ဆရာတော်ဦးဇောတိက - ဘာကိုတန်ဖိုးထားရမလဲ
ဘာကို တန်ဖိုးထားရမလဲ
မေးခွန်းလေးတစ်ခုနဲ့ စပြီး ဆွေးနွေးချင်တယ်။ မေးခွန်းက “အခုခေတ်လူတွေရဲ့ စိတ်မှာဖြစ်တဲ့ ပြဿနာတွေထဲမှာ အဓိက ပြဿနာတွေက ဘာလဲ။ ”
အဲဒီမေးခွန်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အတွင်းမှာဖြစ်တဲ့ပြဿနာတွေထဲမှာ အဓိကပြဿနာတွေက ဘာတွေလဲ။ အင်မတန် အရေးကြီးတယ်၊ ပေါ့ပေါ့တန်တန် ပြဿနာ မဟုတ်ဘူး။ မေ့ထား လိုက်လို့ရတဲ့ ပြဿနာ မဟုတ်ဘူး။
စိတ်ဆိုတာ အင်မတန်သိမ်မွေ့တဲ့သဘောရှိတော့ တစ်ခါတလေ ကိုယ့်စိတ် ထဲမှာဖြစ်နေတဲ့ ပြဿနာကို ကိုယ့်ဟာကိုယ်တောင် သတိမထားမိတာလေးတွေ ရှိတယ်။ ဘာဖြစ်နေမှန်း မသိဘူး။ တစ်ခါတလေ မပျော်ဘူး။ မပျော်တာကို ပျော်အောင် ကြံဖန်ပြီးတော့ လုပ်လိုက်ရင် ရမှာဘဲလို့ထင်တယ်။ လူ တော်တော် များများဟာ အဲသလိုပဲ လုပ်နေတာပါပဲ။ ကိုယ့်စိတ်ထဲမှာ သိပ်မပျော်ဘူး။ ဘာလို့မပျော်တာလဲ ဆိုတာလည်း မသိဘူး။ အဲဒီတော့ ဟိုဟာ လုပ်ကြည့် ဒီဟာ လုပ်ကြည့်၊ ကြံဖန်ပြီးတော့ ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားကြည့်နေတာ ပေါ့လေ။ ပြဿနာရဲ့နက်နဲမှုကို မသိတဲ့အခါကျတော့ တော်ရုံတန်ရုံ လုပ်လိုက်ရုံနဲ့ ဒီပြဿနာ ပျောက်သွားလိမ့်မယ်လို့ ထင်နေကြတယ်နော်။ ဒါကြောင့် အခု
ပြောချင်တဲ့ပြဿနာက အမှတ်တမဲ့ ဆိုရင်တော့ အရေးကြီးလှတယ်လို့ မထင်ရဘူး ဘာဖြစ်လို့လဲဆိုတော့ ရုပ်ပိုင်းပြဿနာ မဟုတ်လို့။
တချို့လူတွေမှာ ဘွဲ့ရှိတယ်၊ ရာထူးရှိတယ်၊ ပစ္စည်းဥစ္စာ ရှိတယ်။ စားစရာ ရှိတယ်၊ နေစရာ ရှိတယ်၊ ခင်မင်တဲ့လူတွေလည်း ရှိတယ်။ အားလုံး ပြည့်စုံနေတာပဲ၊ ပြဿနာဖြစ်စရာ မလိုဘူးလို့ထင်တယ်။ ဒါပေမယ့် အဲဒီလို လူတွေမှာ စိတ်ပိုင်းပြဿနာ ပိုပြီးတော့တောင် ဖြစ်သေးတယ် ရုပ်ပိုင်းလိုအပ်ချက် ပြည့်စုံနေတဲ့သူတွေမှာ စိတ်ပိုင်းပြဿနာ ပိုပြီး ထင်ရှားလာတယ်။
“ ဒီပြဿနာဟာ သိမ်မွေ့တယ် သိမ်မွေ့လို့ ရုတ်တရက်ဆိုရင် မသိဘူး။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်နေတယ်ဆိုတာ ပီပီပြင်ပြင် မသိဘူး။ ဒါပေမဲ့ ခံစားရတဲ့လက္ခဏာကို ကြည့်မယ်ဆိုရင်တော့ ဘာကိုမှ စိတ်မဝင်စားသလိုပဲ။ ဘာလုပ်ချင်နေမှန်းလည်း မသိဘူး။ အဲဒါကို ပြဿနာလို့ မသိကြဘူး။ တကယ်တော့ လူ့ဘဝမှာ အဲဒါ အင်မတန် အရေးကြီးတဲ့ပြဿနာ ဖြစ်နေတယ် အဲဒါကို ဆွေးနွေးချင်တာနော်၊
ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ
