ဇေရတု - ယောက်ျားသို့မဟုတ်မိန်းမတိုအတွက်ပုစ္ဆာ
နိဒါန်း
လူတွေကို ရယ်စရာအကြောင်းအရာတွေဖျော်ဖြေပြီး ကျွန်တော် အသက်မွေးခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျော်ရှိပါပြီ။ ကျွန်တော့် ဟာသ တွေက ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်တွေ့သိကြားသမျှနဲ့ အမှန်တရား အပေါ်မှာပဲ အမြဲအခြေခံပါတယ်။ ကျွန်တော့် ဟာသတွေက ထိတယ်လို့ပြောသံကြားရပါတယ်။ အထူးသဖြင့် ကျားနဲ့ မ ကြားက ထွေပြားတဲ့ ဆက်ဆံရေးတွေအကြောင်း ပြက်လုံးထုတ်တာကို လူတွေက ပိုသဘောမွေ့ ကြပါတယ်။ ကျား မ ဆက်ဆံရေးနဲ့ပတ်သက်လို့ ဘယ်လောက်တောင် လူတွေစိတ်ပါဝင်စားကြတယ်ဆိုတာကိုတွေ့ရတာ ကျွန်တော့်အဖို့ အံ့အား မသင့်ဘဲ မနေနိုင်ပါဘူး။ ဒီအသက်အရွယ်အထိ ကျွန်တော်ကြုံခဲ့သမျှ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်
(၁) မိန်းမတော်တော်များများဟာယောက်ျားတွေအကြောင်း ဘာမှမသိပါဘူး။
(၂) ယောက်ျားတွေ ဘယ်လို စဉ်းစားသလဲဆိုတာကို မိန်းမတွေနားမလည်တဲ့အတွက် ယောက်ျားတွေက ဆက်ဆံရေး တစ်ခုကနေ အကြောင်းပြချက်အမျိုးမျိုးနဲ့ စွန့်ခွာသွားတတ်ကြ ပါတယ်။
(၃) နောက်ဆုံးကတော့ ဒါတွေအားလုံးကို ပြောင်းလဲပစ်ဖို့ တန်ဖိုး ရှိတဲ့ သတင်းအချက်အလက်တွေ ကျွန်တော့်မှာရှိထားတယ်ဆိုတာပါပဲ။
ဒီအကြောင်းကို ကျွန်တော်စပြီး သတိပြုမိတာက မနက်ခင်း ရေဒီယို အစီအစဉ်တစ်ခုကို တာဝန်ယူဆောင်ရွက်ပေးတုန်းကပါ။ ကျွန်တော်က အစီအစဉ်တစ်ခုမှာ
“စတိဗ်ကို မေးပါ”
ဆိုတဲ့ ကဏ္ဍလေးတစ်ခုထည့်ထားပါ တယ်။ အဲဒီကဏ္ဍမှာ အမျိုးသမီးတွေက ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး ကျား မ ဆက်ဆံရေးနဲ့ပတ်သက်လို့ သူတို့သိလိုသမျှကို မေးမြန်းနိုင်အောင် လုပ်ပေးထားပါတယ်။ ပထမတော့ ဒီအစီအစဉ်ကို အခြေခံပြီး ပြက်လုံး ထုတ်မယ်၊ ရယ်ရအောင်လုပ်မယ်လို့ ကျွန်တော်ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်အစီအစဉ်ရဲ့ နားထောင်သူအမျိုးသမီး ပရိသတ် အများစု ကြုံတွေ့ရတဲ့အကြောင်းအရာတွေဟာ ရယ်စရာအခြေအနေ မဟုတ် တာကို ကျွန်တော် သဘောပေါက်လာပါတယ်။ သူတို့ရဲ့ ဘဝမှာ သူတို့ ကိုင်တွယ်ဖြေရှင်းနေကြရတဲ့၊ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ သောကတွေ၊ လိုအပ်ချက်တွေက အများကြီးပါပဲ။ သမီးရည်းစားအရေး၊ အိမ်ထောင်ရေး၊ သားရေး၊သမီးရေး၊ပေါင်းသင်းဆက်ဆံရေး၊နှစ်ဖက်ဆွေမျိုးတွေရဲ့ အရေးကိစ္စ ကစလို့ အိမ်နဲ့အလုပ်ဟန်ချက်ညီညီဆောင်ရွက်နိုင်ရေး၊ ကိုယ်ခန္ဓာ လှပရေး၊ ပညာရေးစတဲ့ အရေးတွေအထိ ပူပန်သောကရောက်စရာအရေး ကိစ္စတွေက စုံလင်လှပါတယ်။ ဒီအထဲမှာမှ အမျိုးသမီးအများဆုံး မေးခွန်းထုတ်လေ့ရှိတဲ့ အကြောင်းအရာမှာ ထိပ်ဆုံးက ရပ်တည်နေတာက ယောက်ျားတွေရဲ့ အကြောင်း ပါပဲ။
