ဇေရတု - သင့်ဦးနှောက်ကတီထွင်ဖန်တီးနိုင်ပါတယ်
( ၁ )
ပုံစံအဟောင်းများကို ချိုးဖျက်ပစ်ခြင်း
ဗီဇနဲ့ ပုံတူကူး ယဉ်ကျေးမှုများ
သင် ဘယ်လိုလူပဲဖြစ်ဖြစ် သင့်စိတ်ကို ပြောင်းလဲနိုင်ပါတယ်။ သင့်အပေါ်မှာပဲ မူတည်တာပါ။ သင့်ရဲ့ တီထွင်ဖန်တီးနိုင်မှုနဲ့ ပတ်သက်ပြီး သင်ကိုယ်တိုင်နဲ့ ဒီအပြင်လူတွေက ဘယ်လိုပဲထင်ထင် တိုးတက်လာအောင် လုပ်ယူလို့ ရပါ တယ်။ ဦးနှောက်ဟာ မပျက်စီးသမျှ ကာလပတ်လုံး သင်ယူနိုင်တယ်၊ ပြောင်းလဲ နိုင်တယ်ဆိုတာကို ဦးနှောက်ပိုင်းဆိုင်ရာ သိပ္ပံပညာ (neuroscience)က အတိအလင်းပြနိုင်ခဲ့ပါတယ်။ ဒီစွမ်းရည်ကို neuro plasticity လို့ ခေါ်ပါ တယ်။ ဆိုလိုတာက အရင်က အတွေ့အကြုံတွေ ဘယ်လိုရှိရှိ၊ ဗီဇဖြစ်ထွန်းမှု က ဘာဖြစ်ဖြစ် ကျွန်ုပ်တို့ရဲ့ စိတ် (အတွေးတွေကို ကျွန်ုပ်တို့ အသုံးပြုတဲ့ပုံစံ) က ကျွန်ုပ်တို့ ဦးနှောက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲပစ်နိုင်တယ်။ ဒီစာအုပ်ကို စဖတ်တဲ့အချိန်မှာ သင့်ဦးနှောက်က အတွေးကွန်ရက်ပုံစံတစ်ခုနဲ့ တစ်လမ်းသွားဖြစ်နေလိမ့်မယ်။ စာအုပ်ကို ဖတ်ပြီး သွားတဲ့အချိန်မှာတော့ သင့်ဦးနှောက်ဟာ ကွန်ရက်အသစ်၊ လမ်းကြောင်းအသစ်တွေနဲ့ ပြောင်းလဲ သွားပါလိမ့်မယ်။ သင့်ဦးနှောက်က ဘယ်လောက်အထိ စွမ်းနိုင်တယ်၊ ဘယ်နေရာမှာတော့ အကန့်အသတ်တွေ ရှိတယ်ဆိုတာ သိရှိရမှာဖြစ်လို့ သင်ဟာ သာလွန်ကောင်းမွန်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရမှာ မလွဲပါဘူး။
အခုရောက်ရှိနေတဲ့နေရာကို ကျွန်ုပ်တို့ ဘယ်လိုရောက်လာကြတာ လဲ။ ဇီဝဆင့်ကဲဖြစ်စဉ်နဲ့ ယဉ်ကျေးမှုဆိုတဲ့ အလျဉ်မပြတ်ဖြစ်ပေါ်တဲ့ အရွေ့ နှစ်ခုကြောင့် ကမ္ဘာပေါ်မှာ ကျွန်ုပ်တို့ ဆက်ရှိနေသေးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မျိုးဗီဇတွေမှာ အလျဉ်းသင့်သလို ဗီဇပြောင်းလဲမှုတွေအရ ကျွန်ုပ် တို့ဟာ ဇီဝနည်းအားဖြင့် ဆင့်ကဲပြောင်းလဲလာခဲ့တယ်။ ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်နိုင်အောင် အားပေးတဲ့ အဲဒီဗီဇပြောင်းခြင်းတွေကိုက ကျွန်ုပ်တို့ သိမှု (သို့မဟုတ်) ထိန်းချုပ်နိုင်မှုနယ်ပယ်နဲ့ ကွာလှမ်းတဲ့ အခြေအနေမှာ ဖြစ်တဲ့ သဘာဝရွေးချယ်ခြင်း (Natural Selection) လို့ခေါ်တဲ့ သဘာဝ ဖြစ်စဉ်တစ်ခုက နောက်ပိုင်းမှာ ရွေးချယ်တာပါ။ ယဉ်ကျေးမှုနဲ့ သက်ဆိုင်ရာ နေရာမှာ ကျွန်ုပ်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက အကြီးဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုစံတွေမှာ လုံးဝသတိပြုမိစရာ အနေ အထားနဲ့ ကြီးမားတဲ့အပြောင်းအလဲတွေကို ဖြစ်စေပါတယ်။
