Skip to product information
1 of 3

Other Websites

ဆရာတော်ဦးဇောတိက - အရှုပ်ထဲမှာရှင်းအောင်နေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အရှုပ်ထဲမှာ ရှင်းအောင်နေ

ဒကာကြီးတွေ၊ ဒကာမကြီးတွေမှာ အလုပ်အင်မတန် များကြ တယ်။ စီးပွားရေးတွေ အလုပ်တွေကလည်းပဲ အရင်ကနဲ့ မတူဘူး။ အများကြီး ပိုလုပ်ကြရတယ်။ ခေတ်အခါကာလကိုက အရင်လို အေးအေးဆေးဆေး ပုံမှန်နေလို့ရတဲ့ ခေတ်အခါကာလ မဟုတ်တော့ဘူး။ အရင်ထက် အများကြီးပိုလုပ်ရတော့ စိတ်လည်း အများကြီး ပိုပင်ပန်း တယ်။ အဲဒီလို စိတ်ပင်ပန်းတာကို တစ်နည်းနည်းနဲ့ သက်သာအောင် မလုပ်နိုင်လို့ရှိရင် ကြာရင် အဲဒီစိတ်ပင်ပန်းတဲ့ အတွက်ကြောင့်ကိုပဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေးချို့တဲ့တာတို့ ဘာတို့ ဖြစ်လာသလို စိတ်မှာလည်း ကျန်းမာရေး ချို့တဲ့မှုတို့ ဘာတို့ ဖြစ်သွားနိုင်တယ် နော်။

စိတ်ပင်ပန်းလွန်းပြီးတော့ nervous breakdownဖြစ်တယ်။ ဆိုတာမျိုးတွေဟာ ကြားဖူးမှာပဲ။ အဲဒီတော့ တစ်နေ့တာအတွင်းမှာ သွားလာလုပ်ကိုင် နေကြတာတွေမှာ ကိုယ့်စိတ်နဲ့ မတည့်တာတွေ၊ အလိုမကျတာတွေ၊ အဆင်မပြေတာတွေဆိုတာ အများကြီးပဲ ကြုံရ တွေ့ရပါတယ်။ လူ့လောကမှာ လှုပ်ရှားသွားလာနေတဲ့အခါ အဆင် မပြေတာတွေ မတွေ့ရအောင်ကတော့ နေလို့ကို မရပါဘူး။ လောကရဲ့ သဘာဝကိုက အဆင်မပြေတာ အမြဲတမ်း ရှိနေတာပါပဲ။ လောကကြီး ဟာ ကိုယ့်စိတ်တိုင်းကျ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ အဲဒီလို စိတ်တိုင်းကျ မဖြစ်တာကိုဘဲ ကိုယ်က မနေတတ်လို့ရှိရင် အများကြီး စိတ်ပင်ပန်းမယ်၊ စိတ်ဆင်းရဲမယ်။ ဒါကြောင့် နေတတ်ဖို့ လိုတယ်။ စိတ်ထားတတ်ဖို့ လိုတယ်နော်။

ပရမ်းပတာဖြစ်နေတဲ့ မသေချာ မရေရာမှုတွေ အပြည့်ရှိနေတဲ့ အထဲမှာ ကိုယ်က လမ်းရှာပြီး သွားလို့ရတယ်။ ဥပမာ-အင်မတန် ရေစီးသန်ပြီး ကျောက်ဆောင်တွေ အချွန်အတက်တွေ အကွေ့အကောက် တွေပေါတဲ့ မြစ်ကြီးထဲမှာ လူတွေ မျောပါနေကြတယ်။ တချို့လူတွေက တကိုယ်လုံး မြုတ်ပြီး မျောနေတယ်။ သူတို့ဟာ အချွန်အတက်တွေနဲ့ တိုးမိမယ်။ အကွေ့အကောက် ရှိနေရင်လည်း တိုက်မိမယ်။ ရေစီးသန် သန်နဲ့ မျောပါလာတဲ့ သစ်တုံးကြီးတွေနဲ့ ဝင်ဆောင့်မိမယ်။ တချို့ ကတော့ ခေါင်းလေးဖေါ်ပြီး မျောနေတယ်။ သူတို့က အန္တရာယ်ကိုရှောင်နိုင်တယ်။ အဝေးကနေ ကွင်းပြီး ရှောင်လို့ရတယ်။ အင်မတန် သက်သာရာရတယ်။ ဒါကြောင့် မျောနေတာချင်းအတူတူ ခေါင်းလေး ဖေါ်ပြီး မျောနေတဲ့သူက အင်မတန် သက်သာတယ်။ ခေါင်းဖေါ်ပြီး မျောတတ်ဖို့လိုပါတယ်။

