Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဆရာဦးလှထွန်း(မြန်မာစာ) - မရိုးမမှန်နာဂသိန်စာစီစာကုံးပေါင်းချုပ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကျေးရွာနှင့် စာကြည့်တိုက်

 

-စာပေ၏တန်ဖိုး

-ကျေးရွာတိုင်းတွင် စာကြည့်တိုက်များ ထူထောင်သင့်ပုံ

 -ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် လိုအပ်ချက်များ

 -နိုင်ငံသားတိုင်း အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာနိုင်ပုံ

-လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်ပုံ

- ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာပုံ 

-မိမိအမြင်

ကျေးရွာနှင့် စာကြည့်တိုက်

           စာပေသည် လူမျိုး၏ လူနေမှုအဆင့်အတန်းကို ညွှန်းဆိုပြနိုင်သည့် သာဓကတစ်ခုပင်ဖြစ်သည်။ “စာပေမြင့်လျှင် လူမျိုးတင့်မည်” ဆိုသကဲ့သို့ စာပေအဆင့်အတန်း မြင့်မားလာလျှင် ထိုနိုင်ငံရှိ လူမျိုး၏ လူနေမှု အဆင့် အတန်းသည်လည်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ စာပေဗဟုသုတ နည်းပါးသူတို့ နေထိုင်ရာအရပ်သည် ဖွံ့ဖြိုးတိုးတက်မှု မရှိသဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လွန်စွာနိမ့်ကျလှသည်။ ထို့ထက်မက စာပေဗဟုသုတ နည်းပါးသောကြောင့် သူတစ်ပါး၏ လွှမ်းမိုး ခြယ်လှယ်မှုကို ခံရနိုင်သည်။ စာပေကြောင့် အသိတရားပွင့်လင်းကာ အမှားအမှန်ကို ခွဲခြားနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် စာပေ၏ တန်ဖိုးကား အလွန်ကြီးမားလှပါသည်။

ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီ တိုးတက်လာစေရန်အတွက် ပညာဉာဏ်အသိတရားနှင့် ဗဟုသုတ ကြွယ်ဝ ပြည့်စုံအောင် ကြိုးပမ်းလုပ်ဆောင်ကြရပေမည်။ ပညာမရှိသူကို ပညာရှိ လာစေရန်၊ ဗဟုသုတ ဆင်းရဲချို့တဲ့သူကို ဗဟုသုတ ပြည့်စုံကြွယ်ဝလာ စေရန် သွန်သင်ညွှန်ပြ ဖေးမလက်တွဲ ခေါ်ဆောင်သွားရမည်ဖြစ်သည်။ စာမတတ်သူကိုပင် စာတတ်လာအောင် သွန်သင်ပြသပေးနိုင်လျှင် စာမဖတ် ချင်သူကို စာဖတ်ချင်လာအောင် စည်းရုံးဆွဲဆောင်နိုင်ပေသည်။ စာဖတ်တတ် လျှင် ကာတွန်းရုပ်ပြ၊ ပုံပြင်စာအုပ်များကို စိတ်ဝင်တစား ဖတ်လာကြမည် ဖြစ်သည်။ ထိုမှတစ်ဆင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည့် စာပေမျိုး ကို လက်လှမ်းမီရာ ဖတ်ရှုနိုင်အောင် လေ့ကျင့်ပေးဖို့ လိုပါသည်။ လူတိုင်း စာဖတ်နိုင်ရန်အတွက် အခြေခံအကျဆုံးမှာ ကျေးရွာတိုင်းတွင် စာကြည့် တိုက်များ ထူထောင်ထားသင့်ပါသည်။

ပညာတတ်မှ နိုင်ငံတိုးတက်အောင် ဦးဆောင်ကြိုးပမ်းနိုင်မည်ဖြစ် သည်။ စာပေဖတ်ရှုခြင်းက အသိတရားနှင့် အတွေးအခေါ်ကို ရင့်ကျက်စေ နိုင်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူ ပြုရာရောက်ပေသည်။ အသိဉာဏ်ရှိသူများက စာကြည့်တိုက်၏တန်ဖိုးကို နားလည်ကြသည်။ ဗဟုသုတနည်းပါး သူတို့က စာကြည့်တိုက်၏ တန်ဖိုးကို နားမလည်ကြချေ။ စာကြည့်တိုက်တစ်ခုသို့ သွားရောက်စာဖတ်ခြင်းသည် မည်သည့်အရာနှင့်မျှ တန်ဖိုးချင်းလဲလှယ်၍ မရသည့်အရာ ဖြစ်သည်။ စာကြည့်တိုက်သို့ သွားရန်အတွက် ပေးဆပ်ရမည့်အရင်းအနှီးမှာ အချိန်ဖြစ် သည်။ မိမိကိုယ်ပိုင်အချိန်များမှ အချိန်အနည်းငယ်မျှကို စာကြည့်တိုက်တွင် အသုံးချပါက ပြန်လည်ရရှိလာမည့် အကျိုးအမြတ်မှာ အတွေးအခေါ်၊ ဗဟုသု တတစ်ပုံတစ်ပင်ကြီးဖြစ်သည်။ ကျေးလက်နေပြည်သူများအားလုံး စာကြည့် တိုက်တွင် စာပေဖတ်ရှုခြင်းဖြင့် အသိတရားများ ရရှိလာပြီး မိမိဘဝကိုအဓိပ္ပာယ်ရှိရှိ ရွေးချယ်ပုံဖော် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများအားလုံး အသိဉာဏ်ကြွယ်ဝ၍ ဖွံ့ဖြိုးတိုးတက် စေရန် အထောက်အကူပေးသော စာကြည့်တိုက်များကို ကျေးရွာတိုင်းတွင် အမှန်တကယ်ပင် ထူထောင်ထားရန် လိုအပ်လှပေသည်။