ဒါကြောင့် တီထွင်ဖန်တီးမှုဆိုတာကို ကျွန်ုပ်တို့ရဲ့ ဆင့်ကဲတိုးတက် မှုဆီကို ဦးတည်သွားတဲ့ ဗီဇပြောင်းလဲမှုတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ တူညီမှုလို့ စဉ်းစားနိုင်ပါတယ်။
ဗီဇပြောင်းလဲမှုကြောင့် ကျွန်ုပ်တို့မှာ အာရုံကြောစနစ်တစ်ခု ဆင့်ကဲ တိုးတက်ဖြစ်ပေါ်လာပါတယ်။ ဒီအာရုံကြောစနစ်မှာ တီထွင်ဖန်တီးနိုင်စွမ်း ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် ဖြစ်တဲ့ အကြောင်းအရာအသစ်များကို ရှာဖွေတွေ့ရှိမှုက ဦးနှောက်ရဲ့ နှစ်သိမ့်သာယာမှုပေးတဲ့ အချက်အချာနေရာတွေကို နှိုးဆွပါတယ်။ ပြောရမယ်ဆိုရင် လူအချို့က အစားအသောက် (သို့မဟုတ်) လိင်ကိစ္စမှာ အားသန်နိုင်သလို အချို့ကျတော့ သာယာမှုကို အသစ် အသစ် တွေ သင်ယူခြင်းဆီကနေ ရယူဖို့ အားသန်လာအောင် အဆင့်ဆင့် ပြောင်းလဲ လာခဲ့တာပါ။ ဒါပေမဲ့ ဒီလို အကြောင်းအရာအသစ်တွေနောက် ရှာဖွေတာ၊ စူးစမ်းလေ့လာတာကို အထုံပါခြင်းက ဗီဇတစ်ခုတည်းနဲ့ သက်ဆိုင်တာမျိုး မဟုတ်ဘဲ ကလေးဘဝက အတွေ့အကြုံ ရဲ့ လွှမ်းမိုးမှုလည်းပါတယ်လို့ ယူဆရပါတယ်။ ဒါက အမှန်ဆိုရင် ဆန်းသစ်ပြောင်းလဲမှုရဲ့ အရေးပါပုံကို အသိအမှတ်ပြုခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ ရှေးဘိုးဘေးတွေဟာ သူတို့ရဲ့ ရှင်သန် နည်းပေါ် ခြိမ်းခြောက်မှုတွေ၊ ကြိုမမြင်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်အောင် သူတို့ကို ပိုပြီး ကောင်းကောင်းပြင်ဆင်နိုင်စေတဲ့ တီထွင်ဖန်တီးမှု တွေရဲ့ ပိုင်ရှင်တီထွင်သူတွေဆီက သင်ယူတာတို့၊ အဲဒီလူတွေကို ကာကွယ် ပေးတာတို့ ဧကန်မုချ လုပ်ခဲ့ကြမှာပါ။ ။
