Skip to product information
1 of 2

Other Websites

ဇော်ဇော်အောင် - ဝေဝေရီရီ

Regular price 11 MMK
Regular price Sale price 11 MMK
Sale Sold out

          ဝေဝေ..ရီရီ

          နှစ်ပေါင်း လပေါင်း ရက်ပေါင်းများစွာ၊ ရာစုနှစ်များစွာသည် အတိတ်သမိုင်း၏ နှင်းမြူကြားထဲမှာ မှုန်ဝါးပျောက်ကွယ်ခဲ့ပေသည်။ နေ သည်လည်းကောင်း၊ လသည်လည်းကောင်း၊ ရာသီများသည်လည်းကောင်း အ ချိန်နှင့်အတူ ခရီးသွားခဲ့ကြသည်။ အချိန်စီးကြောင်းသည် တစ်ဖြောင့်တည်း ရှိသည့်အခါရှိ၏။ ရံဖန်ရံခါသို့မဟုတ် မကြာခဏ ဖြန့်ကြက်ဖြာထွက်၍ သွားသည့်အခါလည်းရှိသည်။ အချိန်စီးကြောင်းများ အပိုင်းပိုင်းပြတ် ၍ ဖြာသောအခါ နေရာပေါင်းများစွာတွင် တွေ့ဆုံ၍ အချင်းချင်း ဖြတ်သန်းကြ၏။ ဖြတ်သန်းသွားရာ ပွိုင့်များစွာလည်း ဖြစ်ပေါ်၏။ အတိတ်တုန်းက အတိုင်း၊ ဟိုအရင်တုန်းကအတိုင်း၊ သည်နေရာ သည်အချိန်အခါမှာ နှင်းတွေဝေနေသည်။

          ကံ့ကော်ပန်းတွေ ပွင့်နေသည်။ ဤလောက၏ မမြဲသောတရားသည် နှင်းတွေနှင့် မဆိုင်သလို၊ ကံ့ကော်ပန်းတွေနှင့် မဆိုင်သလို ရှိ၏။ အရင်တုန်းကနှင်းသည် ယခုနှင်း မဟုတ်သော်လည်း နှင်းတွေဝေ နေခြင်းသည် အမြဲထာဝရ၊ အရင် တုန်းက ကံ့ကော်ပန်းသည် ယခု ကံ့ကော်ပန်း မဟုတ်သော်လည်း၊ ကံ့ကော်ပန်း တွေ ပွင့်နေခြင်းသည် အမြဲထာဝရ။ နှင်းတွေဝေခြင်းနှင့် ပတ်သက်၍၊ ကံ့ကော် တွေပွင့်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မမြဲသောတရားကို ငြင်းပယ်လျှင်၊ ထိုအငြင်းကို ငြင်းပယ်ရန် ခက်လိမ့်မည်။ နှင်းတွေဝေ၍ ကံ့ကော်တွေ ပွင့်ပြန်ပါပြီလား။ သည်အချိန် သည်နေရာ နှင်းကံ့ကော်တွေ ကြားမှာ ဘဝစီးကြောင်းနှစ်ခု ဖြတ်မိကြသည်။ ဘယ်သူ ကြိုတင်ထင်ထားမလဲ။

          မြက်ခင်းက စိမ်းသည်။ နှင်းရည်စက်တို့ဖြင့် စိုစွတ်နေပေလိမ့်မည်။ မြက်ခင်းစပ်မှာ အနက်ရောင်နှင့် အဖြူရောင် အစုအပုံတစ်ခုကို မြင်ရသည်။ အလွန်အသားဖြူကြောင်း ချက်ခြင်းသိလိုက်ရသည်။ လုံချည်အနက်ရောင်၊ အကျီကအနက်ရောင်။ မျက်နှာကလေးက ဖြူလွင်နေသည်။ လက်ကလေးတွေ ဖြူဖွေးနေသည်။ ခြေဖမိုး ကလေးတွေ ဖြူဖွေးနေသည်။ အနက်ရောင် အဝတ် အစားတွေနှင့် လွတ်နေသော အသားအရေ ဧရိယာသည် ဖြူဖွေးနေ၏။ မလိုင် တက်အောင်ကျိုချက်ထားသော နွားနို့လို အဝါရောင်သမ်းမနေ။ မကျိုချက်ရသေး တဲ့ နွားနို့လို ဖြူလွန်းနေသည်။ ဖြူဖွေးနေသော လက်ချောင်းကလေးတွေနှင့် အထုတ်တစ်ထုတ်ကို သူ ကိုင်ထားသည်။

