ဆရာတော်ဦးဇောတိက - ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ
ကိုယ်နွမ်းသော်လည်း စိတ်မခန်းပါ။
တရားနာလာကြတဲ့ပရိသတ်ထဲမှာ အသက်ကြီးတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ အတော်များတယ် အသက်ကြီးတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေကို တွေ့တိုင်း ဟောနေကျ တရားလေးတစ်ပုဒ် ရှိပါတယ်။
ဘုရားလက်ထက်က နကုလပိတာနဲ့ နကုလမာတာ ဆိုတဲ့ ဒကာကြီး၊ ဒကာမကြီး နှစ်ယောက်ရှိတယ်၊ သူတို့က ဘုရားကို သိပ်ချစ်တယ်။ ဘုရားနဲ့လည်းပဲ အရင်ဘဝဘဝတွေ တော်တော်များများ သားအမိ သားအဘ တော်ခဲ့ဖူးတာကိုး...။ စာထဲကအတိုင်းဆိုရင် နကုလပိတာနဲ့ နကုလမာတာ နှစ်ဦးစလုံးကို တစ်ပြိုင်နက် အဖေ၊ အမေ တော်ခဲ့ရတဲ့ ဘဝကလည်း (၅၀၀)နီးပါးလောက် ရှိတယ် နကုလပိတာက အခြားသူ တစ်ဦးဦးနဲ့ အိမ်ထောင်ကျလို့ သူ့ကိုပဲ အဖေ တော်ခဲ့ရတဲ့ဘဝကလည်း (၅၀၀) နီးပါးလောက်ရှိတယ် နကုလမာတာကလည်း တခြားခင်ပွန်းနဲ့ အိမ်ထောင်ကျလို့ သူ့ကို အမိတော်ခဲ့ရတဲ့ဘဝတွေကလည်း (၅၀၀)လောက် ရှိတယ်တဲ့။
ဘဝပေါင်းများစွာ အမေ၊ အဖေ တော်ခဲ့ရတယ်ဆိုတော့ နကုလ ပိတာနဲ့ နကုလမာတာဟာ မြတ်စွာဘုရားကို တွေ့တွေ့ချင်း သားလိုပဲ အလွန်ချစ်တယ်။ ဘဝဘဝက ချစ်ခဲ့တဲ့အရှိန်အဟုန်က မကုန်နိုင်ဘဲကိုး။ ဒါ တကယ်ပဲ ဖြစ်တတ်ပါတယ်။
ဘုရားကို မြင်လိုက်လို့ရှိရင် သူတို့က 'သား'လို့ပဲခေါ်တယ်။ ဒါကို တခြားရဟန်းတွေက ကြားတော့ မြတ်စွာဘုရားရဲ့ ခမည်းတော်နဲ့မယ်တော် တို့ဟာ သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော်မာယာလို့ ကြားဖူးတာပဲ။ အခု ဒီ ဒကာကြီးနဲ့ဒကာမကြီးတွေက ဘုရားကိုတွေ့တော့ သားလို့ခေါ်နေတာ ဘာကြောင့်လဲလို့ မြတ်စွာဘုရားကို မေးလျှောက်တော့ မြတ်စွာဘုရားက ရှင်းပြတယ်ဘဝပေါင်းများစွာ သားအမိ သားအဖ တော်ခဲ့ရတဲ့သူတွေမို့လို့ ယခုဘဝမှာလည်း တကယ့်မိဘရင်း မဟုတ်သော်လည်းပဲ မိဘအရင်း သားသမီးအရင်းလိုပဲတဲ့။
စိတ်မှာ နာကျင်အောင် နေမယ်
တစ်နေ့တော့ နကုလပိတာဒကာကြီးက မြတ်စွာဘုရားကို ဖူးဖို့ ဆိုပြီးတော့ ကျောင်းတော်ကိုလာတယ်။ ရောက်တဲ့အခါကျတော့ ဘုရားကိုလျှောက်တယ် “မြတ်စွာဘုရား...တပည့်တော် နေ့တိုင်းပဲ မြတ်စွာဘုရား ကို ဖူးချင်ပါတယ်၊ သံဃာတော်တွေကိုလည်း နေ့တိုင်းပဲ ဖူးချင်ပါတယ် ဒါပေမဲ့ အသက်က ကြီးပြီဘုရား၊ အသက်ကကြီးတော့ ခန္ဓာကိုယ်က အခုတစ်မျိုး တော်ကြာတစ်မျိုး ခဏခဏ အပြောင်းအလဲတွေ ဖြစ်တယ် အခု နေကောင်းပေမဲ့ တော်တော်ကြာ နေမကောင်းပြန်ဘူး၊ နေ့စဉ် လာချင်ပေမဲ့ လာလို့မရပါဘူး”တဲ့။
အဲဒီတော့ မြတ်စွာဘုရားက ပြန်အမိန့်ရှိတယ်“တစ်မုဟုတ်လောက် ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။
ဒီခန္ဓာကိုယ်ဆိုတာ အစဉ်အမြဲပဲ ဒုက္ခဝေဒနာတွေဟာ အနဲနဲ့အများ ရှိနေ တာပဲ”တဲ့