တစ်ဖက်စောင်းနင်း မဖြစ်ဖို့

ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲ ယူဖို့ မရနိုင်ပါဘူး။ အင်မတန် ကြိုးစားရင် နည်းနည်းလောက်များ ရမလား မပြောတတ်ဘူး။ ဒါတောင်မှ သိပ်မပြောနိုင်ဘူး။ သို့သော် ( ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ ကြည့်ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု၊ စိတ်အေး ချမ်းမှု၊ ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ။

ဘဝရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ပစ္စည်းဥစ္စာ ပြည့်စုံတာ၊ စားဝတ်နေရေး ပြည့်စုံတာလည်းပဲ ဘဝရဲ့ အရည်အသွေး တစ်နည်းအားဖြင့် မြင့်မားတာပဲ။ ပစ္စည်းဥစ္စာ အင်မတန် ချို့တဲ့နေတဲ့သူ၊ စားဝတ်နေရေး အင်မတန် ချို့တဲ့နေတဲ့သူဟာ စားဖို့တောင်မှ အနိုင်နိုင် ဖြစ်နေလို့ရှိရင် အာဟာရချို့တဲ့လို့ ကျန်းမာရေး လည်း ထိခိုက်မှာပဲ။ စားဝတ်နေရေး ချို့တဲ့လို့လည်းပဲ သူ့မှာ စိတ် ဆင်းရဲမှုဆိုတာ ဖြစ်ဦးမှာပဲ။ အဲဒီတော့ စားဝတ်နေရေး ချို့တဲ့လာလို့ ရှိရင် ကျန်တဲ့ကျန်းမာရေးတို့ လှူရေးတန်းရေး၊ ကုသိုလ်ရေး၊ လူမှုရေး၊ ပညာရေးအပါအဝင် အစစအရာရာ ချို့တဲ့လာနိုင်တာပဲ။

ဒါကြောင့် စားဝတ်နေရေးဆိုတာ အရေးကြီးပါတယ်။ သို့သော် စားဝတ်နေရေးတစ်ခုတည်း ပြည့်စုံရုံနဲ့ ဘဝရဲ့ အရည်အသွေးဟာ ပြည့်စုံပြီလို့တော့ မပြောနိုင်ဘူး။ ကျန်းမာရေးလည်း ကောင်းဦးမှ၊ စိတ်ချမ်းသာမှုလည်း ရှိဦးမှ၊ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင်လည်းပဲ နေဖို့ရာ အချိန်ရှိဦးမှ...။ အဲဒီလို အဘက်ဘက်က ပြည့်စုံမှသာ ဘဝရဲ့ အရည်အသွေးဟာ မြင့်မားတယ်လို့ ပြောနိုင်တယ်။ ပိုက်ဆံတစ်ခုတည်း ချမ်းသာရုံနဲ့ ဘဝရဲ့အရည်အသွေးဟာ ပြည့်စုံပြီလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့ စဉ်းစား ကြတဲ့အခါမှာ တစ်ဖက်စောင်းနင်း မဖြစ်အောင် စဉ်းစားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။

သိဖူးတဲ့ ဒကာကြီးတစ်ဦး

တချို့လူတွေဟာ အလုပ်ကို အင်မတန် ကြိုးစားတယ်။  အလုပ်ကတော့ အင်မတန် အဆင်ပြေပါတယ်။ အများကြီး တိုးတက်ပါ တယ်။ ဒါပေမဲ့ ကျန်တဲ့ဘက်က အကုန်လုံး ဆုတ်ယုတ်သွားတယ်နော်။ သိတဲ့ ဒကာကြီးတစ်ယောက် စီးပွားရေး အများကြီး လုပ်ပါတယ်။ စီးပွားရေး အဆင်ပြေလွန်းလို့ လုပ်ငန်းတွေကို အများကြီး တိုးချဲ့ရ တယ်။ တိုးချဲ့ရလွန်းတဲ့အခါကျတော့ မိုးလင်းက မိုးချုပ်ထိအောင် အလုပ် လုပ်ရတယ်။ မနက်လင်းတာနဲ့တစ်ပြိုင်နက် သူ အိမ်ကနေ ထွက်သွားပြီ။ နေ့လယ် နေ့ခင်းလည်း အိမ်ပြန်ပြီးတော့ ထမင်း မစား နိုင်ဘူး။ အပြင်မှာပဲ စားတယ်။

