Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဆောင်းဝင်းလတ် - ဝထ္ထုတို ၅ ပုဒ်

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

ဝယ်လာခဲ့တယ်။ သင်္ဘောက ကျွန်တော့်သူငယ်ချင်းတွေလည်း ဝယ် လာကြတာရှိတယ်။ သင်္ဘောမှာပဲ ထမင်းစားကြဗျာ၊ မိတ်ဖြစ်ဆွေဖြစ်ပေါ့”

မောင်ဖုန်းမြင့်၏စကားအဆုံးတွင် သူတို့မျက်နှာကြီးတွေ ပြုံးဖြဲဖြဲ ဖြစ်သွားသည်။

“ဟေ့ကောင်... ဒါဆိုရင် မင်းအိမ်က ပုစွန်ခြောက် လက်နှစ် ဆုပ်လောက် ဝင်ယူကွာ၊ ဟိုမှာ ဆီနဲ့ သုပ်စားရအောင်”

ညှင်းထူသူက သူ့သူငယ်ချင်းကို တိုက်တွန်း၏။ သူတို့ကိစ္စ ပြီးတော့ သုံးယောက်အတူ ရေချိုးကြသည်။ ရေကအေးသော်လည်း သိပ်မသွက်။ စေးထန်းထန်းနှင့် ဆပ်ပြာတိုက်တော့ အမြှုပ်ကောင်း ကောင်း မထွက်ချင်။ အဝတ်ဟောင်းသုံးထည်နှင့် မျက်နှာသုတ်ပဝါကို တော့ ကိုဖုန်းမြင့် လျှော်ဖြစ်အောင် လျှော်လိုက်သေး၏။

“ငါ့ကို ဝင်ခေါ်ကွာ၊ ပုစွန်ခြောက်ယူပြီး တဲက စောင့်နေမယ်”

ခြေသန်းကလေး ကံဆိုးနေသူက အမှာစကားပါးလျက် ထွက် သွား၏။ စောစောက ငါးမန်းဖျက်သည့်တဲကို ညှင်းထူသူသည် ခဏ ဝင်၏။

“ဟေ့... ငါစွပ်ပဲအကျီ ပေးစမ်း”

တဲပေါ်သို့ လှမ်းအော်လိုက်ရာ ကိုယ်ဝန်ဆောင်မိန်းမတစ် ယောက် ထွက်လာပြီး အာဂျီနိုမိုတို အချိုမှုန့်တံဆိပ် စွပ်ကျယ်အကျီ ဟောင်းတစ်ထည်လာပေး၏။ တဲရှေ့ အဝတ်ကြိုးတန်းမှာ လှန်းထား သည့် ချည်လုံချည်ကြမ်းတစ်ထည်ကို သူက ဆွဲယူပြီး ရေစိုလုံချည်နှင့် လဲလှယ်ဝတ်ဆင်သည်။

မောင်ဖုန်းမြင့်က တဲရှေ့ခန်းသို့ စပ်စပ်စုစု လှမ်းကြည့်မိ၏။ စောစောက ပိတ်ခြင်ထောင်ကြီး ထောင်ထားသည်ကို မတွေ့၊ ယခုရေတွင်းမှ ပြန်လာတော့ ပိတ်ခြင်ထောင်ကြီး ထောင်ထားသည်ကို တွေ့ရပြီး အထဲမှ ကလေးတစ်ယောက် အော်ငိုလိုက်သံကို ကြားရပြန် သဖြင့် အံ့အားသင့်မိ၏။

“ဘာဖြစ်တာလဲဗျ။ ကလေးနေမကောင်းလို့လား”

မောင်ဖုန်းမြင့် စိုးရိမ်တကြီး မေးမိသည်။ ညှင်းထူသူက ပြုံးလိုက် ၏။

“ခြင်ထောင်ထောင်ပြီး ကလေးနှစ်ယောက်ကို ထမင်းကျွေးနေ တာ ဟင်းလုရင်း ငိုတာနဲ့ တူတယ်ဗျ” ဟု ပြောသဖြင့် ပို၍ အံ့အား သင့်ရပြန်၏။

