ဆူးငှက် - တစ်ဝက်မန်ကျည်းပင်ဝထ္ထုတိုငါးပုဒ်
တစ်ဝက်မန်ကျည်းပင်
ဖြစ် သည်။ ကလေးဘဝမှာမို့ ခရီးထွက်ရလျှင် ပျော်တာကြောင့်လည်း ဖြစ်မည်။ မိသားစု တစ်စုလုံးသာမက ဆွေမျိုးသားချင်းများပါ တစ်စု တစ်ဝေး ပါလာသောကြောင့် ဖြစ်မည်။
ထိုစဉ်ကာလကတည်းက ကျွန်တော့်မှာဖြင့် ရွာပြန်ရမည် ကြားက တည်းက ပျော်၏။ ထိုအခါ ရွာက နွေအခါ အလှူကို မျှော်သည်။
ကျောင်းရေစက်ချကို မျှော်သည်။ ဘုရားထီးတင်ကို မျှော်သည်။ ထို့အတူ အဘ (ကျွန်တော်တို့နယ်က အဖေကို အဘဟု ခေါ်သည်။) ကလည်း နှစ်စဉ် ရွာပြန်ဖို့ လုံးပန်းသည်။ ပြန်ဖြစ်အောင်လည်း ပြန်သည်။ မြို့က ကတ္တရာလမ်းမှာ အရပ်တကာမှာ ထမ်းပိုးရောင်းချရင်း ကျွန်တော်တို့ တစ်တွေ လူလားမြောက်အောင် ပြုစုခဲ့ရသူ တစ်ယောက်အဖို့ ရွာသို့ တစ်နှစ်တစ်ခေါက် ပြန်၍ ရွာရေကိုသောက်၊ ရွာလေကို ရှူ၊ ရွာထမင်း ရွာဟင်းကိုစား၊ သားချင်းများနှင့် နောက်ချေးချရင်း ပေါင်းပေါက်ရင်း စကားတွေပြော။ ဤသို့ဖြင့် အဘသည် ဘဝအမောကို ဖြေခဲ့လေသည်။ ဤသို့ဖြင့် ရောက်တုန်းရောက်ခိုက် ဆရာသမားအရင်း ရွာဘုန်းကြီးထံ ဝတ်ဖြည့်သည်။ ဤသို့ဖြင့် အဘသည် ပေါင်းဟောင်းသင်းဟောင်းများ နှင့် နွားအကြောင်း ငြင်းခုံသည်။
ကျွန်တော်သည် ဤသို့သောအခါများ၌ အဘ၏ ပုဆိုးစကို ဆွဲကာ သွားလေရာ တကောက်ကောက် လိုက်၏။ တောင်ကျောင်းဘုန်း ကြီး ချကျွေးသော ပေါက်ပေါက်ဆုပ်များကို တစ်ဖဲ့ပြီးတစ်နဲ့ ကိုက်ကာ စားရင်း အဘနှင့် ဘုန်းကြီးတို့ မမောနိုင်မပန်းနိုင် ပြောကြသော မယ်
တော်ပျံအကြောင်း၊ ကျောင်းဦးသိမ်အကြောင်း၊ ကျောင်းမွေယာ အကြောင်း၊ ဘုန်းကြီး ဦးမေဓာအကြောင်း သိရ၏။
အရီးမလှထွေး ကြော်ပေးသော ပဲပေါင်းကို တကျွတ်ကျွတ် စားရင်း ဦးကြီးဘအေးနှင့် အဘတို့ပြောသည့် တောင်ရိုးမျှစ်အကြောင်း၊သစ်ကျင်းကြီးက နွားအကြောင်း၊ ပန်းချင်းယာအကြောင်း သိရသည်။ ရွာတွင် အလည်အပတ် ရောက်နေသည့် ရက်များထဲမှ တချို့ရက်များ သည် အဘနှင့် ဦးကြီးဘအေးတို့ လှည်းယဉ်ကလေးကို ကကာ နွား ကောင်းတစ်ရှဉ်းနှင့်အတူ ရွာနှင့် မလှမ်းမကမ်းက ယာခင်းများဆီ သွား ရောက်လည်ပတ်သော ရက်များ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် လှည်းယဉ်ကလေး၏ လှည်းအိမ်ကျဉ်းကျဉ်းကလေးမှာ မရမက