ဆရာတော်ဦးဇောတိက - တစိမ့်စိမ့်တွေးမယ်
တစိမ့်စိမ့်တွေးမယ်
နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်၊ သင်ခန်းစာတိုင်းဟာ စာမေးပွဲ၊ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။
ဘဝကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင် သတိလေးနဲ့ နေလိုက်ပါ။ ဘဝဟာ ရှင်းလာပါလိမ့်မယ်။ စိတ် ရှင်းရင် ဘဝရှင်းတယ်။ စိတ် ရိုးရင် ဘဝရိုးတယ်၊ စိတ် ရှုပ်ရင် ဘဝလည်း ရှုပ်လာမယ်၊ စိတ် ဆန်းပြားရင် ဘဝလည်း ဆန်းပြားမယ်။
စိတ် ရှင်းရင် ဘဝရှင်းပါတယ်၊ အသိဉာဏ်လည်း ရှင်းပါတယ်၊ စိတ် မရှင်းရင် ဘဝလည်း မရှင်းဘူး၊ အသိဉာဏ်လည်း မရှင်းဘူး။
စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့ အဓိကထားတော့ ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးခံရဖို့ကို အဓိကထားရင် ဟန်လုပ်ပြီး နေပြရတယ်။ အဲဒါ ဘဝစာမေးပွဲကို ခိုးတာပဲ။
ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်၊ လောကကြီးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင် အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင်၊ ကိုယ့် အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း အချိန်တိုင်း၊ တစ်ခဏတိုင်း တစ်ခဏတိုင်းကို သတိလေးနဲ့ နေလိုက်ပါ။
ကိုယ့်ဘဝကို စည်းကမ်းရှိရှိ ဖြောင့်ဖြောင့်သွားချင်ရင် ကိုယ့်စိတ်ကို ကိုယ်သိအောင် လုပ်ရမယ်။ ဝမ်းနည်း ဝမ်းသာ အဖြစ်နည်းပြီး ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ဆုံးဖြတ်ရမယ်။
လူတိုင်း လူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ
ရွေးချယ်မှု (choice)တွေလုပ်နေရပါတယ်။ ရွေးချယ်တာ - ဆုံးဖြတ်တာမှန်ဖို့ လိုပါတယ်။
အလုပ်ဟာ လူ့ဘဝမှာ အင်မတန် အရေးကြီးတယ်။ “ဒါကို လုပ်ဖို့ ငါ လူဖြစ်လာတာပါ"လို့ ပြောနိုင်
လောက်တဲ့အလုပ်က ဘယ်အလုပ်လဲ။ ကိုယ့်ဘဝမှာ တကယ်အရေးပါတဲ့ ကိစ္စတွေကို စိတ်မပါပဲနဲ့ လုပ်နေ ရတယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို သစ္စာမရှိတဲ့သူ ဖြစ်နေတယ်။
ကိုယ့်ရဲ့ အကောင်းဆုံး၊ အမြင့်ဆုံး အရည်အသွေးတွေကို အများဆုံး ထွက်ပေါ်လာအောင် လုပ်နေရတာ ကြိုးစား နေရတာဟာ ဘဝမှာ ပျော်စရာ အကောင်းဆုံးပဲ။
ဘဝကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်သာသာ မနေပါနဲ့၊ ကြိုးစားပါ၊ အရည်အချင်း များများ ထုတ်ပါ။ အရည်အချင်း များများ ထွက်လေလေ ကျေနပ်မှု ရလေလေပဲ။