“ဘယ်လို...ဘယ်လို၊ ခြင်ထောင်ထောင်ပြီး ထမင်းကျွေးတယ်”

“ဟုတ်တယ်လေ။ ယင်ကောင်တွေပေါတော့ ကျွန်တော်တို့ ရွာမှာ ဧည့်သည်လာလို့ ထမင်းကျွေးတာတောင်မှ ခြင်ထောင်ချပြီး ခြင်ထောင်ထဲမှာ ကျွေးရတယ်” “ ဪ... ”

မောင်ဖုန်းမြင့်မှာ ဪ... နှစ်လုံးသာ နှုတ်တံခါး ဖွင့်ဟနိုင် ရှာ၏။ ဘာကြောင့်မှန်းမသိ၊ နှစ်ယောက်သား လမ်းလျှောက်လာရင်း စိတ်ကူးစိတ်သန်း ခပ်ဆန်းဆန်းကလေးဖြင့် မောင်ဖုန်းမြင့် အတွေးနယ် ချဲ့မိသေးသည်။

ရွာမူလတန်းကျောင်းမှာ စာလာသင်ပေးနေတဲ့ မြို့သားကျောင်း ဆရာ လူပျို ချောချောကလေးရယ်၊ သူ ထမင်းလခပေးစားနေတဲ့ ပိုက် သူကြီးအိမ်က ကွမ်းတောင်ကိုင် သမီးချောကလေးရယ်၊ ထမင်းဟင်း ခူးခပ်ကျွေးမွေးရင်း ပိတ်ခြင်ထောင်ကြီးထဲမှာ မျက်နှာချင်းဆိုင် ဆုံကြ

တော့ ရင်ခုန်ရတာလေးတွေ ရှက်သွေးဖြာရင်း ဟင်းခွက် မှားနှိုက်မိ တာကလေးတွေ၊ လည်ချောင်းတွင် ထမင်းနင်တော့ မကြည့်ရက်နိုင်သူကလေးက ခြင်ထောင်စ အသာမပြီး သောက်ရေ သွားခပ်ပေးဖို့ ့အထွက် ကေသာထက်မှာ ပန်ထားတဲ့ နှင်းဆီပွင့်ကလေး ပြုတ်ကျ ရရှာ ပုံတွေ၊ ပင်လယ်ကမ်းစပ်ရောက်တော့ မောင်ဖုန်းမြင့်၏အတွေး ကလေးပျက်ပြီပေါ့။

ငါးလှေတွေ ဝင်လာပြီမို့ တောင်းကိုယ်စီ ခါးစောင်းတင်ကာ ပြေးဆင်း လာကြသော ရွက်ကြမ်းရေကျို ကလေးများ၏ပါးပြင်တွင် သနပ်ခါးပင် မမြင်ရ။ ချွေးစကလေးတွေ စိုနေသည်။

လှေထဲမှ ငါးတွေကို တောင်းထဲထဲ့ထည့်ပြီး ဖျာကြမ်းတွေ ခင်း ထားသည့် ငါးလှန်းစင်အောက်ရောက်တော့ ငါးကြီး ငါးသေး ရွေးကြ ရရှာသည်။ တကယ်တော့ သူတို့သည် တစ်နေ့လုံး ညီ။ သူတို့နှင့် ငါး ခွဲခြား၍ မရ။

“သောက်ကြနော် အားမနာနဲ့”

သင်္ဘောဦးမှာ ဝိုင်းဖွဲ့ကြတော့ ဓမင်းဆိပ်ရွာသားနှစ်ယောက်ကို ဖော်ရွေပျူငှာစွာ မောင်ဖုန်းမြင့်တို့ ဧည့်ဝတ်ပြုပါသည်။

