ဇေယျ - ပုဂံဖက်ကိုမျှော်လိုက်ပြန်တော့
ပုဂံဘက်ကို မျှော်လိုက်ပြန်တော့
“ဆရာ... အားသလား”
“အားတယ်လို့တော့ မဟုတ်ဘူး၊ ခဏတစ်ဖြုတ် အနားယူနေတယ်၊ ဘာလုပ်ချင်သလဲ”
“ပုဂံသွားရအောင်”
ပုဂံ-ပုဂံ-ပုဂံ-ပုဂံ ဟူသော အစွဲအလမ်းသည် ကျွန်တော်တို့တွင် ကြီးမားလှ၏။ ကျွန်တော်တို့ ပြည်
ထောင်စုသား မြန်မာလူမျိုးများတွင်သာ အစွဲအလမ်း ကြီးသည် မဟုတ်၊ နိုင်ငံခြားသား တိုင်းတစ်ပါးမှ ပုဂံ သို့ ရောက်ဖူးသူ၊ ပုဂံအကြောင်းကို ကြားဖူးသူများပင် လည်း အစွဲအလမ်းကြီးကြ၏။ ကျွန်တော် လွန်ခဲ့ သည့်နှစ်၊ အောက်တိုဘာလအတွင်း လန်ဒန်မြို့တွင် ရှိစဉ်က မြန်မာသံရုံး၊ မြန်မာသံအမတ်ကြီး ဦးကာစီ ၏ နေ့လယ်စာစားပွဲတွင် ပါမောက္ခဆရာကြီး လုစ် နှင့်တွေ့ရာ ဆရာကြီးနှင့် နှုတ်ဆက်ပြီးသည်နှင့် တစ် ပြိုင်နက် မင်းတို့ဌာနမှာ ပုဂံဓာတ်ပုံတွေ ရှိသလားဟုမေးသည်ကို တွေ့ရ၏။ နောက်တစ်ဖန် ချယ်ရင်ကရော့စ်လမ်းရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် မြန်မာပြည် အကြောင်း စာအုပ်များ မရှိဘူးလားဟု ဝင်၍မေးရာ၊ ကိုယ်ကဲ့သို့ပင် စာအုပ်ဝယ်နေသူတစ်ယောက်က လှည့် ကြည့်၍
“ခင်ဗျား ဗမာပြည်ကလား”
“မှန်ပါတယ်”
“ပုဂံရောက်ဖူးသလား၊ ကျွန်တော် ပုဂံမှာရှိတဲ့ ရှေးမြန်မာ ပန်းရန်အဆောက်အအုံတွေကို တော်တော် ပဲ လေ့လာတယ်”
ဟု ပြောပြန်၏။
ပုဂံအစွဲအလမ်းကား သိသူတို့အဖို့ အားကြီးလှ ၏။ ပုဂံပျက်သည်မှာ နှစ်ပေါင်း ၇၀၀ ကျော်လောက် ရှိပြီ။ သို့ပါလျက် ပုဂံ၏ အရှိန်အငွေ့သည် ယခုတိုင် အားကြီးလျက်၊ မြန်မာပြည်မှ မိုင်ပေါင်း ၇ဝဝဝ ခန့် ကွာဝေးသော ဥရောပတိုက်အထိ ကူးစက်လျက်ရှိ ၏။
