ဇေရတု - ဒေးလ်ကာနက်ဂျီ၏ပျော်ရွှင်အောင်မြင်ဘဝနှင့်လုပ်ငန်းခွင်
၁။ ဤကမ္ဘာလော၌ သင့်လိုလူ ဘယ်သူမှ မရှိသည်ကို သတိရပါ
မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ မစ္စစ်အီဒစ်အောရက်ဒ်ဆီမှ စာ တစ်စောင် ကျွန်တော့်ထံ ရောက်လာပါသည်။ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။
“ကျွန်မဟာ ငယ်ငယ်က သိပ်ရှက်တတ်တယ်၊ ခံစားလွယ်တယ်။ ပါးဖောင်းဖောင်းနဲ့ ခန္ဓာကိုယ်ကလည်း ဘုတ်ထိုင်းကြီး။ အမေကတော့ အဝတ်အစား လှလှပပ ချုပ်ဝတ်တာကို ရူးနှမ်းတာလို့ ထင်တတ်တဲ့ ရှေးရိုး ဆန်တဲ့ အမေမျိုးပါ။ သူက အဝတ်အစားဆိုတာ ချောင်ချောင်ပွပွ ဝတ်ရ တယ်၊ ကျပ်လွန်းရင် စုတ်ပြဲလွယ်တယ်လို့ ပြောတတ်ပါတယ်။ ကျွန်မ ကိုလည်း ချောင်ချောင်ပွပွ အဝတ်တွေပဲ ဆင်ပါတယ်။ ပါတီပွဲတွေ ဘာတွေ ကို ကျွန်မ တစ်ခါမှ မသွားခဲ့ပါဘူး။ အပျော်အပါးလည်း မရှိခဲ့ဘူး။ ကျောင်း သွားလို့ ကျောင်းပြင်ပ လုပ်ငန်းဆောင်တာ လုပ်ကြတာမျိုးတွေမှာလည်း ကျွန်မ မပါခဲ့ဘူး။ အားကစားဆိုတာတော့ ဝေးရော။ ကျွန်မဟာ ဘာလုပ်လုပ် ရှက်နေတော့တာပဲ။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့မတူတဲ့ လူထူးလူဆန်း တစ်ယောက်လိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ အလိုမပြည့်တဲ့ စိတ်ကလည်း အမြဲရှိနေတယ်။”
ကြီးလာတော့ ကျွန်မထက် အသက်အများကြီး ကြီးတဲ့လူတစ် ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ပြောင်းလဲမသွား ပါဘူး။ ကျွန်မ ယောက်ျားဘက်က မိသားစုက ဣန္ဒြေကြီးကြီး၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံတွေပါ။ ကျွန်မလည်း တတ်နိုင်သမျှ သူတို့နဲ့ တန်းတူလိုက်နိုင်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ မရပါဘူး။ ကျွန်မကို လူရာဝင်ပါစေတော့လို့ သူတို့ ကြိုးစားတိုင်း ကြိုးစားတိုင်းမှာ ကျွန်မက ကျွန်မရဲ့ ဥခွံကျဉ်းကျဉ်းလေးထဲကို ပိုပိုပြီး တိုးဝင်ဖို့ ဖြစ်လာပါတယ်။ ကျွန်မ ရင်ထဲမှာ ကြောက်ရွံ့စိတ်နဲ့ သည်းမခံနိုင်တဲ့စိတ်တွေ ဖြစ်လာပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးကို ကျွန်မ ရှောင်တယ်။
ဘယ်လောက်တောင် ဆိုးလာသလဲဆိုရင် တံခါးခေါင်းလောင်း မြည်သံကိုတောင် ကျွန်မ ထိတ်လန့်နေမိတယ်။ ကျွန်မဟာ အရှုံးသမားပဲ။ ဒါကို ကျွန်မ သိသွားတယ်။ ပြီးတော့ ကျွန်မယောက်ျား ရိပ်မိသွားမှာကိုလည်း စိုးရိမ်မိ တယ်။ ဒါကြောင့် လူရှေ့သူရှေ့မှာ စုံတွဲ သွားလာရတဲ့အခါကျရင် ကျွန်မမှာ