မောင်ဖုန်းမြင့်တို့ သင်္ဘောကလေးမှာ သစ်သားကိုယ်ထည်မို့ ဦးပိုင်းတွင် ထိုင်၍ကောင်း၏။ ဟိုးအဝေးတွင် မြင်နေရသော ကုလားကောက် ကျွန်းကြီး၏အစွယ်တွင် နေသည် ကွယ်စ၊ ဆောင်းလေလည်း သွေးစ။

“ငါးမန်း အသည်းကြော်ရပြီဟေ့” သင်္ဘောပဲ့ပိုင်းဆီမှ ကိုတင်စိန်က အိုးသူကြီး လုပ်နေရင်း လှမ်း အော်ပြောသဖြင့် ဂျိုးဇက်က သွားယူလာသည်။ “တော်တော် ဆိမ့်တယ်နော်”

ရေယာဉ်မှူး ကိုဝင်းကြည်က မှတ်ချက်ချ၏။ ဓမင်းဆိပ်ရွာသား နှစ်ယောက်က အသောက်ကြမ်း၏။ အစားလည်းကြမ်း၏။

“ပြန်ရင် အိမ်မီးထွန်းဖို့ ဒီဇယ်ဆီ နည်းနည်းပေးနော်”ဟု အိမ်ပြန် လက်ဆောင်လည်း တောင်းကြ၏။

ပင်လယ်ပြင်လည်း မှောင်ပြီ။ ဓမင်းဆိပ်ရွာကလေးလည်း မှောင်ပြီ။ ထင်းရှူးချောင်းဘက်မှ တောင်ပေါ်ဘုရားကိုမူ မီးရောင် ကလေး ခပ်သေးသေး လင်းလက်စွာ ပူဇော်ထားကြောင်း တွေ့ရ ၏။

ထိုစဉ်မှာပင် ဓမင်းဆိပ်ရွာ ကမ်းခြေ ကျောက်ဆောင်အကွယ် ကလေးများဆီမှ မိန်းကလေးအချင်းချင်း စကားပြောသံ၊ ရယ်မောသံ သဲ့သဲ့တို့ကို ကြားလိုက်မိ၏။ “ဘာလုပ်နေကြတာလဲဗျ။ မှောင်ကြီး မည်းကြီးထဲမှာ”

မောင်ဖုန်းမြင့်က မေးလိုက်သည်။

“ဒီအချိန်ကျမှ ရွာက မိန်းကလေးတွေစုပြီး အခင်းကြီးသွားဖို့ ပင်လယ်ကမ်းစပ်ကို ဆင်းလာကြတာဗျ”

ညှင်းထူသူက ခွက်ထဲသို့ အရက်လက်နှစ်လုံးသာသာ င့်ထည့် ရင်း ရယ်မောကာ ပြောပြပါသည်။

“ရွာမှာ ယင်ကောင်တွေပေါနေတော့ ဘယ်တံမှ အိမ်သာမထား ကြဘူးလေ။

 ဒါကြောင့် တဲတစ်တဲနဲ့တစ်ဘဲ ဖင်ချင်းကပ်ပြီး ဆောက် ထားကြတာပေါ့။ သွားချင်ရင် ပင်လယ်ကမ်းစပ်ကိုပဲ ဆင်းကြရတယ်။ အပျိုလေးတွေကတော့ ညကျမှ ဆင်းကြတယ်။ ကျုပ်တို့ လူပျိုတုန်း က ဒီအချိန်ဟာ ရည်းစားနဲ့ ချိန်းတွေ့တဲ့အချိန်ပေါ့။ အပျိုတွေကို ထိန်းတဲ့ မိန်းမကြီးတွေကို ဇီးဖြူသောင်က ပြန်လာရင် ပါတိတ် လုံချည်လှလှတစ်ထည်လောက် ဝယ်ပေးလိုက်ရင် အဆင်ကို ပြေနေ တာပဲ”