ပုဂံ ပုဂံ... ပုဂံ... ပုဂံ ဟူသော အမည်ကို ကြားလိုက်လျှင် သရေခေတ္တရာပြည် သုပညာနဂရ ဆိန္ဒမင်းလက်ထက် မင်းနှင့်တကွ ပြည်သူပြည်သား တို့သည် မစားအပ်သည်ကို စား၊ မယူအပ်သည်ကို ယူ၊ ဘုရားပစ္စည်းကိုပင် မရှောင်၊ ဆင်းတုတော်ကြီး “သေပြီ” ဆို၍ ဖိုကျင်ထိုးပြီးလျှင် သူတစ်ပါးလှူခဲ့ တန်းခဲ့သော ရွှေတွေကို ဝေခွဲစားသောက် အကျင့် ဖောက်ချင်တိုင်း ဖောက်နေကြ၍ နိုင်ငံကြီး အစည်းပြေ ဖရိုဖရဲဖြစ်ကာ အုပ်မနိုင်ထိန်းမရ အလိုအလျောက် စိတ်နှလုံး တုန်လှုပ်ချောက်ချားလျက် မိန်းမတစ်ဦး
“ငါ့စကော၊ ငါ့စကော”
အော်ရုံနှင့် ပြိုကွဲပျက်စီးခဲ့ရပုံ၊ ထိုသို့ပြိုကွဲ ပျက်စီးပြီးနောက် တောင်ညိုတွင်လည်း နေရာမရ၊ ပန်းတောင်းတွင်လည်း နေရာမရ။ တပြေး တည်း ပြေးနေကြရပြီးနောက် အညာသို့ ဆန်တက် ပြေးကြပြီးလျှင် တူရွင်းတောင်ခြေ အရှေ့တစ်မိုင်ကွာ ခန့်လောက်ရှိ ယုံလွှတ်ကျွန်းခေါ် တောကြီးကို မှီ၍ ၁၉ ရွာသားတို့နှင့် စုရုံးကြပုံ၊ ၎င်းနောက် မှီရာတွယ် ရာ ဘေးအန္တရာယ်ကင်းရှင်းရာကို ရရှိကြ၍ တရွေ့ ရွေ့ ကြီးပွားပြီးလျှင် သီရိပစ္စယာ၊ တမ္ပဝတီ၊ ပုဂါရာမ၊ ပေါက္ကန်၊ ပုဂံ၊ အရိမဒ္ဒနာ အမည်ရှိသော ထိုခေတ်က ကမ္ဘာ့ပထမတန်း မြို့ကြီးကို တည်ထောင်ကြပုံ။ ပုဂံ မြို့ အရှေ့ တောင်ယွန်း မင်းနန်သူရွာအနီး သမီး အရပ်၌ တပည့်သုံးသောင်းနှင့် ကောင်းစားကြသော အရည်းကြီးတို့ကျင့်ကြံပုံ၊ အရည်းကြီးများ လက် ထက် တည်ခဲ့ကြသော ပုထိုးသများ အစရှိသော ဂူ ငါးလုံးကိုတည်ဆောက်ကြပုံ၊ ထို့နောက် အနော်ရထာမင်းစောလက်ထက် သထုံမှရောက်လာသော ရှင် အရဟံနှင့်အတူ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို တည်ထောင်ကြပုံ၊ ရွှေစည်းခုံစေတီ၊ ရွှေဆံတော်စေတီ၊ ဆပဒစေတီ၊ မင်္ဂလာစေတီ စသော စေတီတော်ကြီး များကို တည်ပုံ၊ နန္ဒာဂူ၊ သဗ္ဗညု၊ ဂေါ်တော့ပလ္လင် စူဠာမဏိ၊ ဓမ္မရံကြီး၊ ရွှေဂူကြီး၊ မနူဟာ၊ နန်းဘုရား၊ သမျှလ၊ လေးမျက်နှာစသော ဂူဘုရား၊ လိုဏ်ဘုရား ကြီးများကို တည်ဆောက်ကြပုံတို့သည် မျက်စိထဲ၌ တရေးရေးပေါ်လာကြ၏။
