Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဆရာဦးလှထွန်း(နာဂသိန်မြန်မာစာ) - အဌမတန်းလက်တွေ့လေ့ကျင့်စာစီစာကုံးများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ကျောင်းသူကျောင်းသားများ

စာစီစာကုံးကို ဖတ်ရှုလေ့လာနည်းယူနည်း

အမှာစာ

(၁) - စာစီစာကုံးကို ရေးနည်းအရ (၄)မျိုးခွဲခြားထားပါသည်။

ယင်းတို့မှာ..........

၁-          သရုပ်ဖော်ရေးနည်း စာစီစာကုံး၊

၂-           ဖြစ်စဉ်ပြ စာစီစာကုံး၊

၃-          ဖွင့်ဆိုရှင်းပြ စာစီ . စာကုံး၊

 ၄-         ကျိုးကြောင်းပြ စာစီစာကုံးတို့ဖြစ်ပါသည်။

 

(၂) - ရေးနည်းအရ စာစီစာကုံး အမျိုးအစား (၄) မျိုးကွဲပြားနေသည်နှင့်အမျှ စာစီစာကုံးရေးနည်း သဘောတစ်ခုနှင့်တစ်ခု မတူကြပါ။ ယင်းသို့ စာစီစာကုံး အမျိုးအစားအလိုက် ရေးနည်းကွဲပြားသောသဘောကို ခွဲခြားသိမြင်ရန် လိုအပ် ပါသည်။ ဤသို့ခွဲခြားသိမြင်နိုင်ရန်အတွက် ရေးနည်းအလိုက် ဖတ်ရှုလေ့လာ နည်းယူနည်းများကို ဖော်ပြသွားပါမည်။

 

(၃) - သရုပ်ဖော်ရေးနည်းကို လေ့လာသောရှုထောင့် -

 

သရုပ်ဖော်ရေးနည်းဟူသည် အရာဝတ္ထုတို့၏ ပုံပန်းသဏ္ဌာန်၊ အရောင် • အဆင်း အသံရှိသည်တို့ကို စာဖတ်သူ၏စိတ်မျက်စိတွင် မြင်ယောင်လာအောင် စိတ် နားတွင် ကြားယောင်လာအောင် အသေးစိတ်သရုပ်ဖော် ရေးသားရသောနည်း ဖြစ်သည်။ အဆင်း၊ အသံသာမက အနံ့၊ အရသာ၊ အထိအတွေ့ တို့ကိုလည်း စာဖတ်သူ အနံ့ရလာအောင်၊ အရသာရှိလာအောင် အထိအတွေ့ အကြမ်းအနုကို ခံစားရလာအောင် သရုပ်ဖော်ရေးဖွဲ့နိုင်ပါသည်။

ကျောင်းသူကျောင်းသားတို့ ရေးသားထားသော သရုပ်ဖော်စာစီစာကုံးများ ကို ဖတ်ရှုလေ့လာရာတွင် သရုပ်ဖော်ပုံဖော်နည်းတွင် (၁) နာမ်ကို ကွင်းကွင်းကွက် ကွက် ဖော်နိုင်သော နာမဝိသေသနအသုံး၊ (၂) ကြိယာကို ကွင်းကွင်းကွက်ကွက် ဖော်နိုင်သော ကြိယာအသုံး၊ (၃) သရုပ်ဖော်သည့် အကြောင်းအရာနှင့် လိုက်ဖက်

သော တန်ဆာဆင်၍ ရေးဖွဲ့ခြင်းဟူသည့် အလင်္ကာအသုံး၊ (၄) သရုပ်ဖော်သည့် အကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူ၏ထင်မြင်ချက်၊ ဝေဖန်ချက်၊ ခံစားချက် စသည့် အသုံးအနှုန်းတို့ကို ဖော်ထုတ်ကြည့်ရပါမည်။ ဤသို့ ပိုင်းခြားလေ့လာ ကြည့်လျှင် သရုပ်ဖော်ပုံနည်းနှင့် ပတ်သက်သော လိုက်ဖက်သည့် အရေးအသား ရေးပုံရေးနည်းကို သိမြင်နိုင်ပါသည်။

