Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဆူးငှက် - ဘုံတွေဆင့်လို့နာရီစဥ်ခေါင်မိုးတွင်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

ဘုံတွေဆင့်လို့ နာရီစင်ခေါင်မိုးတွင် ...

           ညနေ ၆ နာရီမှာ မိတ်ဆွေ ဆရာဝန်တစ်ယောက်၏ ဆေးခန်းဖွင့်ပွဲရှိသည်။ ပြီးတော့ အမျိုးသား ကဇာတ်ရုံသို့လည်း တက်သွားရဦးမည်..မထူးတော့ သည်မှာပဲနားပြီး ချီတက်ရုံပေါ့

“ကိုင်း..၊ ပြန်တော့ဗျာ... ကျွန်တော် နေရစ်ခဲ့ဦးမယ်။ ရန်ကုန်ရောက်မှ ဖုန်းဆက် လိုက်တော့..”

 ဟုဆိုကာ ဒါရိုက်တာကို လက်ပြနှုတ်ဆက်ကာ ချန်နေရစ်ခဲ့သည်။ လက်ပံ ပင်အောက်မှ ဒါရိုက်တာ၏ကားကလေး ထွက်ခွာသွားတာ တိုက်ခန်းဝရန်တာမှ ကြည့်နေ ရင်း အနောက်ဘက်မြင်ကွင်းမှာ တဒင်္ဂပျော်ဝင် မူးယစ်သွားသေးသည်။ ထို့နောက် မိတ်ဆွေ ၏တိုက်ခန်းရှိ ကွပ်ပျစ်ပေါ် တစ်ကိုယ်လုံးပစ်လှဲချကာ တင်းကျပ်နေသည့် အကြောအခြင် တွေကို ဖြေလျှော့ချလိုက်သည်။ မိတ်ဆွေစာရေးဆရာကား သူ့စာကြည့်စားပွဲပေါ် နေရာ ယူကာ ရသမျှအချိန်မှာပင် “ပါရီနွေဦး”ကို တကုတ်ကုတ်ရေးသားနေသည်။ ထို့ကြောင့် တစ်ခန်းလုံးတိတ်ဆိတ်...၊ ပတ်ဝန်းကျင်မှာလည်း တစ်ခါတလေ မောင်းသွားသော စည်ပင် သာယာမှ FAW ကားကြီးများ၏ တဒီးဒီးစက်သံပဲ ကြားရသည်။ အဝေးဆီမှာတော့ မြစ်ပြင်ထဲက ခပ်သဲ့သဲ့ မော်တော်စက်သံ..၊ လွတ်လပ်အေးချမ်း ဆိတ်ငြိမ်ဝန်းကျင်မှာ ကွပ်ပျစ်ပေါ်ရှိ သင်ဖြူးဖျာ၏ အေးစိမ့်အတွေ့ဝယ် မေ့ခနဲ အိပ်ပျော်သွား၏။ အား.....။ ငြိမ်းချမ်းပါဘိ...

မိနစ်အချို့ခန့်မျှသာ အိပ်ပျော်သွားပြီး ဖျတ်ခနဲသတိရလာသော အတွေးတစ်ခုက လန့်နိုးသွားစေသည်။ ဟုတ်တာပဲ..၊ ကိုင်း အပြန်မှာ ဘာနဲ့ပြန်မှာလဲ...၊ မိမိမှာက စက်ဘီး ပါမလာ။ စက်ဘီး ပါလာလို့ကတော့ ဘယ်ခရီး ဘယ်လောက်ဝေးဝေး တယ်ပူစရာမလို..။ အခုဟာက..၊ အိပ်ရာမှ လူးလဲထပြီး..၊ စာထဲမှာ အာရုံနစ်နေသော မိတ်ဆွေကို အလန့် တကြား မေးလိုက်မိ၏..။

“ကိုယ့်ဆရာ..၊ မြို့ထဲပြန် ဘာနဲ့ပြန်ရမှာလဲဗျ” မိတ်ဆွေက ဘော်လ်ပင်လေးချ မျက်မှန်ပင့်တင်ပြီး ပြုံးကြည့်ကာ...၊