`အလေးနက်ဆုံး အသိဉာဏ်က ဘဝနဲ့ ပတ်သက်တဲ့ အသိဉာဏ်ပဲ။
ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာပါ။
လူမှာလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲဒီ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများ ထုတ် သုံးရမှ အဲဒီလူဟာ ဘဝကို ကျေနပ်မှုရမယ်။
စိတ်ရဲ့ အရည်အသွေး မြင့်မားလာရင် ဘဝရဲ့ အရည်အသွေး မြင့်မားလာတယ်၊ ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မူပဲ။
ဘဝရဲ့ အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့ အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်၊ ဘဝရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။
ဘဝကို နောက်ဆုံးအချိန်အထိ အဓိပ္ပာယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်။ အဲဒီလို မသိလို့ ရှိရင် အသက်ကြီးသွားတဲ့အခါ ကြာလေ အသုံးမကျလေ ဖြစ်လာတယ်။ ကြာလေ အဓိပ္ပါယ် မရှိလေ ဖြစ်လာတယ်။
သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင် မှသာ လူ့ဘဝကို အောင်အောင်မြင်မြင် နေသွားတဲ့သူလို့ ဆိုနိုင်မယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ့ဘဝ ဖြစ်မှာပါ။
ဘဝဖြစ်လာတာဟာ အသိဉာဏ်ရဖို့၊ အသိဉာဏ်ရဖို့ဆိုရင် စိတ်ဓာတ်မြင့်မားမူ၊ စိတ်ဓာတ်မြင့်မြတ်မှုရှိမှ ဖြစ်နိုင်မယ်။
ဘဝတစ်ခုလုံးဟာ ကျောင်းပဲ၊ မွေးတဲ့အချိန်ကစပြီး `သေတဲ့ အချိန်ထိဟာ ကျောင်းနေနေတာပါ၊ ဒီဘဝမှာ တွေ့ကြုံရသမျှ ကိစ္စတွေနဲ့ မြင်သမျှ၊ ကြားသမျှကောင်းတာရော ဆိုးတာရော တစ်ခုမကျန် အားလုံးဟာ သင်ခန်းစာချည်းပဲ။ ယူတတ်ရင် ပညာနဲ့ အသိဉာဏ် ရတယ်။ ယူတတ်ဖို့ဆိုတာလည်း သတိရှိမှ ဖြစ်မယ်။ မေ့တိမေ့လျော့နေရင်တော့ ပညာမရဘူး၊ အသိဉာဏ် မရဘူး။
စစ်မှန်တဲ့ဘဝ၊ မှန်ကန်တဲ့ဘဝ၊ အတုအယောင် မဟုတ်တဲ့ ဘဝကို နေသွားဖို့နဲ့၊ သေတဲ့အခါမှာလည်း ဘာမှ ဟန်လုပ်တာ၊ ဖုံးကွယ်တာ မရှိ၊ အမှန်အတိုင်း၊ အရှိအတိုင်း သိပြီး သေဖို့က တကယ် ခက်ခဲနက်နဲတဲ့ ဘဝပေးတာဝန် ဖြစ်ပါတယ်။
လေးနက်တဲ့ မြင့်မြတ်တဲ့ တန်ဖိုးရှိတဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ အလုပ်ကို မလုပ်လို့ရှိရင် ဘဝကို တကယ်ကျေနပ်မှု မရနိုင်ဘူး။
ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီးတော့ သိပြီးတော့ ပြင်ပြီး နေသွားရတာ ဘဝမှာကျေနပ်စရာ အကောင်းဆုံး အလုပ်ပါ၊ အားရစရာ အကောင်းဆုံး အလုပ်ပါ။
လူဟာ အများအကျိုးကို ဆောင်ရွက်မှလည်းပဲ ကိုယ့်ဘဝကို ကိုယ် ကျေနပ်မှု ရနိုင်မယ်။