စာကြည့်တိုက်ဆိုသည်မှာ စာအုပ်နှင့် အခြားစာပေ ပစ္စည်းများကို ဖတ်ရှု အသုံးပြုနိုင်ရန်အတွက် စုဆောင်းထားရှိသော နေရာသာမဟုတ်။ ထို့ပြင် စာလာဖတ်ရုံသက်သက် တည်ထောင်ဖွင့်လှစ်ထားသည့် နေရာတစ်ခု လည်း မဟုတ်ပေ။ စာပေနှင့် စာဖတ်သူအကြား အတွေးအမြင်ချင်း ဖလှယ် ရာ ပေါင်းကူးတံတားတစ်ခုပင် ဖြစ်ပါသည်။ စာအုပ်ထဲမှ အယူအဆ တချို့သည် စာဖတ်သူ၏ ဦးနှောက်ထဲတွင် ပါသွားသလို စာဖတ်သူထံမှ အတွေးအခေါ်များသည်လည်း နေရာတွင် ကျန်ခဲ့တတ်ပေသည်။ ထို့ကြောင့် စာကြည့်တိုက်သည် အသိပညာ ဗဟုသုတများကို ဖြန့်ဖြူးပေးသော နေရာ ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာလိုလားသူတို့ မိမိဘာသာ လွတ်လပ်စွာ ပညာရှာနိုင်သော “လူထုတက္ကသိုလ်”တစ်မျိုးဖြစ်ပါသည်။ ကျောင်းသား လူငယ်များ ဉာဏ်ပညာဖွံ့ဖြိုးရေး၊ စာရိတ္တဖွံ့ဖြိုးရေး၊ ကျေးလက်နေ ပြည်သူများ ခေတ်မီပညာ ဗဟုသုတ တိုးပွားစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်များက အထောက်အကူပြုနေ ပါသည်။ ဤသို့ ပညာပြန့်ပွားအောင် ပြုလုပ်နေရာဖြစ်သော ကျေးရွာ စာကြည့်တိုက်များ စနစ်တကျတည်ရှိမှုနှင့် ထာဝစဉ် ရှင်သန်နိုင်ရေးတို့သည် အရေးကြီးလှပေသည်။

ကျေးရွာစာကြည့်တိုက်များ ထာဝစဉ်ရှင်သန်နိုင်ရေးအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းရန် ကျေးလက်နေပြည်သူများသာမက နိုင်ငံသား တိုင်းတွင် တာဝန်ကိုယ်စီ ရှိကြပါသည်။ ရှေးဦးစွာ အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကြီးဖြစ်ဖို့ အစဉ်လေ့လာ သင်ယူနေသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရမည်။ လေ့လာသင်ယူ၍ ရနိုင်သော အခွင့်အလမ်းများ ကို ဖန်တီးပေးထားရန်လည်း လိုအပ်လှသည်။ စာမတတ်သူကို စာတတ် လာအောင် လုပ်ပေးသကဲ့သို့ စာဖတ်တတ်လာသူများကို လုပ်ငန်း အကျိုးပြုစာများကို စာဖတ်ရှိန် မြှင့်တင်ပေးရန်အတွက် စာဖတ်ရန်နေရာများ၊ စာဖတ်ဖို့ စာအုပ်စာတမ်းများ၊ စာစဉ်များကို အဆင်သင့်ဖြစ်အောင် စီစဉ်ထားရန် လိုအပ်ပါသည်။ သို့မှသာ ကျေးရွာစာကြည့်တိုက်များ ထာဝစဉ် ရှင်သန်နိုင် ပေမည်။

