Skip to product information
1 of 3

Other Websites

ဆရာကြီးဦးဟန်ထွန်း - ဗုဓ္ဒခေတ်မှဆေး၀ါးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျမ်းဦးနိဒါန်း အာယုဗ္ဗေဒဆေးပညာသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတို့၌ ဂေါတမ ဗုဒ္ဓမပွင့်မီ ရှေးနှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ကာ ခိုင်မာသော ဆေးကျမ်းများဖြင့် အထင်အရှား ရပ်တည်လာသော ဆေးပညာ ဖြစ်သည်။

“ကုထုံးတွင် စရက၊ ခွဲစိတ်တွင် သုဿတ” ဟူသော ဆိုရိုးစကားအရ ရောဂါမျိုးစုံ ကုထုံးကုနည်းများကို ရေးသားထားသော စရကဆေးကျမ်း၊ ခန္ဓာကိုယ်ဆိုင်ရာ အကြောင်းအရာများနှင့် ခွဲစိတ်ကု ပညာရပ်များကို ရေးသားထားသော သုဿတဆေးကျမ်းကြီးတို့သည် အာယုဗ္ဗေဒဆေးပညာဆိုင်ရာ ကျမ်းများအနက် ထင်ရှားသော ဆေးကျမ်းကြီးများ ဖြစ်သည်။ ။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ကာလက “ဒွေ အဋ္ဌနှင့်၊ ဧက ဧကာ၊ နှစ်ကောဇာ၊ ရောပါသာသနာနှစ်၊ သက္ကရာဇ်” ဆိုသည့် အတိုင်း ယခု ၁၃၆၆-ခုနှစ်မှ နောက်ပြန်ရေတွက်လျှင် သာသနာတော်နှစ် ၂၅၄၈-ခုနှစ် မတိုင်မီ အချိန် ဗုဒ္ဓရှင်တော်ဘုရား သက်တော်ထင်ရှားရှိစဉ်က အဆိုပါ အာယုဗ္ဗေဒ ဆေးပညာကို တက္ကသိုလ်ပြည်ရှိ ဆေးပညာရှင် ပါမောက္ခဆရာကြီးအထံသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်နည်းခံ သင်ယူကြသော တပည့်များအနက် ရာဇဂြိုဟ်ပြည်မှ ဆရာလေးဇီဝက လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

ဆရာလေးဇီဝကသည် ထက်မြက်သောဉာဏ်, ကြီးမားသော ဝီရိယဖြင့် (၇)နှစ်တိုင် သင်ယူခဲ့ပြီး ပါမောက္ခကြီးက ဆေးပညာပြည့်စုံစွာ တတ်မတတ် တူရွင်းတစ်ချောင်းနှင့် ရှစ်မိုင်ဝန်းကျင်အတွင်း ဆေးဖက် မဝင်သော အပင်ကို ရှာဖွေစေခြင်းဖြင့် စေလွှတ်စမ်းသပ်ပြီး ဆရာကြီး

ကျေနပ်လောက်အောင် တတ်မြောက်ပြီဖြစ်၍ ရိက္ခာအနည်းငယ်မျှသာ ပေးလိုက်ကာ နေရပ်သို့ ပြန်ခွင့် ပြုလိုက်သည်။

ဆရာဇီဝကသည် သာကေတမြို့သို့ ရောက်သောအခါ ရိက္ခာဖြည့် ရန် ဆေးကုသသည့် အလုပ်ကို စတင်လုပ်ဆောင်ရာ (၇)နှစ်ကြာကာလက စွဲကပ် ခဲ့သော သူဌေးကတော်ကြီး၏ ခေါင်းကိုက် ဝေဒနာကို ထောပတ်နှင့် ချက်လုပ် စီမံထားသော နှာနှပ်ဆေးဖြင့် နတ္ထုကမ္မခေါ် နာနပ်ခြင်း, နှာခေါင်းအတွင်းသို့ ဆေးသွင်းခြင်း တစ်ကြိမ် လုပ်ပေးရုံဖြင့် အမြစ်ပြတ် ပျောက်ကင်း သွားစေခဲ့သည်။

ဗာရာဏသီမှ သူဌေးသား၏ အူထုံးနေသော ရောဂါကို ဝမ်းဗိုက်သားကို လှန်ပြီး အူထုံးကို ဖြေ၍ ဝမ်းဗိုက်အတွင်း ပြန်သွင်းကာ ကုသပေးခြင်းဖြင့် ပျောက်ကင်းစေခဲ့ပြန်သည်။

