ဆရာတော်ဦးဇောတိက - သိက္ခာရှိရှိနေမယ် ခွင့်လွတ်ပါတယ်
သိက္ခာရှိရှိ နေမယ်
အခုလို ဒကာ ဒကာမတွေ ဆုံကြတဲ့အခါမှာ ဘုန်းကြီးက စဉ်းစား စရာလေးတွေကို ပြောပြချင်တယ်။ အရင်တုန်းကလည်း အခုလို ဆုံကြတုန်း မှာ ဘုန်းကြီး စဉ်းစားမိတာတွေ၊ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ဖူးတာတွေကိုပြောပြခဲ့ပါတယ်။ ဘာတွေပဲပြောပြော ဘုန်းကြီး ပြောတာတွေရဲ့ လိုရင်းက သတိနဲ့နေဖို့၊ ဘဝကို တန်ဖိုးရှိရှိနေဖို့၊ အဓိပ္ပာယ်ရှိရှိ နေဖို့၊ ဘဝရဲ့ အရည် အသွေးမြင့်မားစေဖို့ ဆိုတာတွေကိုပဲ အလေးထားပြီးပြောလေ့ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောခဲ့တာတွေ များနေပြီဖြစ်တော့ပြောပုံဆိုပုံနဲ့ ပတ်သက်ပြီးတော့ သိပြီးသား၊ နားယဉ်နေပြီးသား ဖြစ်နေ လောက်ပြီလို့ပဲ သဘောပေါက်ထားပါတယ်။
ဘုန်းကြီးက တရားဟောတဲ့အခါမှာ တကယ်လက်တွေ့ အသုံးဝင်တဲ့၊ ဘဝနဲ့ဟပ်မိတဲ့ တရားတွေကို ကိုယ်တိုင်ကျင့်သုံးကြည့်ပြီးမှ အကျိုးများမှန်း သိရင် ဒကာ ဒကာမတွေကို ပြန်ပြီး ဟောပြောလေ့ရှိပါတယ်။ ဘုန်းကြီးရဲ့ အတွေ့အကြုံအရ တရားတစ်ခုကို ကျင့်သုံးပြီဆိုရင် အဲဒီတရားရဲ့ အကျိုး သက်ရောက်မှုကို ဘဝထဲမှာ တွေ့ရပါတယ်။ အဲဒီကရားဟာ ဘ၀ကို ထိထိရောက်ရောက် အကျိုးပြုတာ တွေ့ရပါတယ်။ ကိုယ်တိုင်လည်း တွေ့ရသလို ဘုန်းကြီးပြောတာတွေကို ကြားနာမှတ်သားပြီး လက်တွေ့ကျင့်သုံးကြတဲ့ ဒကာ ဒကာမတွေလည်း ဘဝမှာ အဖက်ဖက်က အရည်အသွေးတွေ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒီလို တိုးတက်လာကြတာ တွေ့ရတော့ တဝကို တန်ဖိုးထားတတ်အောင်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင် အများကြီး ပြောပြချင်တယ်။
ကိုယ်နဲ့မတူတဲ့သူ
ကိုယ်ကလူတွေအကြောင်း များများသိထားရင် လူတွေနဲ့နေရတာ ပြောရ ဆိုရတာ လုပ်ရ ကိုင်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါ့အပြင် သူများအကြောင်း သိရတဲ့အခါမှာ ကိုယ့် အကြောင်းလည်း ကိုယ် ပိုသိလာတယ်။