ဒါ့အပြင် တီထွင်ဖန်တီးနိုင်ခြင်းထက် အများကြီးပိုရှေးကျပြီး ပြင်းထန်တဲ့အားတစ်ခုက လူသားတွေ ရှင်သန်ရပ်တည်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ထားပါတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ရဲ့ စွမ်းအင် ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ “အင်ထရိုပီ” (entropy) ပါ။ အခြေခံအားဖြင့် ကျွန်ုပ်တို့အပေါ် ပြင်ပက တောင်းဆိုချက်တွေ မရှိတဲ့ အခါ စွမ်းအင်ကို ကျွန်ုပ်တို့က ထိန်းသိမ်းထားပါတယ်။ ဒီမှာ ကျွန်ုပ်တို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရာမှာ အင်ထရိုပီက အရေးပါတဲ့အပိုင်းက ပါဝင်လာတာပါ။ ကျွန်ုပ်တို့မှာ စွမ်းအင်ကို ထိန်းသိမ်းဖို့ လိုအပ်ချက်က ကြီးမားလွန်းလို့ အားလပ်ချိန်မှာ အနားယူအပန်းဖြေမှုမျိုး အမြဲလုပ်ပေးရပါ တယ်။ ပန်းခြံထဲမှာ လမ်းသွားလျှောက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ် တာ၊ ပန်းပင်စိုက်တာမျိုးပေါ့။ စွမ်းအင်တွေကို အသုံးချပစ်လိုက်တာမျိုး မဟုတ်ဘဲ အလိုအလျောက် မောင်းနှင်တဲ့စနစ်တစ်ခုကို ပြောင်းလိုက်တာလို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကျွန်ုပ်တို့ လူသား တွေကို ဦးနှောက်က ဆန့်ကျင်ဘက် ညွှန်ကြားချက်နှစ်မျိုးနဲ့ လွန်ဆွဲစေသလို ပါပဲ။ တစ်ဖက်မှာ လိုအပ်သလောက် အနည်းဆုံး အားထုတ်မှု (entropy) ကိုပဲ အသုံးပြုစေတယ်။ ကျန်တစ်ဖက်မှာ အသစ်အဆန်း (creativity) ဆိုတာကို စူးစမ်းရှာဖွေစေပါတယ်။
စိန်ခေါ်မှုအသစ်တွေ၊ စိတ်ကူးအသစ်တွေကို ရှာဖွေတွေ့ရှိတဲ့ အရသာ ထက် အင်ထရိုပီက ကျွန်ုပ်တို့ လူများစုအပေါ်ပိုပြီး ဆွဲဆောင်မှုကောင်းသလို ပါပဲ။ ဒါပေမဲ့ အချို့လူတွေက ရှာဖွေတွေ့ရှိမှုကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ ကို လိုလိုလားလားကိုရှိတာက ကောင်းတဲ့အကြောင်းတစ်ခုလို့ ပြောရမှာပါ။ ဒီညွှန်ကြားချက်နှစ်မျိုးထဲက ဘယ်တစ်မျိုးကိုပဲ သင်အား သန်သန်၊ သင့်ဘဝ ရဲ့ ဘယ်အချိုးအကွေ့မှာပဲ ကြုံရကြုံရ တီထွင်ဖန်တီးနိုင်ခြင်းဟာ အမြဲကျေနပ် ပျော်ရွှင်ဖွယ်ရာဖြစ်သလို ကျွန်ုပ်တို့ကိုလည်း သာယာမှုပေးပါတယ်။
အကျဉ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ ဆန့်ကျင်ဘက် ညွှန်ကြားချက်နှစ်မျိုးနဲ့ မွေးဖွားလာတာ ဖြစ်တယ်။ တစ်ဖက်မှာ ပင်ကိုဗီဇအရ မိမိ စွမ်းအင်ကို မိမိထိန်းသိမ်းစောင့်ရှောက်တယ်။ နောက်တစ်ဖက်မှာကျတော့ အသစ်အဆန်းကို ရှာဖွေစူးစမ်းချင်ပြီး စွန့်စားကြည့်ချင်တဲ့စိတ်မျိုး ရှိနေ တယ်။ ကလေးအားလုံးမှာ ပိုင်ဆိုင်ထားတဲ့ ပြင်းပြတဲ့ သိချင်စိတ်မျိုးပေါ့ ။ ဒုတိယစိတ်က တီထွင်ဖန်တီးနိုင်ခြင်းကို ဦးတည်သွားတာပါပဲ။ နှစ်မျိုး စလုံးကို လိုအပ်တာမှန်ပေမဲ့ အားထုတ်မှု၊ စိတ်အားထက်သန်မှု၊ အားပေး ကူညီမှု သိပ်မရှိဘဲနဲ့ ပထမတစ်ခုကို ရနိုင်ပါတယ်။ တီထွင်ဖန်တီးခြင်းဆိုတဲ့ ဒုတိယဟာကတော့ တစ်ယောက်တည်း လေ့ကျင့်ပျိုးထောင်ယူဖို့ ခက်ပါ တယ်။ လူကြီးဖြစ်လာရင် အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ စူးစူးစမ်းစမ်းလုပ်ဖို့ အခွင့်အလမ်းတွေ နည်းသွားတတ်ပါတယ်။ ကျွန်ုပ်တို့ကို စွန့်စားကြည့်တာ တို့၊ စူးစမ်းရှာဖွေတာတို့ မလုပ်ဖြစ်အောင် ကာဆီးထားတဲ့အရာတွေ အများကြီး ရှိပါတယ်။ ဒီအခါ တီထွင်ဖန်တီးချင်တဲ့ စိတ်တွေလည်း မြန်မြန်ပဲ ပျောက် ကွယ်ကုန်ပါတယ်။ ဒါက ကျွန်ုပ်တို့တွေ ကိုယ့်ကိုယ်ကိုယ် တီထွင်ဉာဏ်မရှိ ဘူးလို့ ထင်မြင်ယူဆရတဲ့အကြောင်းမှာ အဓိကပါဝင်နေပါတယ်။ ။
ဗီဇဆိုတာက မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခုဆီကို အလို အလျောက် လက်ဆင့်ကမ်းသွားတာမျိုးပါ။ ဒါပေမဲ့ စိတ်ကူးတို့ တီထွင်မှု တို့ကျတော့ အဲဒီလို မဟုတ်ပါဘူး။ မီးကို ဘယ်လိုကိုင်တွယ်ရမယ်၊ စက်ဘီး ဘယ်လိုစီးရမယ်၊ နျူကလီးယားစွမ်းအင်ဆိုတာက ဘာဆိုတာ ကလေးတိုင်း အစကစပြီး သင်ယူရပါတယ်။ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ ရှင်သန် နိုင်ဖို့ ကျွန်ုပ်တို့ သင်ယူရမယ့် ဒီသတင်းအချက်အလက်တွေကို 'memes' (ပုံတူ တုပခြင်း) လို့ လူသိများပါတယ်။ ဒီအသုံးအနှုန်းကို Richard Dawkins က The Selfish Cuene ဆိုတဲ့ သူရေးတဲ့ စာအုပ်မှာ အသုံးပြု့ခဲ့တာ ဖြစ်ပါတယ်။ ဘာသာစကားနဲ့ ကိန်းဂဏန်းတွေကနေ သီအိုရီနဲ့ ဥပဒေသတွေအထိ memes အားလုံးရဲ့ စံတန်ဖိုးတွေကို မမေ့လျော့ရအောင် ကျွန်ုပ်တို့ရဲ့ ကလေးတွေဆီ လက်ဆင့်ကမ်းပေးဖို့ လိုပါတယ်။ ဒါဆိုရင် ယဉ်ကျေးမှုဆိုင်ရာ ဝေါဟာရအရ memes ကို ဗီဇလို့ခေါ်တဲ့ genes နဲ့ တူတယ်လို့ စဉ်းစားမယ်ဆိုရင် ရနိုင်ပါတယ်။
