ဆန်းလွင် - ရွှေတောင်တက်ဒဿန
အမှာ
ဤစာသည် 'ဒဿနစာ' မျိုး ဖြစ်၏။
ဒဿနစာ ဆိုသည်မှာ ဖတ်ရင်း တွေးရသော စာမျိုးလည်း ဖြစ်၍ တွေးရင်း ဖတ်ရသော စာမျိုးလည်း ဖြစ်၏ ။
အတွေး ဆိုရာတွင် စိတ်ကူးရောက်ရာ တောင်စဉ်ရေမရ ကွန့်မြူးသော ကဗျာ . အတွေးမျိုးကို မဆိုလို။ သိပ္ပံပညာရှင်တို့သည် လောကသဘာဝကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရန် ရှာဖွေ စူးစမ်း သကဲ့သို့ လောက၏ အဖြစ်အပျက် အမှန်ကို အမှန် အတိုင်း ဉာဏ်ဖြင့် သိမြင်အောင် ထိုးထွင်း၍ ကြံစည်ခြင်းကိုသာ ဆိုလိုပါသည်။
ဤတွင် လူသားအဖို့ ဘဝ တိုးတက်ရေးနှင့် ဆိုင်သော အတွေးအမြင်များကို တင်ပြထားသည်။ ထိုအတွေးအမြင်များကိုပင် 'ရွှေတောင်တက် ဒဿန" ဟု ခေါ်ခြင်း ဖြစ်သည်။ စာဖတ်သူသည် ရွှေတောင်တက်သမား အဖြစ်ဖြင့် ဤစာကို ဖတ်သင့် သည်။
တောင်တက်သမားသည် တောင်တက် ခရီးကို သွားသောအခါ တက်မည့် တောင် တစ်ကောင်ကို ဦးစွာ ရွေးချယ်ရသည်။ ထိုတောင်၏ အမြင့်သည် မိမိ ခွန်အားနှင့် မျှ မမျှ၊ တောင်ထိပ်သို့ ရောက်နိုင် မရောက်နိုင်ကို ချင့်တွက်ရသည်။ လိုအပ်မည့် အကူပစ္စည်းများကို ရှာရသည်။ အဖော်အကူ အဖြစ် လိုက်ပါမည့်သူ များကို ရှာဖွေ ရွေးချယ်ရသည်။ အလုံးစုံ ပြည့်စုံပြီဆိုလျှင် တောင်ကို တက်သင့်သည့် အချိန်ကို ရွေးချယ်ရဦးမည်။ တောင်တက်သမားတိုင်း အဖို့ ကြိုတင် ပြင်ဆင်ခြင်း သည် မုချ လိုအပ်သည်။
တောင်တက်ခြင်း ဆိုသည်ကား အမြင့်သို့ သွားခြင်းလည်း ဖြစ်၏။ ထိပ်ဆုံးသို့ ရောက်ရန် အားထုတ်ခြင်းလည်း ဖြစ်၏။
ခက်ခဲ၏၊ ပင်ပန်း၏။ အလွန် အန္တရာယ်များ၏။ အပြေးအလွှား လုပ်၍လည်း မရ အလျင်အမြန် လုပ်၍လည်း မရ၊ အောက်ခြေက စ၍ တက်ရ၏။ အမြင့်သို့ ရောက်လေ စိုးရိမ်ရလေ ဖြစ်၏။ ထိပ်ဆုံးသို့ မရောက်မချင်း စိတ်မချရ ထိပ်ဆုံးသို့ ရောက်လျှင်ကား အခိုက်အတန့် သက်သာရာရ၏။ သို့သော် ,
တောင်ထိပ်ပေါ်တွင် ပို၍ လေတိုက်၏။ လေဒဏ် မိုးဒဏ် အအေးဒဏ်ကို ပို၍ ခံရ၏။ အခက မိမိ တက်ခဲ့သော တောင်ကို အမြင့်ဆုံး ထင်ခဲ့၏။