ဒီနေ့တော့ ကြုံကြိုက်လို့ ပြောပြချင်တာလေးတစ်ခုရှိတယ်။ လူ တစ်ယောက်အကြောင်းကို အခြေခံပြီးတော့ “ဣန္ဒြေရရ သိက္ခာရှိရှိနေပုံ” ကို ပြောပြမယ်။
လူဆိုတာ လူတွေနဲ့ အတူနေရတယ်။ ဒါကြောင့် လူတွေအကြောင်း များများသိဖို့ လိုတယ်။ လူတစ်ယောက်အကြောင်းကို သိလိုက်ရတိုင်း သိလိုက်ရတိုင်၊ အတုယူစရာ၊ နည်းယူစရာ၊ သင်ခန်းစာယူစရာတွေ အများကြီးရတယ်။ ကိုယ်က လူတွေအကြောင်း များများသိထားရင် လူတွေနဲ့ နေရကာ၊ ပြောရဆိုရတာ၊ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေတယ်။
ဒါ့အပြင် သူများအကြောင်းသိရတဲ့အခါမှာ ကိုယ့်အကြောင်းလည်း ကိုယ် ပိုသိလာတယ်။ သူနဲ့ ကိုယ်နဲ့ မတူတာတွေ သိရတာလည်း အကျိုးရှိ တယ်။ လူအမျိုးမျိုး၊ သဘောထားအမျိုးမျိုး၊ ခံစားပုံ သိပုံမြင်ပုံ အမျိုးမျိုး ရှိတယ်ဆိုတာ သိရတယ်။ သူနဲ့ကိုယ်နဲ့ တူတာတွေ သိရတာလည်း အကျိုး ရှိတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူတာ ရှိသလို တူတာတွေလည်း ရှိတယ်ဆိုတာ နားလည်သွားတယ်။ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်မယ်၊ ပိုပြီး ကိုယ်ချင်းစာနိုင်မယ်ဆိုရင် အားလုံးအတွက် ပိုပြီး အဆင်ပြေမယ်။
အခုပြောပြမယ့်သူကတော့ ဆုံးသွားတာ သိပ်မကြာသေးဘူး။ ဒီလူက ခေတ်ပညာတတ်တစ်ယောက်။ အသက်ငယ်ရွယ်တုန်းက သူက သတင်းထောက် လုပ်ခဲ့တယ်။ အသက် နဲနဲကြီးလာတော့ သတင်းထောက် မလုပ်တော့ပဲ စာရေးတယ်။ ဘ၀အတွေ့အကြုံ တော်တော်များတဲ့သူ၊ စာပေလေ့လာဖတ်ရှုတာလည်းများတဲ့သူဖြစ်လို့ အကွေးအခေါ် အယူအဆ တော်တော်နက်နဲပြီး မျှတတဲ့သူ ဖြစ်တယ်။ သူဟာ စိတ်ကြည်လင်အေးချမ်းမှုနဲ့ အသိဉာဏ်လေးနက်မှု၊ မြင့်မြတ်မှုကို တန်ဖိုးထားတယ်။ သူ့ဘဝကိုသူ တတ်နိုင်သလောက် လေးနက်အောင် အဓိပ္ပာယ်ရှိအောင်၊ အေးချမ်းအောင် နေခဲ့တယ်။
သူ့အကြောင်း၊ သူ့စိတ်နေသဘောထား၊ ပြောပုံဆိုပုံကို သတိထား မိတဲ့ လူတော်တော်များများဟာ သူ့အနားမှာ လာနေပြီးတော့ သူ့စကားကို နားထောင်တယ်၊ မှတ်သားတယ်။ သူ့ဆီက နည်းယူပြီးတော့လည်း လုပ်သင့်တာတွေ လုပ်ကြတယ်။