တီထွင်ဖန်တီးမှုအား အရမ်းကောင်းတဲ့ လူတစ်ယောက်အဖို့ memes တစ်ခုကို ပြောင်းလဲပစ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒီအပြောင်းအလဲက လူ့အဖွဲ့ အစည်းအတွက် တိုးတက်မှုတစ်ခု ဖြစ်စေတယ်လို့ လုံလောက်တဲ့ လူပမာဏတစ်ခုက ယူဆရင် အဲဒါက ယဉ်ကျေးမှုမှာ အစိတ်အပိုင်းသစ် တစ်ရပ် ဖြစ်လာပါတယ်။ သီချင်းအသစ်တွေ၊ စိတ်ကူးအသစ်တွေ၊ စက် ပစ္စည်းအသစ်တွေ၊ တီထွင်ဖန်တီးမှုဆိုတာ ဒါပါပဲ။ ဒါပေမဲ့ memes တွေ ကတော့ ဇီဝဆင့်ကဲဖြစ်စဉ်မှာ ဗီဇဖောက်ပြန်တဲ့အခါ ဖြစ်သလိုမျိုး အလိုလို ပေါ်လာတာတော့ မဟုတ်ပါဘူး။ တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ ပေါ်လာဖို့ ဆိုရင် တန်ဖိုးတစ်ခုခု ပေးဆပ်ရမယ်ဆိုတဲ့သဘောပါပဲ။ အစဉ်အလာတွေကို ပြောင်းလဲပစ်ဖို့ အားထုတ်မှုနဲ့စွမ်းအားကို လိုပါတယ်။ သင်ယူမှုလည်း ပါတာ ပေါ့။ သင်ယူမှုကျတော့ ကျွန်ုပ်တို့ကို ပေးလာတဲ့ သတင်းအချက်အလက် (အကန့်အသတ်နဲ့ရတဲ့ရင်းမြစ်) တွေကို အာရုံစိုက်ပေးဖို့လိုပါတယ်။ သတင်း အချက်အလက်အသစ်တွေ အများကြီးကို တစ်ပြိုင်တည်း ခေါင်းထဲထည့် ထားဖို့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ကျွန်ုပ်တို့ဟာ အမြဲရှေ့ကို တွန်းထိုး လှုပ်ရှားနေရတဲ့အတွက်ကြောင့် စိတ်ကူးအသစ်ဆိုတာတွေကို အတွေးပေါ်ဖို့ အခွင့်အလမ်းနည်းပါတယ်။
ဒါကြောင့် ဖန်တီးနိုင်စွမ်းတွေ ပိုရှိချင်တယ်ဆိုရင် ကျွန်ုပ်တို့စိတ်ထဲက ရှုပ်ထွေးများပြားလှတဲ့ အာရုံတွေကို ရှင်းထုတ်ပစ်မှ ဖြစ်ပါမယ်။ ကျွန်ုပ်တို့ရဲ့ အာရုံကို ဖန်တီးခြင်းဆိုင်ရာ စိန်ခေါ်မှု (creative challenge) မှာ မြှုပ်နှံထား ဖို့ လိုပါတယ်။
ဒီတော့ တီထွင်ဖန်တီးမှုဆိုတာ ဘာလဲ၊ အရင်အဓိပ္ပာယ် ဖွင့်ကြည့် ကြရအောင်။ တီထွင်ဖန်တီးမှုဆိုတာ တန်ဖိုးရှိတဲ့ စိတ်ကူးအသစ်တစ်ခု၊ ဒါမှမဟုတ် လုပ်ဆောင်ချက်တစ်ခု ပေါ်ပေါက်လာစေတဲ့ ဦးနှောက်မှာ အချိန် မရွေးဖြစ်ပေါ်နိုင်တဲ့ အသိအမြင်ပွင့်လင်းမှု။ တစ်နည်းပြောရရင် စိတ်ပိုင်း ဆိုင်ရာ နိုးထမှုတစ်ခုပါပဲ။ ကျွန်ုပ်တို့အားလုံး မကြာမကြာလုပ်လေ့ရှိတဲ့ အကျင့်ပါနေတဲ့ အတွေးပုံစံတွေကို ချိုးဖျက်ပစ်တာပါပဲ။ အစဉ်အလာ ဓလေ့ ထုံးတမ်းတွေထဲက စံပုံစံ (သို့မဟုတ်) လက်ဆင့်ကမ်းလာတဲ့ ပုံတူတုပမှုတွေ (memes)ကို ပြောင်းလဲပစ်တော့မယ့် စိတ်ကူးတွေကို သတိထားကြည့်ရင် အဲဒီစိတ်ကူးတွေ အသစ်ဖြစ်မဖြစ်၊ တန်ဖိုး ရှိမရှိဆိုတဲ့ ဆုံးဖြတ်ချက်က ကျင့်ဝတ်ထုံးတမ်းတွေအကြောင်း နှံ့စပ်တဲ့လူတွေဆီက လာပါတယ်။ သူတို့ ကသာ အဲဒီစိတ်ကူးကို