တောင်ထိပ်သို့ ရောက်သောအခါ ရှေ့မှာ သည့်ထက်မြင့်သော တောင်တွေ တသီတတန်း ထီးထီးမားမား တည်နေကြသည်ကို မြင်ရပြန်၏။ ထိုအခါမှ မိမိ သည် အမြင့်ဆုံးသို့ ရောက်နေသူ မဟုတ်သေးကြောင်းကို သိမြင်ပြန်၏။ ထိုအခါ မရောင့်ရဲခြင်းသည် ဖြစ်ပြန်၏။ ပို၍ မြင့်သောတောင်ကို တက်လိုသော ဆန္ဒသည် ဖြစ်ပြန်၏။ သို့ဖြင့် အကြင် လူသား၏ ဘဝ ရွှေတောင်တက်ခရီးသည် တစ်ဆင့်ပြီး တစ်ဆင့် သွားလေတော့၏။
ရွှေတောင်တက် ဒဿနသည်လည်း ထို့အတူပင် ဖြစ်၏။ ဖြစ်ပုံကို စာဖတ်သူ သည် ဖတ်ရင်း တွေးသွားလျှင်၊ တွေးရင်း ဖတ်သွားလျှင် သိမြင်လာမည် ဖြစ်၏။ ဘဝ ရွှေတောင်တက် ခရီးတွင် အဆင့် များစွာ ရှိ၏။ အမြင့် များစွာ ရှိ၏၊ ဘယ် အဆင့် ဘယ်အမြင့်သို့ ရောက်အောင် တက်မည် ဆိုသည်ကိုကား မိမိဘာသာ ဆုံးဖြတ်ရမည် ဖြစ်၏။ ,
အကြင် ခရီးသည် မရောက်ဖူးသော ခရီး ဖြစ်သည် ဖြစ်အံ့။ ထိုခရီးသို့ သွားမည့်သူအဖို့ ခရီးလမ်းညွှန် ရှိအပ်၏။ လမ်းသိသော ပုဂ္ဂိုလ်ကို လမ်းပြ အဖြစ် ထားသင့်၏။ လမ်းသွားရာ၌ လမ်းမှားခြင်း အဖြစ်သည် ဆို၏။ အချိန်ကုန်ပြီး ခရီးမရောက် ဖြစ်ရ၏။ မတော်လျှင် ခြေချော်၍ ချောက်တွင်းသို့ပင် ကျတတ်၏။ လမ်းပြပုဂ္ဂိုလ် ပါသော်ကား လမ်းမှားသို့ မရောက်နိုင်သဖြင့် အကျိုးရှိ၏။ သို့ရာ တွင် တောင်သို့ တက်ရာ၌ တစ်လမ်းတည်း ရှိသည်မဟုတ်။ လမ်းကား များစွာပင် ရှိနိုင်၏ ။
တောင်တက်သမားသည် အလွယ်ဆုံးလမ်း၊ အနီးဆုံးလမ်း၊ အန္တရာယ် နည်းသောလမ်း၊ သက်သာသောလမ်း၊ အချိန်အခါ အလျောက် ခရီး ရောက်မည့် လမ်းကောင်း လမ်းမှန်ကို ရွေးချယ်အပ်သည် သာလျှင်တည်း။
'ရွှေတောင်တက် ဒဿန' ကား လမ်းမှား နှင့် လမ်းမှန် ရှိရာတွင် တောင်တက် သမား ဥက္ကမပုရိသ ယောက်ျားတို့ နှလုံးထားအပ်သော လမ်းမှန်ကို ရွေးချယ်ပုံ ရွေးချယ်နည်းများကို တင်ပြသော 'လမ်းမှန်ရွေးနည်း လက်စွဲကျမ်း' ဖြစ်သည်ဟု ဆိုသော်ကား ရ၏။
အကြင် ပညာရှိတို့သည် သည့်ထက်ကောင်းစွာ နည်းလမ်း အဖြာဖြာကို စေတနာဖြင့် အကြံပြုမည် ဆိုပါလျှင်လည်း အကျွန်ုပ်က ဝမ်းမြောက် ဝမ်းသာ လက်ခံပါမည်။ အကြင် ပညာမရှိသော သူတို့သည် ဤ “ရွှေတောင်တက် ဒဿန" ကို ဖတ်ဖူး ကြားဖူးရသည် ဖြစ်၍ ပညာဉာဏ် အတွေးအမြင်များ ရသည်ဆိုလျှင် လည်း အကျွန်ုပ်အဖို့ ဝမ်းသာပီတိ ဖြစ်ရပါမည်။