ဘဝရဲ့ အရည်အသွေးကို ကောင်းစေတာ အသိဉာဏ်ပဲ၊ ဘဝရဲ့ အရည်အသွေးကို ပျက်စီးသွားစေတာ အသိဉာဏ် မရှိခြင်းပဲ။ အသိဉာဏ် ဖြစ်ဖို့ဆိုတာ သတိရှိမှ ဖြစ်မယ်။ သတိမပါ ဉာဏ်မပါ ပေါ့ပေါ့တန်တန် လုပ်ပြီဆိုရင် ဘာမှ မရနိုင်တော့ဘူး၊ ဘဝရဲ့ အရည်အသွေးတစ်ခုလုံး ကျသွားသည်အထိ ဖြစ်နိုင်တယ်။
နေရာတကာမှာ ငွေနဲ့တိုင်းတာတတ်တဲ့သူရဲ့ ဘဝဟာ ကြာလေ တန်ဖိုး ကျဆင်းလေ ဖြစ်လာမှာပါ။
သေချာတဲ့ဘဝဟာ သေနေတဲ့ဘဝဘဲ။
ကိုယ့်မှာ စိတ်နေသဘောထား၊ အသိဉာဏ်အတွေးအခေါ် မှန်ကန်သွားပြီဆိုရင် ဘဝဟာ တစ်မျိုး အဆင်ပြေပြီး နေရတာ ပျော်လာတယ်။ ကိုယ့်လောကကြီး တစ်ခုလုံးဟာ ပြောင်းသွားတာပဲ၊ ကိုယ့်လောကကြီးကို ပြောင်းပစ် ချင်တယ်ဆိုရင် ကိုယ့်စိတ်ကို ကြည့်ပြီးတော့ ကိုယ့် စိတ်ထဲမှာ ရှိနေတဲ့ လွဲနေ မှားနေတဲ့ မသင့်တော်တဲ့ သဘောထားတွေကို သတိနဲ့ သိနေပါ။
ဘဝကို ညံ့ဖျင်းသွားစေတဲ့ အရာတွေထဲမှာ သတိမပါ ဉာဏ်မပါ ဖြစ်သလို နေတတ် လုပ်တတ်တာဟာ ထိပ်ဆုံးက ပါနေတယ်။
ဘဝအတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘဝဆိုတာ ကုန်သွား တယ်။
အရာရာတိုင်းကို တန်ဖိုးထားပြီးတော့၊ ကိုယ်နေရတဲ့ အချိန်လေးတွေကို တန်ဖိုးထားပြီးတော့၊ အခွင့်ထူးကြီး တစ်ခုရနေသလို နေသွားမယ်ဆိုရင် အဲဒီလူရဲ့ ဘဝဟာ ဘယ်လောက် လေးနက်နေမလဲ နော်။
အကောင်းအဆိုး တွေ့ ရသမျှ ဘဝအတွေ့အကြုံထဲက လေးနက်တဲ့ အသိအမြင်ကို ရမှသာ အတွေ့အကြုံဟာတန်ဖိုးရှိတယ်။ အကောင်းနဲ့ တွေ့တဲ့အခါ မာန ကြီးသွား မယ်၊ အဆိုးနဲ့ တွေ့တဲ့အခါ စိတ်ဓာတ်ကျမယ် ဆိုရင် အတွေ့အကြုံ ဟာ ဘာတန်ဖိုးမှ မရှိတော့ဘူး။
ဘဝရဲ့ တန်ဖိုးကို သိလာတဲ့သူဟာ ဘဝမှာ တွေ့ရ ကြုံရတာတွေကို ပိုပြီးတော့ လေးလေးနက်နက် မြင်နိုင် ခံစားနိုင်ပါတယ်။
လုပ်သမျှကိစ္စတွေကို အရည်အသွေး အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှ ဘဝတစ်ခုလုံးရဲ့ အရည်အသွေးဟာ မြင့်မားမယ်။
ငါ့ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ အညီ ဘဝကို နေသွားချင်တယ်။ အဲဒီလိုနေဖို့ ဘာကြောင့် ဒါလောက် ခက်ခဲနေရတာလဲ။
ကိုယ့်ဘဝကို အဆင်ပြေအောင် စိတ်ချမ်းသာမှုရှိအောင် နေသွားချင်တယ်ဆိုရင်၊ အဲဒါတွေရအောင် ငါကိုယ်တိုင် လုပ်မှရမယ်ဆိုတာ နားလည်မှ ရမယ်၊ လက်ခံမှ ရမယ်။
ဘဝဟာ အင်မတန် တိုတောင်းပါတယ်။ သူများမကောင်း ကြောင်းတွေ ထိုင်တွေးနေဖို့ အချိန်မရှိပါဘူး။
ပိုပြီးကောင်းတဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်တဲ့ ဉာဏ်ပညာနဲ့ စိတ်ဓာတ်အရည်အချင်းတွေ လူတိုင်းမှာ ရှိကြပါတယ်။