သူ့ဆီလာကြတဲ့ သူတွေထဲမှာ စိတ်ပညာပါရဂူတွေလည်း အများကြီး ပါတယ်။ စိတ်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ အတွေးအခေါ် ပညာရှင်တွေ၊ တက္ကသိုလ်ပါမောက္ခတွေ အများကြီး ပါတယ်။
အခုခေတ် အနောက်နိုင်ငံမှာ တရားကို နက်နက်နဲနဲ စိတ်ဝင်စား ကြတဲ့လူတွေထဲမှာ စိတ်ပညာရှင်တွေ တော်တော်များများပါတာ တွေ့ရတယ်။ ပညာတတ်တွေ များတာ တွေ့ရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ပညာ တတ်တဲ့ သူတွေက နက်နဲမှုကို တန်ဖိုးထားနိုင်တယ်။ ခံစားနိုင်တယ်ဆိုတာတွေ့ရတယ်။ ပညာ လုံးဝမတတ်တဲ့သူတွေ (အားလုံးကို မဆိုလိုပါဘူး) ကျတော့ နက်နဲတဲ့ အသိအမြင်ပိုင်းကို အာရုံမစိုက်နိုင်ကြဘူး။ ပစ္စည်းဥစ္စာရှာဖို့ စားဝတ်နေရေး ပြေလည်ဖို့ကို ပိုပြီးတော့ အချိန်ပေးကြတယ်။ တချို့ ပညာ တတ်တယ်၊ ပစ္စည်းဥစ္စာလည်း ချမ်းသာတယ် ရာထူးအဆင့်မြင့်တယ်၊ သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းမှာ အောင်မြင်တယ်၊ ကြီးပွားတယ်။ အဲဒီလို လူတွေကျတော့လည်း အလုပ်အတွက် ဦးစားပေးပြီး လုပ်နေရလို့ နက်နဲ သိမ်မွေ့တဲ့ အသိဉာဏ်နဲ့ပတ်သက်ပြီး အချိန် သိပ်မပေးနိုင်ဘူး။ အလုပ်နဲ့ပဲ အချိန်တွေ ကုန်သွားတယ်။
အသိဉာဏ်နက်နဲမှုနဲ့ စိတ်ဓာတ်မြင့်မြတ်မှုကို လုပ်ဖို့ အချိန်ပေးနိုင်တဲ့ သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ဟာ ပညာအရည်အချင်း အထိုက် အလျောက် ရှိတယ်။ လူလတ်တန်းစား (middle class) ဖြစ်ကြတယ်။ စားဝတ်နေရေး ဖူလုံကြတယ်။ အချိန်ပိုလည်း ရှိကြတယ်။ အဲဒီလိုလူတွေက (inner world) အတွင်းလောက အဆင့်မြင့်မားရေးကို လုပ်နိုင်ကြတာတွေ့ရတယ်။
သိပ်ချမ်းသာတဲ့သူတွေမှာ သူတို့ငွေက သူတို့ကို ခိုင်းနေလို့ ရှာတာနဲ့သုံးတာအတွက်ပဲ အချိန်တွေကို များများပေးကြတယ်။ သိပ်ဆင်းရဲတဲ့ သူတွေမှာလည်းအချိန်ပြည့်ငွေရှာတဲ့အလုပ်ပဲ လုပ်နေရလို့ အချိန်ပိုမရှိဘူး။ ပညာဉာဏ် သိပ်နိမ့်တဲ့ သူတွေကျတော့လည်း စိတ်ပိုင်း နာမ်ပိုင်း (spiritual) မြင့်မြတ်မှုတွေကို တန်ဖိုးထားရမှန်း မသိကြတာ များတယ်။