“မပူပါနဲ့ဗျာ။ ကျွန်တော် ကိုဘကောင်းမြင်းလှည်း ပြောထားပါတယ်။ ညနေ ၄ နာရီမထိုးခင် လာကြိုပါလိမ့်မယ်”

ဟု အေးဆေးစွာပြောသည်။

ထိုအခါမှ စိတ်လက်ပေါ့ပါးသွားသည်။ ပေါ့ပါးသွားသော စိတ်နှင့်အတူ မျက်လုံး ကလည်း ထက်ကြပ်မကွာလိုက်ကာ မှေးစင်းသွားပြန်သည်။ ထို့နောက် မေ့ခနဲ့.။

ဒီတစ်ခါတော့ မည်မျှကြာအောင် အိပ်ပျော်သွားလေသည်မသိ..၊ မိတ်ဆွေက နှိုးမှပဲ နိုးတော့သည်။ ဒါတောင် အိပ်ရေးမဝချင်သေး...။

“ကိုယ့်လူ ထတော့... လေးနာရီထိုးနေပြီ။ ရေမိုးချိုးလိုက်ဦး... ကိုဘကောင်း မြင်းလှည်းမလာရင် ဘတ်စ်ကားအမီ သွားကြရမှာ...တဲ့။"

ဘတ်စ်ကားအမီဆိုသော အသံက မျက်လုံးကို ချက်ချင်းပြူးကျယ်သွားစေသည်။

ဘတ်စ်ကားတဲ့...။

သည်နေရာက ဘယ်ဘတ်စ်ကားစီးရမှာလဲဆိုတာ မန္တလေးသား ကျွန်တော် မသိ..၊ ထို့ကြောင့် လူထဲထပြီးမျက်နှာသစ်ကာ ရေချိုးလိုက်ရသည်။

မိတ်ဆွေစာရေးဆရာက ဆက်တီခုံမှာထိုင်ရင်း စီးကရက်ကာ ကျွန်တော့်ကို စောင့်နေသည်။ ကျွန်တော်လည်း ကတိုက်ကရိုက် သုတ်ခြေတင်ပြင်ဆင်ပြီး လွယ်အိတ် လေး ကောက်လွယ်လိုက်၏။ လေးနာရီခွဲလုပြီ။

“ကိုဘကောင်း မလာမှာတော့ သေချာသွားပြီဗျ။ နောက်ဆုံးကားမီအောင် ပြေးလိုက် ကြရအောင်”

ဟု မိတ်ဆွေကပြောသည်။

တိုက်ခန်းတံခါးပိတ်၊ သော့ခတ်ပြီးလှေကား အတိုင်း အောက်ဆင်းသည်အထိ မည်သည့်ဘတ်စ်ကားစီးရမလဲဆိုတာ ကျွန်တော် မသိသေး..၊ ဘယ်နေရာက စီးရမလဲဆိုတာ ကျွန်တော်မသိသေး..၊ တိုက်ခန်းရှေ့ လမ်းကလေး အတိုင်း တောင်ဘက်သို့ထွက်သည်။ တာရိုးမှ အရှေ့ဘက်သို့ဆင်းသော ကျောက်လမ်းကို တွေ့သည်။ သည်လမ်းအတိုင်း အရှေ့ဘက်ထွက်ရ၏။ တစ်ပြခန့် လျှောက်လိုက်တော့ တောင်မြောက်လမ်းမပေါ်မှာ ဘတ်စ်ကားတစ်စီးက ရပ်စောင့်နေသည်။ ကားနောက်မြီးခုံပေါ်မှ စပါယ်ယာက တစာစာ လူခေါ်နေသည်။ လူသာခေါ်သည်။ သူ့ကားပေါ်မှာ အပြည့်အသိပ်..၊ နောက်မြီးပေါ်လည်း တို့လို့တွဲလောင်း...၊ ခေါင်းမိုးပေါ်တော့ လူ မတင် သေး၊

" လာနော် လာနော် သွက်သွက်ကလေး၊ နောက်ဆုံးကား ...နောက်ဆုံးကား   "