တစ်ဖန် ရာဇဂြိုဟ်မှ သူဌေးတစ်ဦး၏ (၇)နှစ်ကြာ ခေါင်းကိုက် ရောဂါကို ထင်ရှားကျော်ကြားသော သမားတော်ကြီးများ ကုသကြသော် လည်း မပျောက်သာမက ဆရာကြီးတစ်ဦးက ငါးရက်သာ နေရတော့မည် ဟုလည်းကောင်း၊ အခြားဆရာကြီးတစ်ဦးက ခုနစ်ရက်သာ နေရလိမ့်မည် ဟုလည်းကောင်း၊ ပြောကြ လက်လွှတ်သွားကြလေသည်။ ထိုခေါင်းကိုက် ဝေဒနာကို ကုသရာ၌ ဆရာဇီဝကသည် ဦးခေါင်းခွံကို ဖွင့်၍ ဦးနှောက်ကို ငါးရက်အတွင်း စားပစ်မည့် ပိုးကောင်ကြီးတစ်ကောင်နှင့် ခုနှစ်ရက်အတွင်း စားပစ်မည့် ပိုးကောင်ငယ် တစ်ကောင်ကို ဖယ်ထုတ်ပြီး ပကတိအတိုင်း

ဖြစ်စေရန် နှစ်ဆယ့်တစ်ရက် အတွင်း ရှင်းရှင်းပျောက်ကင်းအောင် ခွဲစိတ် ကုသပေးခဲ့လေသည်။

တစ်ခါတွင် ဥနီပြည်ရှင် ပဏ္ဍုတဘုရင်ကြီး၏ ပဏ္ဍရောဂါကို ကုသရာ၌ မင်းကြီး မနှစ်သက်သော ထောပတ်ကို ထောပတ်အနံ့

ထောပတ်အရောင် ထောပတ်အရသာ မပေါ်အောင် အခြားသော ဆေးများနှင့် ရောစပ် စီမံကာ သောက်စေသည်။ လေကြိုသည့်အခါ

ထောပတ်ပါသည်ကို မင်းကြီး သိရှိလျှင် အမျက်ထွက်ကာ အန္တရာယ် ပြုမည်ကို ကြိုတင်သိ၍ မင်းကြီး၏ ဆင်မြန်ကို စီးကာ ရာဇဂြိုဟ်သို့ အမြန်ပြန်ခဲ့၏။

ပဇ္ဇေတမင်းသည် လေကြိုသည့်အခါ ထောပတ်နံ့ရ၍ လွန်စွာ ဒေါသထွက်လေ၏။ သို့ရာတွင် ထိုဆေးတစ်ခွက်ကြောင့် မိမိ၏ ပဏ္ဍရောဂါ ရှင်းရှင်းပျောက်ကင်းသွား၍ လွန်စွာ ကျေးဇူးတင်ကာ အဖိုးများစွာတန်သော ပိုးထည်များကို ဆရာဇီဝကထံ ပေးပို့စေခဲ့၏။

“ထို့ပြင် တစ်ချိန်၌ မြတ်ဗုဒ္ဓ၏ ခန္ဓာကိုယ်တွင် လေ, သည်းခြေ သလိပ်ဒေါသတို့ အလွန်များနေ၍ ဝမ်းနှုတ်လိုသော ဘုရားရှင်အား ဆရာကြီးဇီဝကသည် ကြာပန်းသုံးခိုင်ကို ဝမ်းသက်စေသော ဆေးတို့ဖြင့် ထုံစေ၍ ဆက်ကပ်၏။ ကြာပန်းတစ်ခိုင်ကို နမ်းရှူလျှင် ဝမ်းဆယ်ကြိမ့် သွားလိမ့်မည် ဟုလည်း လျှောက်ထားခဲ့၏။

သို့ရာတွင် ကြာပန်းသုံးခိုင် ရှူပြီး ဝမ်းတော် နှစ်ဆယ့်ကိုးကြိမ် သက်လိမ့်မည်။ ကျန်တစ်ကြိမ်မှာ ချိုးရေတော်သုံးပြီးမှ သွားလိမ့်မည်ဟု အိမ်အပြန်၌ စဉ်းစားသည်ကို ဘုရားရှင် သိတော်မူသဖြင့် ဝမ်းတော် နှစ်ဆယ့်ကိုးကြိမ် သက်ပြီးနောက် ရေနွေးစပ်ထားသော ချိုးရေတော်ကို ချိုးတော်မူသည်။ ထိုအခါမှ တစ်ကြိမ် ဝမ်းသက်တော်မူလေသည်။

ဤသို့ ကြာပန်းနံ့ကို နမ်းရှုကာမျှဖြင့် ဝမ်းသက်အောင် ဆေးများကို စီမံနိုင်သော ဆရာကြီးဇီဝက၏ ဆေးအတတ်ပညာသည် အံ့သြဖွယ်ကောင်းလှသဖြင့် ထိုအကြောင်းကို ဇီဝကဝတ္ထု၌ မှတ်တမ်းတင်ထားခဲ့ကြပေသည်။ မှတ်ချက် ။ ။ ဟိမဝန္တာ၌ပေါက်သည့် သုံးမြှောင့်ရှိသော“စေတကီခေါ်