တစ်ရံရောအခါ စောလူးမင်းသည် အထိန်း တော်သား ပဲခူးစား ငရမန်ကန်းနှင့် အန်ကစားကြရာ တွင် ငရမန်ကန်း နိုင်၍ မလမ်းပေါက် ထ၍ခတ်ရာ၊ မင်းစောလူးက “နင် ငကို အန်တစ်ပွဲမျှနိုင်သည်ကို မလမ်းပေါက် ထ၍ ခတ်သည်ကား၊ နင် ယောက်ျား ဟုတ်နိုးသော် နင် စားသော ပဲခူးနှင့် ပုန်စားလေ” ဟု မိန့်၍ ငရမန်ကန်းက “အကယ်လော”ဟု မေးရာ မင်းစောလူးက “ငါတို့မင်းမည်သည်ကား မဟုတ်
သောအရာကို ဆိုရာသည်လော” ဟူသော လွန်ခဲ့ သည့် နှစ်ပေါင်းကိုးရာလောက်က မြန်မာသံပီပီ ရဲရဲ
တောက် ကြုံးဝါးကြသော သူရဲကောင်းကြီးများ၏ အသံ။
“ဤရွှေဘုရားကား ငါ့သခင်အဖို့ အတို့ကျွန်ပြု သတည်း။ ကျွန်သုံးရွာအတို့ သခင်ပေးသည်ကား ဤ ရွှေဘုရားအား အတို့ ကျွန်ပေး၏။ ထိုသရောတည်း မင်း နှစ်ခြိုက်ရကား ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး မိန့်၏”
စသည်ဖြင့် သားတော် ရာဇ ကုမာရသည် ခမည်းတော် အနော်ရထာမင်းကြီးအား ရည်စူး၍ ဘုရားတည်ကာ အမိထံမှရရှိလိုက်သော အမွေ ကျွန်သုံးရွာ လှူသည်ကို ကျန်စစ်သားမင်းကြီး ကောင်းလှ၏ဟု သာဓုခေါ်သံများကိုလည်းကောင်း
“သက္ကရာဇ် ၅၉၇ ခု၊ အာသိန်နှစ်၊ နံကာလဆန်း ၄ ရက် ကြာသပတေးနေ့ ၊ ကျစွာမင်းကြီး ရွှေတောင် တက်ပြီး ငါမိကိုကား ငါမသိလိုက်၊ ငါမိထွေးမွေး၍ ငါကြီး၏၊ ငါမိထွေးလျှင်တည်း ငါ့ အမိဖြစ်၏ဟူ၍ အိမ်ပြုနေပေး၏။ အိမ်ထောင်ကျွန်လယ်လည်း ပေး
တော်မူ၏။ အိမ်လည်း ငါနေ၏။ ကျွန်လည်း ငါစေ ၏။ လယ်လည်း ငါစား၏။ အိမ် ငါနေသောထက် ကား၊ သီတင်းပညာရှိသောသံဃာနေသော် မြတ်၏ ဟူ၍ ငါကြံမိရကား ကူလည်းပြု၏” စသည်ဖြင့် ကျစွာမင်းကြီးမိန့်မြွက်ပုံ၊ မိမိကို ကြီးပြင်းအောင် မွေး ခဲ့သော မိထွေး၏ကျေးဇူး ဆပ်ပုံ၊ မိထွေးတော်လည်း မင်းကြီးပေးသောအိမ်၊ လယ်၊ ကျွန် စသည်တို့ကိုမိမိအသုံးမပြုဘဲ ရတနာသုံးပါးကို ကြည်ညို သဒ္ဓါသောအားဖြင့် လှူခဲ့ပုံစသော လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ကျော်က အသံများ...........
