Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဇော်ဇော်အောင် - ပီတာဇော်မြင့်သဘောပေါက်ပါသည်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

          လက်ဖက်ရည်ဆိုင်ဖွင့်၍ ပီတာဇော်မြင့် ရူးသွားခြင်း

           ဆိုင်နှင့်ဖွင့်တော့ တီးရှော့(ပ)၊ အိမ်မှာဖွင့်တော့ တီးဟောက်(စ်)၊ ဥယျာဉ်ပန်းခြံထဲမှာဖွင့်တော့ တီးဂါးဒင်း၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ ဖွင့်တော့ တီးပလက်ဖောင်း။ မောင်ပီတာ လက်ဖက်ရည်ဆိုင် ဖွင့်ထား သည်။ ကမ်းနားဘက် တစ်နေရာ၊ ရုံးကန်ကနားကြီးတွေ၊ ဘဏ်တိုက်ကြီး တွေနှင့် မနီးမဝေး။ အခွန်အခ ကျေလည်စွာဆောင်၍ သက်ဆိုင်ရာတို့က တရားဝင်ခွင့်ပြုသောနေရာ၊ ထိုနေရာတွင် ပီတာဇော်မြင့် လက်ဖက်ရည် ဆိုင်ဖွင့်၏။ ကမ်းနားဘက် ခြောက်ထပ်ရုံးကြီးနားမှာ။ ကြွရောက်အားပေး ချီးမြှင့်ကြပါ။

                                                 x x x

          ဆိုင်နာမည်က မဖွင့်ခင် ကြိုတင်စဉ်းစားသည်။ ပီတာဇော်မြင့်သည် ကောလိပ်မှာ လောဂျိတ်ဘာသာ မသင်ခဲ့သော်လည်း စဉ်းစားမှုမှာ ဝါသနာ ပါ၏။ နာမည်ကျော်ပေ့ဆိုသော လက်ဖက်ရည်ဆိုင်တွေမှာ လူ၏အမွေး အမျှင်များ ပါနေတတ်၏။ ဥပမာ .. မုတ်ဆိတ်၊ နှုတ်ခမ်းမွေး စသည်ဖြင့် လူ့အမွေးအမျှင်တွေထဲမှာ ထိပ်ဆုံးကလည်းရှိ၊ မြင့်လည်းမြင့်မြတ်သော နာမည်ကို သူ စဉ်းစားရွေး၏။ သျှောင်ထုံး” အရှေ့တောင်အာရှတွင် အကောင်းဆုံး ဒေါင်ရိပ်သာ။ နာမည်နှင့်လိုက်အောင် ရုပ်ပြအဖြစ် မိုးကုတ် က သူ့သူငယ်ချင်း ဘသန်းတင်ကို မှာယူ၏။ အသန်းတင်သည် တကယ့်သျှောင်ထုံးအစစ်ရှိသူဖြစ်၏။ ငယ်စဉ်ကတည်းက မဟုတ်တာအတူလုပ်ခဲ့ ကြသော ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်ဖြစ်၍ အတွဲညီသည်။ မောင် ပီတာက စပ်စပ်စုစု၊ ဟိုပါသည်ပါ နေရာတကာနှံ့သည်။ ရှုပ်ရှုပ်ယှက်ယှက် လုပ်တတ်သည်။ လေနှင့်အတူ လွင့်သည်။ ဘသန်းတင်က ဟိတ်ဟန်ကောင်းသည်။ မှင်မောင်းရှိသည်။ ရုပ်ပြစား၍ရသော ဥပဓိရှိ၏။ နှစ်ယောက်စလုံး တူတာရှိသည်။ မောင်ပီတာသည် အမြဲတမ်း ပျာယီ ပျာယာနှင့် ရှုပ်၏။ ဘသန်းတင်က ဟိတ်ဟန်မှင်မောင်းနှင့်ရှုပ်သည်။ အလွန် လိုက်သော သူငယ်ချင်းနှစ်ယောက်။ တီးပလက်ဖောင်း ဖွင့်ထားကြ၏။ ကြွရောက်အားပေး ချီးမြှင့်ကြပါ။