လိုက် သွားတတ်သည်။ ထိုခရီးကား အဘ၏ ငယ်မူပြန် ခရီးတည်း။ လှည်း ယဉ်ကလေးကို အဘကိုယ်တိုင် ကိုင်သည်။ ဤသို့မောင်းရင်း အလှည့် က ဘယ်လို၊ အတိုင်က ဘယ်လို ဟူသော ကျွန်တော် နားမလည်သည့် နွားစကားများ ပြောတတ်ကြသည်။ ဤယာခင်းခရီးသည် တစ်ခါတစ်ရံ ဟိုးခပ်လှမ်းလှမ်း ပေါက်ဆိန်ပေါက်ရွာက ဘုန်းကြီးကျောင်းဆီအထိ အရောက်သွားတတ်လေတော့သည်။
ပေါက်ဆိန်ပေါက် ဘုန်းကြီးကျောင်းဆီ သွားပြီဆိုမှဖြင့် မန် ကျည်းအုပ်လမ်းက `ချောင်းမင်းကွေ့”ယာကိုတော့ ဝင်ဖြစ်တတ်သည်။ တကယ်တော့ ချောင်းမင်းကွေ့ယာက ကျွန်တော်တို့ယာ ဖြစ်၏။
“ဒီယာက ဟောဒီနယ်မှာ အကောင်းဆုံးပဲကွာ။ မင်းနှယ် မြေကို ကြည့်စမ်း။ အခြားယာနဲ့တူတာ မဟုတ်ဘူး။ မင်းအဖေများ လက်ထက် ကတည်းက လုပ်လာတာပဲကွာ။ အခု ငါလုပ်နေတာ မင့်သားတော်မောင် တစ်သက်ရှိပြီ။ ဘာစိုက်စိုက် သူများထက်သာတာချည်း မောင်” ဟု ဦးကြီးဘအေးက အဘကို ပြောနေကျ ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ ပိုင်သော ချောင်းမင်းကွေ့ ယာမှာ ဦးကြီးဘအေးက လက်ရှိလုပ်နေသူ ဖြစ်ကြောင်း သိရ၏။
တကယ်တော့ ကျွန်တော့်အဘိုးဆုံးတော့ အဘရသည်မှာ ချောင်းမင်းကွေ့ယာ၊ ပန်းချင်းယာနှင့် ရွှေစအနည်းငယ်ပဲ ဖြစ်သည်။
ပန်းချင်းယာကတော့ သည်ယာလောက် မကောင်း။ အဘ၏ နှမတစ်ယောက်က ယူလုပ်နေသည်။ ချောင်းမင်းကွေ့ ယာရောက်တော့ လှည်း လမ်းကနေ ယာခင်းထဲဝင်သော လှည်းလမ်းအတိုင်း ဖွဲဝင်ရ၏။ အတော် ဝင်မိမှ ဟိုတောင်ဘက်ချောင်းစပ်က ယာတဲမှာ လှည်းချွတ်ရသည်။ ယာတဲမှာ သောက်ရေအိုးတစ်လုံး ရှိသည်။ ဝါးကွပ်ပျစ်လေး ရှိသည်။ ယာတဲဘေးမှာ သနပ်ပင်ကြီး ရှိသည်။ ထို့နောက် ဦးကြီးဘအေး မန္တလေး အလည်လာစဉ်က မျိုးယူသွားပြီး စိုက်ထားသော ဆီးပင် ရှိသည်။ ဆီးပင် ကို ဆူးစည်းရိုး ကာထားရသည်။ ယာခင်းက ဆယ်ဧကနီးပါးလောက် ကျယ်မှာပေါ့။ ။
ယာခင်းရောက်ရင်ဖြင့် ဦးကြီးဘအေးက ကျောက်တုံးသုံးလုံး ဖိုခုံလောက်ဆိုင်ထားသော မီးဖိုတွင် အနီးအပါးမှ ထင်းခြောက်များ
ကောက်ပြီး မီးဖို၏။ တဲထဲက ရေနွေးအိုးမှာ သောက်ရေအိုးထဲက ရေထည့်ပြီး ရေနွေးကျို၏။ တစ်ခါတစ်ရံ ချောင်းရိုးထဲ ဆင်းသွားတာ တော်တော်နှင့် ပေါ်မလာ။ အဘနှင့် ကျွန်တော် ယာခင်းတစ်လျှောက် လှည့်ပတ်ကြည့်ပြီး ရေနွေးပွက်ပွက်ဆူချိန်မှ သတ္တုချိုင့် ပိန်ရှုံ့ရှုံ့လေးနှင့် မြေအိုးတစ်လုံးကိုဆွဲကာ ရောက်လာတတ်သည်။ ။