          “ဟိတ်... ဒီမှာ” သူ့ဆီက ပထမဆုံး ကြားလိုက်ရတဲ့အသံ။ ဝတ္ထုတွေထဲကလို ဘယ်လိုမှ ကဗျာမဆန်ပါ။ အပေါ်စီးလေသံဟု ထင်ရသည်။ တစ်သက်လုံး အပေါ်စီးက နေရာရထားသူတို့၏ မောက်မာသောလေသံဟု ထင်ရ၏။ မည်သည့် အခြေ အနေမျိုးမှာမဆို ထိုလေသံသည် မုန်းစရာကောင်းသော လေသံ ဖြစ်ပေလိမ့် မည်။ ဝတ္ထုတွေထဲမှာ ရေးလေ့ရှိသည့်အတိုင်း ထိုစကားလုံးနှစ်လုံးဖြင့် အလွန် တပ်မက်ဖွယ်ရာ အခြေအနေ၊ အလွန် ကြည်နူးချမ်းမြေ့စရာ အခြေအနေတွေ မှာ နောင်အခါတွင် ခေါ်လိမ့်မည်ဟု၊ ခေါ်သောစကားလုံးနှစ်လုံး ဖြစ်လိမ့် မည်ဟု ကြိုတင် သိမထားပါ။ အနီးအပါးမှာ ဘယ်သူမှ မရှိ။ တစ်ဖက်ကမ်းမှာ ခွေးကလေးတစ်ကောင် ပြေးနေသည်ကို တွေ့ရ၏။ နောက်ဖက်လမ်းမကြီးပေါ်မှာ ကားများ ပြေးနေကြသည်။ ရှေ့ အတော်ဝေးဝေးမှာ မျှော်စင်အောက်မှာ လည်း ဘယ်သူမှ မရှိ။ ငါ့ကို ခေါ်သလား၊ ကိုယ့်ကို ခေါ်သလား၊ ကျွန်တော့်ကို ခေါ် သလား၊ ထိုစကားတွေ ဘာမှမပြော။ သူ့အနားကို သွားလိုက်သည် ဘာလဲဆိုသော သဘောအဓိပ္ပာယ်နှင့် သူ့ကို ကြည့်လိုက်၏။ သိပ်အသား ဖြူသည်။ အမျိုးအမည် မသိရသော်လည်း အဖိုး တန်ဟု ထင်ရသော စပို့ရှပ်အနက်လက်ရှည် အသား ထူထူပွပွ၊ လုံခြည် အနက်နှင့် သဲကြိုးအနက်ရောင် အပြားကြီးကြီးနှင့် ကြိုးသိုင်းဖိနပ်။ ထိုနေရာတွေမှလွတ်နေသော မျက်နှာ၊ လက်၊ ခြေဖမိုးတို့သည် ဖွေးဖြူနေ၏။လက်ချောင်း ဖြူဖြူသွယ်သွယ်ကလေးတွေထဲမှာ အစတုန်းက အထုပ်တစ်ထုပ်ကိုင်ထားသည် ထင်ခဲ့သေးသည် သူ့လက်ထဲမှာ ငှက်ကလေး တစ်ကောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ အနက်ရောင်၊ ခြေထောက်နီနီ၊ နှုတ်သီး နီနီ၊ ခိုကလေး တစ်ကောင်။

          “ဒီမှာ. . . ဒီခိုကလေးကို နင် ယူသွားပါ”

