပါ ဘိ ဒကာရယ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဟောဒီလမင်းကို တောင် မင်းကို ပေးလိုက်ချင်ပါတယ်...”လို့ ပြောလိုက်တယ်။ ကြားဖူးတဲ့အဖြစ် အပျက်ကလေးက ဒါပါပဲ။

* * *

           ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးကို ကျွန်တော် တစ်ကြိမ်သာ ဖူးတွေ့ ဘူးပါသည်။ ကျွန်တော့်ဇနီးရဲ့ မိဘဘိုးဘွား ဆွေမျိုးအသိုက်အဝန်းကတော့ နီးနီးကပ်ကပ် ဖူးမြော်ဆည်းကပ် ခဲ့ကြသူတွေပါပဲ။ ဆရာတော်ကြီးဟာ ကျောက်ဆည် ဝေဘူချောင်၊ ရွှေဘိုအောင်မြေစံကျောင်းနဲ့ အင်ကြင်းပင်တောရဆိုတဲ့ သုံးနေရာ မှာ အလှည့်ကျ စံမြန်းလေ့ရှိတယ်လို့ သိရပါတယ်။ ရွှေဘိုမြို့အဝင်အောင်မြေစံကျောင်းမှာ သတင်းသုံးစဉ် တစ်ခါက အဖြစ်အပျက် ကို သက်ကြီးစကား သက်ငယ်ကြားဆိုတဲ့အတိုင်း ဒီလိုကြားဖူးပါ တယ်။ ဆရာတော်ကြီးဟာ စံကျောင်းအောက်ထပ်မှာ တစ်ပါး တည်း သီတင်းသုံးနေတဲ့ တစ်ညမှာ သူခိုးတစ်ယောက် ဝင်လာ တယ်။ ဆရာတော်ကြီးက မျက်လွှာပင့်ကြည့်ပြီး မျက်လွှာပြန်ချ ထားတယ်။ သူခိုးကလည်း ဝင်လာပြီး နီးရာတိုင်က တိုင်ကပ် နာရီကြီးကို ဖြုတ်ပြီး ကမန်းကတန်းပြေးတယ်။ ဆရာတော်ကြီးက သိလိုက်ပေမယ့် ဘာမှ ဟန့်တားခြင်းမလုပ်ဘူး။ ဒီအဖြစ်အပျက် ကို တစ်နေ့မှာ ဒကာ ဒကာမတွေ သိသွားတော့ ပြောကြ၊ ဆိုကြ၊လျှောက်ထားကြတာပေါ့။ ဆရာတော်ကြီးက ... ဒီလိုမိန့်တော်မူ တယ်။ “နာရီကြီးက တို့များပစ္စည်းမှမဟုတ်ဘဲ၊ ယူပါစေဗျာ...” --လို့-မိန့်တော်မူတယ်။ ဆရာတော်ကြီးဟာ သူ့ကိုယ်သူ တို့များလို့ ထည့်ပြီး ပြောလေ့ရှိတယ်။ ဒကာ ဒကာမတွေနဲ့ ပြောဆိုမိန့်ကြား ရာမှာလည်း “ဗျာ၊ ဗျာ”လို့ ထည့်မိန့်လေ့ရှိကြောင်း တွေ့ရပါတယ်။ သဘောကတော့ သူခိုး နာရီကြီး ဖြုတ်ခိုးနေတာ မြင်တယ်။ မဟန့် တားဘူး။ အဲဒီနာရီကြီးဟာ “ငါ့ပစ္စည်း”မဟုတ်ဘူးလို့ ဆိုလိုတာ ပါပဲ။ “ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့ပစ္စည်း” မဟုတ်ဘူးဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကို တကယ်ဉာဏ်နဲ့သိဖို့ မလွယ်ပါဘူး။ ကျွန်တော့်အဖို့ မလွယ်ပါဘူး။ ငါ့ပစ္စည်းမဟုတ်ကြောင်း တကယ်သိဖို့ ကျွန်တော် အတွက် သံသရာမှာ ဘယ်လောက်ကြာဦးမယ်ဆိုတာလည်း မသိ ပါဘူး။