“ကိုနီတာတို့ ထန်းတဲရောက်တော့ ပုတတ် မိထားတာ တွေ့တာနဲ့ ချောင်းရိုးက ခွေးတောက်ရွက်ခူးပြီး ချက်လာတာ မောင်။ ပင်ကျရည် တစ်လုံးလည်း ဆွဲလာခဲ့တယ်” ။
ဟု ပြော၏။ မြေအိုးထဲက အမြှုပ်တစီစီနဲ့ ထန်းရည်ကို ယာတဲက သင်္ဘောဝါးကြမ်းစင်ပေါ်ရှိ အုန်းမှုတ်ခွက်များ ယူလာပြီး ခေါင်းပေါင်းစ နှင့် သုတ်ကာ ငဲ့ထည့်ပေးသည်။ ကျွန်တော့်ကိုလည်း အုန်းမှုတ်တစ်လုံး လှမ်းပေးရင်း
“သောက်ကွ၊ ရဲကျော်ရ၊ တောဘိလပ်ရည်။ တောရောက်တော့ တောအလိုက်ပေါ့ကွာ”
ဟု ပြောတတ်သည်။ ထိုစဉ်က လတ်လတ်ဆတ်ဆတ် ပူပူနွေး နွေး ချက်ထားသော ပုတတ်နှင့် ခွေးတောက်ချက်ကို မစားဝံ့ခဲ့တာ ခုမှ တွေးတိုင်း တွေးတိုင်း နောင်တရနေမိတော့၏။ ဘာပဲပြောပြော ငယ်စဉ်က ရွာပြန်ခရီးမှာ အမှတ်ရနေဆုံးက “ချောင်းမင်းကွေ့ ယာ” ဆိုတာတော့ ပြောချင်ပါသည်။
ကျွန်တော် ရုံးက ပြန်လာတော့ အိမ်မှာ ရွာက ဦးကြီးဘအေး ရောက်နေ၏။ မတွေ့ရတာ လေးငါးခြောက်နှစ်ကြာတော့ ဦးကြီးဘအေး တော်တော်ကျနေတာ သတိထားမိသည်။
“ဟ.. ရဲကျော်ကြီးရ၊ မင်းကလည်း ဒီလိုဒီလိုပါပဲလားကွာ။ အခု အလုပ်က ဘာလုပ်ရတာတုံးကွ။ ဘွဲ့ရပြီး မြို့ပိုင်ကလေး ဘာလေး မရဘူးလားကွာ”ဟု လှမ်းမေးသည်။ အဘက ပက်လက်ကုလားထိုင် ပေါ်မှနေ၍
“ရောက်ကတည်းက မင်း မမြင်လို့ မေးနေတာကွ။ ငါက ညနေမှ ပြန်လာမှာလို့ ပြောထားရတာ” ဟု ကျွန်တော့်ကို ပြောသည်။
ကျွန်တော်က ဦးကြီးဘအေးဘေး ဝင်ထိုင်ရင်း“ဘယ်တုန်းက ရောက်တာလဲ၊ အလည်သက်သက်လား” ဟု မေးသောအခါ“မဟုတ်ဘူးကွ။ ဦးပဉ္စင်းနဲ့ လိုက်လာတာ။ ပရိက္ခရာ လာဝယ် တာ။
‘တာမ”က ဒီနွေ လှူမလို့ကွ။ အဲဒါ မင်းတို့လာဖြစ်အောင် လာရမှာ”
ဟု ပြောသည်။ ကျွန်တော်နှင့် အဘက ရယ်နေမိကြ၏။
ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော်တို့ ရွာမရောက်တာ ကြာပြီ။ ကြာဆို အတော်ကြာပြီဟုပင် ပြောမရလို ဖြစ်၏။ အရင်ကမန္တလေး၊ ဘုတလင်၊ လော်ကယ်ရထား ရှိခဲ့ဖူး၏။ မန္တလေးက မနက် ငါးနာရီလောက်ထွက်လျှင် ဘုတလင်သို့ နေ့လယ် ၁၁ နာရီလောက် ရောက်သည်။ ဘုတလင်က ခေါက်ပြန် ချက်ချင်း ပြန်ထွက်တာ မန္တလေး ကို ညနေခြောက်နာရီလောက်ဆို ရောက်သည်။ ဒီဇယ်ခေါင်းနှင့်မို့ အချိန်မှန်သည်။ နောက် သည်ရထား မရှိတော့။