ဤစာ ဖြစ်မြောက်ရေး အတွက် ကူညီထောက်ပံ့ အားပေးသူများ အားလုံးကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။
၁၉၈၆ ခု၊ ဖေဖော်ဝါရီလ။
နိဒါန်း
ရွှေတောင်တက် လမ်းပြ
တစ်နေ့သ၌ အကျွန်ုပ်ထံသို့ တက္ကသိုလ်မှ တပည့်တစ်ယောက် ရောက်လာလေ၏။ အကျွန်ုပ်လည်း ဘုရားသို့ သွားမည့်အခါနှင့် ဆုံလေ၏။ တပည့်က 'ဆရာ ဘယ်သွားမလို့လဲ” ဟု မေးလေ၏။ အကျွန်ုပ်က ဘုရားသွားမည့် အကြောင်းကို ပြောသောအခါ သူက 'ဘုရားကို ဘာသွား လုပ်မှာလဲ” ဟု မေးပြန်လေ၏။
'ဘုရားကို သွားတယ်ဆိုတာ တရား အလုပ် လုပ်ဖို့၊ သူတော်ကောင်း အလုပ် ကို လုပ်ဖို့ပေါ့" ဟု အကျွန်ုပ်က ဖြေသည်တွင် ထိုတပည့်သည် အ ကျွန်ုပ်၏ အကြောင်းစုံကို သိသူ ဖြစ်သည့်အလျောက် ဆိုပြန်၏။
“ဘယ်လိုလဲ။ ဆရာက ဗုဒ္ဓဘာသာကို ယုံကြည် လက်ခံနိုင်ပြီမို့လား"
ထိုအခါ အကျွန်ုပ်က “ဟုတ်တယ်၊ ငါဟာ ခု ဗုဒ္ဓဘာသာ တရားတော်တွေကို ယုံကြည် လက်ခံရုံသာမက ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ လည်း ဖြစ်နေပြီ" ဟု ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားပင် ဖြေလိုက်လေ၏။ ဤတွင် ထိုတပည့်က 'ဆရာ ဘာတွေများ ယုံကြည်စရာတွေ တွေ့လို့လဲ၊ ကျွန်တော်တို့ကို လည်း ပြောပါဦး' ဟု ဆို၍ ရွှေတိဂုံဘုရားသို့ လိုက်လာလေ၏။
'အေး ဘာတွေကို ယုံကြည်စရာ တွေ့သလဲဆိုတာကတော့ မင်းကို တစ်ထိုင် တည်း ပြောလို့ပြီးမှာ မဟုတ်ဘူး၊ ဒါပေမယ့် ယုံကြည်စရာ လိုက်နာကျင့်ကြံစရာ ကောင်းလှတဲ့ အချက် တစ်ချက်တည်းကို မင်း တစ်ထိုင်တည်း ဘဝင်ကျလောက် အောင် လက်တွေ့ ပြလိုက်ပါ့မယ်” ဟု ပြောပြီး သူ့ကို ရွှေတိဂုံ ရင်ပြင်ပေါ်သို့ ခေါ်သွားခဲ့လေ၏ ။
ရင်ပြင်တော်၏ တနင်္ဂနွေထောင့်သို့ ရောက်သောအခါ ထိုတပည့်အား “မင်း ဒီနေရာက စောင့်၊ ငါ တရားထိုင်တာ လေးဆယ့်ငါးမိနစ် ကြာမယ်၊ ဒီအတော အတွင်းမှာ မင်းက မျက်စိတွေ နားတွေကို ဖွင့်ပြီး လေ့လာနေ၊ ဘုရားပေါ်မှာ မင်း တွေ့ရ မြင်ရ ကြားရသမျှကိုပေါ့” ဟု ဆို၍ ထားခဲ့လေ၏။
ထိုတပည့်လည်း ထိုနေရာက ထိုင်၍ ဆောင့်လေ၏။ သူ့ထံသို့ ရောက်လျှင် အကျွန်ုပ်က 'ကဲ မင်း ဘာတွေ မြင်တွေ့ရသလဲ၊ ငါ့ကို ပြောစမ်း” ဟု မေးလေ၏။