သက္ကရာဇ် ၆၄၆ ခု၊ တရုတ်တို့ ဆင်းလာ၍ ပုဂံ ပြည်ကြီး တိမ်းယိမ်းပျက်စီးပြီးနောက် တရုတ်ပြေး မင်း ပုသိမ်မှဆန်တက်၍ ပြည်မြို့သို့ အရောက်တွင် သားတော် ပြည်စား သီဟသူက အဆိပ်ခတ်ထား
သော စားတော်ပွဲကို စား၊ မစားလျှင် အိမ်ငှားဖွေးဖွေး ဖြင့် ခုတ်ထစ်၍ သေစေမည်ဟု ခြိမ်းခြောက်ဝိုင်းရံ ထားစဉ်တွင် မိဖုရားစောက “အလောင်းမင်းကြီး သည် ကျွန်ုပ်အထက်က လျှောက်ပါသောစကားကို ယူတော်မမူပါသောကြောင့် ဤကဲ့သို့ ဖြစ်တော်မူရ သည်။ ဓားလှံ လက်နက်ဘေးနှင့် သွေးသံတချင်း သေတော်မူရသည်ထက် ဆေးထည့်သော စားတော် ကိုစား၍ ကြမ္မာကုန်ခြင်းသည် မြတ်၏” ဟု လျှောက် သော ပုဂံပြည်ဇာတ်သိမ်း ပြည်ဖုံးချသံများကိုနားထဲတွင် တယောင်ယောင် ကြားမိ၏။ ထို့ကြောင့် “သွားကြရင် လိုက်မယ်”
ဟု ကတိ ပေးလိုက်၏။
အသောတရော မသွားလို၊ အမောပြေ အပန်းပြေ မပင်ပန်းသောနည်းဖြင့် သွားလိုကြ၏။ သို့ လျှင်
အနေရအထိုင်ရသက်သာလျက် ရန်ကုန်မှ ညောင်ဦး အတွက် မိုင်ပေါင်း ၄၆၀ ကျော် ခရီးကို ရှစ်ရက် တိတိသွားရသော “မင်းသမီး”သင်္ဘောကြီးနှင့် လိုက် ကြရန် ဆုံးဖြတ်ကြ၏။
ပုဂံသည် ယခုအခါ ရှေးအလွန်ကျသော အရပ် တစ်ရပ်ဖြစ်၏။ သို့သော် သေချာစွာစဉ်းစား၍ ကြည့် လိုက်သောအခါ ကျွန်တော်တို့သည် ရှေးအကျဆုံး အရပ်ဖြစ်သော ရန်ကုန်မြို့မှ ခေတ်ကျသည်ဟု ဆိုနိုင်သော ဒေသသို့ သွားနေခြင်းဖြစ်၏။ ရန်ကုန်မြို့ကား မြတ်စွာဘုရားသခင် ပွင့်တော်မူစ ဥက္ကလာပမင်းကြီး လက်ထက်ကပင် ရှိ၏။ တစ်ဖန် ပုဂံမရောက်မီ ဖြတ် သန်းသွားမည်ဖြစ်သော သရေခေတ္တရာပြည်မြို့ကား သာသနာတော် သက္ကရာဇ် ၁၀၁ ခုနှစ်တွင် အစပြု၍ ထွန်းကားခဲ့၏။ ပုဂံမြို့မူကား သရေခေတ္တရာ ပျက်စီး ပြီးနောက် သာသနာသက္ကရာဇ် ၆၅၁ နှစ်တွင်မှ တည်သောမြို့ ဖြစ်၏။ ဥက္ကလာပ ရန်ကုန်မြို့ နောက်နှစ် ပေါင်း ၇၀၀ လောက် ခေတ်ဆန်၏။
သို့လျှင် ကျွန်တော်တို့သည် နိုဝင်ဘာ ၄ ရက် နေ့ည ဗိုလ်တထောင်ဆိပ်ကမ်း၌ ဆိုက်ထားသော သင်္ဘောကြီးသို့ တက်ကြ၏။ နိုဝင်ဘာလ ၄ ရက်နေ့ ကား ကြာသပတေးနေ့ ဖြစ်၏။ သင်္ဘောမှာ ည ၁၂ နာရီခွဲ ထွက်မည်ဟု ကြားသိရရာ
“သောကြာရေကြောင်း မသွားကောင်း”
