ဆရာတော်ဦးဇောတိက - အခွင့်အရေးနှင့်တာ၀န်
အခွင့်အရေးနှင့်တာဝန်
တချို့ ဒကာ၊ဒကာမတွေ ဘုန်းကြီးရဲ့ စာအုပ်တွေကို ဖတ်ပြီးတော့ ဘုန်းကြီးဆီကို စာရေးကြတယ် (၁၅)နှစ်လောက်ကနေ အသက် (၈၀)ကျော် ထိ ပါပါတယ်။ ဘုန်းကြီးရဲ့ စာအုပ်တွေကို ဖတ်ပြီး အသိအမြင်တွေ ရင့်ကျက်လာတဲ့အကြောင်း၊ သဘောထားတွေ မှန်ကန်လာတဲ့အကြောင်း၊ စိတ်ချမ်းသာလာတဲ့အကြောင်း တရားအားထုတ်ဖြစ်တဲ့အကြောင်းရေးကြတယ်။ အဲဒီလို ဖတ်ရတော့ ဘုန်းကြီး ဝမ်းသာတယ်။ ကျေနပ်တယ်။ ပြောရကျိုး နပ်လိုက်တာလို့ တွေးမိတယ်။
အခုလည်းဘုန်းကြီး တတ်နိုင်သလောက် ကြိုးစားပြီးတော့ ပြောမယ်။ တစ်ခါတလေ ပြောရမည့် အကြောင်းအရာက ပြောရခက်တော့ နားလည်ပါ မလားလို့ တွေးမိတယ်။ အခု ဘုန်းကြီးဆီရေးတဲ့ စာတွေကို ဖတ်ရတော့ နားလည်တဲ့လူတွေ တော်တော်များတာ တွေ့ရပါတယ်။ တန်ဖိုးထားတဲ့လူတွေ တော်တော်များတယ်ဆိုတာ တွေ့ရတယ်။
ဒါကြောင့် ဘုန်းကြီးက ပိုပြီးတော့ ရှင်းလင်းအောင်၊ နားလည် လွယ် အောင်၊ သဘောပေါက်လွယ်အောင် အရွယ်သုံးပါးလုံးအတွက် ပြောချင်တယ်။ အသက် ၆ဝကျော်၊ (၇၀) (၈၀) ဒကာကြီးတွေ ဒကာမကြီးတွေကို လည်း ပြောချင်တယ်၊ (၄၀-၅၀) ပတ်ဝန်းကျင် ဒကာ၊ ဒကာမတွေလည်းပဲ ပြောချင်ပါတယ်။ ဒို့အောက်ငယ်တဲ့အရွယ်တွေ၊ (၁၀)နှစ်(၁၅)နှစ် အရွယ် လောက်ကနေ စပြီးတော့၊ သူတို့ကိုလည်း ပြောချင်တယ်အရွယ်သုံးပါးလုံး အတွက် ပြောပြချင်ပါတယ်။
အသက်(၈၀)ကျော် (ကျောင်းအုပ်အငြိမ်းစား) ဒကာကြီးတစ်ယောက် ဆီက စာတစ်စောင် ရောက်လာတယ်။ သူက “ဘဝဆိုတဲ့ကျောင်း” စာအုပ်ကို မိတ်ဆွေတစ်ယောက်ဆီက ခဏ ငှားပြီးတော့ ဖတ်တာတဲ့။ ကြိုက်လွန်းလို့ စာအုပ်ကို ဝယ်လို့မရတာနဲ့ တစ်အုပ်လုံးကို လက်ရေးနဲ့ ကူးယူလိုက်ပါတယ်တဲ့။
တရားတိပ်ခွေတွေနဲ့ ပတ်သက်ပြီးတော့လည်းပဲ အဲဒီလိုပဲ ကြားရတာတွေ အများကြီးရှိပါတယ်။ ဒီတရားတိပ်ခွေတွေက အနောက်နိုင်ငံတွေ ထိအောင် တော်တော်လေး ပျံ့နှံ့သွားတယ်။
မကြာသေးခင်က ကြားရတာက ထောင်ပိုင်ခေါ်မလား၊ ထောင်မှူး ခေါ်မလား မသိဘူး၊ ဒကာကြီး တစ်ယောက်က အဲဒီ တရားတိပ်ခွေတွေကို မိတ်ဆွေတစ်ယောက်ဆီကနေ ရလို့ သူနာရတယ်။ သူ့စိတ်ထဲမှာ အင်မတန် သဘောကျတာနဲ့ ထောင်ထဲမှာပဲ ညနေဘက်မှာ အသံချဲ့စက်ကြီးနဲ့ အဲဒီ တရားတိပ်ခွေတွေကို ဖွင့်ပေးတယ် တဲ့၊ ဖွင့်ပေးတာ ကြာတော့ ထောင်ကျနေတဲ့ အကျဉ်းသားတွေလည်းပဲ စိတ်ဝင်စားလာတယ် တဲ့။