x

x

x

           လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွက် လိုအပ်သော ပစ္စည်းကိရိယာ၊ အသုံးအဆောင် ပရိဘောဂတွေအားလုံး မောင်ပီတာ ရအောင်ရှာသည်။ ဦးသန်းလွင်ဆိုသော အဘိုးကြီးထံမှ သူဝါသနာပါသော ကိစ္စတစ်ခု ဆောင် ရွက်ပေးပြီး သစ်တိုသစ်စ အလကားရအောင်လုပ်၏။ သူနေခဲ့သောမြောက်ဥက္ကလာပမှ အိမ်နီးချင်းလက်သမားဆရာထံ ဗီရိုတွန်းလှည်း၊ စားပွဲခုံ အပု၊ ခွေးခြေခုံအပုလေးများ အကြွေးအလုပ်ခိုင်း၏။ ပန်းကန်ခွက်ယောက် များကို ဟိုတယ်မန်နေဂျာ မစ္စတာဘရောင်းဆိုသူထံမှ ဆွမ်းကျွေးအတွက် ခဏငှား၍ ပြန်မပေးဘဲ ရှောင်နေ၏။ အခြားမီးဖို၊ အကြမ်းကရား စတာ တွေလည်း ဟိုက သည်ကဆွဲ။ အရာရှိကြီးတစ်ဦးဖြစ်သူ ဦးကျော်မောင် ကို ဗေဒင်အလကားဟောပေးပြီး သူ့အိမ်က နို့ဆီဘူးနှင့် နို့စိမ်းဘူးအခွံ တွေ သိမ်းကျုံးတောင်းလာခဲ့၏။ ပစ္စည်းတွေ အတော်ပြည့်စုံပြီ။ လက်ဖက် ရည်ဖျော်ရန် ဇွန်းတစ်ချောင်းသာ ကျန်တော့သည်။

ထိုဇွန်းကိုတော့ မောင်ပီတာ ငွေပေး၍ဝယ်သည်။ ဘသန်းတင်ထံမှ ငါးကျပ်တန်တစ်ရွက်တောင်းသည်။ ဘသန်းတင်မှာ သည်ငါးကျပ်တန် တစ်ရွက်သာရှိသည်။ မိုးကုတ်မှာနေတုန်းက လူသူတော်ကြီးတစ်ယောက် က စီးပွားရေးကောင်းအောင် အင်းကွက်ချပေးသော အဆောင်ငါးကျပ် တန်။ မောင်ပီတာ ဇွန်းတစ်ချောင်းလေးကျပ် ပေးဝယ်၏။ တစ်ကျပ်ကျန်တာ ဒူးယားဝယ်သောက်သည်။ သူတို့နှစ်ယောက် ဆိုင်ဖွင့်ဖြစ်ပြီ။ ကြွရောက်အားပေးချီးမြှင့်ကြပါ။

x x x

“သျှောင်ထုံး” တီးပလက်ဖောင်း။ ဆေးစိမ်းသုတ်ထားသော ဗီရို တွန်းလှည်းပေါ်မှာ ဦးကျော်မောင်အိမ်က တောင်းလာသော နို့ဆီဘူး၊ နို့စိမ်းဘူးအခွံတွေ အစီအရီတင်ထား၏။

အမှန်က တစ်ဖက်ဖွင့်ပြီးသား ဘူးခွံတွေ၊ ဖွင့်သောဘက်က ထိပ် ဖက်။ သံပြားကို အကုန်ပြုတ်အောင်ဖွင့်ပြီး မှောက်ထားခြင်းဖြစ်၏။ ထို့ကြောင့် မောင်ပီတာတို့ဆိုင်မှာ အစီအရီတင်ထားသော နို့ဆီ၊ နို့စိမ်းဘူး တွေ အကုန်လုံး တံဆိပ်နှင့် စာတွေ အသေအချာကြည့်လျှင် ဇောက်ထိုး တွေဖြစ်ကြောင်း တွေ့ရလိမ့်မည်။

