စိတ်ကူးချိုချိုစာပေ
ဇော်ဂျီ - ရှေးခေတ်ပုဂံကဗျာများ
ဇော်ဂျီ - ရှေးခေတ်ပုဂံကဗျာများ
Couldn't load pickup availability
၁၊ သဘာဝအလှ ပုဂံမှ
ညီသစ်ဆင်း
မင်းပုဂံရောက်၊ ဤတစ်ခေါက်တွင်
ဆောင်းပေါက်ခါစ၊ တန်ဆောင်လတည့်
မြူထညနေ၊ မှိုင်းဝေဝေနှင့် ၊
တောင်ခြေ “တုရင်”၊ ညိုပြာဆင်တည့်
ကုရင်မြင့်ကျိုင်း၊ တောင်ကျောခိုင်းလျက်
တွဲဆိုင်းတည်ငြိမ်၊ တိမ်မကန်းကွက်
ကောင်းကင်ထက်ဝယ်၊ ပြက်ပြက်ထင်ထင်
မင်းမြင်ခဲ့ရာ၊ ေမိပါဟု
ဆိုလာမင်းက မင်းတမ်းတ။
သဘာဝအလှ ပုဂံမှ။
ဟုတ်ကဲ့အစ်ကို၊ ညီထပ်ဆိုအံ့
ထိုညနေချမ်း
တစ်ဖက်ကမ်းက၊ တောင်တန်းခံ့ခံ
“တန့်ကြည့်”ပေါ်တွင်၊ နေမေးတင်သည့်
နေဝင်သာယာ၊ နီရွှေဝါနှင့်
ညီလာခံကြိုက်၊ စံပျော်ခိုက်တွင်
သုတ်လိုက်သုတ်လိုက်၊ အုပ်လိုက်စီရရီ
“တုရင်”ဆီသို့၊ ညီညာပျံသန်း
အိပ်တန်းပြန်ကြ၊ တောကျီးအ တို့
တစ်မ မက၊ လေးငါးမ ကို
မြင်ရသည်တွင်
ချင်စရာ၊ ညီဆိုပါသည်
သဘာဝအလှ ပုဂံမှ။
ရှေးခေတ်ကလည်း ထိုသဘာဝ။
ယခုခေတ်လည်း ထိုသဘာဝ။
ဖြစ်နိုင်သည်ပါ့ ဖြစ်မည်ပေါ့။ ။
ရှုမဝ၊ ဇူလိုင်လ၊ ၁၉၈၄။
၂။ ကျွဲ နားတောင်း ပုထိုးမှာ
ညီသစ်ဆင်း
ရှုခင်းသာယာ၊ ပုဂံမှာတည့်
ပေါက္ကာ ရာမ၊ ရှေးကာလမှ
လှူကြတန်းကြ၊ တည်ကြများပြား
ဂူဘုရားနှင့်၊ ဘုရားစေတီ
စီရရီတို့ ဤမှာတစ်သိုက်၊ အစုလိုက်တည့်
ထို၌ပြန့်ကျဲ၊ ရှုမရဲတည့်
စိတ်ထဲစွဲကျန်၊ ကြည့်ချင်ပြန်သည်
ပုဂံမြို့က ငါ နားတောင်းမှ။
အစ်ကိုမြင်ရ ပုဂံအလှ။
ငကျွဲနားတောင်းတွင်၊ ညီရောက်စဉ်က
ထီးတင်ထွတ်ကျိုး၊ ထိုပုထိုး၏
လုံအိုးသဏ္ဌာန်၊ အလုံးအဖန်၌
မွမ်းမံသုတ်လိမ်း၊ စဉ့်စိမ်းစိမ်းတည့်
ရှိမ်းရှိမ်းပပ၊ ပုထိုးမြသည်
မိုးကျရွှေကိုယ် ကော့၏သို့။
ပုထိုးမြဝယ်
ညီလှကျောမှီ၊ ရှေ့မြောက်ဆီသို့
ရည်မျှော်လိုက်မိ၊ အဝေးကြည့်တွင်
မှုန်တိမှုန်မွှား၊ မပြတ်သားလည်း
မြင့်မားမိုးကြို၊ ဂူအိုအိုတည့်
“ထီးလိုမင်းလို”၊ ထွတ်ကျပြိုလည်း
ကြည်ညိုစရာ၊ ဖူးတွေ့ ပါသည်
စေတနာကြွ အားမာန်ရ။
ညီလှမ်းမြင်ရ ထီလိုအလှ။
ငကျွဲဆီမှ ရှုခင်းပေါ့။
ထိုမှတစ်လီ၊ ရှေ့တောင်ဆီသို့
ရည်မျှော်ဝေးလံ၊ ကြည့်မိပြန်၏
“ရွှေဆံတော်”ဘုရား၊ ခုံမြင့်မားမှ
ငါးဆင့်တက်လာ၊ ပစ္စယာသည်
ညင်သာပါဘိ၊ ကြည်နူးမိ၏
ကြည့်တိုင်းစိတ်ဝယ်၊ လွန်သပ္ပာယ်သည်
သွယ်သွယ်လျလျ တက်ပုံက။
ညီလှမ်းမြင်ရ ဆံတော်အလှ။
ငါဆီမှ ရှုခင်းပေါ့။
ကံကောင်းထောက်မ၊ ငကျွဲ၌
အဘခေါ်လေ့၊ ဘသိမ်မွေ့နှင့်
ညီ တွေ့ရာမှ၊ မေးခွင့်ရ၍
ဘလည်းမျှော်၊ ဘ အတွေးကို
မေးကြည့်မိရာ
ဘမျက်နှာသည်၊ ပြုံးလာဝင်းပ
ရှေးမဆွက၊ ဘဝသံသရာ
တစ်ချိန်ခါဝယ်
သူ့မှာပုဂံသား၊ ဖြစ်ခဲ့သလားဟု
စကားထိုမျှ၊ ဟရုံဟ၏
အဘအေ၊ ဘအတွေးတို့
ထွေးရောယှက်တင်၊ အသက်ဝင်လျက်
ယှက်တင်ထွေးရော၊ သဘောလိုလို
မျက်နှာချိုသည်
ဘအိုမြင်ရ ပုဂံအလှ။
ငကျွဲဆီမှ ရှုခင်းပေါ့။ ။
ရှုမဝ၊ အောက်တိုဘာလ၊ ၁၉၈၅။
၃၊ လောကနန္ဒာ ဆိပ်ကမ်းမှာ
ညီသစ်ဆင်း
ပြည့်လင်းဧရာ၊ ဆိပ်ကမ်းသာသို့
ငါလည်းရောက်ဖူး၊ ဦးချဖူး၏
ကမ်းနဖူးက၊ ကြာဖူးလှသို့
လောကနန္ဒာ၊ စေတီမှာတည့်
ဝဲယာဝန်းကျင်၊ မိုးကောင်းကင်နှင့်
မြင်လေရာရာ၊ လွမ်းစရာတည့်
နန္ဒာအောက်နား၊ မြစ်ကမ်းပါး၌
လာသွားညာကြေ၊ ရွက်စုံလှေတို့
ရေစပ်မှာ ဆိုက်၊ ကြက်တောင်စိုက်တည့်
လိုက်ထိုက်ဆက်သွယ်၊ ကုန်ဖလှယ်သည်
ရယ်ကြ မောကြ ပျော်လိုက်ကြ။
နန္ဒာလောက တက်ဖူးကြ။
ငါရောက်စဉ်က မျက်မြင်ပါ့။
ငါမြင်ခဲ့ရ ဆိပ်ကမ်းအလှ။
မင်း မြင်သမျှ ပြောစမ်းပါ့။
နောင်ချစ်ညီခင်၊ ရောက်ခဲ့စဉ်က
မျက်မြင်ပြောရ၊ မထူးလှတည့်
ထက်ကနန္ဒာ၊ အောက်မှာ ဆိပ်ကမ်း
ရွက်လှေတန်း တည့်
ပဲနှမ်း ထန်းလျက်၊ အညာထွက်ကို
ကြေထွက် စပါး၊ ငါးပိ ဆားနှင့်
လဲစား ရောင်းဝယ်၊ ကုန်ဖလှယ်သည်
ရယ်ကြ မောကြ မြင်ခဲ့ရ။
ဘုရားတက်ဖူးကြ မြင်ခဲ့ရ။