သူက မြတ်စွာဘုရားကို ဆက်လျှောက်တယ် “မြတ်စွာဘုရား၊ ၊ တပည့်တော် အသက်ကြီးပြီဘုရား၊ တရားကို ရှည်ရှည်ဟောရင် တပည့်တော် မှတ်မိမှာမဟုတ်ဘူး၊ အဲဒီတော့ မှတ်မိလွယ်အောင် တိုတိုလေး ဟောတော် မူပါဘုရား”တဲ့၊ အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကို တရားတိုတိုလေး
ဟောလိုက်တယ် “ဘာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ”တဲ့ အဓိပ္ပာယ်က “ ခန္ဓာကိုယ်မှာ နာကျင်သော်လည်းပဲ စိတ်မှာ မနာကျင်အောင် နေမယ်ဆိုပြီး ကျင့်ပါ”တဲ့ ။
ရိုးရိုးလေးပေမယ့် ဒီတရားရဲ့အနှစ်သာရအဓိပ္ပာယ်ဟာ အလွန့် အလွန် နက်နဲပါတယ်၊ ဒီတရားဟာ ဘုန်းကြီးအကြိုက်ဆုံးထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ် ။
မအီမသာဖြစ်တဲ့သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ သွားလာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာ သူ့ကို ရောဂါလို့ အမည်တပ် မနေတော့တာပါ။ ရင်ထဲက ပူသလိုလို၊ မောသလိုလို၊ တစ်ခါတလေ ခေါင်းထဲက မူးသလိုလို ဆိုတာတွေဟာ အနဲနဲ့အများ လူတိုင်းမှာရှိတယ်။ ငယ်ရွယ်တဲ့သူတွေက ဒီလောက် မသိဘူး၊ စိတ်ကလည်း တက်ကြွတဲ့အရွယ်၊ ခန္ဓာကိုယ်ကလည်း သိပ်ပြီး လှုပ်ရှားတဲ့အရွယ် ဖြစ်တယ်ဆိုတော့ သတိ မပြုမိလို့ပါ။ လုပ်စရာ ကိုင်စရာတွေ များနေတော့ ကိုယ် လုပ်ချင် ကိုင်ချင်တာတွေကိုပဲ အာရုံစူးစိုက် စိတ်ဝင်စားနေပြီး ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီမသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။ တကယ်တော့ မွေးခါစကတည်းက မအိမသာတဲ့သဘောက ရှိနေပြီးသားပါ။
“ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောဟာ ရှိပါတယ်၊ ဒါကြောင့် တစ်မုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာပါတယ်၊ မအီမသာဖြစ်တဲ့ သဘော မရှိပါဘူးလို့ ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။ ဉာဏ်ရှိရင် သူ ဒီလိုမပြောဘူး ”
ဒါကြောင့် “ ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင် နေ”လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲတယ်။
ဝေဒနှာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လို့ပါတယ်။
ဒီနေ့မနက်ဘဲ ဒကာကြီးတစ်ယောက်က သူ တရားအားထုတ်တာနဲ့ ပတ်သက်ပြီး လာမေးလျှောက်ရင်းနဲ့ သူပြောပြတာ...“တရားအား ထုတ်လို့ အင်မတန် သတိ၊ သမာဓိ ကောင်းနေတဲ့အခါမှာ ခန္ဓာကိုယ်မှာ အင်မတန် မခံနိုင်လောက်အောင် နာကျင်တဲ့သဘော ရှိသော်လည်းပဲ အဲဒီ နာကျင်တဲ့သဘောကို သတိလေးနဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့ သိနေရတဲ့အခါမှာ နာတာက နာတာတခြား၊ သိတာက သိတာတခြား ဖြစ်နေတယ်”တဲ့။ ခန္ဓာကိုယ်မှာတော့ နာနေတယ်၊ ဒါပေမဲ့ သိနေတဲ့ စိတ်က ဘယ်လိုမှမဖြစ်ဘူး၊ သိနေတဲ့စိတ်ကလေးက လွတ်နေတယ်တဲ့။ နာတာကို မကျေနပ်တဲ့စိတ် “ဒေါမနဿ” မဖြစ်ဘူးတဲ့ ။