ယခုအထိတော့ လက်ဖက်ရည်လာသောက်သူများထဲက ဘယ်သူမှ ဘူးပေါ်က တံဆိပ်နှင့်စာကို အသေအချာမကြည့်ကြသေး။ စင်စစ်တော့ လက်ဖက်ရည်ဆိုင်ကို လာရသော အကြောင်းရင်းမှာ သိပ်များများစားစား မရှိ။ လက်ဖက်ရည်သောက်ဖို့၊ ရေနွေးကြမ်းသောက်ပြီး စကားတွေ အကြာ ကြီးထိုင်ပြောဖို့၊ နောက်တစ်ခုက အချိန်းအချက်ရှိ၍ တစ်စုံတစ်ယောက် ကိုစောင့်ပြီး ထိုသူနှင့်အတူ လိုက်ပါသွားဖို့၊ အနှစ်ချုပ်ရလျှင် သောက်ဖို့၊ လေကန်ဖို့၊ လာခေါ်သူကို စောင့်ဖို့။

အဓိကအားဖြင့် ၎င်းကိစ္စသုံးရပ်အကြောင်းခံ၍ မောင်ပီတာ၏ တီးပလက်ဖောင်းသည် ကြက်ပျံမကျ စည်ကား၏။ လူပေါင်းစုံလာသည်၊ အလွှာပေါင်းစုံ၊ အကုန်လုံး ပေါင်းစုံလာသည်။ သိပ်စည်ကားသည်။ သိပ် ကြီးပွားတိုးတက်သည်။ ဆိုင်အကူလူငယ်သုံးယောက်ငှားရသည်။ လက် ဖက်ရည်ဖျော်သူ စပါယ်ရှယ်လစ်တစ်ယောက်ကို တစ်လလျှင် လခ “သောင်ဇင်တူး’ ပေး၍ ငှားရသည်အထိဖြစ်လာ၏။ ဘသန်းတင်သည် ညနေတိုင်း ကမ်းနားလမ်းဟိုတယ်မှာ ဝီစကီနှင့် ကြက်ကြော်၊ သို့မဟုတ် ဘီယာနှင့် ဒိန်ခဲ သုံးဆောင်လေ့ရှိ၏။ မောင်ပီတာကတော့ အရက် မသောက်တတ်။

 

သူသည် ဂီတသမားဖြစ်၏။ စန္ဒရား တင်ဝင်းလှိုင်နှင့် ကျောင်းနေ ဖက်ဟု ပြောလေ့ရှိ၏။ ဟုတ်မဟုတ်တော့ အသေအချာမသိ။ တင်ဝင်းလှိုင် ထံ ‘အော်ဂင်”နှင့် သီချင်းကြီးအပုဒ်လေးဆယ်တက်ထားသည်ဟု ဆို၏။ လောလောဆယ် အော်ဂင်မဝယ်ဖြစ်သေး၍ သိမ်းဆည်းရ၊ ကိုင်ရတွယ်ရ လွယ်သော သွားလေရာ အိတ်ထောင်ထဲထည့်သွားလို့ရသော ဘာဂျာတစ် လက် ဝယ်ထား၏။ တစ်နေ့ကျရင် ကမ္ဘာ့အဆင့်မီ လူကိုးဆယ်လောက် ပါသော ပီတာဇော်မြင့်၊ ဘာဂျာအော်ခတ်စကြာသံစုံတီးဝိုင်းကြီးဖြစ်ရမည် ဟု ကြိမ်းဝါးကာ ညနေဆိုင်သိမ်းတိုင်း ဘာဂျာမှုတ်၏။

လူနှစ်ယောက် ပြောင်ပြောင်လက်လက်ဖြစ်လာပြီ။ နှစ်ထောင်ကျော် တန်ဝပ်ကင်းရှူးတို့လို လေးထောင်ကျော်တန် ဂျာကင်တို့ ၊ ရေးဘင်နေကာ မျက်မှန်။ ဇစ်ပိုမီးခြစ်တို့ ဘာတို့ဖြစ်လာပြီ။ ယုတ်စွအဆုံး ကြွေးစာရင်း မှတ်တာတောင်မှ ငါးရာကျော်ပေးရသော ခရော့(စ) ဘောပွိုင့်နှင့် ရေးမှတ် လာသည်အထိ ဖြစ်လာပြီ။ သို့သော် မောင်ပီတာ ဘဝမမေ့။