တချို့ မတော်တဆ တစ်ခုခု မသင့်တော်တာ လုပ်မိလို့ ထောင်ကျ သွားတာပါ။ ဒါ ဘယ်သူမဆို ဖြစ်နိုင်တယ်နော်။ ထောင်ထဲ ရောက်နေတဲ့လူတွေ ကြည့်ပြီးတော့ အဲဒီလူတွေဟာ လူဆိုးလူမိုက်ကြီးတွေ၊ ငါတော့ သူတို့လို ဘယ်တော့မှ မဖြစ်ဘူးလို့ ဒီလိုတွေးလို့ မရဘူးနော်။ ဘုန်းကြီးလေ့လာဖူးတယ်။ လုံးဝရည်ရွယ်ချက်မရှိဘဲနဲ့ လုပ်မိတဲ့ကိစ္စကြောင့် အပြစ်ဒဏ် ပေးခံရတာမျိုးတွေ ရှိနေတယ်။ ဒါကြောင့် ထောင်ကျနေတဲ့လူတွေအားလုံးဟာ လူယုတ်မာကြီးတွေလို့ ယူဆလို့ မရဘူးနော်။ အဲဒီထဲမှာ အင်မတန် စိတ်ကောင်းရှိတဲ့လူတွေ လည်း ပါနေမှာပါ။
နောက်တော့ သူက တိတ်ခွေတွေ များများရအောင် စုဆောင်းပြီးတော့ နေ့တိုင်း နေ့တိုင်း ညနေဘက်မှာ ထောင်ထဲမှာ အဲဒီတရားတိပ်ခွေတွေကို ဖွင့်ပေးတယ်တဲ့။ အကျဉ်းသားတွေက တရားနာရင်းနဲ့ တရားထိုင်ကြတယ်။
အဲဒီလို နေ့တိုင်းတရားနာတော့ အကျဉ်းသားအချင်းချင်းဆက်ဆံရေး၊ အကျဉ်းသားတွေနဲ့ သူတို့ကို အုပ်ချုပ်ရတဲ့သူတွေနဲ့ ဆက်ဆံရေးကအစ အရင်ကလောက် မပြေလည်တာ ပြဿနာဖြစ်တာတို့ မရှိတော့ဘူး။ နဲသွား တယ်တဲ့ ။
ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်
လူတိုင်းမှာ စိတ်ကောင်းရှိပါတယ်။ တစ်ခါတလေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ်နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲဒါလေးကိုတော့ မေ့မထားဖို့ အရေးကြီးတယ် လူတိုင်းမှာ စိတ်ကောင်း ရှိတယ်ဆိုတာ မေ့မထားဖို့ အရေးကြီးပါတယ်။ အားလုံး သဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေ သွားမယ်၊ ပိုပြီးတော့ ပြေလည်သွားမယ်နော်။
အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်ဆိုတဲ့ စကားကိုပဲ တစ်ခါ ပြန်စဉ်းစားကြည့်ရင် အခက်အခဲတွေက ရှိနေလို့ဆိုတဲ့ အဓိပ္ပာယ်လည်း ပါနေပြီး။
ဘဝမှာ အခက်အခဲတွေမရှိရင် ကောင်းမလားလို့ မေးရင်ကောအမှတ်တမဲ့ တွေးကြည့်ရင်တော့ ဘဝမှာ ဘာမှအခက်အခဲမရှိရင် သိပ်ကောင်း မှာပဲလို့ တွေးကြမှာပဲ။ တချို့ဆိုရင်လည်းပဲ ဆုတောင်းတဲ့အထဲမှာ ထည့်လေ့ ရှိတယ်“လိုတရတဲ့ ဘဝမျိုး ဖြစ်ရပါလို၏” အဲသလိုဘဝမျိုး ဖြစ်နေ ဘယ်နှစ်ယောက်လောက်များ ရှိမလဲ၊ မရှိပါဘူးနော်။
အခက်အခဲဆိုတာ ဘဝရဲ့ သဘာဝပါပဲ။ ရှိနေမှာပဲ။