ပျော်သလို ဟန်ဆောင်ရတယ်။ ပိုပိုကဲကဲတွေ လုပ်ပြရတယ်။ ကျွန်မကိုယ် ကျွန်မ အိုဗာတွေ လုပ်နေမိတယ်ဆိုတာ ပြီးမှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေရတော့မယ်ဆိုတာ ကျွန်မ သိပါတယ်။ နောက်ဆုံးတော့ ကျွန်မ အသက်ရှင်နေရတာကိုက ဘာအဓိပ္ပာယ်မှ မရှိသလိုမျိုး ဖြစ်လာတယ်။ ကိုယ့် ကိုယ်ကိုယ် သတ်သေရင် ကောင်းမလားလို့တောင် စဉ်းစားလာမိတယ်”
ပျော်ရွှင်မှု မရရှာသော ဤအမျိုးသမီး၏ဘဝကို မည်သည့်အရာ က ပြောင်းလဲသွားစေပါသနည်း။ မစ္စစ်အောရက်ဒ်က ဆက်ပြောထားပါ သည်။ “အမှတ်တမဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မဘဝတစ်ခု လုံးကို ပြောင်းလဲသွားစေခဲ့တယ်။ တစ်ရက်မှာ ကျွန်မ ယောက္ခမကြီးက သူ့ကလေးတွေကို ဘယ်လိုမွေးမြူ၊ စောင့်ရှောက်ခဲ့ရတယ်ဆိုတာ ပြောနေ ပါတယ်။ သူမက “ဘာပဲဖြစ်ဖြစ် ကလေးတွေကို သူတို့ အရှိအတိုင်းပဲနေဖို့ အမြဲ ဆုံးမတယ်”ဆိုတဲ့ စကားတစ်ခွန်းကို ထည့်ပြောလိုက်ပါတယ်။ အဲဒီ “သူတို့ အရှိအတိုင်းပဲနေဖို့”ဆိုတဲ့ စကားက ကျွန်မကို ပြောင်းလဲသွားစေ တာပဲ။ တကယ်တော့ ကျွန်မဟာ ကျွန်မနဲ့ မကိုက်ညီတဲ့ ပုံစံခွက်တစ်ခုမှာကျွန်မကိုယ်ကျွန်မ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ဝန်မလေး လေးအောင် လုပ်နေမိတာကိုး။
ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် နေ့ချင်းညချင်းကို ပြောင်းလဲပစ်လိုက် ပါတယ်။ ကျွန်မဟာ ကျွန်မပဲဖြစ်နေဖို့ စလုပ်တယ်။ ကျွန်မရဲ့ ပင်ကိုအရည် အချင်းတွေကို ကျွန်မလေ့လာဖို့ ကြိုးစားတယ်။ ကျွန်မ ဘယ်သူလဲ၊ ဘယ်လို လူမျိုးလဲဆိုတာ သိအောင် ကြိုးစားတယ်။ ကျွန်မရဲ့ အားသာချက်တွေကို ရှာတယ်။ အရောင်အသွေးတွေနဲ့ စတိုင်လ်အကြောင်းကို တတ်နိုင်သမျှ နားလည်လာအောင် ကျွန်မလုပ်တယ်။ ကျွန်မနဲ့ လိုက်ဖက်အဆင်ပြေမယ့် ပုံစံမျိုးတွေကို ကျွန်မ ရွေးချယ်ဝတ်ဆင်တယ်။ အပေါင်းအသင်း မိတ်ဆွေ တွေလည်းဖွဲ့တယ်။ အသင်းတစ်သင်းမှာလည်း ဝင်လိုက်တယ်။ အသင်းက ခပ်သေးသေးအသင်းပါ။ ဒါပေမဲ့ အစီအစဉ်တစ်ခုမှာ ကျွန်မကို စကားပြောဖို့ ရှေ့တွန်းပို့တော့ ကျွန်မဖြင့် ထိတ်သွားတာပဲ။ နောက်ပိုင်းမှာတော့ တစ်ကြိမ် စကားပြောတိုင်း ပြောတိုင်းမှာ ကျွန်မ သတ္တိနည်းနည်း နည်းနည်းရလာပါ တယ်။ အချိန်တော့ စောင့်ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဖြစ်နိုင်မယ်လို့ ကျွန်မ စိတ်ကူးတောင် မကြည့်ဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ရရှိနေပါပြီ။ ကျွန်မ ကလေးတွေကို သွန်သင်ဆုံးမရာမှာ ကျွန်မရဲ့ ခါးသီးတဲ့ အတွေ့ အကြုံကနေ ရရှိတဲ့ သင်ခန်းစာနဲ့ သူတို့ကို အမြဲသင်ပြပေးပါတယ်။ အဲဒါကတော့ “ဘာ ဖြစ်ဖြစ် ကိုယ့်အရှိ အရှိအတိုင်း နေဖို့”ဆိုတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။
မိမိကိုယ်ကို အရှိအတိုင်း လက်ခံလိုစိတ် မရှိခြင်းသည် စိတ်ထား မမှန်ကန်ခြင်း၊ စိတ်အခြေပျက်ခြင်းများကြောင့် ထွက်ပေါ်လာသော သဘာဝ မကျသည့် အပြုအမူတစ်ရပ် ဖြစ်ပါသည်။ အိန်ဂျလိုပက်ထရီသည် စာအုပ် ဆယ့်သုံးအုပ်ကို ရေးသားခဲ့ပြီး ကလေးသူငယ်များ အမည်ပေးခြင်းနှင့် ဆိုင်သည့် အကြောင်းအရာ ဆောင်းပါးပေါင်း ထောင်နှင့်ချီ၍ ရေးသားပြုစု ခဲ့သူ ဖြစ်ပါသည်။ “လူတစ်ယောက်သည် မိမိကိုယ်ကို အရှိအတိုင်း မနေ လိုဘဲ တစ်ပါးသူကဲ့သို့ ဖြစ်လိုနေလိုသူ၊ မိမိ၌မပါသော အရည်အချင်းမျိုးကို ရရှိပိုင်ဆိုင်လိုသူဖြစ်ပါက ထိုသူလောက် လောကကြီး၌ သနားစရာ ကောင်းသူ ရှိမည်မဟုတ်ပါ”ဟု သူက ဆိုခဲ့ပါသည်။
ဝီလျံဂျိမ်းစ်က လူသည် သူ၏ မီးခဲပြာဖုံး ကိုယ်ပိုင်အရည်အချင်း မှ ဆယ်ရာခိုင်နှုန်းကိုသာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သည်ဟု ဆိုပါသည်။ သူက “ကျွန်ုပ်တို့ ရှိသင့်သည့် အတိုင်းအတာနှင့်ယှဉ်လျှင် ကျွန်ုပ်တို့သည် နိုးတစ်ဝက် အိပ်ပျော်နေသည့် လူနှင့်တူသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်မှ အစိတ်အပိုင်း သေးသေးတစ်ခုကိုသာလျှင် အသုံးချနေ ကြသည်။ ကိုယ်ပိုင်ဆိုင်သော စွမ်းရည်အမျိုးမျိုးတို့ကို အားကုန်ထုတ်မသုံး သဖြင့် မိမိ၌ ထိုစွမ်းရည်တို့ ပါမလာသယောင် ထင်ရခြင်းဖြစ်သည်”ဟု သူက ပြောခဲ့သည်။
သင်နှင့် ကျွန်တော်တို့တွင်လည်း အဆိုပါစွမ်းရည်များ ရှိကြပါ သည်။ ထို့ကြောင့် ကျွန်တော်တို့သည် သူများနှင့် မတူသောကြောင့် သောက ရောက်စရာ မလိုပါ။ သင်က ဤကမ္ဘာလောကကြီးတွင် တစ်စုံတစ်ယောက် သောသူ ဖြစ်ပါသည်။ သင်နှင့်တူသောလူ ဘယ်သူမှ မရှိပါ။ ယခင့် ယခင်က ရှိနှင့်သော လူများနှင့်ရော နောက်နောင် ပေါ်ထွန်းလာမည့် လူများနှင့်ပါ သင်သည် မတူနိုင်ပါ။ သင်က သင်ပဲ ဖြစ်ပါသည်။ သိပ္ပံပညာအရဆိုလျှင် သင်သည် ဖခင်ထံမှ မျိုးရိုးဗီဇ ခရိုမိုဆုန်း ၂၄-ခုနှင့် မိခင်ထံမှ ခရိုမိုဆုန်း ၂၄-ခု၊ ပေါင်း ၄၈-ခုက သင်၏ဗီဇစွမ်းရည်ကို အဆုံးအဖြတ်ပေးခြင်း ဖြစ်ပါသည်။ ထိုခရိုမိုဆုန်း တစ်ခုစီ၌ ဂျင်းန် (Gene) ဟုခေါ်သော ဗီဇ ဆဲလ်ပေါင်း ရာနှင့်ချီ၍ ပါဝင်ရာ အဆိုပါ ဂျင်းန်တစ်ခုကပင် လူတစ်ယောက် ၏ တစ်ဘဝလုံးကို ပြောင်းလဲစေနိုင်သည်ဟု သိရပါသည်။ ကျွန်တော်တို့၏ ဘဝဖြစ်ပုံကား ထူးခြားဆန်းကြယ် အံ့သြဖွယ် ကောင်းလှပေသည်။