X

X

X

ဆိုင်မှာ ဘသန်းတင် ငွေသိမ်းသည်။ မောင်ပီတာက စားပွဲခုံတကာ အနှံ့သွား ဟိုနားဖျာယာပျာယာ သည်နားဖျာယာပျာယာလုပ်၏။ လူတွေ နှင့် စကားဝင်ပြော၏။ ပါးစပ်က အငြိမ်မနေ။ ပလက်ဖောင်းပေါ် ဖြတ်သွား သမျှ လူတွေကို နှုတ်ဆက်၏။ လမ်းပေါ်မောင်းသွားသော ကားပေါ်က ခရီးသည်တွေကိုတောင် တစ်ခါတစ်ခါ နေကောင်းရဲ့လား၊ နေကောင်းအောင် နေနော်၊ နေမကောင်းရင် အခံရသိပ်ဆိုးတယ်ဟု အော်နှုတ်ဆက်တတ်၏။ ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လျှောက်နေသူတွေအားလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် သူ့အသိမိတ်ဆွေများဖြစ်ဟန်တူ၏။ ဆိုင်လာ ထိုင်သောလူတွေ ဝင်ရော၏။ စကားတွေ ဖောင်နေအောင် ပြော၏။ သူများ ပြောသော စကားများကိုလည်း စိတ်ဝင်စားစွာ နားထောင်၏။ ပီတာ ဇော်မြင့်ကို ကြည့်လိုက်လျှင် အမြဲတမ်း စားပွဲခုံတစ်ခုံခုံမှာ တစ်ယောက် ယောက်ကို အားရပါးရ စကားပြောနေသည် (သို့မဟုတ်) တစ်ယောက် ယောက် အားရပါးရ စကားပြောနေသည်ကို မျက်နှာအမူအရာ အမျိုးမျိုးလုပ်၍ အလွန်စိတ်ဝင်စားစွာ နားထောင်နေသည်ကို တွေ့ရလိမ့်မည်။ ကြာတော့ သူပြောဖို့ အခွင့်မသာ။ ဆိုင်လာထိုင်သူတွေ ပြောသမျှကို ခေါင်း တညိတ်ညိတ်နှင့် နားထောင်ရသော `နားထောင်သူ” ဖြစ်၍လာတော့၏။ ဘသန်းတင်ကတော့ သူ့သျှောင်ထုံးကို ဆီမွှေးသ၍ ဆေးတံကြီးခဲကာ အရှေ့တောင်အာရှတိုက်တစ်တိုက်လုံးကို လုပ်ကျွေးနေရသည့် မျက်နှာ ပေါက်ဖြင့် ငွေသိမ်းလျက်။ ပီတာဇော်မြင့်ကတော့ လာသမျှလူတွေပြော သမျှစကားကို နားထောင်လျက်။

x

x

x

စကားချပ်။ ။ ဝတ္ထုတစ်ပုဒ်တွင် ခေါင်းစဉ်သည် လွန်စွာအရေးကြီးသော တာဝန်ကို ထမ်းဆောင်သည်ဟူသော သုခမိန်များ၏အဆိုရှိ၏။ ပီတာ ဇော်မြင့် အခုထိမရူးသေး။ လက်ဖက်ရည်ဆိုင်ဖွင့်၍၊ စီးပွားတိုးတက်၍ ရုပ်ဝတ္ထုအခြေအနေတွေ အလွန်ကုံလုံကြွယ်ဝလာသော်လည်း ပီတာဇော် မြင့် စိတ်အခြေအနေ ယိုယွင်းတိမ်ဖည်၍ ရူးသွားသည်။ ဘာကြောင့်လဲ။ ဘယ်လိုလဲ၊ ဘယ်တော့ ရူးမလဲ။

ဝတ္ထုတိုဆိုသည်မှာ ဝတ္ထုရှည်မဟုတ်၍ တိုရသည်ဟု ဆရာတို့ ဆိုမိန့်ကြ၏။ တိုတိုနှင့် လိုရင်းကို ဒိုင်းခနဲ “ရေနိုးကား’ နောက်က ဝင် တိုက်လိုက်သလို ပန်းတိုင်ကို အရောက်ပို့ရသည်ဟုလည်း မိန့်ဆိုကြ၏။ ဆရာ့ဆရာတို့ လျှာအရိုးမရှိ ပြောခဲ့ကြသောကြောင့် ဝတ္ထုတိုဆရာတို့က အဆုံးသတ်မှာ ပညာကုန်ဖွင့်၍ နင့်ခနဲခံစားရအောင် ဇာတ်သိမ်းလေ့ရှိ၏။