တကယ်တော့ မိန်းမတွေ ယောက်ျားတွေဆီက လိုချင်တာကတူညီ တဲ့ တုံ့ပြန်မှုပါ။ မိန်းမတွေက ယောက်ျားတွေအပေါ် သူတို့ချစ်သလောက် သူတို့ကို ပြန်ချစ်စေချင်တယ်။ သူတို့ဖော်ပြတဲ့ ပြင်းပြတဲ့ စိတ်ခံစားချက်မျိုးနဲ့ ထပ်တူကျတဲ့ ခံစားချက်ကို ပြသနိုင်တဲ့ ယောက်ျားမျိုးကို သူတို့လိုချင်ကြ တယ်။ သူတို့ဘက်က ယောက်ျားတစ်ယောက်အပေါ် တန်ဖိုးထားသလောက်၊ လေးစားသလောက် သူတို့အတွက်ကိုလည်း အများကြီးပြန် မျှော်လင့်ကြ တယ်။ သို့ပေမဲ့ ကျွန်တော့် အစီအစဉ်ကို ဖုန်းလှမ်းဆက်ကြတဲ့ အမျိုးသမီးတွေ အတွက် ပြဿနာကတော့ သူတို့ဟာ ယောက်ျားတွေဆီက အတုံ့အလှယ်ကို မရကြတာပါပဲ။ ဒီတော့ သူတို့ခမျာမှာ မအောင်မြင်တဲ့ ဆက်ဆံရေးကြောင့် မို့လို့ စိတ်ဆင်းရဲကြရ၊ မချင့်မရဲဖြစ်ကြရရှာပါတယ်။
စတူဒီယိုထဲမှာ မိုက်ခရိုဖုန်းကိုပိတ်၊ မီးတွေကိုပိတ်ပြီးလို့ အသံလွှင့် တဲ့ အစီအစဉ်တွေ ပြီးသွားတဲ့အချိန်မှာ မနက်တိုင်း ကျွန်တော့်အစီအစဉ်ကိုဖုန်းဆက်ကြတဲ့ အမျိုးသမီးတွေရဲ့ မေးခွန်းတွေအကြောင်းကို စဉ်းစားမိပါ တယ်။ ကျွန်တော့်ဆီကို ဆက်သွယ်လာတဲ့ အမျိုးသမီးတွေမှာ တစ်နည်း မဟုတ် တစ်နည်းနဲ့တော့ ယောက်ျားတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိကြ မှာပါ။ အဲဒီအထဲမှာ မိတ်ဆွေတွေ၊ ချစ်သူရည်းစားတွေ၊ လင်ယောက်ျားနဲ့ ဖခင် မောင်ဖားတွေ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးတွေ ကတော့ သူတို့လိုချင်တဲ့၊ လိုအပ်တဲ့၊ ရသင့်ရထိုက်တဲ့ ချစ်ခြင်းမေတ္တာကို ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တကယ်ကို အဖြေရှာမရဖြစ်နေတာတွေ့ ရတော့ ကျွန်တော် တော်တော် ဦးနှောက်ခြောက်သွားပါတယ်။ သူတို့ ရှာဖွေနေတဲ့ အမှန်တရားဟာ သူတို့ကို ကျွန်တော်တို့ ယောက်ျားတွေ ရှုမြင် ကြသလိုပဲ သူတို့အတွက် မပီပြင်ဝိုးတဝါးဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ကောက်ချက်ချမိပါတယ်။ ဘယ်လောက်ပဲ သူတို့ကြိုးစားပါစေ မိန်းမတွေ အဖို့ ကျွန်တော်တို့ဟာ နားလည်ရခက်တဲ့ သတ္တဝါတွေဖြစ်နေပါတယ်။
ဒီလိုမျိုး စဉ်းစားလိုက်မိတော့ ကျွန်တော်ဟာ နောက်တာပြောင်တာ တွေကို ဘေးချိတ်ပြီး ပရိသတ်နဲ့ပတ်သက်လို့ အလေးအနက်ရှိလာပါတယ်။ ကျွန်တော့် အဖြေတွေမှာ ယောက်ျားတွေရဲ့ အကြောင်း အသိပညာတွေပါ အောင် စပြီး ဖြန့်ဝေပေးပါတယ်။ ဒီအသိတွေဟာ ရာစုနှစ်တစ်ဝက်ကျော်