ဇော်ဇော်အောင်မှာ Cross ဘောပင်တစ်ချောင်းရှိသည်။ ၂၂ ကာရက်ဆိုတော့ အကောင်းစားပါပဲ။ တပည့်တစ်ယောက်က ကန်တော့ထားသောဘောပင်ဖြစ်၏။ ထို့ပြင် ဂျော်ဒါနိုး Giordanoစပို့ရှပ်တစ်ထည်လည်း ရှိသည်။ တပည့်မတစ်ယောက်က ကန်တော့ထားတာပါ။ မုံရွာသားတစ်ယောက် ပြန်လာတုန်းက ကန်တော့ထားသော ပါကား Parkerဘောပင်တစ်ချောင်းလည်း ရှိသည်။ သမီးနှင့်သမက်တို့ ဝယ်ပေးထားသော ဦးဂျမ်းလုံချည် ၁၄ ထည် ရှိသည်။ ထို့ပြင် မင်္ဂလာဆောင်တုန်းက နှစ်ယောက် ဆင်တူဝတ်ခဲ့ကြသော မန္တလေးမြောက်ပြင် မဟာပလာ ပိုးလုံချည် တစ်ထည်လည်း ရှိသေးသည်။ ဂျာမနီမှ တပည့်တစ်ယောက်နှင့် မိတ်ဆွေတစ်ဦးက ပို့ပေးသော ပို့စ်မော်ဒန်စာအုပ် အတော်များများ ရှိသည်။ ထိုအရာများသည် ဇော်ဇော်အောင်၏ဟာများဖြစ်၏။ ထိုအရာများကို ဘယ်သူတောင်းတောင်း ဇော်ဇော်အောင် ပေးမည် မဟုတ်ပါ။ ဘယ်သူ့ကိုမှ ပေးမည်မဟုတ်ပါ။ ထိုအရာများသည် ဇော်ဇော်အောင်၏ပစ္စည်းများဖြစ်သည်။ ဘယ်သူ့ကိုမှ ပေးမည် မဟုတ်ပါ။ ဇော်ဇော်အောင်ဆိုတဲ့ ငါကြီးက ရှိနေတုန်းပဲကိုး။