သည်ရထားရှိတုန်းက ကားမူးတတ်သော အဘအဖို့ အဆင်ပြေ သည်။ ရထားမရှိသည့်နောက် ကားစီးဖို့ အဘမှာ အတော်ကြိုးစားရ သည်။ ကားစီးလျှင် မုံရွာမှာ တစ်ညနှစ်ညလောက် နားပြီးမှ ဘုတလင်သို့ ခရီးဆက်နိုင်၏။ ဤသို့ဖြင့် နှစ်စဉ် နွေခါဆို ရွာကို ရောက်နေကျက မရောက်ဖြစ်တော့ခြင်း ဖြစ်သည်။ ။
“အေး.. ငါက အခုပုံအတိုင်း နေကောင်းနေတယ်ဆိုရင် လာခဲ့ မယ်ကွာ။ မုံရွာ နှစ်ညလောက် နားပြီးမှ ကူးနိုင်မှာ။ ပြန်ချင်သေးတယ်
မောင်ရာ။ ရွာရေလေးလည်း သောက်ချင်သေးတယ်။ ပဲထမင်းနဲ့ ဥသျှစ် ရွက်ချက်လေးလည်း စားချင်သေးတယ်။ မှတ်မှတ်ရရ အောင်ကျော် လှူကတည်းက မရောက်တာပဲကွာ” ဟု အဘက ပြောသည်။
“ကျွန်တော်လည်း ရုံးက ခွင့်ယူပြီး လိုက်ခဲ့မယ် ဦးကြီး”
ဟု ပြောရသေးသည်။ ဦးကြီးဘအေးက ရေနွေးကြမ်း တဖူးဖူး မှုတ်ရင်း ခေါင်းညိတ်သည်။ ခဏနေတော့ အမေက မီးဖိုထဲမှနေ၍
“ကိုင်း... ကိုင်း... ကိုဘအေး ထမင်းစားရအောင်” ဟု လှမ်းခေါ်သည်။ အဘကိုလည်း“တော်တို့ သားအဖပါ တစ်ခါတည်း ဝင်စားကြ” ဟု ပြောလိုက်
၏ ။
ကျွန်တော်ကတော့ ထမင်းစားဖို့ထက် သည်နှစ်နွေ ရွာပြန်ရင် ဟူသော အတွေးကဝင်နေကာ တစ်စုံတစ်ရာ စိတ်လှုပ်ရှားနေတော့သည်။
သည်နှစ်နွေလည်း ရွာသို့ ရောက်ခဲ့၏။ ဦးကြီးဘအေး၏ သမီး အလှူသို့လာခြင်း ဖြစ်၏။ ဒီတုန်းက အဘရော၊ အမေရော၊ အစ်မရော၊ ကျွန်တော်ရော ပါသည်။ အခုလို စုံစုံလင်လင် ရွာသို့ မပြန်ဖြစ်တာ ကြာတော့ ပျော်စရာကောင်းနေသည်။ ထူးထူးခြားခြား ပျော်သူက အဘပဲ ဖြစ်ပါလိမ့်မည်။ သူ့ရွာမို့ သူ့ပေါင်းဟောင်းသင်းဟောင်းတွေ တွေ့မည်။ သူ့ဆွေတွေမျိုးတွေ တွေ့မည်။ ထိုမျှမက လှည်းယဉ်ကလေး ကပြီး ရွာနားက ယာတွေဆီ၊ ပေါက်ဆိန်ပေါက်ကျောင်းဆီ အသားကျလေး မောင်းလိုမောင်း၊ ဒုန်းမောင်းလိုမောင်းနှင့် ငယ်မူပြန်ရမည် မဟုတ်လား။ ထို့အပြင် ဦးကြီးဘအေးနှင့် ချောင်းမင်းကွေ့ယာခင်းသို့ ဝင်ဦးမည် မဟုတ် လား။ ယာထဲမှာ ခွေးတောက်ရွက်နှင့် ပုတတ်နှင့် ချက်ကာ ထန်းရည်နှင့် မြည်းဦးမည် မဟုတ်လား။ ။
ဟုတ်လည်း ဟုတ်ပါပြီ။ ထိုအတိုင်းပင် ဖြစ်ပါ၏။ သို့သော် ဒီတစ်ခါတော့ တခြားယာများကို လည်းကောင်း၊ ပေါက်ဆိန်ပေါက်