စာဖတ်ခြင်း အလေ့အကျင့်သည် လူ့အသိဉာဏ်ကို ပိုမိုမြင့်မားစေနိုင် သည်။ အသိဉာဏ်မြင့်မားလာလျှင် စွမ်းဆောင်ရည်လည်း တိုးတက်လာပေ မည်။ “အလိမ္မာ စာမှာရှိသည်” ဆိုသည့်အတိုင်း စာဖတ်ခြင်းဖြင့် စာထဲမှ အသိတရားရရှိကာ အလိမ္မာ ရှိလာပေမည်။ စာဖတ်ခြင်းသည် အသိပညာ ကို တိုးပွားစေသည့်အပြင် မှားယွင်းသော အစွဲအလမ်းများကိုလည်း ပျောက် စေသည်။ လူတို့သည် ပျော်ရွှင်မှုအတွက်သာမက အသိပညာအတွက်လည်း စာဖတ်ရပေမည်။ ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာတွင် ပါရှိသည့် “မှတ်ဖွယ် မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေ စကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ ရှိသည့်သာသည့်””ဟု ဆိုသည့် အတိုင်း စာဖတ်ခြင်းကြောင့် နိုင်ငံသားတိုင်း အသိဉာဏ် ဖွံ့ဖြိုးတိုးတက် လာကာ လိမ္မာရေးခြား ရှိလာပေမည်။

စာဖတ်ခြင်း အလေ့အကျင့်ကြောင့် လူ့အသိဉာဏ်ကို ပိုမိုမြင့်မားစေ နိုင်သကဲ့သို့ စွမ်းဆောင်ရည်လည်း မြင့်မားလာမည်ဖြစ်သည်။ စွမ်းဆောင် ရည် မြင့်မားသူသည် မည်သည့်အခါမျှ နိမ့်ကျသည့်ဘဝတွင် ရပ်တည် နေထိုင်ရမည် မဟုတ်ပေ။ ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်စေရန် အမြဲ ပင် တီတွင်ကြံဆ နည်းလမ်းရှာကြပေလိမ့်မည်။ ထိုအခါ ပိုမိုကောင်းမွန်

သောဘဝကို ပိုင်ဆိုင်လာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းလည်း မြင့် မားလာမည်။ ထို့ကြောင့် ကျေးရွာနေ ပြည်သူများအားလုံး လူနေမှုအဆင့် အတန်း မြင့်မားလာစေရန် ကျေးရွာစာကြည့်တိုက်များတွင် စာပေများ ဖတ်ရှု လေ့လာသင့်လှပေသည်။

ကျေးလက်နေ ပြည်သူများအားလုံး ကျေးရွာစာကြည့်တိုက်တွင် စာပေဗဟုသုတများ ရှာမှီးစုဆောင်းခြင်းကြောင့် ကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာပေမည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်း ရပ်တည်လာနိုင်သည်။ အသိပညာ ကြွယ်ဝမှုကြောင့် ကျေးလက်နေ ပြည်သူ များလည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်း နိုင်ခဲ့ပေ သည်။ ခေတ်မီသိပ္ပံနှင့် နည်းပညာရပ်များသည်လည်း အချိန်နှင့် တစ်ပြေးညီ တိုးတက်ဖြစ်ထွန်းလာနိုင်သည်။ နိုင်ငံတော်၏ အခြေခံအကျဆုံးသော

ကျေးရွာများနှင့် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်ကြီးလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပေသည်။ ထို့ကြောင့် နိုင်ငံတော် ကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာစေရန် ကျေးရွာများတွင် စာကြည့်တိုက်များ ထူထောင်ပေးသင့်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် စာပေကြောင့် ပညာရ၍ အသိတရား ရှိလာနိုင်ပါသည်။ အသိတရားရှိလျှင် နိုင်ငံတော်အကျိုးကို လိုလားစွာ ထမ်းဆောင်လိုစိတ် ရှိလာမည်ဖြစ်သည်။ အသိတရား ကင်းမဲ့သူက နိုင်ငံ နှင့် လူမျိုးအကျိုးကို ဆောင်ရွက်မည် မဟုတ်ဘဲ နိုင်ငံတော်ကြီး ပျက်စီးရာ ပျက်စီးကြောင်းကိုသာ လုပ်ဆောင်နေပေမည်။ အသိတရားရှိစေရန် စာပေ ကသာ လမ်းပြပေးနိုင်သည်။ အသိတရားရှိရန် စာကြည့်တိုက်များ မရှိမဖြစ် လိုအပ်လှပေသည်။ ပြည်သူများ စာဖတ်လာစေရန် ဖွင့်လှစ်ပြီး စာကြည့် တိုက်များ ရှင်သန်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းသင့်ပါသည်။ ကျေးရွာနေ ပြည်သူများအားလုံး အသိတရား လင်းလက်စေရန် ကျေးရွာ တိုင်းတွင် စာကြည့်တိုက်များ ထူထောင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါ တော့သည်။