မိမိကိုယ်ကို အရှိအတိုင်း နေခြင်းနှင့် ပတ်သက်သော အကြောင်း အရာကို ပြောရမည်ဆိုလျှင် ကျွန်တော် အခိုင်အမာ ပြောနိုင်ပါသည်။ ဤ အကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော် အလေးအနက် ခံစားရပါသည်။ ဤအကြောင်းကို ကောင်းကောင်း သိပါသည်။ ကျွန်တော့်မှာလည်း ခါးသီး စရာ အရင်းအနှီး အတွေ့အကြုံတွေ ရှိခဲ့တာကြောင့် ဖြစ်သည်။ ။
မစ်ဆူရီတောပိုင်းမှ နယူးယောက်သို့ ပထမဆုံး ရောက်ရှိလာချိန်က အမေရိကန် အနုပညာ အကယ်ဒမီကျောင်းတွင် ကျွန်တော် ကျောင်းအပ် ခဲ့ပါသည်။ ကျွန်တော့်မှာ ရုပ်ရှင်မင်းသား ဖြစ်ချင်သောဆန္ဒ ပြင်းပြနေခဲ့ သည်။ ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိသည်။ အောင်မြင်မှုဆီသို့ ဖြတ်လမ်းမှ လွယ်လွယ်နှင့်ရောက်မည့် အခွင့်အရေးဖြစ်သည်။ ဤမျှရိုးစင်း လွယ်ကူသည့် စိတ်ကူးကို ကျွန်တော့်လို သူများတွေ မစဉ်းစားမိတာ ဘာကြောင့်လဲဟု ကျွန်တော် နားမလည်နိုင်ပါ။ ကျွန်တော့်စိတ်ကူးက ဒီလို ဖြစ်သည်။ အဲဒီအချိန်က နာမည်ကြီးနေသော ဟောလိဝုဒ်မင်းသားများ ပရိသတ် အသည်းခိုက်အောင် မည်သို့မည်ပုံ သရုပ်ဆောင်သည်၊ ဝတ်စား ဆင်ယင်သည်ကို ကျွန်တော် လေ့လာမည်။ ပြီးလျှင် သူတို့အားလုံးထံမှ တစ်ယောက်စီ၏ အကောင်းဆုံး အင်္ဂါရပ်တွေကို အတုခိုးပြီး ကျွန်တော့်ကိုယ် ကျွန်တော် အကောင်းတကာ့ အကောင်းဆုံးတွေ ပေါင်းစပ်ထားသောအောင်မြင်ထင်ရှားသည့် ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ မည်မျှ အူကြောင်ကြောင်နှင့် အသုံးမကျသည့် စိတ်ကူး ဖြစ်သနည်း။ ကျွန်တော်လည်း တခြား လူတစ်ယောက်ယောက်နှင့် ဘယ်တော့မျှ မတူနိုင်၊ ကိုယ့်နဂိုနေအတိုင်း နေရမည်ဟူသော အတွေး၊ ကျွန်တော်၏ ထူထိုင်းထိုင်း ခေါင်းထဲသို့ ဝင်မလာခင် အချိန်အထိ သူတစ် ပါးကို တူအောင်လိုက်တုရင်း ကျွန်တော့်ဘဝ၏ အချိန်များကို ဖြုန်းတီးပစ်ခဲ့မိ သည်။