အခုပြောတဲ့သူက သူ့မှာ စားဝတ်နေရေး ဖူလုံပြည့်စုံတယ်၊ သိပ်မချမ်းသာဘူး၊ ပညာဉာဏ် ရင့်ကျက်တယ်၊ ဘ၀အတွေ့အကြုံ များတယ်၊ စိတ်ရဲ့မြင့်မြတ်မှု၊ အေးချမ်းမှုကို တန်ဖိုးထားတယ်။
သူ ဘယ်လို လူမျိုးလဲဆိုတာ ပြောပြချင်တယ်။ သူ့စိတ်နေ သဘောထား၊ သူ့စရိုက် ဘယ်လိုရှိသလဲ၊ သူဟာ လောကကြီးကို ဘယ်လိုမြင်သလဲ၊ ဘယ်လို သဘောထားသလဲ၊ လူတွေကို ဘယ်လို မြင်သလဲ၊ ဘယ်လို သဘောထားသလဲ၊ သဘာဝတရားကို သူ ဘယ်လိုမြင်သလဲဆိုတာပြောပြချင်တယ်။ သူ မြင်ပုံ ခံတပုံနဲ့ ကိုယ် မြင်ပုံ ခံစားပုံ ဘယ်နေရာမှာ တူသလဲ။ ဘယ်နေရာမှာ မတူဘူးလဲဆိုတာ စဉ်းစားပါ။
သဘာဝကို နှစ်သက်တယ်
ပိုပြီးနက်သိမ်မွေ့တာ ပိုပြီးလေးနှက်တာကို သိချင်ရင် အဲဒီလို သိနိုင်မယ့် စိတ်ကို ပြုစု ပျိုးထောင်ယူရတယ်။ ဒါဟာ လူတစ်ယောက် အနေနဲ့ လူ့ဘဝမှာလုပ်ရမယ့် အဆင့်အမြင့်ဆုံး အလုပ် ဖြစ်ပါတယ်။ ကိုယ် ဘာကို သိမြင် ခံစားတယ်ဆိုတာ ကိုယ် ဘယ်လိုလဲဆိုတာပေါ်မှာ မူတည်တယ်။ သူ့အကြောင်း၊ အရိုးဆုံးအချက်ကနေ စပြောရရင် All natural objects seemed to have a charm for him.
သဘာဝအတိုင်းဖြစ်နေတဲ့ အရာအားလုံးဟာ သူ့အတွက် နှစ်သက် စရာ၊ စိတ်ဝင်စားစရာ ကောင်းတယ်။
စိတ်နေသဘောထား အေးချမ်းပြီး သိမ်မွေ့နူးညံ့လာတဲ့သူဟာ သူ့ပတ်ဝန်းကျင်မှာ မြင်ရတဲ့ သဘာဝကို နှစ်သက်တယ်၊ တန်ဖိုးထားတယ်။ သစ်ပင်အမျိုးမျိုး၊ ပန်းပင်အမျိုးမျိုး၊ သီးနှံပင်အမျိုးမျိုး အပါအဝင်မြက် ပင်တွေ ရေညှိတွေထိအောင် နှစ်သက်တယ်၊ စိတ်ဝင်စားတယ်။ ရေကန်တွေး ချောင်းတွေ၊ မြစ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေကိုလည်း စိတ်ဝင်စားတယ်။ တောတွေ၊ တောင်တွေ၊ သဘာဝရှုခင်းတွေကို နှစ်နှစ်သက်သက် ကြည့်နိုင် ခံစားနိုင်တယ်၊ နေဝင်တာ၊ နေထွက်တာ၊ လထွက်တာ၊ ကြယ်တာရာ နက္ခတ်တွေ ရွေ့ရှားသွားနေတာ၊ ရာသီဥတုတွေ ပြောင်းနေတာကိုလည်း စိတ်ဝင်စားပြီး လေ့လာမှတ်သားနိုင်တယ်။
အဲဒါ ဘုန်းကြီးရဲ့ ကိုယ်တွေ့လည်း ဖြစ်တယ်။ တောထဲမှာ နေကြတဲ့ ဘုန်းကြီးကွေဟာ သဘာဝတရားကို သိပ်စိတ်ဝင်စားကြတယ်။ သစ်ပင် တောတောင် စိမ်းလန်းစိုပြေတာကို တန်ဖိုးထားတယ်။ တောတောင်ရဲ့အလှနဲ့ သာယာအေးချမ်းမှုကိုလည်း ခံစားတတ်တယ်။