ဆိုသော စကားနှင့် တည့် တည့်ကြီး တိုးမိလျက်သား ဖြစ်နေသည်ကိုတွေ့ရ၍ ကြာသပတေးနေ့ ခရီးအထွက်ဖြစ်အောင် ကိုးနာရီ လောက်ကသွား၍ သင်္ဘောပေါ်သို့ တက်နေနှင့်ကြ၏။
သင်္ဘောပေါ်သို့ ရောက်သောအခါ ရှုမဝတိုက် က ပုစုခရု နှပ်ချေးထူတို့ပါမကျန် တစ်တိုက်လုံး တပ် ကြီးချီ၍ လိုက်ပို့ကြသည်ကို တွေ့ရ၏။ ပစ္စည်းတွေ နေရာချ၊ အိပ်ရာတွေပြင်၊ စကားပြောနှုတ်ဆက်နှင့် အချိန်ကုန်၍ ၁၁ နာရီကျော်ကျော်လောက်ရှိမှ ရှုမဝ တိုက်သားများ ပြန်သွားကြ၏။ ထိုအခါမှ သင်္ဘော ကြီးကို ဂရုစိုက်၍ ကြည့်မိရာ သင်္ဘောအထက်ထပ် ဦးပိုင်း သံဃာတော်များအတွက် သီးသန့်နေရာတွင် ဘုန်းတော်ကြီးလေးငါးပါး၊ ရသေ့ကြီးတစ်ယောက်နှင့် ဒကာသုံးယောက်၊ ခေါင်းတိုင်ကြီးဘေးတွင် မိန်းမ
ယောက်ျား ဆယ်ယောက်လောက်၊ ကျွန်တော်တို့ ယူ ထားသော ပဲ့ပိုင်းနှင့် မနီးမဝေးတွင် ယောက်ျား မိန်းမ ငါးယောက်လောက်၊ သင်္ဘောအောက်ထပ်ဦးပိုင်း ကုန် ချိန်သော နေရာတွင် လူခုနစ်ယောက်လောက်၊ ဤမျှ သာပါသည်ကို တွေ့ရ၏။
“ဟေ့... သင်္ဘော လူနည်းတယ်၊ တို့အသိုက်က ကော ဘယ်နှယောက်လဲကွ”
“ဆရာကြီး ဦးဇေယျတစ်ယောက်၊ ရှုမ၀ဦးကျော် တစ်ယောက်၊ ဦးစိန်ကော်တစ်ယောက်၊ ကျောင်းသား မောင်ဆွေတင့်တစ်ယောက်၊ ကျောင်းသား အထွန်း တစ်ယောက် အားလုံး ငါးယောက်”
“ဦးစိန်ကော်က မအူပင်ဆင်းမှာ၊ ပုဂံအရောက် လိုက်မှာ အသားတင် လေးယောက်”
“ဟာ... တို့လေးယောက်ပါတယ်ဆိုရင်လည်း နည်းတာမှတ်လို့၊ ပေါက္ကန်ပြည် အနော်ရထာမင်းစော လက်ထက် ဥဿာပဲခူးကို ကျွမ်းစစ်သည်တွေ ဝိုင်းနေတော့ ပဲခူးမင်းက စစ်ကူတောင်းလို့ ပုဂံကသွားကြ တာလည်း ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ညောင်ဦးဖီး လေးယောက်တည်းပါ။ တို့လေးယောက် ထက် မပိုပါဘူး၊ ဘာမှမကြောက်နဲ့ အေးအေးလိုက် သွားကြရုံပဲ။ ဒါထက် မင်းတို့ ကင်မရာဘယ်နှလုံး ပါကြသလဲ”
“မောင်ဆွေတစ်လုံး၊ အထွန်းတစ်လုံး...” “ငါ့မှာ တစ်လုံး၊ လေးယောက်ပေါင်း သုံးလုံး တော်ရောပေါ့ ကွာ။ ငါကတော့ ကောင်းကောင်းမရိုက် တတ်ဘူး၊ လူထူထူရှိရင် ဂိုက်နဲ့ဆိုက်နဲ့ချိန်ပြီး ခလုတ်ရမ်းနှိပ်လိုက်တာပဲ။ ဓာတ်ပုံ ထင်တဲ့အခါလည်း ထင် ရဲ့ ၊ မထင်တဲ့အခါလည်း မထင်ဘူး။ မင်းတို့ကော တော်တော် ရိုက်တတ်ကြသလား”