အခုလည်း ပီတာဇော်မြင့် ဘယ်လိုရူးမလဲ၊ ဘယ်လိုလှည့်မလဲ။ မြှုပ်ကွက်ကို ဘယ်လိုမြှုပ်ပြီး ဘယ်နေရာမှာ ဖော်မလဲ။ ဝတ္ထုဆုံးသွားပြီး သည်အထိ စာဖတ်သူရင်ထဲမှာ ငြိကျန်အောင် ဘယ်လိုအတတ်ပညာနဲ့ ဖမ်းမလဲ။ ဘဝင်ကို အကုန်မချဘဲ ရသကို တိုးလိုတန်းလန်းဖြစ်မောင် ဘယ်လိုထားခဲ့မလဲ။ ဘာညာသာရကာ၊ ဘာပဲဖြစ်ဖြစ် ပီတာဇော်မြင့် ရူးကို ရူးရတော့မည်။ ဝတ္ထုဆက်ပါမည်။ ပီတာဇော်မြင့် ရူးသွားစေ။]

ပီတာဇော်မြင့် ရူးသွားပြီ။ သူ့အချစ်ဆုံးသူငယ်ချင်း ဘသန်းတင် က စိတ်မကောင်းခြင်းကြီးစွာဖြင့် မောင်ပီတာကို တံတားလေး စိတ်ရောဂါအထူးကု ဆေးရုံကြီးသို့ တင်လိုက်ရ၏။ လိုအပ်သောကိစ္စများ ဆောင်ရွက် ပြီးသည့်နောက် အခန်းထဲမှာ ကျန်ရစ်သော သူငယ်ချင်း မောင်ပီတာကို

နောက်ဆုံးအကြိမ် ကြည့်လိုက်၏။ ဘသန်းတင်၏ မျက်လုံးထဲမှာ မျက်ရည်ဝဲနေသည်။ မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်းကတည်းက အတူနေခဲ့ သော သူ့အချစ်ဆုံးသူငယ်ချင်း။ အမြဲတမ်း ပျာယာပျာယာ အလုပ်ရှုပ်နေ သော သူငယ်ချင်း၊ မရှိအတူ ရှိအတူ အေးအတူပူအမျှဘဝသက်တမ်း တစ်ဝက်ကျိုးလုနီး တွဲခဲ့သော သူ့သူငယ်ချင်း မောင်ပီတာကို သူ လက်တွဲ ဖြုတ်ခဲ့ရပြီ။

ခေါင်းတညိတ်ညိတ်နှင့် ပြုံးကာရယ်ကာဖြင့် စကားတွေ တတွတ် တွတ်၊ တိုးတိုးတိုးတိုး ပြောနေသော ပီတာဇော်မြင့်ကို ရီဝေ ကြေကွဲစွာ ကြည့်၍ ပလတ်စတစ်အိတ်နှင့်ထည့်ထားသော ချိုပေါ့ကျလက်ဖက်ရည် ပါဆယ်တစ်အိတ်နှင့် အနည်းငယ် တွန့်ကြေနေသော ဒူးယားစီးကရက် တစ်လိပ်ကို လှမ်းပေး၏။ ပီတာဇော်မြင့်က ကြောင်စွာကြည့်ပြီး ရုတ် တရက် ပြုံးကာ လှမ်းယူသည်။ ကျေးဇူးတင်ပါတယ် အန်ကယ်ဟု ရည် မွန်စွာပြော၏။ ထို့နောက် တစ်ဖက်လှည့်ကာ တိုးတိုးတိုးတိုး စကားတွေ ဆက်ပြောနေ၏။ ။