ကြစုသီးသည် ကိုင်ရုံး အနံ့ရုံ၊ ၎င်းအပင်အောက် ဝင်ရောက် ခိုလှုံရုံဖြင့် ဝမ်းသွားစေတတ်သည်ဟု အာယုဗ္ဗေဒဆေးကျမ်း၌ ဖော်ပြချက်ကို ထောက်လျှင် ဆရာကြီးဇီဝက ကပ်လှူသော ကြာပန်း၌ ထိုကြစုကဲ့သို့ အစွမ်းထက်သော ဆေးပစ္စည်းတို့ဖြင့် ထုံထားသည်ဟု

ယူဆသင့်သည်။ ထိုသို့ ဆေးကုသမှု၌ သူမတူအောင် တတ်မြောက်ခဲ့သော ဆရာကြီးဇီဝကသည် မိမိ၏ အရှင်သခင် ဗိမ္မိသာရဘုရင်နှင့်တကွ ဘုရားအမှူးရှိသော သံဃာတော်တို့၏ ကျန်းမာရေးကိုလည်း တာဝန်ယူ ကုသပေးခဲ့ရသည်။

ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်နှင့်တကွ တပည့်သံဃာတော်များ မကျန်းမမာဖြစ်ကြသည့်အခါ၌ ဆရာကြီးဇီဝကစသော ဆေးဆရာကြီးတို့ သုံးစွဲခဲ့သော ဆေးများအနက် လွယ်ကူစွာလည်း ရနိုင်, သက်ဆိုင်ရာ ရောဂါကိုလည်း ပျောက်ကင်းစေနိုင်သော ဆေးဝါးများကို ဗုဒ္ဓဉာဏ်တော် ဖြင့် ချင့်ချိန်ဝေဖန်ကာ ခွင့်ပြုညွှန်ကြားတော်မူခဲ့ပေသည်။ ။

ဥပမာပြရလျှင် - အချို့ရဟန်းတော်များ ပဏ္ဍရောဂါ စွဲကပ်၍ မစား မသောက်နိုင် ပိန်ကြုံနေသည်ကို မြင်တော်မူ၍ ထောပတ်စသော ပဉ္စမဆေးကို ခွင့်ပြုညွှန်ကြားတော်မူခြင်း, နွားကျင်ငယ်ရေဖြင့်

 

| စိမ်ထားသော ဖန်ခါးသီးရည်ကို သောက်စေတော်မူခြင်း စသည်တို့ ဖြစ်သည်။

ထိုသို့ မြတ်ဗုဒ္ဓ ညွှန်ကြားတော်မူခဲ့သော ဆေးတို့ကို ဘုရားဟော ပိဋကတ်တော်နှင့် အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာဋီကာကျမ်းတို့မှ ရှာဖွေ ထုတ်နှုတ်၍ အများနားလည်အောင် ရေးသားရလျှင် ပါဠိ ကျမ်းဂန်တို့ကို ဖတ်ရှုလေ့လာနိုင်စွမ်း မရှိသော နောင်လာနောက်သားတို့ အတွက် အကျိုးများလိမ့်မည်။ ထိုခေတ်က နည်းနာကောင်းများကို လူအများ မသိကြတော့သဖြင့် တစ်စတစ်စ တိမ်ကောပျောက်ကွယ် သွားမည့်အဖြစ်မှ ကာကွယ်ရာလည်း ရောက်လိမ့်မည်ဟု သဘောရကာ လွန်ခဲ့သောငါးနှစ်ခန့်က ဗုဒ္ဓခေတ်မှ ဆေးနည်းများကို ကိုယ်တိုင် နိယံလင်္ကာ ရေးစပ်ထားခဲ့သည်။ ယခု ထိုနိယံ လင်္ကာတို့ကို ဖတ်ရှုသူတိုင်း နားလည်သဘောပေါက်အောင် အကျယ်ရေးသား ထုတ်ဝေရလျှင် အကျိုးများလိမ့်မည်ဟု သဘောရပြန်သဖြင့် “ဗုဒ္ဓခေတ်မှ ဆေးဝါးများ” (သို့) “ဗုဒ္ဓညွှန်ကြား ဆေးဝါးများ” ဟူသော အမည်ဖြင့် ဤကျမ်းကို ရေးသားပြုစုအပ်ပါကြောင်း။

(ဟနုထွန်း) စ-အ ဓမ္မာစရိယ

ဘီအေ၊ ဘီအီးဒီ တိုင်းရင်းဆေးကျောင်း ဆေးရုံအုပ်ကြီး (ငြိမ်း)

တဆ (၂) မိုးနံဆေးတိုက်၊ မန္တလေး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)