 

(၄) - ဖြစ်စဉ်ပြရေးနည်းကို လေ့လာသောရှုထောင့်

 

ဖြစ်စဉ်ပြရေးနည်းဟူသည် အကြောင်းအရာ အဖြစ်အပျက်တစ်ခုခု (သို့ မဟုတ်) ဇာတ်လမ်းတစ်ခုခုကို အဖြစ်အပျက် တိုးတက်ဖြစ်ထွန်းမှု အစဉ်အတိုင်း (ဝါ)အချိန်ကာလစဉ်အတိုင်း အစဉ်အပျက် ကွင်းဆက်မိအောင် ရေးသားရသော နည်းဖြစ်သည်။

အဖြစ်အပျက်ဆိုရာ၌ နာရီပိုင်းအတွင်း ဖြစ်ပျက်သော အဖြစ်အပျက်၊ တစ်နေ့တာအဖြစ်အပျက်၊ တစ်လတာအဖြစ်အပျက်၊ တစ်နှစ်တာအဖြစ်အပျက်၊ တစ်ဘဝတာအဖြစ်အပျက် စသည်ဖြင့် အချိန်ကာလ အတိုအရှည် အမျိုးမျိုးကွဲပြား နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်ကို အစမှအဆုံးတိုင် အချိတ် အဆက် မိမိရေးသားဖော်ပြနိုင်လျှင် ဖြစ်စဉ်ပြစာစီစာကုံးတစ်ပုဒ် ပြီးမြောက်မည် ဖြစ်ပါသည်။

ဖြစ်စဉ်ပြစာစီစာကုံးသည် သရုပ်ဖော်စာစီစာကုံးကဲ့သို့ သက်ရှိသက်မဲ့တို့၏ ပုံပန်းသွင်ပြင်ကို ရေးဖွဲ့ ရသည်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့ကို မြင်ယောင် လာအောင် ဖော်ပြရန်ထက် ၎င်းတို့ဖြစ်ပျက် ရွေ့လျားနေပုံကို ဖော်ပြရန်ကပို၍ အဓိကကျသည်။

ဖြစ်စဉ်ပြစာစီစာကုံးကို လေ့လာရာတွင် (၁)ရုပ်အမူအရာတို့၏ ရွေ့ လျား ပြောင်းလဲမှု၏ အစဉ်ကိုသိသာအောင် ရေးနိုင်မရေးနိုင်၊ (၂) ဖြစ်စဉ်ပြရေးနည်းတွင် ကာလစဉ်ကျမှုနှင့် ယုတ္တိတန်မှုသည် အရေးပါလှသည်။ ကာလစဉ်ကျမှု ဆိုသည် မှာ ဖြစ်ပျက်သော အချိန်ကာလတို့သည် အစီအစဉ်ကျကျ ရှိမရှိ။ ယုတ္တိတန်မှု ဆိုသည်မှာ မည်သည့်ကာလစဉ်မျိုးတွင် ဖြစ်ပျက်သည်ဖြစ်စေ ထိုအဖြစ်အပျက်တို့သည် တစ်ခုနှင့်တစ်ခု ကျိုးကြောင်းဆက်စပ်မှုရှိမရှိ၊ (၃) ကာလစဉ် စည်းရုံး မှုဆိုသည်မှာ အဖြစ်အပျက်တို့သည် မည်သည့်ကာလစဉ်မျိုးတွင် ဖြစ်ပျက်သည် ဖြစ်စေ ထိုအဖြစ်အပျက်တို့သည် နောက်ဆုံးကာလ၌ ဆုံစည်းမိခြင်းရှိမရှိဟူသော ပေတံတို့ဖြင့် တိုင်းတာ လေ့လာနည်းယူရပါမည်။

 

(၅) - ဖွင့်ဆိုရှင်းပြ စာစီစာကုံးရေးနည်းကို လေ့လာသောရှုထောင့်

 