ဟု အော်နေ၏။

ကျွန်တော်တို့လည်း ခပ်သုတ်သုတ်လေး မပြေးရုံတမယ်သွားပြီး ကားနောက်ခန်းထဲ တိုးဝှေ့ဝင်ရသည်။ ကားပေါ်မှာ ကျောင်းသားကျောင်းသူများနှင့် ဆရာမများက အများစု ဖြစ်သည်။ ကားက ဒိုင်နာကား..၊

“ဒီကားက ဘာနံပါတ်လဲဗျ”

ဟု တစ်နေ့ မနေ့ကမန္တလေးသို့ ရောက်လာသော မိတ်ဆွေစာရေးဆရာကို မေးရ၏။

“ဒါအမှတ် ၇ လိုင်းလေဗျာ မြို့ထဲလာချင်ရင် ဒီကားပဲစီးရတာ”

ဟုသော မိတ်ဆွေ၏ အဖြေမှာ အံ့အားသင့်နေသည်။

သော် အမှတ် ၇ လိုင်းက တက်သေးအင်းအနောက်ခြမ်း ဧရာထွန်းနေပူရွာအထိ ရောက်နေတာ မိမိမသိ...။

အမှတ် ၇ က တောင်နားမှာ ဂိတ်ရှိတယ်လေ။ ဂိတ်က သွားစီးရင် ရှေ့ခန်းကနေရာ ရတယ်”ဟု မိတ်ဆွေကပြော၏။ ကျွန်တော်သိသော အမှတ် ၇ ကားလိုင်းက သံဘော်ဒီ တပ်ချက် ပလက်ခေါင်းတိုကားကြီးများဖြစ်သည်။ ကားဝါလိုင်းဟု မန္တလေးကခေါ်ကြ၏။ ကားတစ်စီးလုံး ဆေးဝါရောင်သုတ်ထား၏။ မန္တလေးအမှတ်အသား ကျုံးမြို့ရိုးမှ ပြသာဒ်နှင့်တံခါးကို ဖဲတွန့်အဝိုင်းဝန်းထားသည့် တံဆိပ်ဖြစ်သည်။ ဖဲတွန့်ထဲမှာ “မန္တလေး မြို့တွင်း သယ်ယူပို့ဆောင်ရေး ယာဉ်အသင်း” ဟု စာတန်းရေးထိုးထား၏။

အမှတ် (၇) ကားဝါလိုင်းသည် ယခင်က မြောက်ပြင်အိုးဘိုရွှေကျင်နှင့် ၃၅ လမ်း သာသနာ့ဗိမာန် ပြေးဆွဲသည်။ ကားခေါင်းရှိ နံပါတ်အောက်မှာ ဗိမာန်-အိုးဘိုဟု ရေးထား ၏။ သာသနာ့ဗိမာန်ရှေ့ကားဂိတ်တွင် ကားဝါတွေ စီတန်းထိုးထား၏။ ထိုကားဂိတ်ကို အမီပြုပြီး သာသနာ့ဗိမာန်ရှေ့ ညောင်ပင်ဝိုင်းကြီးတွင် ထမင်းဆိုင်တစ်ဆိုင်ရှိသည်။ ကြက်သား၊ ဝက်သား၊ အမဲကြော်၊ ကြက်ဥကြော်၊ ဆိတ်သားဟင်း၊ ဘဲဥချဉ်ချက် စသည်ဖြင့် ဇလုံထဲတွင် ထမင်းတစ်ခါပြင်ထည့်ထားပြီး ဟင်းကိုပုံပေး၏။ ငရုတ်သီးကြော်၊ ငံပြာရည်ဖျော်နှင့် အတို့အမြှုပ် ကြိုက်သလောက်ထည့်စားပေရော့..၊ ထို့ပြင် ကုလားပဲဟင်း ကြော် ချက်နှင့် ချဉ်ရည်ဟင်းလည်း လိုသလောက်ထည့်စားနိုင်၏။ ကျွန်တော်မီတုန်းက

 