ဤစိတ်ပျက်စရာကောင်းသော အတွေ့အကြုံက ကျွန်တော့် အတွက် တစ်သက်စာ သင်ခန်းစာ ဖြစ်သွားခဲ့သင့်ပါသည်။ သို့သော် ထိုသို့ မဟုတ်ခဲ့ပါ။ ကျွန်တော်က တုံးလွန်းပါသည်။ ဤသင်ခန်းစာကို အစကနေ အဆုံးတိုင် နောက်တစ်ကြိမ် ပြန်သင်ယူဖို့ ဖြစ်လာခဲ့ပါသည်။ စီးပွားရေး သမားတွေအတွက် လူပုံအလယ်စကားပြောနည်းကို ရေးခဲ့ကြသည်များ အနက် အကောင်းဆုံး ဖြစ်ရမည်ဟုဆိုကာ စာအုပ်တစ်အုပ် ရေးလိုက်သည် မှာ အဆိုးဆုံးစာအုပ် ဖြစ်သွားသည်။ ဤမျှမကသေး။ ထိုစာအုပ်ကို ရေးရန် စိတ်ကူးစဉ်က ရုပ်ရှင်မင်းသားဖြစ်ရန် ကြံရွယ်စဉ်ကလို တခြား စာရေးဆရာ များ၏ စိတ်ကူးများကို ငှားရမ်းကာ စာအုပ်တစ်အုပ်တွင် အားလုံးထည့်၍ အလုံးစုံပါဝင်သော စာအုပ်အဖြစ် ရေးသားရန် စိတ်ကူးမိသေးသည်။ ထို့ကြောင့် လူပုံအလယ် စကားပြောခြင်းနှင့် သက်ဆိုင်သော စာအုပ်ပေါင်းစုံ မှ အကြံဉာဏ်ပေါင်းစုံတို့ကို ကျွန်တော့် စာမူထဲသို့ ပေါင်းစပ်ဖြည့်စွက်ရင်း အချိန်တစ်နှစ်လောက် ကုန်သွားပါသည်။ သို့သော်လည်း နောက်ဆုံးတွင် ကျွန်တော်၏ ရူးရူးနှမ်းနှမ်း လုပ်ရပ်များကို ပြန်၍ မြင်လာမိပါသည်။ တခြား လူများ၏ အတွေးအခေါ်သောင်းပြောင်းကို စုပေါင်းစပ်ပေါင်း ရေးသား ခြင်းက စိတ်ဝင်စားဖွယ် လုံးဝ မကောင်းသဖြင့် မည်သည့် စီးပွားရေးသမား ကမှ ဤစာအုပ်မှတစ်ဆင့် လေ့လာလုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ထို့
ကြောင့်ပင် တစ်နှစ်လောက် အချိန်ပေး လုပ်ဆောင်ထားသည့် အလုပ်များ အားလုံး အမှိုက်ခြင်းထဲသို့ ပစ်ထည့်ကာ အားလုံးကို အစမှ ပြန်စလုပ်ခဲ့ ပါသည်။ ဤတစ်ကြိမ်တွင် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် “မင်းဟာ ဒေးလ်ကာနက်ဂျီပဲ ဖြစ်ရမယ်။ ဒေးလ်ကာနက်ဂျီမှာ ချွတ်ယွင်းချက်တွေ၊ အမှားအယွင်းတွေရှိမှာပဲ။ ဒါပေမဲ့ မင်းဟာ ဒေးလ်ကာနက်ဂျီကလွဲပြီး တခြား ဘယ်သူမှ ဖြစ်မလာနိုင်ဘူးဆိုတာ သိထားပါ”ဟု ပြောခဲ့ပါသည်။ ကျွန်တော် ၏ ရှက်စရာကောင်းသော အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး ပထမဆုံး ကျွန်တော် လုပ်ဆောင်ရမည့် အလုပ်တွေကို စလုပ်ပါသည်။ ကျွန်တော့် ကိုယ်ပိုင် အတွေ့အကြုံ၊ လေ့လာတွေ့ရှိချက်များ၊ ကျွန်တော်၏ ထင်မြင် ယူဆချက်များ ပါဝင်သော လူပုံအလယ် စကားပြောနည်း စာအုပ်တစ်အုပ် ကို ရေးသားပါသည်။ အင်္ဂလိပ်စာပေ ပါမောက္ခ ဆာဝေါလ်တာရက်လေးက ဤသို့ ပြောခဲ့ပါသည်။ “ရှိတ်စပီးယားနှင့် တန်းယှဉ်နိုင်သော စာအုပ်ကို ကျွန်ုပ် မရေးနိုင်ပါ။ ကျွန်ုပ်က ရေးသော စာအုပ်ကိုသာ ကျွန်ုပ် ရေးနိုင်ပေ မည်”။ ကျွန်တော် ရရှိခဲ့သော သင်ခန်းစာမှာ ဝေါလ်တာရက်လေး၏ အဆို အမိန့်အတိုင်းပင် ဖြစ်ပါသည်။ ။