          သူ့အသက်ဘယ်လောက်ရှိလို့လဲ။ မိန်းကလေးတွေ၏အသက်ကို ခန့်မှန်း တွက်ချက်သော အတတ်ပညာလည်း မတတ်။ သူ့ မွေးနေ့ရက်စွဲကိုလည်းမသိ။ သို့သော်လည်း သူ့အသက် ကိုယ့်ထက် ငယ်လိမ့်မည်ထင်သည်။ ဘာ့ကြောင့်ထင် ရ သလဲဟုလည်းမသိ။ သိပ် ဖြူဖွေးလတ်ဆတ် နုနယ်လွန်းသောကြောင့်ဟု ထင်သည်။ နင်ဆိုသော အသုံးအနှုန်းကို သိပ်မကြိုက်။ အပေါ်စီးဆန်သည်၊ မောက်မာသည် ဟု ထင်ပြန်ရသည်။ နင်တို့ ငါတို့ဆိုသော စကားလုံးသည် ဘာမှတော့သိပ်မဆန်း။ သည်လိုအရွယ် သည်လိုဝန်းကျင်သည်လိုလူမှုဆက်ဆံရေး နယ်အတွင်း နှုတ်ဖျားမှာ ကြားရနေကျ။ သို့သော်လည်း ကိုယ့်စိတ်အခံက ရှိသေးသည်။ ။

          “ဘာလဲ...”

          အမှန်တော့ ဘာလဲ... ဟုပြန်ပြောလိုက်ခြင်းသည် ယေဘုယျကျလွန်း ၏။ သေသေချာချာရေရေရာရာ မရှိ။ လက်ထဲမှာ ခိုကလေးကို မြင်နေရသားနှင့် ဘာလဲဟု မေးသည်လား။ ဘာလဲဆိုတာ ဘာလုပ်ဖို့လဲဟု အဓိပ္ပာယ် ရသလား။ သို့မှမဟုတ်၊ ခိုကလေးကို ဘာဖြစ်လို့ ယူသွားရမှာလဲဟု အဓိပ္ပာယ်ရသလား။ ရုတ်တရက် သူ ထိုင်ချလိုက်သည်။ လှုပ်ရှားမှုမှာ မြန်သော်လည်း သေသေသပ်သပ် ပိပိရိရိ ရှိသည်။ မြက်ခင်းပေါ်မှာထိုင်လိုက်ပုံက တင်ပလ္လင်ခွေ ထိုင်ပုံမျိုးဖြစ်၏။ အပေါ်ကိုလက်ဖြန့်ပြီး လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ လက်ထဲက ခိုကလေးက တစ်ချက်လှုပ်သွားသလား။ ပုတီးစေ့သေးသေးကလေးတွေနှင့် တူသော မျက်လုံးကလေးတွေ လှုပ်သွားသည်။

          “နင် ယူသွားပါ”

          “ဘာလုပ်ဖို့လဲ...”

          “ယူဆိုရင် ယူသွားစမ်းပါ”

          ဘာမှ ပြောမနေချင်တော့။ အူကြောင်ကြောင်။ လှည့်ထွက်ရန် ခြေလှမ်းပြင်လိုက်ရုံရှိသေး၊ တစ်လှမ်းတောင် မလှမ်းရသေး။

          “ ဟိတ်. . . ဒီမှာ၊ နေဦး ”

          “ ဘာလဲ... ဘာဖြစ်လို့ ငါကယူရမှာလဲ၊ ငါနဲ့ ဘာဆိုင်လဲ၊ အူကြောင်ကျား..”

          စကားပြန်ပြောလိုက်တာ နည်းနည်းများသွားသည် ထင်မိ၏။ သူ့မျက်လုံးတွေ အလွန်လှသည်။ အရောင်လက်နေ၏။ မော့ကြည့်သည်။ သက်ပြင်းချ လိုက်သလားမသိ။ အနက်ရောင် အင်္ကျီအောက်က သူ့ရင်ငယ်ငယ်ကလေး ကြွချီမြောက်တက်လာ၏။ ပြန် နိမ့်ဆင်းသွား၏။ သက်ပြင်းချလိုက်တာ ဖြစ်မှာ ပါ။ ထိုသက်ပြင်းသည်လည်း အလွန်လှသည် ထင်ရ၏။

          "  ဒီမှာ...."