သူက အသံသြသြကြီးဖြင့် တဟားဟားရယ်ရင်း ပြောနေသည်။

မောင်ဖုန်းမြင့်ကတော့ မရယ်နိုင်ပါ။

“မိုးတွင်းဆို သူတို့လေးတွေ ဒုက္ခပဲနော်”ဟု စိုးရိမ်စိတ်နှင့် ပြော လိုက်မိသည်။ ။

“ဒါတော့ ဘယ်တတ်နိုင်မလဲဗျာ” တဲ့။

“မိုးတွင်းဆို ကမ်းနားတဲအိမ်တန်းက လူတွေအားလုံး အဲဒီ အတွက် ဒုက္ခရောက်ကြတယ်။ ရွာအတွင်းပိုင်း ဟိုဘက်လယ်ကွင်း နားက ခြံတွေ အိမ်တွေကျတော့ ယင်ကောင်လည်း သိပ်မကျတော့ တွင်းအိမ်သာကလေးတွေ ရှိကြတယ်”

သူ၏ ထပ်ဆင့်စကားကို နားစွင့်ရင်း မောင်ဖုန်းမြင့်သည် ရေ နည်းနည်း ရောစပ်ထားသည့် အရက်တစ်ခွက်ကို ခပ်သွက်သွက် မော့ချ လိုက်မိ၏။

မီးရောင်ကလေးတွေ ဟိုတစ်ကွက်သည်တစ်ကွက် လင်းလက် နေသည့် ဓမင်းဆိပ်ကမ်းခြေသို့ လှမ်းကြည့်လိုက်မိပြန်သည်။

ပျိုဖြူတစ်သင်းတို့ အချင်းချင်း နောက်ပြောင်ရယ်မောသံများကို အမှောင်ထုဝယ် ကြားနေရဆဲ။ မိုးရာသီရဲ့ ညတွေကျတော့ ခမောက် ကလေးတွေ ဆောင်းတဲ့သူက ဆောင်း၊ လုံချည်ဟောင်းကလေးတွေ ခြုံတဲ့ သူက ခြုံနှင့်။

တောက်ပြောင် အေးစိမ့်တဲ့ ရေချိုးခန်းရယ်၊ သန့်ရှင်းလုံခြုံတဲ့ ရေလောင်း အိမ်သာရယ်၊ ဗိုလ်ချုပ်ဈေးနဲ့ စိန်ဂျွန်းဈေးရယ်၊ မျက်နှာ ပေါင်းတင်တဲ့ လှရိပ်မြုံ ဆိုတာရယ်၊ ကံ့ကော်ရနံ့တွေ သင်းပျံ့နေတဲ့ အဓိပတိလမ်းရယ်၊ တိတ်ဆိတ် မှောင်မိုက်တဲ့ ရုပ်ရှင်ပြခန်းရယ်၊ တီဗွီနဲ့ ဗွီဒီယိုရယ်၊ ဘရိတ်နင်းလိုက်တိုင်း အော်ဂင်သံ မြည်တတ်တဲ့ ကားလှလှ ကလေးတွေရယ်၊ ခြင်လုံ ယင်လုံ သံဆန်ခါတွေနဲ့ ကာရံဖွဲ့ စည်းထားတဲ့ အိမ်တစ်အိမ်ရဲ့ ထမင်းစားခန်းရယ်။ အဲဒါတွေ တစ်ခုချင်းရွတ်ပြရင်း

ဓမင်းဆိပ် ရွာကလေးကို ကြိုက်တာ ရွေးယူဖို့ ပြောလျှင် ရွာကလေးက ဘာကိုရွေးမလဲဟု မောင်ဖုန်းမြင့်တစ်ယောက် ကလေးဆန်ဆန် တွေး ကြည့်နေမိလေသည်။

ရှုမဝမဂ္ဂဇင်း၊ မတ်၊ ၁၉၈၄