အခုခေတ်လူတွေဟာ ဥပမာနဲ့ပြောရရင် ကားမောင်းရင်းနဲ့ တစ်ဖက်ကဘရိတ်ကို နင်းထားပြီးတော့ တစ်ဖက်က လီဗာကို နင်းထားသလို ဖြစ်နေတယ်။ သွားလည်း သွားချင်တယ်၊ ရပ်ကလည်း ရပ်ပစ်လိုက်ချင်တယ်။ အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။
လူတွေမှာ “ခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေ မှာပဲ။ အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ်ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ ဖြစ်တယ်။
“အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ၊ အလုပ်အကိုင်နဲ့ ပတ်သက် ပြီးတော့ဖြစ်စေ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ မဆုံးဖြတ်နိုင်ဘူး။ မတင်မကျ ဖြစ်နေတတ်တယ်။ အခုခေတ်မှာ အဲဒီပြဿနာက ပိုတောင် ကြီးလာတယ်။ မတင်မကျဖြစ်တတ်တဲ့ စိတ်ရဲ့သဘာဝပေါ့လေ။ အိမ်ထောင် ပြုမယ်ဆိုရင် ပြုသင့်သလား၊ မပြုသင့်ဘူးလား၊ ဘယ်သူနဲ့ ပြသင့်သလဲ၊ ဘယ်သူနဲ့ မပြုသင့်ဘူးလဲ၊ မဆုံးဖြတ်နိုင်ဘူး။
ပညာရေးမှာလည်း ဘယ်လိုပညာမျိုးကိုသင်ရမလဲ ဆိုတာထက် ဘယ်လို ပညာမျိုးကို သင်ချင်သလဲဆိုတာ မသိဘူး။ အဲဒါက ပိုဆိုးတာပဲ။ အမှန်တော့ “ ငါ ဘယ်လို ပညာမျိုးကို သင်ရမလဲ” ဆိုတာထက် “ငါ ဘယ်လို ပညာမျိုးကို တတ်ချင်သလဲ ”ဆိုတာက ပိုပြီးမေးသင့်တဲ့မေးခွန်း ဖြစ်တယ်။
အလုပ်လုပ်မယ်ဆိုရင်လည်း ဘယ်လိုအလုပ်မျိုးကို ငါ လုပ်မလဲ၊ ဘယ်လိုအလုပ်မျိုးကို ငါ လုပ်ချင်သလဲဆိုတာ မဆုံးဖြတ်နိုင်ဘူး။ အဲဒီတော့ လူတွေရဲ့စိတ်ထဲမှာ အဲသလို မရေမရာ မတင်မကျ ဖြစ်နေတဲ့သဘောက အခုခေတ်မှာ အကြီးမားဆုံး ပြဿနာလို့ ပြောလို့ရတယ်။
စိတ်ထဲမှာ စိတ်ပျက်သလိုလို ဖြစ်နေတယ် မျှော်လင့်ချက် မရှိသလို ခံစားနေရတယ်။ စိတ်ဓာတ်ကျသလို ဖြစ်နေတယ်။ ဘာကိုမှ သိပ်စိတ်မပါဘူး၊ ဘာကိုမှ သိပ်တန်ဖိုးထားလို့ မရဘူး၊ တစ်ခုခုလုပ်မယ် ဆိုရင်လည်းဖြစ်မယ်လို့ မထင်တာတို့၊ ဖြစ်လည်း ဘာမှ မထူးပါဘူး၊ မဖြစ်လည်း ဘာမှမထူးပါဘူးလို့ ထင်တာတို့၊ ဘဝတစ်ခုလုံးကို (meaningless) အဓိပ္ပာယ်မရှိဘူးလို့ ထင်နေ တာတို့။ အဲသလို ခံစားနေရတာ အင်မတန်ကြီးမားတဲ့ ပြဿနာ ဖြစ်တယ်။
“ဒါကတော့ ပြဿနာရဲ့လက္ခဏာတွေပေါ့။ ဘာဖြစ်လို့ အဲသလို ဖြစ်တာလဲ။ ဘာဖြစ်လို့ လူတွေဟာ တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြုတ်နိုင်တာလဲ။ ဘာဖြစ်လို့ တစ်ခုခုကို စိတ်ရောကိုယ်ပါ အားသွန်ပြီးတော့ အချိန်ပြည့် မလုပ် နိုင်တာလဲ။ မလုပ်ချင်တာလဲ။