“ဘဝမှာ လေးနက်တာမြင့်မြတ်တာကို လုပ်စရာ “ရှိတယ်”လို့ တကယ်သိလာရင် ကိုယ့်ကိုယ်ကို လေးနက်တဲ့သူ မြင့်မြတ်တဲ့သူ ဖြစ်အောင် ပြုပြင် ပြောင်းလဲမှာပဲ။
ဒုက္ခတွေ အခက်အခဲတွေဟာ ဘဝကို ပိုပြီး အနီး ကပ်ပြီး အသေးစိပ် ကြည့်နိုင်အောင် အထောက်အကူ ပေးတဲ့ မှန်ဘီလူးလိုပဲ။
ကိုယ့်ဘဝမှာ ရှိသမျှအချိန်တွေအားလုံးကို ပိုက်ဆံရှာတာ အပျော်အပါးခံစားတာနဲ့တင် အကုန်ခံလိုက်ဖို့ မသင့်ဘူး။
ဘဝမှာ တိုးတက်မှုမရှိရင် ဆုတ်ယုတ်နေတယ်၊ တန့် မနေဘူး။
ဘဝကို ကျေနပ်မှု အပြည့်ရချင်ရင် လုပ်သမျှအားလုံးကို မြင့်မြတ်တဲ့ကျင့်စဉ် ဖြစ်သွားအောင် သတိနဲ့လုပ်ပါ။
ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင် သိမထားတာ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်း တယ်။ ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်။
ဒုက္ခတွေ အခက်ခဲတွေက ကိုယ့်ကို စိန်ခေါ်နေတယ်။ ကိုယ့်ကိုယ်ကို ပိုပြီး ရိုးရိုးသားသား သတ္တိရှိရှိ ကြည့် နိုင်အောင် သုံးသပ်နိုင်အောင် နှိုးဆော်ပေးနေတယ်။
အရိုးသားဆုံးနည်းနဲ့ အခက်ခဲတွေကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်လာရင် ပိုပြီးရင့်ကျက်တဲ့သူ မြင့်မြတ်တဲ့သူ ဖြစ်လာလို့ ကိုယ့်ဘဝကို ပိုပြီးကျေနပ်အားရတယ်။
လူ့ဘဝမှာ risk (စွန့်စားရတာ) နဲ့ challenge (အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ) နဲနဲ ရှိမှ
ကောင်းတယ်။ သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာ ကောင်းတယ်။
ငါ့ ဘဝဇာတ်လမ်းမှာ ငါဟာ ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူ၊ စီစဉ်သူ၊ သရုပ်ဆောင်သူ ဖြစ်တယ်။
ဘဝမှာ သင်ခန်းစာယူစရာဆိုတာ အမြဲရှိနေတယ်။
သေတဲ့နေ့ထိ ပညာတွေ၊ သင်ခန်းစာတွေ ဆည်းပူး လေ့လာရမှာပဲ။
လူတိုင်းမှာ မြင့်မြတ်တဲ့ အလုပ်တစ်ခု လုပ်စရာ ရှိနေပါတယ်။ အဲဒါကို သေသေချာချာ သိလာပြီး ဆိုရင် ကိုယ့်ဘဝဟာ အသက်ဝင်လာမယ်၊ အဓိပ္ပါယ် ရှိလာမယ်၊ ခရီးရောက်မယ်။
အတွေ့အကြုံတွေ၊ အခြေအနေတွေ အားလုံးဟာ အသိဉာဏ် ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ၊ အသိဉာဏ် ဖြစ်လာ ရင်တော့ အဲဒါ ကုန်ချော ဖြစ်သွားပြီ။ အဲဒီ အသိဉာဏ်ကပဲ ဘဝရဲ့ အဓိပ္ပာယ်ဖြစ်တယ်။
ကိုယ့်ဘဝကို ပြည့်စုံအောင် အဓိပ္ပာယ်ရှိအောင် တခြား ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှပဲ ရမယ်။