ခွင့်ပြုလက်ခံလိုက်ရင် “ဒါက တကယ်ကောင်းတဲ့ ဖန်တီးမှု”ပါလို့ လူအများရဲ့ အကဲဖြတ်သုံးသပ်ခြင်းကို ရရှိမှာပါ။ ပြီးတော့ တီထွင်ဖန်တီးမှုဆိုတာ တစ်စုံတစ်ယောက်ရဲ့ ခေါင်းထဲမှာပဲရှိတာ မဟုတ်ပါ ဘူး။ လူမှုယဉ်ကျေးမှု အကြောင်းအရာတစ်ခုအတွင်းမှာ အတွေးတွေ အပြန် အလှန် အကျိုးပြုရာမှာလည်း ရှိတတ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းနဲ့ ဆိုင်တဲ့ ဖြစ်ရပ်ဆိုတာထက် ပိုပြီးစနစ်ကျတဲ့သဘော ရှိပါတယ်။
တီထွင်ဖန်တီးမှုရဲ့ နောက်ထပ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့ ပုံမှန် မဟုတ်တဲ့ အတွေးတွေကို ထုတ်ဖော်ပြတဲ့သူ၊ စိတ်အားထက်သန်တက်ကြွ တဲ့သူ၊ ကမ္ဘာလောကကို သစ်လွင်လတ်ဆတ်ပြီး မူပိုင်ဟန်တစ်မျိုးနဲ့ ကြုံတွေ့ ခံစားတဲ့လူတွေ၊ လောကအပေါ် ကွဲပြားတဲ့အမြင်ရှိပြီး ဝေဖန်တိကပြုခြင်း ပိုနည်းတဲ့လူတွေ၊ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုတွေဆီကို ဦးတည်သွားစေတဲ့ စိတ်ကူး (သို့မဟုတ်) ထုတ်ကုန် (သို့မဟုတ်) လုပ်ဆောင်ချက်တွေ သူတို့ ဆီက ထွက်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အတွေးအမြင်တစ်ခုခုကို လက်ခံရရှိဖို့ အဆင်သင့်ရှိနေတဲ့လူတွေလို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
လမ်းကြောင်းအသစ်များ ထွန်းညှိခြင်း
ကျွန်ုပ်တို့ဟာ မြင့်မားတဲ့ အဆောက်အဦတစ်ခုရဲ့ အမိုးထပ်မှာ ရောက်နေပြီး ဟိုမှာသည်မှာ လဲလျောင်းနေတဲ့ တိုက်တာ အဆောက်အအုံ တွေနဲ့ မြို့ပြရဲ့ ညရှုခင်းတစ်ခုကို ရှုမောခံစားကြည့်နေတယ်လို့ မြင်ယောင် ကြည့်ပါ။ သေသေချာချာ အနီးကပ်ကြည့်မယ်ဆိုရင် အချို့နေရာတွေမှာ မီးတွေ ထိန်ထိန်လင်းနေတာ တွေ့ရမှာပါ။ ကားတွေသွားနေတဲ့ မြင်ကွင်း မျိုးမှာဆိုရင် တစ်မြို့လုံးမှာ အချို့အစိတ်အပိုင်းက လမ်းတွေမှာပဲ လမ်း မီးရောင်၊ ကားမီးရောင်နဲ့ လင်းနေတာကို တွေ့ရမှာပါ။ ကျွန်ုပ်တို့ဦးနှောက်က လင်းတဲ့နေရာတော့ လင်းနေပြီး ကျန်တဲ့အပိုင်းအများစုမှာ မှောင်နေတဲ့ မြို့တစ်မြို့နဲ့ တော်တော်တူပါတယ်။
နှိုင်းယှဉ်မှုနဲ့ ဆက်ပြီး ချဲ့ထွင်ကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ဦးနှောက်က ထွန်းလင်းဖို့ အလားအလာ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်ုပ်တို့