အိုဘယ့်အစ်ကို မြင်သလိုပေါ့။
သို့ပါကတဲ
စိတ်ထဲရွှင်ကြည်၊ နောင်ကြီးညီ၌
ထူးသည်ဆိုစရာ၊ ရှိခဲ့ပါ၏
ပေါက္ကာ ရာမ
သိကြ ကျော်ကြား၊ မင်းနှစ်ပါး၏
ထောင်လွှား မာန်ဟုန်၊ ရာဇဂုဏ်တည့်
ဂုဏ်ညိုးစရာ၊ ကြုံကြပါလည်း
ပြည်ရွာစိုးရ၊ မင်း မာနကို
ချတတ်ချိန်မီ၊ သိလိုက်သည်တွင်
ထူးပြီအလှ ညံ့စိတ်က။
မင်းတစ်ပါးမှာ၊ နော်ရထာတည့်
လင်္ကာဒီပ၊ သီဟဠမှ
ဆက်သလိုက်သား၊ စွယ်တော်ပွားကို
ပင့်သွား နာဝါ၊ ရေယာဉ်သာသည်
ဧရာကမ်းခွင်၊ ဆိုက်မည်ပြင်၏
ပြည့်ရှင် စောထီး၊ မင်းမာန်ကြီးနှင့်
ဆင်စီးကာသာ၊ ဆီးကြိုလာသော်
ရေမှာဆင်းသက်၊ ဦးထိပ်ရွက်မှ
ဆက်သနိုင်မည်၊ ဟန့်လိုက်သည်တွင်
ကြည်ကြည်သာသာ၊ နော်ရထာသည်
သဒ္ဓါစိတ်ရင်း၊ ရေသို့ဆင်းသည်
မငြင်းနှိမ့်ချ သူ့မာန။
ဦးထိပ်ရွက်၍ လက်ခံပြ။
နှိမ့်ချမာန၊ ရွှန်းပသဒ္ဓါ
ပွင့်လင်းလာသည်
နန္ဒာလောက ဆိပ်ကမ်းမှ။
ညီမြင်ခဲ့ရ ဆိပ်ကမ်းလှ။
ထို့နောက် ဒုတိယ
နရပတိ၊ မင်းအလှည့်တည့်
မင်း၏ဆရာ၊ မဟာထေရ
စာရိတ္တနှင့်၊ သီလပြည့်သူ
ပံ့သကူတည့်၊ သူမြတ်မိန့်ဟ
ဆုံးမပြတ်သား၊ ဆိုစကားကို
မင်းနား မနာ၊ မင်း ခေါင်းမာ၏၊
ထိုခါ မထေရ်၊ ပုဂံမြေ၌
မနေလိုပြီ၊ သီဟိုဠ်ဆီသို့
ကြွချီတော့မည်၊ သို့ ကြံစည်၍
စေတီနန္ဒာ၊ ဆိပ်ကမ်းသာသို့
ဆင်းလာ အားပြ မထေရ်က။
သင်္ဘော သီဟဠ စောင့်ရန်ပေါ့ ။
မဟာထေရ၊ အင်အားပြဟု
နရပတိ၊ စောဘုန်းရှိသည်
သိလျှင် သိချင်း၊ သတိကင်း၍
ထန်ပြင်းထိတ်လန့်၊ ကြက်သီးပြန့်၏
မသန့်လိပ်ပြာ၊ တုန်လှုပ်လာ၏
ငါ့ရွာ ငါ့မြေ၊ ငါ့တောခြေနှင့်
ငါနေစံမြန်း၊ ငါ့ရွှေနန်း၌
ဆွမ်းမခံရ၊ ရင့်သီးလှဟု
မာနစကား၊ ဆိုမိမှားဟု
တရားကိုမြင်၊ ဆရာရှင်ကို
ခုပင် ပင့်ချေ၊ မင်းချင်း စေသည်
မထေရ်ပြန်ကြွ မေတ္တာပြ။
နှိမ့်ချမာန၊ အေးမြမေတ္တာ
ပွင့်လင်းလာသည်
နန္ဒာလောက ဆိပ်ကမ်းမှ။
ညီမြင်ခဲ့ရ ဆိပ်ကမ်းလှ။ ။
ရှုမဝ၊ သြဂုတ်လ၊ ၁၉၈၅။
Share