ဖွင့်ဆိုရှင်းပြ စာစီစာကုံးဟူသည် အကြောင်းအရာတစ်ရပ်ရပ်ကို စာဖတ်သူ တို့နားလည်သိရှိအောင် (သို့မဟုတ်) လိုက်နာဆောင်ရွက်တတ်အောင် အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်း ရေးသားရသော နည်းဖြစ်သည်။

ဖွင့်ဆိုရှင်းပြ စာစီစာကုံးရေးနည်းကို လေ့လာရာတွင် (၁) နိဒါန်းစာပိုဒ် သည် စာစီစာကုံးခေါင်းစဉ်ကို အကျဉ်းချုပ် ရှင်းလင်းဖွင့်ဆိုခြင်း ရှိမရှိ၊ (၂) ခေါင်းစဉ် အကြောင်း လမ်းခင်းမိတ်ဆက်ပေးသော သဘောရှိမရှိ၊ (၃) စာဖတ်သူက နိဒါန်း ဖတ်လိုက်ရုံနှင့် စိတ်ဝင်စားပြီး ဆက်ဖတ်ချင်အောင် ရေးနိုင်စွမ်းရှိမရှိ ကြည့်ရပါမည်။

ဖွင့်ဆိုရှင်းပြ စာစီစာကုံး စာကိုယ်ပိုင်းကို လေ့လာရာတွင် (၁) ခေါင်းစဉ် နှင့် ပတ်သက်၍ အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းခြင်း၊ (၂) ခေါင်းစဉ်နှင့် ပတ်သက်၍ တူရာတူရာကို နှိုင်းယှဉ်ပြခြင်း၊ မတူရာ မတူရာကို ဆန့်ကျင်နှိုင်းယှဉ်ပြ နိုင်ခြင်းရှိမရှိ၊ (၃) ခေါင်းစဉ်နှင့်ပတ်သက်၍ သာဓကများဆောင်ပြနိုင်ခြင်း ရှိမရှိ၊ (၄) ခေါင်းစဉ်နှင့်ပတ်သက်၍ အမျိုးအစားခွဲခြား ဖော်ပြနိုင်ခြင်း ရှိမရှိ၊ (၅) ခေါင်းစဉ် နှင့်ပတ်သက်သော ပညာရှင်တို့၏ အဆိုအမိန့်တို့ကို ကိုးကားဖော်ပြနိုင်ခြင်း ရှိမရှိ၊ (၆) ခေါင်းစဉ်နှင့်ပတ်သက်၍ ကိုယ်တွေ့ အတွေ့အကြုံများ ထည့်သွင်းရေးသား နိုင်ခြင်းရှိမရှိဟူသော ရှုထောင့်တို့ဖြင့် လေ့လာကြည့်ရှုရပါမည်။

ဖွင့်ဆိုရှင်းပြ စာစီစာကုံး နိဂုံးချုပ်ရာတွင် (၁)နိဒါန်းတွင် ဖွင့်ခဲ့သော ဝါကျဖြင့် ထိုဝါကျကို နိဂုံးတွင် ပြန်လည်ဖော်ပြနိဂုံးချုပ်ခြင်း၊ (၂)ခေါင်းစဉ်နှင့် ပတ်သက်သော ကဗျာလေးတစ်ပုဒ်၊ သီချင်းကလေးတစ်ပုဒ်ဖြင့် နိဂုံးချုပ်ခြင်း၊ (၃) စာကိုယ်တွင်ဖော်ပြခဲ့သော အချက်များကို အကျဉ်းချုပ် ပြန်လည်စုစည်းဖော်ပြ၍ နိဂုံးချုပ်ခြင်း၊ (၄) ခေါင်းစဉ်နှင့်ပတ်သက်သော ပညာရှင်တို့၏ အဆိုအမိန့်တစ်ခုခုကို ကိုးကား ဖော်ပြ၍ နိဂုံးချုပ်ခြင်း၊ (၅)ခေါင်းစဉ်နှင့်ပတ်သက်၍ မိမိ၏ထင်မြင်ချက်၊ ခံစားချက်၊ သင်ခန်းစာတိုက်တွန်းချက်တစ်ခုခုကို ဖော်ပြ၍ နိဂုံးချုပ်ခြင်းတို့နှင့် ကိုက်ညီခြင်းရှိမရှိ လေ့လာရပါမည်။