ကျောင်းကို လည်းကောင်း မသွားဖြစ်ပါ။ “ချောင်းမင်းကွေ့”ယာကိုပဲ သွားဖြစ်ပါသည်။ လှည်းယဉ်ကလေးနှင့် မဟုတ်ပါ။ ရိုးရိုးလှည်းနှင့်ပဲ ဖြစ်ပါသည်။ အဘက လှည်းမမောင်းပါ။ ထို့အတူ ဦးကြီးဘအေးလည်း မမောင်းပါ။ ဦးကြီးဘအေး သမက်က မောင်းပါသည်။ အဘ၊ ဦးကြီး ဘအေး၊ ကျွန်တော်နှင့် ဦးကြီးဘအေး သမက် ကိုဖိုးလှတို့ လေးယောက် ‘ချောင်းမင်းကွေ့”ယာသို့ သွားကြခြင်း ဖြစ်ပါသည်။
တကယ်တော့ ငယ်ငယ်ကတည်းက `ချောင်းမင်းကွေ့”ယာသို့ သွားခြင်းသည် အပျော်ခရီးထွက်ခြင်းချည်းသက်သက် ကြုံခဲ့ဖူးသော ကျွန်တော့်အဖို့မူ ယခုလို လောက်လောက်လားလားဖြစ်ပါမှ ဤယာခင်း သို့ အလုပ်သဘောဖြင့် ရောက်ခဲ့ရခြင်း ဖြစ်ကြောင်း ယာခင်းသို့ ဒုတ်ဒုတ် ထိရောက်ပါမှ သိရလေတော့သည်။
ယာခင်းရောက်၍ တဲမှာ လှည်းချွတ်၊ သနပ်ပင်ရိပ်မှာ နွားတွေ ချည်၊ မြေပဲရိုး တစ်ပွေ့ယူ၊ နွားတွေကျွေး၊ မီးဖိုမှာ မီးမွှေး၊ မြေကရားနှင့် ရေနွေးတည်ထားပြီးနောက် ကိုဖိုးလှက ဝါးကွပ်ပျစ်ရှိ ကျွန်တော်တို့ ဝိုင်းမှာ ဝင်ထိုင်သည်။ သိုင်းထားသော ပုဆိုးကို မပြီး ချွေးသုတ်၏။ ထို့နောက် အဘဘက် လှည့်ကာ
“
ဦးလေးကောင်းလည်း အားနာနာနဲ့ ပြောရဦးမယ်။ ဒီနှစ်တော့ ကျုပ် လှူတာတန်းတာနဲ့ ပန်းနေတာ။ အဲသာ နောက်နှစ်နွေမှာ ဦးလေး
ကောင်း ပြောသလို ဒီယာကိစ္စ ဖြတ်ပေးပါ့မယ်။ အဲသာ မနေ့ညက ဦးအေးနဲ့ မေးကြည့်တော့ ဦးလေးကောင်း ယူတာတွေ နုတ်လိုက်တာ
ကျုပ်က သုံးထောင်ပေးရမှာ ကျန်တာပေါ့။ အဲဒါ နောက်နှစ်နွေအကုန် ပေးလိုက်ပါ့မယ်”
ဟု ပြော၏။ ကျွန်တော်က နားမလည်သလို အဘကို ကြည့်တော့ အဘက
“ဒီလိုကွ ငါ့သားရ၊ ပွင့်ပွင့်လင်းလင်း ပြောကြစို့။ အဘက ဒီယာ ကို ကိုဘအေးဆီ ပေါင်ထားတာ ကြာပြီကွ။ မှတ်မှတ်ရရ မင်း ရှစ်တန်း နှစ်ကတည်းက။ ငွေကိုတော့ အဘနှစ်တိုင်း ရွာပြန်ပြီး ကိုဘအေးဆီက နည်းနည်းချင်းယူတာ။ မနှစ်ကတော့ မင်းသိတဲ့အတိုင်း အဘ ဆေးဖိုး လည်းကုန် ဆိုတော့ အပြတ်ရောင်းမယ်လို့ ကိုဘအေးကို လှမ်းမှာရတာ။ အဲဒါ အဘယူသုံးတာတွေနဲ့ ယာတန်ကြေး နှိပ်လိုက်တော့ သုံးထောင်ပဲ ကိုဘအေးက ပေးရမှာကွ။ အဲဒါ မောင်ဖိုးလှက နောက်နှစ်ယူဖို့ ပြောတာ”
ဟု ကျွန်တော့်ကို ရှင်းပြသည်။ တစ်ဆက်တည်းပင် ကိုဖိုးလှ ဘက် လှည့်၍
“ရပါတယ်ကွာ။ ပြောရမယ့်လူမှတ်လို့။ မင်းလှူတာ တန်းတာ လည်း အသိပဲ။ တို့က ပြန်ကျေးဇူး