ဘုန်းကြီးလည်း ခပ်ငယ်ငယ်တုန်းက အခက်အခဲတွေ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာ တစ်ခါတလေ ကိုယ်မတတ်နိုင်တော့တဲ့ အဆင့်မျိုးကို ရောက်ဖူးပါတယ်။ အဲသလိုအခါမျိုးမှာ တောင့်တမိတယ်- အခက်အခဲမရှိတဲ့ ဘဝမျိုး နေရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။
သို့သော်လည်းပဲ တဖြည်းဖြည်း လူ့ဘဝရဲ့ သဘာဝကို ပိုပြီးတော့ သဘောပေါက်လာတဲ့အခါမှာ တဖြည်းဖြည်း အခက်အခဲရဲ့ သဘာဝကိုလည်း ပိုပြီးတော့ သဘောပေါက်လာတဲ့အခါမှာ အခက်အခဲ မရှိတာ မကောင်းပါဘူး။ တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့ ဉာဏ်နဲ့ သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့အရည်အချင်း ရှိဖို့ပဲ လိုပါတယ်လို့ သဘောပေါက်လာတယ်။
ဒါကြောင့် ဘဝမှာတွေ့ရမယ့် အခက်အခဲတွေကို နက်နက်နဲနဲ နားလည် ချင်တယ်။ အကောင်းဆုံး ဖြေရှင်းနည်းတွေကိုလည်း နားလည်ချင်တယ်။ အဲသလို နားလည်ချင်တဲ့ စိတ်ဆန္ဒပြင်းပြလာလို့ ဘဝအကြောင်း၊ လူတွေ တွေ့ရတဲ့ အခက်အခဲတွေအကြောင်းကို စိတ်ပါလက်ပါ လေ့လာတယ် အခုလည်း လေ့လာနေတုန်းပါပဲ။
ကိုယ့်အခက်အခဲတွေကို နားလည်ရုံ မဟုတ်တော့ပဲ လူတွေအားလုံးရဲ့ အခက်အခဲတွေကိုပါ နားလည်နိုင်အောင် လေ့လာတယ်။ အခုတော့ အခက်အခဲ တွေကို နားလည်နိုင်တာကိုပဲ ကျေနပ်လာတယ်။ အခက်အခဲတွေကို သဘာဝ ကျကျ ဖြေရှင်းနိုင်တာကို ကျေနပ်တယ် ဒကာ ဒကာမတွေရဲ့ ဘဝအခက်အခဲ တွေကို နားလည်ပေးရတာကို အရေးပါတဲ့ တန်ဖိုးရှိတဲ့ အလုပ်လို့ မြင်လာတယ်
အထူးသဖြင့် လူငယ်တွေရဲ့ ဘဝအခက်အခဲတွေကို ပိုပြီး လေ့လာနေ ပါတယ်။ လူမှုဆက်ဆံရေး အခက်အခဲတွေကို ပိုပြီးစိတ်ဝင်စားပါတယ်။
ဘာအခက်အခဲမှမရှိတဲ့ဘဝကို နေရတဲ့လူဟာ၊ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီး
There was a time when I thought it was a nuisance to be confronted with a problem.
တစ်ချိန်တုန်းက အခက်အခဲတွေ၊ ပြဿနာတွေနဲ့ တွေ့ကြုံနေရတာဟာ သိပ်စိတ်အနှောင့်အယှက်ဖြစ်တာပဲ၊ သိပ်ဒုက္ခများတာပဲ၊ မကျေနပ်စရာကြီး။ ပါလို့၊ ဒီလို တွေးခဲ့ဖူးပါတယ်။
တွေးခဲ့ဖူးတယ်ဆိုတဲ့ စကားကို ပြန်စဉ်းစားလိုက်ရင် အခု အဲဒီလို မတွေးတော့ဘူးဆိုတာ ပါနေပြီနော်။
ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက် တယ်။ ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရတာဟာ လူ့ဘဝမှာ လုပ်ရိုးလုပ်စဉ် လုပ်ရမယ့်ကိစ္စလို့ နားလည်လာတယ်။ ..