မိုးချုပ်လို့ ညနေ (၇၀၀)နာရီလောက်မှ အိမ်ပြန်လာလေ့ရှိ တယ်။ အိမ်ရောက်လာရင်လည်း တစ်နေကုန် အလုပ် လုပ်ရတာ ပင်ပန်းလွန်းလို့ ဘာမှ မလုပ်နိုင်တော့ဘူး။ ချက်ချင်း အိပ်ရာထဲသွားပြီး အိပ်တော့တာပဲ။ တစ်ရေးနိုးမှ ည (၉းဝဝ)နာရီလောက်ကျမှ ထပြီးတော့ ထမင်းစားတယ်။ ထမင်းစားပြီးရင် ဘာလုပ်လဲဆိုတော့ တစ်နေကုန် လုပ်ငန်းတွေက ပါလာတဲ့ စာရင်းတွေ၊ ဖြတ်ပိုင်းတွေကို ည(၁၁း၀၀) နာရီ (၁၂၀၀)နာရီအထိ စာရင်း ထိုင်လုပ်ရတယ်။ အဲသလို လုပ်ပြီးမှ အိပ်ရတယ်တစ်ခါ မနက်အစောကြီး (၇း၀၀) နာရီလောက် ထပြီး မြန်မြန် အလုပ်ကို သွားတယ်။ အိမ်က မိသားစုနဲ့ စကားပြောဖို့အချိန်၊ သူ့သားသမီးနဲ့ စကားပြောဖို့အချိန် သူ့မှာ မရှိဘူး။

 အဲဒီလို မရှိတော့ သားသမီးတွေကရော၊ သူ့အိမ်က အိမ်သူ ဇနီးကရော နည်းနည်း စိတ်မချမ်းသာ ဖြစ်တာပေါ့လေ...။ ရိုးရိုးလေး ပြောရမယ်ဆိုရင်တော့ အေးအေးဆေးဆေး ပြောဖို့ ဆိုဖို့ရာ အချိန်မှ မရပဲကိုး။ မေတ္တာကို မရသလို ဖြစ်သွားတယ်။ မေတ္တာငတ်သလို ဖြစ်တယ်။ သားသမီးတွေကလည်း မေတ္တာတ်တယ်။ သူ့ အိမ်သူ ဇနီးကလည်း မေတ္တာငတ်တယ်။ သူ့အိမ်သူ ဇနီးက၊ သူ ထမင်း စားရင်တောင် တစ်ယောက်တည်း စားရတာပဲတဲ့။ သူ့ခင်ပွန်း ပြန်လာ တဲ့အထိတောင် သူ မစောင့်နိုင်တော့ဘူး။ အဲဒီလို မိသားစုနဲ့ ပတ်သက် ပြီးတော့ စိတ်ချမ်းသာမှု၊ သာယာမှု၊ ပျော်ရွှင်မှု မရှိတော့ဘူး။

အဲဒီတော့ တည့်တည့်ပြောရရင် သူ့ဇနီးက အဲဒီအကြောင်းကို ပြောပြောပြီးတော့ ငိုတာပဲ။ ပိုက်ဆံတွေတော့ အများကြီး ရှိပါတယ်၊ အလုပ်တွေကတော့ အင်မတန် အဆင်ပြေပါတယ်၊ ဒါပေမဲ့ စိတ်ချမ်း

သာမှု မရှိပါဘူး။ ဒါကြောင့် ကိုယ့်ဘဝကို စဉ်းစားတဲ့အခါမှာ အဲဒီလို တစ်ဖက်စောင်းနင်း မဖြစ်အောင်၊ balance ရှိအောင်၊ အများကြီး သတိထားဖို့ လိုလိမ့်မယ်။

အပြောင်းအလဲများသောခေတ်

အခုခေတ်က အမျိုးမျိုး အပြောင်းအလဲတွေ ဖြစ်နေတယ်။ အပြောင်းအလဲတွေက အင်မတန် များလွန်းလို့ လူတွေက တစ်ခါတလေ

ရှေ့ကို ဘာဖြစ်မလဲဆိုတာကို မသိတဲ့အတွက် စိတ်ပိုပြီးတော့ ပင်ပန်း ကြတယ်။

The ability to handle stress is one of the talents that can play a key role in helping you enhance the quality of your life.

 စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုကို ခံနိုင်ရည်ရှိတာဟာ ကိုယ့် ဘဝရဲ့ အရည်အသွေးကို ပိုကောင်းလာစေဖို့အရေးမှာ အင်မတန် အရေးပါတဲ့ အချက်ဖြစ်တယ်။

stress ကို ခံနိုင်ရည်မရှိရင် စိတ်ဓါတ်ကျတာ ဖြစ်မယ်။“ ငါ မတတ်နိုင်တော့ဘူးထင်တယ်” ဆိုပြီး ဘာမှ မလုပ်နိုင်တော့တဲ့ ဘဝကို ရောက်သွားမယ်။

လူတိုင်းလိုအပ်တဲ့ အရည်အချင်းဟာ ဘာလဲလို့ဆိုတော့၊ stress  များတဲ့ကြားမှာပဲ (cool, calm and collected)  တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်ရမယ်၊ အလုပ်တွေကို အများကြီး လုပ်နိုင်ရမယ်၊ (good frame of mind) စိတ်ကို ပုံမှန်ကောင်းနေအောင် ထားနိုင်ရမယ်။

စိတ်ပင်ပန်းတာ သောကများတာဟာ လူတွေမှာ မလွဲမသွေ ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် သောကကို နားလည်ပြီး နေတတ်ဖို့လိုတယ်။

သောကဖြစ်စရာတွေ ရှိနေပေမဲ့ လုပ်သင့်တာတွေကို ဆက်ပြီး လုပ်နိုင်အောင် ဘယ်လိုသဘောထားရမယ်၊ ကိုယ့်ရဲ့ အင်အားတွေ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်တွေ ပျောက် မသွားအောင် ဘယ်လိုနေရမယ်ဆိုတာကို လေးလေးနက်နက် သိထား ရမယ်။

ရှေ့လျှောက်တော့ အလုပ်များတာဟာ သမားရိုးကျ အခြေအနေ ဖြစ်မှာပါ။ စကားထဲ ထဲ့ပြောနေလို့ မထူးတော့ဘူး။

ရှေ့လျှောက် ကိုယ့်ဘဝကို အဆင်ပြေပြေ နေသွားချင်တယ် ဆိုရင် (peace of mind) စိတ်ငြိမ်းချမ်းမှုကို မပျက်အောင် ထိန်းပြီး နေနိုင်တဲ့ အရည်အချင်း ရှိမှဖြစ်မယ်။ ပင်ပန်းပေမဲ့ စိတ်ဓာတ်မကျဖို့

ကိုယ့် ကိုယ်ကိုယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေးလေး နက်နက် စဉ်းစားရမယ်၊ လေ့လာရမယ်။

People are overwhelmed by change.

လူတွေဟာ အပြောင်းအလဲတွေ များလွန်း မြန်လွန်းလို့ မနိုင် မနင်း ဖြစ်နေကြတယ်၊

We have to condition ourselves to chaos.

chaos ဆိုတဲ့အင်္ဂလိပ်စကားလုံးဟာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်သွားတာကို chaosလို့ခေါ်တယ်။“ငါတို့ဟာ ပရမ်းပတာ ဖြစ်နေ တာကို ခံနိုင်ရည်ရှိအောင် ကိုယ့်ကိုယ်ကိုကိုယ် လေ့ကျင့်ပေးရမယ်။”

Conditions are going to be changing at a faster pace in the future.

အနာဂတ်ကာလမှာ အခြေအနေတွေဟာ ပိုပြီးတော့လျင်လျင် မြန်မြန် ပြောင်းလဲသွားလိမ့်မယ်။ ။

အခု မြန်မာပြည်မှာ ၄-၅နှစ်အတွင်း ဘယ်လောက် အပြောင်း အလဲတွေ ဖြစ်နေပြီလဲ၊ ဘယ်လောက် မြန်သလဲ၊ စဉ်းစားကြည့်နော်၊ အင်မတန် မြန်တယ်။ တချို့ဆို လိုက်လို့တောင် မမီတော့ဘူး။

The pendulum swings are going to be wider.

pendulum ဆိုတာ ချိန်သီးကို ပြောတာနော်။ နာရီ ချိန်သီးကြီး လိုပဲ။ ချိန်သီးဟာ ဟိုဘက်ဒီဘက်ကို လွှဲနေတာ၊ ရမ်းနေတာဟာ အရင်ကနဲ့ မတူတော့ဘူး။ အရင်ကထက်ပိုပြီး အဝေးကြီးကို လွှဲမယ်၊ အရင်ကထက် ကျယ်ကျယ် လွှဲမယ်။ အရင်တုန်းက ဒီနားလေးမှာ ကပ်ပြီးတော့ပဲ နည်းနည်းလေးပဲ လွှဲတယ်၊ အခု အဝေးကြီးကိုလွှဲမယ်။ တင်စားပြီး ပြောတာနော်။ ဘဝမှာ အပြောင်းအလဲတွေဟာ အများကြီး ဖြစ်လာနေတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)