ဘသန်းတင် ချာခနဲလှည့်၍ထွက်လာခဲ့သည်။ သူ ဘယ်သွားရမလဲ မသိသေး။ သူငယ်ချင်းအတွက်တော့ စိတ်အေးရပြီ။ သူ တာဝန်ကျေခဲ့ပြီ။ နေရစ်တော့ သူငယ်ချင်းရယ်။ ဘသန်းတင် ပါးပြင်ပေါ်မှာ မျက်ရည်တစ် ပေါက် လိမ့်ဆင်းကျလာ၏။ သူ သုတ်မပစ်၊ လှည့်မကြည့်၊ ဆက်လျှောက် လာခဲ့၏။

x

x

x

ပီတာဇော်မြင့် ရူးသွားပြီ။ ဝတ္ထုပန်းတိုင်ရောက်ပြီ။ ခေါင်းစဉ်နဲ့လည်း ကိုက်ညီပြီ။ သို့သော် လက်ဖက်ရည်ဆိုင်ဖွင့်၍ ဆိုသော စကားက တန်း လန်းကျန်နေသည်။ ဘာဆိုင်သလဲ အတွေးဆက်စရာရှိလာသည်။ ပေါက် ကရလေးဆယ် အဓိပ္ပာယ်မရှိ၊ အကျိုးအကြောင်း မဆက်စပ်ဟု ပညာရှိ များ ကဲ့ရဲ့ဖွယ်ဖြစ်လာ၏။ ထို့ကြောင့် ဝတ္ထုကို မပြီးစေသေးဘဲ ဆက်ပါဦးမည်။ ဆက်ရေးရာတွင် ဇာတ်ကောင်ပြောစကား (Dialouge) နှစ်ခုဖြင့် ဆက်ပါမည်။ တစ်ခုက ဆေးရုံမှာ ပီတာဇော်မြင့်ကို သွားတင်စဉ် ဘာဖြစ် လို့လဲဟု တာဝန်ကျဆရာဝန်မကလေးက မေးသောအခါ ဘသန်းတင်က ပြန်ဖြေသော ပြောစကား ဒိုင်ယာလော့။ နောက်တစ်ခုက ရူးသွားပြီးသည့် နောက် တစ်ယောက်တည်း တိုးတိုးတိုးတိုးနှင့် ထပ်တလဲလဲပြောနေသော ပီတာဇော်မြင့်၏ ပြောစကား ဒိုင်ယာလော့။ ဝတ္ထုတိုအင်္ဂါရပ်မှာ ဇာတ်

ဆောင်စရိုက်ဖော်သောအခါမှာ ဒိုင်ယာလော့ကလည်း အရေးကြီးသည်ဟု ဆရာများ ဆိုမိန့်ခဲ့ကြသည်နှင့်အညီ ဒိုင်ယာလော့ခ်နှစ်ခုကို စာဖတ်သူ ရှင်းအောင် နံပါတ်စဉ်ထိုး၍ ဆက်ရေးပါဦးမည်။

 

၁။ “လက်ဖက်ရည်ဆိုင်မှာ လာထိုင်တဲ့လူတွေ နေ့စဉ်ပြောကြတဲ့ စကားတွေ နားထောင်ပြီး အခုလိုဖြစ်သွားတာပါပဲ ဒေါက်တာ”

 

 ၂။ “အေးဗျာ.. စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ ကဲ ကဲ လုပ်ဗျာ ... လက်ဖက်ရည်သောက်၊ ဒူးယားသောက်။ ဟဲဟဲ ... ကျွန်တော် ဒါပဲ တတ်နိုင်တယ်လေ။ လုပ်ဗျာ၊ လက်ဖက်ရည်သောက်၊ ဒူးယားသောက်။ အေးဗျာ ... စိတ် မကောင်းပါဘူး။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ ကဲ ကဲ လုပ်ဗျာ ... လက်ဖက်ရည်သောက်၊ ဒူးယားသောက်၊ ဟဲဟဲ . ကျွန်တော် ဒါပဲတတ်နိုင်တယ်လေ။ အေးဗျာ ... စိတ်မကောင်းပါဘူး”

 

ဇော်ဇော်အောင် (ဇန်နဝါရီ၊ ၁၉၈၇)

ချယ်ရီမဂ္ဂဇင်း၊ အမှတ် ၃၄၊ မေ၊ ၁၉၈၇။