“ တစ်ခုခု လုပ်တော့မယ်ဆိုရင် ဝတ္တရားအရ လုပ်ရတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာတွေက များနေတယ်။ အဲဒီတော့ စိတ်က မလုပ်ချင် လုပ်ချင်နဲ့ပဲ မနဲကိုယ့်ကိုယ်ကို တွန်းတွန်းတွန်းတွန်း ပြီးတော့ လုပ်ခိုင်းရတယ်။ အဲသလို ကိုယ့်ကိုယ်ကို တွန်းနေရတော့ ကြာတော့ အဲသလိုတွန်းနေရတာကိုက ပင်ပန်းလာတယ်။ အဲဒီတော့ ရပ်လိုက်ချင်တော့တယ်၊ တော်လိုက်ချင်တော့ တယ်။ ဒီကိစ္စကို မေ့ပစ်လိုက်ချင်တော့တယ်၊ မေ့ထားလိုက်ချင်တော့တယ်။
အဲသလိုစိတ်မျိုး ဖြစ်နေတော့... အခုခေတ်လူတွေဟာ ဥပမာနဲ့ပြောရရင်
ကားမောင်းရင်းနဲ့ တဖက်က ဘရိတ်ကို နင်းထားပြီးတော့ တဖက်က လီဗာကို နင်းထားသလို ဖြစ်နေတယ်။ သွားလည်။ သွားချင်တယ်၊ ရပ်လည်း ရပ်ပစ် လိုက်ချင်တယ်။ အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။ ဒီသဘောကို တော်တော် နက်နက်နဲနဲ သိဖို့လိုတယ်လို့နော်။
အဓိကပြဿနာက စိတ်ထဲမှာ ဘာကိုမှ လှိုက်လှိုက်လှဲလှဲ ခံစားလို့မရဘူး၊ ဘာကိုမှ တန်ဖိုးထားလို့ မရဘူး။ ဘာကိုမှ မလုပ်ချင်သလိုပဲ ဖြစ်နေတယ်။
တိတိကျကျ မသိကြဘူး။
အကယ်၍ လူတစ်ယောက်ဟာ သု တကယ်လုပ်ချင်တာ ဘာလဲလို့ တိတိကျကျသိပြီးတော့ ကိုယ့်ဟာကိုယ်လည်း နေ့စဉ် စိတ်ပါလက်ပါ လုပ်နေတယ်ဆိုရင် အခုနပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊ ဘဝကြီးက empty ဖြစ်နေသလိုမျိုး၊ ပျင်းစရာကောင်းတယ် ဆိုတာမျိုးဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
လူတွေက ငါ ဘာလုပ်ချင်သလဲ၊ ငါ ဘာလိုချင်သလဲ ဆိုတာကို တကယ်တိတိကျကျ မသိကြဘူး။ သူများ၊ ဘာလုပ်နေသလဲဆိုတာ ကြည့်ပြီး သူများလုပ်တာ လုပ်ရရင် ကောင်းမှာပဲဆိုပြီးတော့ ဆုံးဖြတ်ကြတယ်။ ဒါတင် မကဘူး၊ ငါ့စိတ်ထဲမှာ ဘာတွေ ခံစားနေရသလဲဆိုတာကအစ သိပ်မမိတော့သလို ဖြစ်လာတယ်။ ဉပမာ- မူးယစ်ထုံထိုင်းဆေးတို့ အိပ်ဆေးတို့ ဘာတို့သောက်ထားတဲ့သူဟာ မှိန်းပြီးတော့ ထုံထိုင်းနေတယ်၊ ဘာကိုမှ သိပ်မသိဘူး၊ သိသလိုလို မသိသလိုလိုနဲ့။ အဲသလိုပဲ အခုခေတ် လူတော်တော်များများဟာ ကိုယ့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဘာကို တကယ် ခံစားနေရသလဲဆိုတာ တိတိကျကျ မသိကြဘူး။ ချစ်တယ်ဆိုတာတောင်မှ အဲဒီချစ်တာဟာ သိပ်မပီပြင် ဘူး။ ချစ်တာကို လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရဘူး။ ပျော်တယ်ဆိုရင်လည်းပဲ ပျော်တာကို တကယ် လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရဘူး။ အပေါ်ယံတော့ ခံစားလိုက်ရတာပဲ။