          ထိုစကားလုံးနှစ်လုံး၏ပျော်စရာကောင်းပုံကိုလည်း ကြိုတင်သိမထားပါ။ ထို စကားလုံးနှစ်လုံး၏ ပျော်စရာကောင်းပုံကိုလည်း ကြိုတင် သိမထားပါ။

          “ ခိုကလေး နာနေတယ်။ အတောင်ကလေး တစ်ဖက်ကျိုးလို့ ”

          “ အဲဒါ ငါ ဘာလုပ်ရမှာလဲ၊ ငါ ငှက်ကုတဲ့ ဆရာဝန် မဟုတ်ဘူး။ တိရစ္ဆာန် ဥယျာဉ်က ငှက်လှောင်အိမ်စောင့်တဲ့လူလည်း မဟုတ်ဘူး”

          “ သနားပါတယ်. . . ဟယ်”

          “ သနားရင် နှင့်အိမ်ခေါ်သွားပေါ့”

          “ ငါ အိမ်မှာ မနေဘူး”

          “အဲဒါဆိုရင် နင်နေတဲ့သီလရင်ကျောင်း ခေါ် သွား...”

           “ ဒီမှာ. . . ဒီလိုလုပ်ပါလား ”

          ဘယ်လိုလုပ်ရမလဲဟု မေးတော့မလို့။ မမေးပဲ နေလိုက်သည်။ နည်းနည်း တော့ ထူးဆန်းလာသည်။

          “ အဲဒီ ခိုကလေး နင်ယူမသွားချင်ရင်လည်း သတ်ပစ်လိုက်၊ နင်သတ်ပေး မလား၊ ငါ မသတ်ရက်ဘူး”

          “ဘာ. . .

          ထူးဆန်းလာရုံမက အံ့ဩသွားမိစရာ။ နုနုနယ်နယ် ဖြူဖြူဖွေးဖွေး အရုပ်ကလေးလိုလှသော ကောင်မလေး။ ဒဏ်ရာရနေသော ငှက်ကလေးကိုယုယုယယကိုင်လျက်။ သတ်ပစ်လိုက်ပါလား ... တဲ့။ ဘာဟု အော်လိုက်သောအသံက ဗီဒီယိုကားထဲက သိပ်အံ့သြ စိတ်ဆိုးသွားသူတွေ အော်နေကျ အသံအတိုင်းပါပဲ။ အတော် ကျယ်သွားသည်။

          “ အတောင်တစ်ဖက်က လုံးဝ ကျိုးနေတယ်။ နောက်တစ်ဖက်လည်း ကျိုး နေတယ်။ လုံးဝ ပြန်မကောင်းနိုင်တော့ဘူး။ ငှက်ဆိုတာ အတောင်ကျိုးလို့ မပျံနိုင်ရင် ဘဝဆုံးပြီပေါ့။ သိပ် သနားစရာ ကောင်းတယ်။ အဲဒီဒုက္ခ... အဲဒီဒုက္ခ မခံစေချင်ဘူးဟာ။ အဲဒါ... သေသွားရင် ဒုက္ခမရောက်တော့ဘူး ပေါ့။ သူ့အတွက် အကောင်းဆုံးပဲ ... အဲဒါ... နင် သတ်ပေးပါ”

          ပြန်ပြောစရာစကားလုံး ရှာမိသလား၊ မရှာမိဘူးလား အသေအချာ မပြောတတ်ပါ။ သို့သော် ဘာပြန်ပြောရမှန်း မသိလောက်အောင် ဖြစ် သွားသည်။ သူ့ကို ငေးကြည့်နေမိသည်။ နှင်းတို့ဖြင့် စိုစွတ်သော မြက်ခင်း ပေါ်မှာ... တရားထိုင်သော ပုံစံမျိုးဖြင့် တင်ပလ္လင်ခွေထိုင်လျက်။ ကလေး တစ်ကောင်ကို ယုယုယယ ကိုင်လျက်၊ ငုံ့ကြည့်နေသော၊အသားအလွန်ဖြူသော၊ အနက်ရောင်ဝတ်စုံဝတ်ထားသော၊ အနက်ရောင် ဝတ်စုံနှင့် ဖြူသောအသား အလွန်လိုက်ဖက်၍၊ လှချင်တိုင်းလှနေသော၊ ကောင်မလေးကို ငုံ့ကြည့်နေမိ သည်။

          “ ဝဋ်ဒုက္ခက ကျွတ်အောင်လုပ်ပေးတာ၊ ရက်စက်ရာမကျပါဘူး သနားစိတ်နဲ့ သတ်ပေးတာ... MERCYKILLING လို့ ခေါ်တယ်၊ သိလားနော် ... သတ် ပေးပါဟာ ”

          သတ်ပေးပါဟာဟူသော စကားသံဆုံးသည်နှင့် မော့ကြည့်လိုက်သည်။ အံ့သြ စရာပဲ။ သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝေ့နေသည် ထင်ရ၏။ နဂိုမျက်လုံးက ရွှန်းလက်တောက်ပလို့ အရည်လဲ့နေတာလား၊ ငှက်ကလေးကို သတ်ဖို့ပြောရင်း ဝမ်းနည်းလို့ မျက်ရည်လည်တာလား။ အသေအချာမသိ။ မျက်လုံးထဲမှာ မျက်ရည် စတွေ စို့နေသည်။

          “ ဟို...ငါ. . . ဟို၊ ပေး ပေး...”

          စကားတွေ ထစ်နေသေးသည်။ ပြီးတော့ပေးပေးဟုပြောရင်း လက်လှမ်းလိုက် ၏။

           “နင် ... နင်၊ သတ်မှာလား”

          တင်ပလ္လင်ခွေထိုင်နေရာက ကိုယ်ကိုနောက်သို့ ပို့လိုက်သည်။ ခိုကလေးကိုဖွဖွ ဆုတ်ကိုင်ထားရာက ဘေးသို့ လက်ကိုလွှဲလိုက်သည်။ လှမ်းယူလိုက်သောလက်နှင့် ဝေးအောင် ရှောင်လိုက်သည့် သဘောပဲလို့။ မျက်လုံးကလေးတွေ ဝိုင်းလျက်၊

          သူ့လက်ထဲက ခိုကလေးကို လုယူမည်စိုးသည့်ပုံမျိုး။

          “အင်း... သတ်မှာ” “ဟယ် ... သနား ... သနား”

          စကားပြောပုံမှာ ဝါကျမဆုံး။ သနား နှစ်ခွန်း ထပ်၍ ရပ်နေသည်။ “ဘယ်လိုဖြစ်တာလဲ... စောစောကတော့ MERCY KILLINGဆို... ဒုက္ခဝဋ်က ကျွတ်အောင်ဆို. . . ”

          “အေးလေ. . . ဒါပေမယ့်”

          ခိုကလေး လက်ကမလွှတ်သေး ခိုကလေးကို လှမ်းယူဖို့ ဆန့်ထားသောလက် က မရုတ်သေး။          

           “ဒါပေမဲ့ ... သနားတယ်ဟာ”

           “အင်း... ဒါကြောင့် အိုင်းစတိုင်းက ပြောတာပဲ ...”

           “ဟင် . . . ဘာလဲ၊ ဘာလဲ”

          “ဒါကြောင့် အိုင်းစတိုင်းက ပြောတာ... မိန်းမတွေဟာ စိတ်မမှန်ဘူးတဲ့၊ အပြောင်းအလဲမြန်သတဲ့...

          “အိုင်းစတိုင်း တကယ်ပြောတာလား၊ ဘယ်သူ့ကိုပြောတာလဲ... သေချာလား”

          “သေချာတယ်... မင်းသားတွမ်ခရုစ်ကို ပြောခဲ့တာ” ခပ်ညံ့ညံ့ ဝတ္ထုရေးဆရာ ဆရာမများ ရေးသကဲ့သို့ ခိုးခိုးခစ်ခစ် သူရယ်သည်။ စောစောက မျက်ရည်လည်နေသော မျက်လုံးလှလှကလေးများသည် ယခုတော့ အပျော်တို့ဖြင့် ရွှန်းတောက်နေသည် ထင်ရ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)