I tried to get rid of it.
ပြဿနာကို မြန်မြန် ဖျောက်ပစ်ချင်တယ်။ ရှောင်ချင်တယ်။
I tried to get somebody else to solve it for me.
တစ်ခြားတစ်ယောက်ယောက်က ကိုယ့်ပြဿနာ ကိုယ့်အခက်အခဲကို ဖြေရှင်းပေးစေချင်တယ်။
ကိုယ့်အခက်အခဲကို ကိုယ် မဖြေရှင်းချင်ဘူး။ သူများ လာဖြေရှင်းပေး စေချင်တယ်။ မိဘဖြစ်ချင်လည်း ဖြစ်မယ်။ ဆရာသမားတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ သိပ်ငယ်တဲ့ကလေးဆိုရင်တော့ ကိုယ့်အခက်အခဲကို မိဘက ဖြေရှင်းပေးဖို့ မျှော်လင့်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ လူကြီးတစ်ယောက် အနေနဲ့ ကိုယ့်အခက်အခဲကို တခြားတစ်ယောက်ယောက်က ဖြေရှင်းပေးတာ မျှော်လင့်နေတာ သဘာဝ မကျဘူး။
But that time was long ago.
အဲဒီလို ကိုယ့်ပြဿနာကို သူများကို ဖြေရှင်းပေးစေချင်တယ်ဆိုတဲ့ တောင့်တမှုမျိုး ဖြစ်ခဲ့တာဟာ ကြာခဲ့ပါပြီ။ ကျန်ခဲ့ပြီ။ ပြီးခဲ့ပြီ။
ကိုယ့်ပြဿနာကို ကိုယ်တိုင် မဖြေရှင်းဘဲနဲ့ ရှောင်ချင်တာဟာ ဟို ရှေးရှေးတုန်းကပါ။ အများကြီး ကြာခဲ့ပြီး။
It was a great day in my life when I discovered the wonderful purpose of problems.
ဘဝမှာ ဒီပြဿနာတွေ အခက်အခဲတွေရဲ့ အင်မတန် ထူးခြားတဲ့ အံ့သြစရာကောင်းတဲ့ အကြောင်းတရားတွေကို သဘောပေါက်လာတဲ့အခါမှာ အဲဒီ သဘောပေါက်လာတဲ့နေ့ဟာ ကိုယ့်အတွက် အင်မတန် ဝမ်းသာစရာ အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီးပဲ ဆိုတာကို ခံစားရတယ်။
အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှု တိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။ ဒါကြောင့် တတ်နိုင်သလောက် အခက်အခဲတွေ ပြဿနာတွေကို ရင်ဆိုင်ချင်တယ်။ မရှောင်ချင်တော့ဘူး အခက်အခဲ မရှိတာ ကြာရင် မနေတတ်တော့ဘူး ဆိုပါတော့ ။
ဘာမှအခက်အခဲမရှိရင် လုပ်စရာ မရှိတော့ဘူး။ ဉာဏ်လည်း မထုတ်ရတော့ဘူး။ ဝီရိယလည်း မထုတ်ရတော့ဘူး၊ သည်းခံရတယ် ဆိုတာ လည်း မရှိတော့ဘူး။ သဘောထားကြီးရတယ် ဆိုတာလည်း မရှိတော့ဘူး။
သို့သော် အခက်အခဲတွေ များလွန်းအားကြီးပြီးတော့ မနိုင်မနင်း၊ ဖြစ်သွားရင်လည်း မကောင်းပြန်ဘူး။ တချို့ ဒုက္ခတွေကို မဖြေရှင်းနိုင်တော့လို့ ရူးသွားတာတောင် ရှိတယ်။ အဲဒီလောက်ကြီးအခက်အခဲ ကြီးမားလွန်းရင်လည်း မကောင်းပြန်ဘူး။ ကိုယ် နိုင်သလောက်ကလေးကတော့ အခက်အခဲရှိမှ ကောင်းတယ်။ ရုန်းကန်နေရမှ ကောင်းတယ်။
Yes, they have a wonderful purpose.
အခက်အခဲတွေမှာ အင်မတန် အံ့သြစရာကောင်းတဲ့ အကြောင်းတရား ရှိပါတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။