 

 

 (၆) ~ ကျိုးကြောင်းပြ စာစီစာကုံး၊ ရေးနည်းကို လေ့လာသောရှုထောင့်။

 

ကျိုးကြောင်းပြစာစီစာကုံး ဟူသည့်အကြောင်းအရာ တစ်ရပ်ရပ် (သို့ မဟုတ်) အဆိုတစ်ခုခုကို စာဖတ်သူတို့ နားဝင်လက်ခံအောင် ဤအကြောင်းကြောင့် ဤသို့ အကျိုးဖြစ်ရသည်ဟု အကြောင်းအကျိုးဆက်စပ်၍ ဆွဲဆောင်ရေးသား ရသောနည်း ဖြစ်သည်။

ကျိုးကြောင်းပြသည် ဖွင့်ဆိုရှင်းပြထက် တစ်ဆင့်တက်သည့် သဘောရှိ သည်။ ဖွင့်ဆိုရှင်းပြတွင် စာဖတ်သူ သဘောပေါက်နားလည်သွားအောင် ရှင်းလင်း ဖွင့်ဆိုသည့် အဆင့်မှာ ရပ်သည်။ ကျိုးကြောင်းပြတွင်မူ သဘောပေါက်နားလည်ရုံ သာမက ယုံကြည်လက်ခံဖွယ်ဖြစ်အောင် အကျိုးအကြောင်း ဆက်စပ်ပြရသော သဘောရှိသည်။ စာဖတ်သူ ယုံကြည်လက်ခံနိုင်စေရန်အတွက် အကျိုးအကြောင်း သင့်မှု၊ ယုတ္တိတန်မှုရှိရန် အရေးကြီးသည်။

ကျိုးကြောင်းပြရာတွင် (၁) သီးခြားသဘောနှင့် ဆိုင်သောအချက်အလက် တို့ကို အသေးစိတ်စိစစ်၍ ယေဘုယျသဘောကို ခြုံ၍စီစဉ်ကာ ကျိုးကြောင်းပြခြင်း၊ (၂) ယေဘုယျသဘောကိုအခြေခံ၍ သီးခြားပုဂ္ဂလိကသဘော ဖြစ်ခြေကို ဆင်ခြေ၍ ကျိုးကြောင်းပြခြင်း၊ (၃) အမျိုးကွဲသောအရာနှစ်ခုမှ ဆင်တူသောအချက် အချင်း ချင်းကို နှိုင်းယှဉ်ပြ၍ အကျိုးသင့်အကြောင်းသင့် တင်ပြပြီး မိမိလိုရာသို့ပါအောင် ဆွဲဆောင်ရေးသားခြင်း၊ (၄) ခိုင်လုံသောအကျိုးအကြောင်း အထောက်အထား၊

သာဓကများပြ၍ အကြောင်းသင့်အကျိုးသင့် တင်ပြခြင်း၊ (၅) အကြောင်းဆိုသော အကြောင်းတရားကြောင့် ထိုသို့သောအကျိုးတရားများ ဖြစ်ပေါ်လာရသည်ဟု စာဖတ်သူလက်ခံရလောက်အောင် အကြောင်းသင့်အကျိုးသင့် တင်ပြခြင်း ဟူသော သဘောတို့ဖြင့် လေ့လာစိစစ်ရာသည်။ ။

ဤသို့လျှင် စာစီစာကုံး အမျိုးအစားအလိုက် အခြေခံရမည့် ဖတ်ရှုလေ့လာ နည်းယူနည်းကို အသုံးပြုတတ်လျှင် အမောင်ကျောင်းသားကျောင်းသူတို့ ကိုယ် တိုင် စာစီစာကုံးအရေးအသား တိုးတက်လာမည် ဖြစ်ပါသည်။ ။

စာစီစာကုံးအရေးအသား တိုးတက်ထွန်းကားပါစေ။

ဆရာဦးလှထွန်း (နာဂသိန် မြန်မာစာ)

တွဲဖက်ပါမောက္ခ (ငြိမ်း)