တောထဲမှာ တရားအားထုတ်တဲ့ ဘုန်းကြီးတွေက အလှအပကို တန်ဖိုးထားတယ်ဆိုတာ ကြားရတာ ဆန်းနေမလားမသိဘူး။ တောထဲက ဘုန်းကြီးတွေက ဘာမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူးလို့ ထင်စရာပဲ။ အဲဒီလို မဟုတ်ပါဘူး ။
ဘုန်းကြီးဆိုရင် ညနေမှာ နေဝင်ခါနီး နေလုံးကြီး တဖြေးဖြေး ဝင်သွားတာ၊ တိမ်တွေ ရောင်စုံဖြစ်နေတာ၊ တဖြေးဖြေး တိမ် အရောင်တွေပြောင်းသွားနေတာကို အကြာကြီး ရပ်ကြည့်ပြီး စိတ်ဝင်စားနေတာပဲ။ ငှက်တွေ ညအိပ်တန်းတက်ဖို့ ပြန်လာကြတာ၊ ညနေဘက် တချို့ငှက်တွေ သာသာယာယာ မြည်ကြတာ၊ တေးဆိုကြတာ၊ ပျော်နေကြတာကို အမြဲတမ်း စိတ်ဝင်စားပါတယ်။
သစ်ပင်တွေ ရွက်သစ်တွေ ထွက်တာ၊ အထူးသဖြင့် မိုးဦးကျမှာ အပင်တွေ ပေါက်လာတာ၊ အရွက်တွေနုပြီ၊ စိမ်းစိုလန်းဆန်းနေတာ သစ်ရွက်တွေ ရောင်စုံဖြစ်နေတာ၊ ပန်းတွေအမျိုးမျိုး ပွင့်ဖူးနေကြတာ၊ ပန်းအနံ့တွေ အမျိုးမျိုးရတာကို စိတ်ဝင်စားတယ်။ ဘယ်တော့မှ ရိုးမသွားဘူး။ အမြဲတမ်း အသစ်လို ဖြစ်နေပါတယ်။
သဘာဝအလှဟာ ကြည့်လို့မဝအောင် လုပ်တယ်။ ဒါတွေကို မြင်တတ်၊ ခံစားတတ်ရမယ်။ ဒီလိုခံစားတတ်မှ ဒီလူရဲ့စိတ်ဟာ အသက်ဝင် နေမယ်။ ဒီလို ခံစားတတ်မှ သူ့ကို တန်ဖိုးထားမယ်၊ ထိန်းသိမ်းမယ် အခုခေတ် တချို့လူတွေဟာ သဘာဝရေမြေ၊ သစ်ပင်တောတောင်တွေကို တန်ဖိုးထားရမှန်း မသိကြလို့ ဖျက်က်ဆီးနေကြတာ တွေ့ရတယ်။ သဘာဝ လောကကြီး ပျက်စီးသွားရင် ဘယ်မှာ သွားကြမလဲ။
ကာဠုဒါယီအမတ်က မြတ်စွာဘုရားကို ကပိလဝတ်ပြည်ကို ကြွဖို့ရာ ဂါထာပေါင်းများစွာနဲ့ လျှောက်ထားတယ်ဆိုတာ ကြားဖူးကြတယ်နော်။ အဲဒီလို လျှောက်ထားတဲ့ ဂါထာပေါင်းများစွာထဲမှာ ဘယ်လိုအကြောင်းအရာ တွေ များနေမယ်ထင်သလဲ။ လမ်းတစ်လျှောက်မှာ တောတောင်သာယာပုံတွေ များနေတယ်။ တောတောင်တွေ စိမ့်စမ်းတွေ သာယာတဲ့အကြောင်း၊ ပန်းတွေ ဖူးပွင့်နေတဲ့အကြောင်း၊ ရာသီဥတု ကောင်းတဲ့အကြောင်း လျှောက်ထားပြောဆိုပြီးမှ၊ ဒါကြောင့် မြတ်စွာဘုရား၊ ကပိလဝတ်ပြည်ကို ကြွတော်မူပါဘုရားလို့ ပင့်လျှောက်တာ တွေ့ရတယ်။ မြတ်စွာဘုရားတောင်မှ သဘာဝတောတောင် သာယာအေးချမ်းတာကို တန်ဖိုးထားပါတယ်။