ကျော် ယောက်ျားတစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံ၊ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ကာလတစ်လျှောက်မှာ ထိတွေ့ ဆက်ဆံခဲ့ရတဲ့ သူငယ်ချင်းအပေါင်းအသင်း ယောက်ျားတွေဆီကရထားတဲ့ အသိတွေပါ။ ဒီနေရာမှာ ကျွန်တော်တို့ ယောက်ျားတစ်ယောက်ချင်းစီနဲ့ ပတ်သက်လို့ အမှန်တရားတစ်ခုရှိပါတယ်။ “ကျွန်တော်တို့ ယောက်ျားတွေ ဟာ ရိုးရိုးရှင်းရှင်းသမားတွေပါ။ အခြေခံအားဖြင့် ယောက်ျားအားလုံး တစ်ပုံစံ တည်း စဉ်းစားတွေးခေါ်တတ်ကြတယ်” ဆိုတာပါပဲ။
ကျား မ ဆက်ဆံရေးအပေါ် ယောက်ျားတွေ ဘယ်လိုရှုမြင်သလဲ ဆိုတဲ့ မှန်ဘီလူးနဲ့ ကျွန်တော့်အဖြေတွေကို ဖြန့်ဝေလိုက်တဲ့အခါမှာ ကျွန်တော့် ပရိသတ်ထဲက အမျိုးသမီးတွေဟာ ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ရဲ့ ဆက်ဆံရေး ဆီကို သူတို့ဆွဲသွင်းလိုက်တဲ့ သိမ်မွေ့တဲ့ ကွဲပြားမှုနဲ့အရှုပ်အထွေးတွေဟာ ဘာကြောင့် သူတို့ကို အမှန်တကယ် တရားမျှတမှု မပေးရသလဲဆိုတာကိုနားလည်စပြုလာပါတယ်။ မိန်းမတစ်ယောက်ပြုမူမယ့်ပုံစံမျိုးကို ယောက်ျား တစ်ယောက်ဆီက တုံ့ပြန်လာဖို့ မျှော်လင့်တာက ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာကို သူတို့သဘောပေါက်လာအောင် ကျွန်တော် မြန်မြန်ညွှန်ပြပေးနိုင် ခဲ့ပါတယ်။ ယောက်ျားတွေနဲ့ ဆက်ဆံရာမှာ သူတို့အလိုက်အထိုက်၊ သူတို့ အကြိုက်ကိုလိုက်ပြီး ချဉ်းကပ်နိုင်မှ အပြန်အလှန်အနေနဲ့ မိန်းမတွေအဖို့ သူတို့လိုချင်တဲ့ပုံစံအတိုင်း ရနိုင်မယ်ဆိုတာကို သိလာကြပါတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့ မနက်ခင်း ရေဒီယိုအစီအစဉ်ဟာ ကျား မ ဆက်ဆံရေးကို စိတ်ပါဝင်စားကြတဲ့ အမျိုးသား၊ အမျိုးသမီး၊ ပရိသတ်တွေ ကြားမှာ တော်တော်လေး ရေပန်းစားလာပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ပရိသတ်အမျိုးသား၊ အမျိုးသမီးတွေက စွဲမြဲခိုင်ကျည်တဲ့ ဆက်ဆံ ရေးတစ်ခုကို အမှန်တကယ်လိုလားတဲ့အမျိုးသမီးတွေအတွက် အဲဒီလို ဆက်ဆံရေးမျိုးကိုရအောင် ဘယ်လိုလိုက်နာဆောင်ရွက်မလဲဆိုတာ ယောက်ျား တွေအနေနဲ့ ဒီလိုဆက်ဆံရေးမျိုးဖြစ်ဖို့ ဘယ်အပိုင်းကဏ္ဍကနေ သူတို့ပါဝင် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာတွေကို လမ်းညွှန်ပေးတဲ့စာအုပ်တစ်အုပ်လောက် ရေးဖို့တိုက်တွန်းလာကြပါတယ်။ ပထမတော့ ဒီလိုစာအုပ်မျိုးကို ဘာကြောင့် ကျွန်တော်က ရေးရမှာလဲလို့ စဉ်းစားမိပါတယ်။ မနက်တိုင်း ပရိသတ်သန်း ပေါင်းများစွာကို ကျွန်တော်ပေးနေတဲ့ အဖြေတွေအပြင် ဘာများထပ်ဖြည့်စွက် စရာရှိဦးမှာလဲ။ ပြီးတော့ ကျွန်တော်က စာရေးဆရာတစ်ယောက်လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျွန်တော့်တစ်သက်တာမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ ဆက်ဆံရေးတွေအကြောင်းကို ပြန်စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်ရဲ့ အမျိုးသား မိတ်ဆွေသူငယ်ချင်းတွေ၊ အမျိုးသမီး လုပ်ဖော် ကိုင်ဖက်တချို့တွေနဲ့ စကားပြောကြည့်ပါတယ်။ ပြီးတော့ သူတို့နဲ့ဆက်ဆံ ရေးကို သူ့အကန့်နဲ့သူ အစုကလေးတွေ ခွဲထားကြည့်တယ်။ ဆက်ဆံရေး တွေက ကျွန်တော်တို့တစ်ဦးချင်းစီအပေါ်မှာ အကျိုးသက်ရောက်မှု၊ အထူး သဖြင့် ကျွန်တော့်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိခဲ့သလဲဆို တာကို စဉ်းစားကြည့်မိတယ်။ ကျွန်တော့်အဖေဆိုရင် အမေနဲ့နှစ်ပေါင်း ခြောက်ဆယ့်လေးနှစ်ဟုင်တိုင် လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ အဖေ့အတွက်အမေက တန်ဖိုးအထားရဆုံးလူပါ။ ပြီးတော့ အမေက ကျွန်တော့်အတွက် လည်း တန်ဖိုးအထားရဆုံး၊ ကျွန်တော့်ဘဝမှာ အလွှမ်းမိုးနိုင်ဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ အမေနဲ့ထပ်တူ တန်ဖိုးထားရတာကတေ့ ကျွန်တော့် ဇနီးနဲ့ ကျွန်တော့်ကလေးတွေပါပဲ။ တကယ်တော့ ဒီနေရာမှာ ကျွန်တော့် သမီးတွေနဲ့ သူတို့အနာဂတ်အတွက် ကျွန်တော်ရဲ့ ပူပန်မှုကလည်း ကျွန်တော့်ကို စေ့ဆော်ပေးပါတယ်။ သူတို့တွေလည်း ကြီးပြင်းအရွယ်ရောက်လာကြပြီး မိန်းမသားအများစု မျှော်မှန်းကြတဲ့ ချမ်းမြေ့ပျော်ရွှင်တဲ့ အိမ်ထောင်ရေးအိပ် မက်ဟာ သူတို့မှာလည်းရှိလာတော့မှာပါ။ ဘုရားကဖြစ်စေချင်တဲ့ စံပြယောက်ျားဆိုတဲ့ ပုံစံဖြစ်မလာမချင်း ကမ္ဘာလောကကြီးကို ကျွန်တော်တို့ ပြသတတ်တဲ့ လောဘနဲ့ အတ္တဖုံးလွှမ်းနေတဲ့ ယောက်ျားသားတွေက ဖန်တီး ထားတဲ့ ကစားပွဲတွေမှာ ကျွန်တော့်သမီးတွေ လှည့်ဖြားခံရမှာ၊ ဆုံးဖြတ်ချက် လွဲချော်သွားမှာမျိုးကို ကျွန်တော် လုံးဝအဖြစ်မခံနိုင်ပါဘူး။ ကျွန်တော့်အမေ၊ ကျွန်တော့်ဇနီး၊ သမီးတွေနဲ့ မနက်တိုင်း ကျွန်တော့်အစီအစဉ်ကို နားထောင် နေကြတဲ့ အမျိုးသမီးသန်းပေါင်းများစွာတို့ကြောင့် မိန်းမတွေမှာ သူတို့ အမှန် တကယ်လိုလားနေကြတဲ့အရာကို ရရှိနိုင်အောင် ကူညီလမ်းညွှန်ပေးမယ့်သူ တစ်ယောက်၊ အသံတစ်သံကို လိုအပ်တယ်ဆိုတာ ကျွန်တော်သိလိုက်ရပါ တယ်။ အဲဒီလူဟာ ကျွန်တော်ဖြစ်လို့ရပါလား၊ ဖြစ်နိုင်ပါလားဆိုတာ တရေးရေး သဘောပေါက်လာပါတယ်။