သင့် အရှိအတိုင်းနေပါ။ ကမ္ဘာကျော် ဟာသပညာရှင် ချာလီချက် ပလင် ရုပ်ရှင်စရိုက်စဉ်ကဆိုလျှင် ရုပ်ရှင်ဒါရိုက်တာက ယင်းအချိန်တွင် နာမည်ကြီးနေသော ဂျာမန်ဟာသပညာရှင်တစ်ဦးအား အတုခိုး၍ သရုပ်ဆောင်စေရာ အောင်မြင်မှု မရခဲ့ပေ။ နောက်ပိုင်းတွင် မိမိ နဂိုပုံစံအတိုင်း ရိုက်ကူးမှသာ အောင်မြင်ကျော်ကြားလာခြင်း ဖြစ်သည်။
မေရီမာဂရက်မက်ဘရိုက်ဒ်သည် ရေဒီယိုအသံလွှင့်ခြင်းကို ပထမ ဆုံး စတင်စဉ်က အိုင်ယာလန်သူအသံဖြင့် ဟာသပြော၍ သရုပ်ဆောင်ခဲ့ရာအောင်မြင်ခြင်း မရှိခဲ့ပေ။ သူမ၏ နဂိုအတိုင်း မစ်ဆူရီမှ ကျေးလက်မိန်းမ ပျိုကလေးပုံစံနှင့် အသံသရုပ်ဆောင်မှသာ နယူးယောက်တွင် အအောင်မြင် ဆုံး ရေဒီယို စတားတစ်ယောက် ဖြစ်လာခဲ့ပါသည်။ ။
ဂျင်းန်အော်ထရီက သူ၏ တက္ကဆက် လေယူလေသိမ်းကို ဖျောက်ပြီး မြို့ကြီးသားများလို ဝတ်စားဆင်ယင်ကာ သူ့ကိုယ်သူ နယူး ယောက်မြို့သားပါဟု ဆိုခဲ့ရာ လူအများက သူ့ကွယ်ရာ၌ ကျိတ်ရယ်ကြ သည်။ သို့သော်လည်း သူ ဘင်ဂျိုကိုတီးပြီး ကောင်းဘွိုင်သီချင်းများ သီဆိုသောအခါ၌မူ ရုပ်ရှင်နှင့် ရေဒီယိုလောကတွင် အကျော်ကြားဆုံး ကောင်းဘွိုင် အဖြစ်နှင့် အသက်မွေးနိုင်ခဲ့ပါသည်။
သင်သည် ဤလောကကြီးထဲ၌ တစ်မူထူးသူ ဖြစ်ပါသည်။ ဤ အချက်ကို ဝမ်းသာကျေနပ်လိုက်ပါ။ သဘာဝက ပေးအပ်ထားသည့်အတိုင်း လက်ခံလိုက်ပါ။ ယခု နောက်ဆုံး လေ့လာကြည့်မိသလောက် အနုပညာ အားလုံးသည် အနုပညာရှင်တို့၏ အတ္ထုပ္ပတ္တိ ဖော်ပြချက်များသာ ဖြစ်ပါ သည်။ အနုပညာကို သင့်မှာ ပါရမီရှိသလောက်သာ ဖန်တီးနိုင်ပါသည်။ သင့်မှာရှိသည့် အတွေ့အကြုံ၊ သင့်ပတ်ဝန်းကျင်၊ သင်၏ မျိုးရိုးဗီဇတို့က သင်ဟူသော လူသားတစ်ယောက်ကို ဖြစ်ပေါ်စေပါသည်။ ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင် ပိုင်ဆိုင်သော ဂုဏ်အင်္ဂါရပ်များတည်း ဟူသည့် ဥယျာဉ်ကလေးကို ထွန်ယက်ပျိုးထောင်ပေးရပါမည်။ ကောင်း သည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘဝဟူသည့် သံစုံတီးဝိုင်းကြီးအတွင်း ဝယ် သင်၏ ကိုယ်ပိုင်တူရိယာကလေးဖြင့် သံစုံခင်းပြရပါမည်။
အမ်မာဆန် ရေးသားသော “ကိုယ့်အားကိုယ်ကိုး”စာတမ်း တစ် စောင်၌ “လူတိုင်း၏ ပညာရေး အခြေအနေ တိုးတက်မြင့်မားလာသောအခါ သူတစ်ပါးကို မနာလို မရှုဆိတ်ခြင်းသည် မသိနားမလည်မှု၊ အတုခိုးခြင်း သည် မိမိကိုယ်ကို သတ်ခြင်းဖြစ်ကြောင်း သိလာကြသည်။ ကောင်းကောင်း ဆိုးဆိုး မိမိ၏အရှိအတိုင်းပုံစံကို လက်ခံရမည်ဆိုသည်အား နားလည်လာကြ