တောတောင်သဘာဝရဲ့ သာယာပုံ၊ အေးချမ်းပုံ၊ လှပပုံတွေကို အေးချမ်းတဲ့စိတ်နဲ့ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း အေးချမ်းတဲ့သဘောနဲ့ အဓိပ္ပာယ်ကိုပဲ ခံစားရတယ်။ အဲဒါ ဘာကြောင့်တုံးဆိုတော့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အေးချမ်းမှုက ပြန်ထင်ဟပ်တဲ့ သဘောပဲ။
စိတ်ဆင်းရဲတဲ့သူ၊ စိတ်ပူလောင်နေတဲ့သူဟာ ဘာကိုပဲကြည့်ကြည့် မှုလောင်တဲ့အဓိပ္ပာယ်ပဲ ဆောင်နေတယ်၊ စိတ်ညစ်စရာ အဓိပ္ပာယ်ချည်းပဲ ဖော်ဆောင်သွားတာ များပါတယ်။
What you see depends on who you are.
ကိုယ် ဘာကို သိမြင်ခံစားရတယ်ဆိုတာ ကိုယ် ဘယ်လိုလူလဲဆိုတာ ပေါ်မှာ မူတည်တယ်။
လေးနက်တဲ့စိတ်၊ လေးနက်တဲ့အသိဉာဏ် ရှိတဲ့သူဟာ ဘာကို ကြည့်ကြည့် လေးနက်တဲ့အဓိပ္ပာယ်ကို မြင်ရတယ်။
Everything in this world has a hidden meaning.
ဒီလောကကြီးမှာ ရှိသမျှ အရာတိုင်းမှာ ဖုံးကွယ်နေတဲ့အဓိပ္ပာယ် တစ်ခု ရှိတယ်။
အဲဒီအဓိပ္ပာယ်ကို ရိုးရိုးမျက်စိနဲ့ မမြင်နိုင်ဘူး၊ လေးနက်တဲ့ ဉာဏ်မျက်စိနဲ့မှ မြင်နိုင်တယ်။ ဉာဏ်နဲ့ သိမြင်ခံစားရတာဟာ ဉာဏ် ရင့်ကျက်တဲ့သူတွေအတွက် အင်မတန် နှစ်သက်စရာကောင်းတဲ့ အရသာ တစ်မျိုးဖြစ်တယ်။
A higher order of persons can understand a higher order of knowledge.
အဆင့်မြင့်တဲ့ လူတွေဟာ အဆင့်မြင့်တဲ့ သဘောတရားတွေကို နားလည်နိုင်တယ်။
ဒါကြောင့် စိတ်နဲ့မှ ခံစားလို့ရတဲ့ အဆင့်မြင့်တဲ့ အရသာတွေကို ခံစားကြတယ်။ မခံစားရရင်လည်း မနေနိုင်တော့ဘူး။
သာမန်လူတွေဟာ လျှာနဲ့ခံစားရတဲ့ အရသာ၊ မျက်စိနဲ့ခံစားရတဲ့ အရသာ၊ နားနဲ့ခံစားရတဲ့ အရသာ၊ နှာခေါင်းနဲ့ခံစားရတဲ့ အရသာ၊ ကိုယ်နဲ့ ထိတွေ့ပြီးခံစားရတဲ့ အရသာတွေကို များသောအားဖြင့် ကြိုက်ကြတယ်။ ဉာဏ်အဆင့်မြင့်တဲ့သူ၊ စိတ်နေသဘောထား တည်ငြိမ်အေးချမ်း မြင့်မြတ်တဲ့ သူတွေဟာ ဉာဏ်နဲ့ လေးလေးနက်နက် သိရတာကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ခံစားတယ်။ အဲဒီလို သိရ ခံစားရတာဟာ သူ့ဘဝရဲ့အဓိပ္ပာယ် ဖြစ်သွားတယ်။ လူ့ဘဝ လူဖြစ်ရကျိုးနပ်တဲ့ကိစ္စ ဖြစ်သွားတယ်။ ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံဖြစ်တယ်လို့ နားလည်လက်ခံတယ်။ ဒီလို မသိရ၊ မခံစားရရင် သူ့ဘဝကိုသူ ကျေနပ်မှု မရဘူး။ ဒီလို မွန်မြတ်တဲ့ အသိဉာဏ်အရသာကို ခံစားနိုင်လို့ အပျော်အပါးအရသာတွေနဲ့ ပတ်သက်ပြီး အရူးအမူး မဖြစ်တော့ပဲ အေးအေးချမ်းချမ်း နေနိုင်ကြတာပဲ။
သူတို့ဟာ ကြောက်စိတ်၊ စိုးရိမ်စိတ် မရှိဘူး။ လိုချင်မက်မောတဲ့စိတ် မရှိဘူး။ လွှမ်းမိုးချင်စိတ် မရှိဘူး။ ဒါကြောင့် အမြင် သန့်ရှင်းတယ်။ အရှိကိုအရှိအတိုင်း မြင်နိုင်တယ်။ ကြောက်စိက် စိုးရိမ်စိတ်ဟာ အသိအမြင်ကို မသန့်ရှင်းအောင် လုပ်တယ်၊ ညစ်နွမ်းအောင် လုပ်တယ်၊ ပုံပျက်အောင် လုပ်တယ်။ လိုချင်မက်မောတဲ့စိတ် လွှမ်းမိုးချင်တဲ့စိတ်ဟာလည်း အသိအမြင် ကို မသန့်ရှင်းအောင်၊ ညစ်နွမ်းအောင်၊ ပုံပျက်အောင် လုပ်တယ်။
ကြောက်စိတ် စိုးရိမ်စိတ် မရှိ လိုချင်မက်မော လွှမ်းမိုးခြယ်လှယ် ချင်စိတ် မရှိတဲ့သူ၊ တည်ငြိမ်အေးချမ်းတဲ့သူဟာ အမှန်အတိုင်း မြင်တယ်။ သဘာဝကျကျ မျှမျှတတ မြင်တယ်။ ပိုပြီး objective ဖြစ်တဲ့ အမြင်မျိုး ရှိတယ် ကိုယ် လိုရင် လိုသလို မလိုရင် မလိုသလို ဆွဲမယူဘူး၊
တရားကို မှန်မှန်အားထုတ်တဲ့သူဟာ အဆင်ပြေတဲ့အခါမှာ ကြောက် စိတ်၊ စိုးရိမ်စိတ်၊ မက်မောတွယ်တာတဲ့စိတ်၊ လွှမ်းမိုးခြယ်လှယ်ချင်စိတ်၊ အတ္တစွဲကြီးတဲ့စိတ်တွေ ကင်းနေတာမျိုး ကြုံရတတ်ပါတယ်။ အဲဒီအခါမှာ လူတွေကိုရော လောကကြီးကိုရော ဘဝကိုရော အမှန်အတိုင်းမြင်ပါတယ်။ ပွဲကြည့်ပရိသတ်တစ်ယောက်လို ဘေးကနေ အေးအေးဆေးဆေး ကြည့်နိုင် တယ်။ ဘာမှ ဝင်စွက်ချင်စိတ် ဝေဖန်ချင်စိတ် မရှိပဲ၊ အမှန်ကို သိချင်စိတ် တစ်ခုနဲ့ပဲ ကြည့်နိုင်တယ်။ ကိုယ့်ကိုယ်ကိုလည်း အဲဒီလို objective ဖြစ်တဲ့ ဘက်မလိုက်တဲ့ အမြင်မျိုးနဲ့ မြင်နိုင်တယ်။