သတိလေးနဲ့ ကြည့်နေတယ် ဆိုကတည်းကိုက သိတဲ့စိတ်က ဝေဒနာထဲမှာ ရောပါမသွားဘူး။ နာနေတဲ့ ဒုက္ခဝေဒနာသဘောက အာရုံ အဖြစ်နဲ့ သီးခြားရှိနေတယ်။ အဲဒီအာရုံကို သိနေတဲ့ စိတ်ကလေးက သူ့ဟာသူ သီးခြား ခပ်ခွာခွာ ဘေးကနေ အဝေးကနေ ထိုင်ကြည့်ရ သလိုပဲ နဲနဲလေး ခွာပြီးတော့ ကြည့်နေတော့ ဝင်ပူးပြီးတော့ ပါမသွားဘူး၊ ရောပါမသွားဘူး။
သတိလေးနဲ့နေတဲ့အခါမှာ အတွေးအတောမရှိဘူး။ သတိ တကယ် ကောင်းနေတဲ့အခါမှာ သမာဓိကလည်း အင်မတန်ကောင်းတယ် ယတိ၊ သမာဓိကောင်းနေတဲ့အခါမှာ အတွေးမရှိဘူး၊ အတွေး မရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ မြင်ရတယ်။ impersonal ဖြစ်သွားတယ်။ အတွေးက သူ့ကို လိုက်တွေးလိုက်ရင် ရောပါသွားပြီးတော့ personal ဖြစ်လာတယ်။ ဒါကြောင့် ပိုပြီးတော့ နာတယ်၊ မခံနိုင်ဘူး ။
စိတ်ထဲက “ နာလိုက်တာ၊ မခံနိုင်တော့ဘူး” ဆိုရင် ဒေါမနဿ ဝေဒနာတွေ ဖြစ်လာတယ်။ ဒုက္ခဝေဒနာ ဟာ ဒေါမနဿကို ဖြစ်စေတယ်။ ဒေါမနဿရဲ့သဘောက ဖြစ်ပေါ်လာတဲ့ဝေဒနာကို မြန်မြန် ဖျောက်ပစ် ချင်တယ်၊ လက်ခံမထားချင်ဘူး၊ သည်းမခံနိုင်ဘူး၊ ဒေါမနဿရဲ့သဘောက ခံနိုင်တဲ့အရည်အချင်း မရှိဘူး ။
သတိ၊ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်က ဖြစ်ပေါ်လာတဲ့အာရုံ အပေါ်မှာ အလိုအလျောက်တုန့်ပြန်မှု (react) မလုပ်တော့ဘူး။ ဖြစ်ပေါ် လာတဲ့အာရုံကို အသာလေး ဘေးက ထိုင်ကြည့်ရသလို ကြည့်လို့ရလာတယ်။ ဒီလိုကြည့်လို့ ရလာလို့ရှိရင် နာတာတော့ ရှိတယ်။ နာတာကို ငါ နာတယ်လို့ မထင်ဘူး။ ခြေထောက် နာနေတယ်ဆိုရင် သတိလေးနဲ့ သေချာကြည့်တဲ့အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ်။ နာတာလေးပဲ ရှိတယ်။ အဲဒီနာတာလေးကို သိတာပဲရှိတယ်။
အဲဒီလို involve မဖြစ်တဲ့အခါ၊ သူနဲ့ပတ်သက်ပြီးတော့ အတွေး အတော မရှိတဲ့အခါ၊ အဲဒီဝေဒနာရဲ့ သဘောသဘာဝဟာ အရင်တုန်းက ပုံစံမျိုး၊ အရင်တုန်းက သဘာဝမျိုး မဟုတ်တော့ဘူး။ ဒါကြီးပျောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ပျောက်လည်း မပျောက်နိုင်ပါလား၊ စိတ်ညစ်စရာ ကြီးပါလားလို့ မတွေးမိဘူး၊ အတွေးရှိနေတဲ့အခါမှာ ဝေဒနာရဲ့သဘာဝဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ်။
အတွေးအတော လုံးဝ မရှိတော့တဲ့အခါမှာ၊ သက်သက်ကြီး သိနေရတဲ့ အခါမှာ ခံစားရတဲ့ဝေဒနာရဲ့သဘာဝဟာ နောက်တစ်မျိုး ပြောင်းသွားတယ်။
နေမကောင်းလို့ ကိုက်ခဲနေတာ နာနေတာကို ပျောက်အောင်၊ သက်သာအောင် ဆေးသောက်သင့်ရင်လည်း သောက်ရတာပေါ့။ ဒါပေမဲ့ ဆေးသောက်ထားပါလျက်နဲ့ သူ့ဟာသူ နာနေတာကို စိတ်ထဲက တွန်းဖယ်နေတာ (resist) မရှိတော့ဘူး။ ဘယ်လိုမှ resist မလုပ်တော့ ဘူး၊ သူ့ဟာသူ ပျောက်ချင်လည်းပျောက်၊ မပျောက်ချင်လည်းနေ၊ ကိုယ့်ဟာကိုယ် လုပ်သင့်တာတော့ လုပ်ပြီးပြီ၊ အသာလေး သတိလေးနဲ့ ကြည့်နေမယ်ဆိုရင် ဝေဒနာရဲ့သဘောက တစ်မျိုး ပြောင်းသွားတယ်။ တကယ် အတွေးမရှိတော့ဘဲနဲ့ ဝေဒနာရဲ့သဘောကို နာမည်မတပ်ဘဲနဲ့ ပရမတ်ကျကျ၊ ပစ္စုပ္ပန်တည့်တည့် သိနေတဲ့အချိန်မှာ ဝေဒနာရဲ့ (Nature) သဘာဝဟာ ပြောင်းသွားတယ်။