တစ်ခါပြင် ၈ ကျပ်။

ညောင်ပင်အောက် အုတ်ခုံဝိုင်းကြီးမှာ ဇလုံကိုင်ကာ တင်ပလ္လင်ခွေပြီး ငံပြာရည်ချက် ဆမ်း..၊ ချဉ်ရည်ပူပူ တရှူးရှူးသောက်ရင်း မနက်စာပေါင်းများစွာ စားခဲ့ဖူးပါ၏။ နောက် တစ်ခါပြင် တစ်ဆယ်ကျပ်။ နောက်တစ်ခါပြင် ၁၅ ကျပ်..၊ နောက်တစ်ခါပြင် အစိတ်....။ တစ်ခါပြင်အစိတ် အချိန်ရောက်တော့...၊ မန္တလေးသားနာမည်ကျော် စာရေးဆရာကြီး တစ်ယောက်နှင့် မကြာခဏ သွားစားဖူးပါသေး၏။ နောက်တော့ မရောက်ဖြစ်တော့..။ အမှတ် ၇ ကားဝါလိုင်းဂိတ်လည်း ဗိမာန်မှ စိန်ပန်းရောက်သွားသတဲ့။ စိန်ပန်းမှ ဧရာထွန်း အထိ ရောက်သွားတာမသိတော့...၊

အခုတော့ အမှတ် ၇ ကားဝါလိုင်းမှာ ယခင်လက်ကျန် ချက်ပလက် ခေါင်းတိုကား ကြီးများအပြင် ဒိုင်နာကားတွေ များလာသတဲ့..၊ အမှတ် ၇ မှာသာမက အခြားကား၊ ကားနီ၊ တောင်မြို့ လိုင်းတွေ၊ မတ္တရာလိုင်းတွေမှာလည်း ကားဟောင်းတွေ သိပ်မရှိတော့...။ ဒိုင်နာတွေပဲ အစားထိုးလာသည်။

ကျွန်တော်ကတော့ အဟောင်းမှာပဲ စိတ်ကစွဲနေတော့ အမှတ် ၇ ဆိုလျှင် ချက် ပလက်ခေါင်းတိုမှာ သစ်သားဘော်ဒီတပ် ကားကြီးကိုပဲ မြင်နေမိသည်။ အခုလို ဒိုင်နာ ကားလေးတွေကို သတိမထားမိအောင် မိမိ၏အစွဲနှင့် အမြင်မကျယ်မှုကို အပြစ်တင်မိသေး ၏။

ကျွန်တော်တို့စီးလာသော ဒိုင်နာအမှတ် ၇ ကားက ၄၁ လမ်းအတိုင်း အရှေ့တက် သည်။ သားရေစက်ရုံအနားရောက်တော့ ကားပေါ်ပါလာသည့် ကျောင်းသူကျောင်းသား များနှင့် ဆရာမတွေ ဆင်းသွားကြသည်။ ၄၁ လမ်းအတိုင်း အရှေ့တက်၊ ၈၄ လမ်းရောက် တော့ မြောက်ဘွားမည်ဟု ထင်ထား၏။ သို့သော် ၈၄ လမ်းမရောက်မီ ၈၅ လမ်းရောက်တော့ ကြားလမ်းအတိုင်း မြောက်သို့ချိုး၏။ ရွာဟိုင်းဈေး (မန်းမြို့ဈေး) အနောက်ဘက်လမ်း အတိုင်း လှည်းတန်း၊ မြတောင်တိုက် အရှေ့ဘက်လမ်း ဗိမာန်၊ မလွန်၊ သကျသီဟ အရှေ့ပေါက်...။

၂၀၀၀ ခုနှစ် အစကနဦး ဖေဖော်ဝါရီလဆန်းမှာပင် အမှတ် ၄ ကားလိုင်း၏ ခပ် သွက်သွက်မောင်းသော ဒိုင်နာကားပေါ် ထိုင်လိုက်မိပြီး ၈၅ လမ်းတစ်လျှောက် ၃၁ လမ်းမှ မြောက်ဘက်သို့ဝင်လိုက်တော့ ကျွန်တော့်အတွေးအာရုံကို ကုန်လွန်ခဲ့သော နှစ်ကာလများ ဆီသို့ အဓမ္မ ဆွဲယူသွားပါပကော..။