တကယ်တော့ ဒီစာအုပ်ဟာ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်နိုင်ဖို့ ပြိုင် ဘက်ကစားသမားရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာရအောင် သူကစားထားတဲ့ပွဲတွေကို ရိုက်ပြထားတဲ့ ဗွီဒီယိုအခွေကို ပြန်ကြည့်တာနဲ့ အတူတူပါပဲ။ အမျိုးသမီးတွေကို ကျွန်တော်တစ်ခုတိုက်တွန်းချင်တာကယောက်ျားတွေနဲ့ ပတ်သက်လို့ ကိုယ်သိတယ်လို့ ယူဆလေသမျှ အကြောင်း အရာအကုန်လုံးကို အရင်ဆုံးမေ့ပစ်လိုက်ပါ။ ယုံတမ်းကစားတွေ၊ အမေပြော ဖူးသမျှ၊ မိန်းကလေး သူငယ်ချင်း အချင်းချင်းပြောဖူးသမျှ ယောက်ျားတို့ အကြောင်းတွေ၊ တီဗွီတွေ၊ မဂ္ဂဇင်းတွေမှာ မြင်ဖူး ဖတ်ဖူးခဲ့သမျှ အကြံပြု နည်းနာတွေအားလုံးကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ။ ယောက်ျားဆို တာ ဘယ်လိုလူစားမျိုးတွေလည်းဆိုတာကို ဒီစာအုပ်ရဲ့ စာမျက်နှာတွေကတစ်ဆင့် ရှာဖွေကြည့်လိုက်ပါ။ စာဖတ်သူက သမီးရည်းစားဘဝကနေ အဆင့်တစ်ဆင့်တက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အိမ်ထောင်ကို ပိုပြီးခိုင်မာ မြဲမြံစေချင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ငြီးငွေ့စိတ်ကုန်နေလို့ပဲဖြစ်ဖြစ် ဒီစာအုပ် ကို အထောက်အကူပြုပစ္စည်းတစ်ရပ်အနေနဲ့ အသုံးပြုကြည့်လိုက်ပါ။ ဘယ် လောက်ပဲ တခြားအမျိုးသမီးတွေက ယောက်ျားတွေအကြောင်းကို မဂ္ဂဇင်း စာမျက်နှာကနေတစ်ဆင့်၊ ရုပ်မြင်သံကြားကနေတစ်ဆင့်၊ အင်တာနက်စာ မျက်နှာကနေတစ်ဆင့် အော်နေပါစေ ယောက်ျားတွေမှာ ဘယ်တော့မှ မပြောင်းလဲမယ့် အခြေခံအချက်တွေရှိနေပါတယ်။ သင်က ယောက်ျားတစ်ယောက်အပေါ်ကို ဘယ်လောက်ကောင်းကောင်း၊ သူ့အတွက် သင်က ဘယ် . လိုပဲအဆင်ပြေပြေ သူ့ရဲ့ အချစ်ဆိုတာက ဘယ်လို၊ ဘာက သူ့ကို နှိုးဆွနိုင်တယ်၊ ဘာက သူတို့ကို တွန်းအားပေးနိုင်တယ်၊ သူ့ရဲ့ ပင်ကိုသဘောက ဘယ်လို ဆိုတာ သင်နားမလည်သေးသရွေ့တော့ သူ့ရဲ့ လှည့်စားမှု၊ သူ့ရဲ့ ကစားကွက် ထဲမှာ အားနည်းပျော့ညံ့တဲ့သူဖြစ်နေရဦးမှာပါပဲ။
ဒါပေမဲ့ သင်ဟာ ဒီစာအုပ်နဲ့အတူ ယောက်ျားတစ်ယောက်ရဲ့ အခြေခံစိတ်ကို ဝင်ကြည့်နိုင်ပြီး သူ့ကိုပိုနားလည်လာအောင် လုပ်လို့ရပါ တယ်။ ဒါမှလည်း သင်ဟာ သင့်ရဲ့ အစီအစဉ်တွေ၊အိပ်မက်တွေ၊ဆန္ဒတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး အကောင်းတကာ့ အကောင်းဆုံးကတော့ သူဟာ သင့်ကို ကစားရုံသက်သက်ပဲလား၊ ဒါမှမဟုတ် သင်နဲ့အတူတူ ရှိဖို့ အစီအစဉ်ရှိနေလားဆိုတာကို သိရှိနိုင်တာပါပဲ။
ဒါကြောင့်မို့ မိန်းမတစ်ယောက်လို ပြုမူပါ။ ပြီးတော့ ယောက်ျား တစ်ယောက်လို စဉ်းစားတွေးခေါ်ကြည့်လိုက်ပါ။
စတိဗ် ဟာဗေး