အခုခေတ်လူတွေရဲ့ ဒီလို စိတ်မှာခံစားရတဲ့ အခက်အခဲတွေ တစ်နည်း အားဖြင့် စိတ်ဝေဒနာတွေရဲ့ အကြောင်းရင်းခံက ဘာလဲဆိုတော့ ကိုယ်တကယ် လိုချင်တာ ဘာလဲဆိုတာကို မသိတာပဲ။ ကိုယ့် personality ကိုယ်စရိုက်ဝါသနာနဲ့ ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊ ကိုယ့်ရဲ့ပါရမီနဲ့ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊
“ကိုယ် တကယ် ဘာကိုလုပ်ချင်သလဲဆိုတာ တိတိကျကျ မသိကြပဲနဲ့ သူများက ဘာလုပ်ရင် ကောင်းမယ်လို့ ပြောတာမျိုးတွေနောက်ကိုပဲ လိုက်ပြီးတော့ လုပ်နေကြတယ်။ အဝတ်အစားဝတ်တာကအစ ကိုယ် ဘာဝတ်ချင်သလဲဆိုတာ မသိဘူး။ သူများ ဘာဝတ်သလဲဆိုတာကြည့်ပြီးသူများ ဝတ်သလို လိုက်ဝတ်တယ်၊ အစားအသောက် စားတာလည်း ဒီလိုပဲ။ တခြားတခြား ကိစ္စတွေမှာလည်း ဒီလိုပဲ။ စာအုပ် စာပေ ဖတ်တာကအစ သူများဗတ်တာကို လိုက်ဖတ်တယ်။ ငါ့စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဝါသနာပါတာ ဘယ်လို ဘာသာရပ်မျိုးလဲ၊ ဘယ်လို အကြောင်းအရာမျိုးလဲဆိုတာ မသိဘူး၊
အကယ်၍ လူတစ်ယောက်ဟာ သူ တကယ်လုပ်ချင်တာ ဘာလဲလို့ တိတိကျကျ သိပြီးတော့ ကိုယ့်ဟာကိုယ်လည်။ နေ့စဉ် စိတ်ပါလက်ပါ လုပ်နေ တယ်ဆိုရင် အခုနပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊ ဘဝကြီးက empty ဖြစ်နေသလိုမျိုး၊ ပျင်းစရာကောင်းတယ် ဆိုတာမျိုးဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
လုံးဝမပျင်းတတ်တဲ့ လူတချို့ကို တွေ့ဘူးတယ်။ သူတို့ကို ကြည့်တဲ့ အခါမှာ သူတို့ရဲ့ဆုံးဖြတ်ချက်က ပြတ်သားနေတယ်။ သိတတ်တဲ့အရွယ်ထဲက သူတို့ တစ်ခုခုကို ဆုံးဖြတ်ထားတာဟာ နောက်နှစ်ပေါင်းသုံး၊လေးဆယ် ကြာတဲ့ ထိအောင် အဲဒီဆုံးဖြတ်ချက်က ခိုင်မြဲနေသေးတယ်။ သူတို့ ဆုံးဖြတ်တာကလည်း သူတပါးပေါ်မှာ မှီပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ သူတို့ရဲ့ ပင်ကိုယ် စိတ်ဓာတ်၊ ပင်ကိုယ်ဓာတ်ခံ၊ အထုံ ဝါသနာအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာပဲ။
“ အခြေအနေအရ တခြားကိစ္စတွေကို လုပ်သင့်လို့ လုပ်ရမှာမို့လို့ လုပ်နေရရင်တောင်မှ သူတို့စိတ်က သူတို့ နဂိုက လုပ်ချင်နေတဲ့ကိုကို မျက်ခြေပြတ်မသွားဘူးအချိန်လေးနဲနဲရရ ရသလောက် အချိန်လေးမှာ သူတို့စိတ်ပါတဲ့အလုပ်ကို လုပ်နေသေးတာပဲ။ အဲသလို အလုပ်ကို ဆယ်နှစ် ဆယ့်ငါးနှစ် လုပ်လာပြီဆိုရင် ဒီလူဟာ အဲဒီအလုပ်နဲ့ပတ်သက်တာ၊ အဲ ဘာသာရပ်နဲ့ပတ်သက်တာကို တော်တော်ကို နက်နက်နဲနဲ သိလာပြီ။ အဲသလို နက်နက်နဲနဲ သိလာတယ်ဆိုတာကိုက တော်တော်ကျေနပ်စရာ ကောင်းနေပြီ။ အထူးသဖြင့် ဘဝနဲ့ပတ်သက်ပြီး စိတ်နဲ့ပတ်သက်ပြီး နက်နက်နဲနဲ သိရတာ ကျေနပ်စရာသိပ်ကောင်းတယ်။