                                    သီဒါကြည်လဲ့ ငှက်သံနွဲ့ နှင့်

ကွင်းအငူမှာ နှင်းမြူမှာတွေစဲပြီမို့၊ ပုလဲတွေအရောင်တောက် နေသည်။ သံသရာတောအုပ်ထဲမှာ မှောင်နေသည်။ ထိုအမှောင် ထဲမှာ အဖြူရောင်ရှိ၏။ တောအစပ်မှ မိုးပိတောက်ပင်သည် တစ်ပင်လုံး ထိန်ထိန်ဝေဝေ ဝါဝါလွင်လွင်။ ကောင်းကင်မှာ မိုးသားမရှိ ပကတိကြည်လှဲစွာ။ စက္ကူစများပေါ်မှာ မဟုတ်ဘူးနှင့် ဟုတ်တယ်များကို တစ်သောင်းစီရေး၍ ချောင်းရေထဲမှာ မျှော လိုက်သည်။ ရေပန်းမြစ်ဆိပ်၊ ပန်းမျောရိပ်က မြက်ခင်းပေါ်မှာ ဖဲကြိုးဝါများ ကျဲဖြန့်ထားစေ၊ ကျက်သရေ ကုဋေတစ်သန်းဖြင့် သူလှမ်းကြွလာလိမ့်မည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာပြာ၊ ဝါးရုံပင် ဝါးညွန့်တွေ အဖျားမှာ နှင်းရည်စက်တွေ ခိုတွဲနေသည်။ ထူး အိမ်သင်ကို သီချင်းအဆိုခိုင်းစမ်းပါ။ အချစ်ဆုံးသူငယ်ချင်းတွေ လည်းပါမည်။ ချစ်ပါတယ်လို့ အဖြေပေးရန် နှောင့်နှေးတုံ့ဆိုင်းနေသော သူငယ်ချင်းမလည်း လာလိမ့်မည်။ သူရှက်တတ်သလား။ ပျော်တတ်သော ငှက်ကျားသည် ဓနုဖြူမှ အရက်ဖြူ တစ်ပုလင်း ယူလာ၏။ သည်မှာ ပျော်ရွှင်စွာ ကျင်းပကြမည်။ မပြေလည် တာတွေကို ပယ်ဖျက်လိုက်ပါ။ သီချင်းသံပြိုင်သီဆိုကြရအောင်။ အောင်စေ၊ ပိုင်စေ၊ နိုင်စေ၊ ပွဲဘောင်၊ ဥဒါန်းငယ်ဆောင်...။ အောင်ခင်ကြီး သီချင်းမဆိုတတ်။ သူတို့လည်း အားလုံးပါပါစေ။ အသံတွေများလာလျှင် ညီ၍ ဟာမိုနီ ဖြစ်ပါလိမ့်မည်။ ကိစ္စ မပြောပလောက်ပါ။ နန္ဒာရေသဝန်းရံခ၊ ပတ်လည်ကာ၊ ရွှေမန်းတောင်တော်သာ၊ အို...ဆန်းပါလှ၊ မြနန်းဝတိံသာ၊ အိုလေစံပယ် မြန်းသည်၊ မန်းလေးဌာနီ၊ တိုင်းလေးရွှေပြည်၊ ပုံမဝေးဘု ရောက် လုပါပြီ၊ မြတ်နောင်ညီ... သာကီနေညွန့်သွေး၊ ညီအစ်ကိုတွေ အားလုံး သီချင်းဆိုကြရအောင်လေ။ ဝင်းလဲ့ရွှန်းလက်သောအဆင် ပြေမှုသည် တငြိမ့်ငြိမ့်စီးဆင်းနေသည်။ အဆင်ပြေမှု ရေအလျဉ်မှာ စိန်းပန်းပွင့် နီနီဝါဝါ ပြာပြာတွေ မျောပါလာသည်။ ကျောင်း ဖွင့်ချိန်၊ စိန်ပန်းတွေလည်း မြေမှာကျဲပြန့်နေ၊ ကံ့ကော်ပန်းတွေ နဲ့အတူ၊ သူနဲ့ တွေ့ ရာမြေ...။ သူနှင့်တွေ့မည်လား။ ခွဲခွာနေခဲ့ရသော ရက်တွေအတွင်းက သူ့ကို မည်မျှလွမ်းကြောင်း ပြောပြမည်။ မျက်ရည်စက်ပေါ်မှာ အပြုံးစ အရိပ်ထင်နေသည်။ အငိုတွေ ရုပ် သိမ်း၍ အရယ်အပြုံးများဖြင့် စာမျက်နှာအသစ်တွေ ရေးကြ မည်။ ဝါကျအသစ်တွေ၊ ဝါကျဖွဲ့ ထုံးအသစ်တွေနှင့် အဓိပ္ပာယ် အသစ်တွေကို သယ်ဆောင်လာကြမည်။ ကျောက်ဖြူသား နန်း ဆောင်စမုခ်မှာ ကတ္တီပါရုပ်တုရှိ၏။ သူနှင့်တူရဲ့လား။ တောက်ပသော မျက်ဝန်းမှာ ခေါင်းမာမှုကို တွေ့ရသည်။ ပင်လယ်ဘက်ဆီမှ လှိုင်းသံများနှင့်အတူ သူတို့လာနေသည်။ သစ်ရွက်တွေက လေ ချွန်တတ်သည်။ မြက်ခင်းစိမ်း ကုန်းကမူကလေးပေါ်မှာ ဂန္ဓမာပန်း အဝါရောင်တွေ ဖြန့်ကျင်းထားပါ။ ကဗျာတွေလား။ ကဗျာဆရာ တွေလား။ မျှော်လင့်ချက်တွေလား။ သဘောတူမျှခြင်းတွေလား။ ကံ့ကော်ပင်နားမှာ ပန်းပြာပြာကလေးတွေ ပွင့်တတ်တဲ့ ပျဉ်းမ ပင် ရှိသည်။ ခရီးဝေးမှလာသူများ ရေမိုးသန့်စင်စေ၍ သစ်လွင် ပူနွေးသော ဝတ်စုံများ လဲလှယ်ပေးလိုက်ကြပါ။ ကန်ရေပြင်မှာ မှုန်ပိတ်နေတဲ့ ရေငွေ့နှင်းမြူတွေ စဲပြီမို့ ပုလဲလိုလို အရောင်တွေ