ဘယ်လိုဝေဒနာသဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ်ဖြစ်၊ ကျဉ်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျှော့ထားပြီးတော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့ စိတ် လုံးဝမရှိဘဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝဟာ ပြောင်းသွားမယ်။ စိတ်ကို relax လုပ်ပြီးတော့ နူးညံ့နေတဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမှုလည်း ရသွားတယ်။
ဝေဒနာရဲ့သဘောဟာ သူ့ကို resist လုပ်လေလေ ပိုပြီးတော့ နာလေလေပဲ။ မခံချင်တဲ့စိတ် အားကြီးလေလေ ခံရခက်လေလေပဲ။
လုပ်သင့်တဲ့ ဆေးဝါးကုသမှုကိုတော့ လုပ်ပါ။ လိမ်းသင့်ရင် လိမ်းပါ။ သောက်သင့်ရင်လည်းသောက်ပါ၊ ထိုးသင့်ရင်လည်း ထိုးပါ။ လုပ်သင့်တာကို လုပ်ပြီးတဲ့အခါမှာ စိတ်ကလေးနဲ့ သူ့ကို အသာလေး ကြည့်ပြီးတော့ သိပြီးတော့ နေပါနော်၊ သူ့ကို အနတ္တအဖြစ်နဲ့ မြင်နိုင်လို့ရှိရင် ဒုက္ခအများကြီး သက်သာသွားတယ်။
တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲ ရောက်အောင် နာလို့မရပါဘူး။ စိတ်က သူ့ကို လက်ခံမထားချင်ဘူး၊ သူ့ကို မကြိုက်ဘူး၊ မုန်းတယ်၊ မရှိစေချင်ဘူး၊ မြန်မြန် ဖျောက်ပစ်ချင်တယ်၊ မြန်မြန် သက်သာသွားချင်တယ်၊ အဲဒီလို သူ့ကို (resist) လုပ်လေလေ၊ (attack)လုပ်လေလေ စိတ်ထဲမှာ ပိုပြီးတော့ tension များလာလေလေပဲ၊ စိတ်ကြီးက တင်းကျပ်ပြီးတော့ ပင်ပန်းဆင်းရဲပြီးတော့ နေတော့တာပေါ့။
Resist မလုပ်ဘဲနဲ့ စိတ်ကို နူးညံ့အောင် ထားနိုင်လို့ရှိရင် စိတ် ချမ်းသာနေတယ်။ စိတ်ကလေးကို Relax လုပ်ထားပြီးတော့ လုံးဝ Resist မလုပ်ဘဲ နူးနူးညံ့ညံ့လေး ကြည့်နေလို့ရှိရင် ဒီလိုကြည့်နေရတာကိုက စိတ်ကလေး တည်ငြိမ်ပြီးတော့ တစ်မျိုးတောင် ချမ်းသာသလို ဖြစ်လာတာ ရှိတယ်။ တကယ် သတိ၊ သမာဓိ ကောင်းလာရင် အဲဒီလိုပဲ တွေ့ရတယ်။
ဒါကြောင့် ဘယ်လိုဝေဒနာမျိုး ဖြစ်လာ ဖြစ်လာ အဲဒီဝေဒနာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လိုပါတယ်။ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ဒီလိုဝေဒနာမျိုးကို သတိလေးနဲ့ အေးအေးလေး ကြည့်တဲ့အကျင့် ရသွား တဲ့လူဟာ ဒီထက်ပိုဆိုးတဲ့ဝေဒနာမျိုး ကြုံလာရင်လည်း ဒီအရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမှာပဲနော်။
တချို့ဝေဒနာတွေဟာ ဆေးဝါးကုသလည်ပဲ ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး၊ အဲဒီအခါ ဖြစ်ပေါ်လာတဲ့ဝေဒနာပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေးကြီးတယ်။