“နှစ်ခါ သုံးခါလောက်တော့ ရိုက်ဖူးတယ် ဘဘ ရဲ့ ၊ တစ်ခါမှတော့ ပုံကောင်းမရသေးဘူး”
“ဟာ... ဓာတ်ပုံဆိုလည်း တို့အဖွဲ့ က ထိပ်တန်း ချည်းပဲ။ ရှုမဝမဂ္ဂဇင်းထဲ ဝေဝေဆာဆာကြီး ထည့်ရ
အောင်။ ပုဂံရောက်တော့ ကောင်းကောင်းကြီး ရိုက် ကြရလိမ့်မယ်ဟေ့”ဟု ပြောနေခိုက်တွင် သင်္ဘောကြီး ဥဩမှုတ်၍ ဆိပ်ကမ်းမှ ခွာစပြု၏။
“ဟေ့.. ဆယ့်နှစ်နာရီခွဲမှ ထွက်မယ်ဆို၊ ခုမှ ဆယ့်တစ်နာရီ လေးဆယ့်ငါးမိနစ် ရှိပါသေးကလား။ တို့နာရီများ မှားနေသလား၊ သင်္ဘောစက်ခန်းက နာရီနဲ့ သွားတိုက်ကြစမ်းကွာ”ဟု ပြောလိုက်၍ တစ်ယောက် ဆင်းသွားပြီး ခဏကြာလျှင် ပြန်တက်လာ ၍...
“မှန်တယ် ဘဘရ၊ နို့ပေမဲ့ သောကြာနေ့ ကူးမှာ စိုးလို့ သန်းခေါင်မကျော်ခင် တစ်ဆယ့်ငါးမိနစ်ကြို ပြီး ထွက်သတဲ့”
အင်း... သောကြာရေကြောင်း မသွားကောင်း၊ သင်္ဘောကြီးကလည်း ငါလို ဗမာပီပီပါကလားဟုအောက်မေ့လိုက်မိ၏။
နောက်တစ်နေ့နံနက် ၈ နာရီလောက်တွင် မအူပင် ရောက်၏။ မအူပင်တွင် ၁ နာရီခန့် ရပ်နား ပြီး ဆက်လက်ထွက်ခဲ့ရာ ဓနုဖြူသို့ ည ၈ နာရီခွဲ ရောက်၏။ ထိုမှတစ်ဖန် ထွက်သွား၍ တစ်ညလုံးလုံး မရပ်မနားခုတ်သွားရာ ၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင်မှ ဟင်္သာတသို့ ဆိုက်၏။ ခရီးအဆစ် အပိုင်းကို တွက်ချက်ကြည့်ရာ သဘေင်္ဘောကြီးသည် တစ်နာရီမှ ၅ မိုင်လောက် ရောက်သည်ကို တွေ့ရ ၏။
တတိယနေ့သို့ ရောက်သောအခါ နံနက်အိပ်ရာ မှထ ရေချိုး၊ ဟင်္သာတမှဝယ်ယူခဲ့သော သတင်းစာ များကို ဖတ်၊ ၁၀ နာရီလောက် နံနက်စာစား၊ ထမင်း စားပြီး လက်ဖက်ရည်ကြမ်းကလေးကို တမြုံ့မြုံ မြည်းရင်း ရောက်တတ်ရာရာပြော၊ မောမောရှိတော့ တရေးတမောအိပ်၊ နှစ်နာရီလောက် အိပ်ရာမှနိုး၍ သင်္ဘောပေါ်၌ လက်ဖက်ရည်နှင့် ထမင်းဆိုင်တွင်
ကော်ဖီတစ်ခွက် သောက်ပြီးလျှင် အခြားလုပ်စရာ မရှိ ၍၊ ကင်မရာလေး ဘေးချိတ်ပြီး ဘေးတွဲသမွန်ကြီး ထိပ်သို့သွား၍ မြစ်ကမ်း ဝဲ-ယာနှစ်ဖက် ရှုခင်းရှုဖွယ် တို့ကိုကြည့်ရင်း
“ဒါ တို့ပြည်၊ ဒါ တို့မြေ” ဟု စိတ်