တောက်နေသည်။ ပွဲတော်၏ Moodသည် ရင်ထဲမှာ သံလိုက် မှုန်တွေလို လည်ပတ်ယစ်မူးနေ၏။ သီချင်းဆိုကြပါ။ လက်ခုပ်တီး ကြပါ၊ တီးကြပါ။ အေးမြသောသော့ဖြင့် ဖွင့်ကြပါ။ ခမ်းနားကြီး ကျယ်သော၊ အယောင်ဆောင်မဟုတ်သော၊ လေးနက်ထည်ဝါသော၊ လင်းပွင့်နက်ရှိုင်းသော သန္တ ရသကို မြင်တွေ့ကြရလိမ့်မည်။ အညွှန်းခံစကားလုံးနှင့် အညွှန်းပြု စကားလုံးတို့ ညီညွတ်မျှတ ပါသည်။ လိုအပ်သော အဓိပ္ပာယ်ကို ဒီကွန်စထရပ်ရှင်းသမားများ မည်သို့ ကန့်ကွက်စေကာမူလည်း ထိုလိုအပ်သော အဓိပ္ပာယ်ကို ပေးအပ်နိုင်ပါသည်။ သဒ္ဒါတွေမပျက်စီးသေးပါ။ ဝါကျဖွဲ့ထုံးတွေ မပျက်စီးသေးပါ။ အကယ်၍ ပျက်သွားပြီဆိုလျှင်လည်း သဒ္ဒါ အသစ်တွေ၊ ဝါကျဖွဲ့ထုံးအသစ်တွေနှင့် ရေးကြပါမည်။ မလေးကို ကုန်ကုန်ချစ်လို့ မှုန်နှစ်ကယ်လေး။ မလေးကို ချစ်တဲ့အကြောင်း ပွဲတော်မှာ ပြောပြမည်။ ဘာသာစကားအသစ်၊ သဒ္ဒါအသစ်၊နောက်ဆုံးမှာ ကဗျာအသစ် တစ်ပုဒ် စပ်ဆိုပါမည်။ ထိုကဗျာထဲမှာ အဖြူရောင်ဘာသာစကားပါမည်။ အဝါရောင်ရနံ့များပါမည်။ အပြာရောင်အသံများပါမည်။ ခရမ်းနုရောင် အထိအတွေ့များ ပါမည်။ ပန်းနုရောင် အရသာများပါမည်။ စက္ကူစများပေါ်မှာ မဟုတ်ဘူးများကိုသာ အခါတစ်သောင်းရေး၍ သံသရာရေစီး ထဲမှာ မျောလိုက်ပါတော့။ တောက်ပသော မျက်ဝန်းမှာအကြင် နာရိပ်ကို ရှာတွေ့သည်။ ကြင်နာတတ်သော မိခင်၏ လက်သည် သွယ်ပျောင်းနူးညံ့သည်။ ကဗျာရေးကြ၊ သီချင်းစပ်ဆိုကြ၊ကုံရာသီ AQUARIUS ပွဲတော် နွှဲပျော် ရွှင်ပျကြရအောင်။ တိမ်များကင်းမဲ့ ပြာလဲ့ရသ။ ကောင်းကင်ယံမှာ.. လရထား၊ အသွားနှေး၏။ ရောက်ပါတော့မည် ချစ်သူတို့ဆီ...

အမှတ် ၁၂၇၊ မေ ၂၂၊ ၂၀၀၂