'ဘာမှတော့ ထွေထွေထူးထူး မတွေ့ပါဘူး၊ စောစောက ဘယ်နိုင်ငံကလဲ မသိဘူး၊ သမ္မတကြီး တစ်ဦး ရွှေတိဂုံကို လာပြီး ကြည်ညိုတာ တွေ့လိုက်တယ်၊ ကျန်တာတွေကတော့ ခါတိုင်းလိုပဲ၊ ဒီနေ့ လပြည့်နေ့ဆိုတော့ ဘုရားပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာပဲ မြင်ပါတယ်” ဟု သူက ဆိုလေ၏။
အကျွန်ုပ်ကလည်း
“အေး၊ မင်း ဒီလောက် မြင်ရင်ပဲ တော်ပါပြီ၊ အဲဒီလူတွေ အားလုံး မင်းစိတ် ထဲမယ် ဘယ်လောက် များမယ်လို့ ထင်သလဲ”
'ဟာ ဘယ်နည်းမလဲ ဆရာ၊ တစ်သိန်း မရှိတောင် ခြောက်သောင်း၊ ခုနှစ် သောင်းတော့ ရှိမှာပဲ'
'ထားတော့ အရေအတွက်က အရေးမကြီးပါဘူး၊ အဲဒီ လူတွေထဲမှာ အဆင့် အတန်းအားဖြင့် ဘယ်လိုလူတွေ ပါသလဲ'
'အင်း သူဌေးတွေ၊ ဆင်းရဲသားတွေ၊ သမ္မတတွေ၊ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ သံတမန်တွေ . “အေး တော်ပြီ၊ တော်ပြီ၊ လူတန်းစား ပေါင်းစုံပေါ့"
“ဟုတ်ပါတယ် "
“ဟုတ်တယ်ဆိုရင် မင်း စိတ်ထဲ ရှိတဲ့အတိုင်း ပြောနော်၊ သူတို့ ဘာလာ လုပ်ကြတာလဲ”
'ဘုရားကို လာပြီး ကြည်ညိုကြတာ ပူဇော်ကြတာပေါ့ ဆရာ၊ တချို့ကလည်း ဆရာလို တရား အားထုတ်ဖို့ လာကြတာ ဖြစ်မှာပေါ့"
“မှန်ပါတယ် မင်းပြောတာ ဒီအပေါ်မှာ တွေ့မြင်နေကြတဲ့ လူတွေအားလုံး ဟာ ဗုဒ္ဓမြတ်စွာဘုရားကို ကြည်ညိုလို့၊ ဗုဒ္ဓ၍ အရိပ်အာဝါသကို ခိုလှုံနေရတာကို ကြည်နူးပြီး စိတ်ချမ်းသာလို့၊ ဗုဒ္ဓ သင်ကြားပေးခဲ့တဲ့ တရားတွေကို ကျင့်ကြံ အားထုတ်ရတာ ငြိမ်းအေးခြင်း ဖြစ်လို့၊ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို အောက်မေ့လို့ လာကြတာလို့ဆိုရင် မှန်ပါ့မလား" “မှန်ပါတယ် ဆရာ'
“မှန်ရင် ဒီလူပုဂ္ဂိုလ် အ မျိုး မျိုး ကို ဒီနေရာမှာ ဒီလို တစုတဝေးတည်း ရောက်ရှိနေအောင် ဘယ်သူက လှုံ့ဆော် စည်းရုံးခဲ့သလဲ၊ ဘယ်သူက အတင်း တိုက်တွန်းခဲ့သလဲ"
'မတိုက်တွန်းပါဘူး၊ ကိုယ့်စိတ် ကိုယ့်ဆန္ဒ ကိုယ့်စေတနာနှင့် ကိုယ် လာကြ တာပါ ဆရာ'
. ' 'ဒါဆို လူပေါင်း သိန်းသောင်းထဲမှာ ဒီအပေါ်ကို မကျေမနပ်နှင့် စိတ် မချမ်းမသာ ဖြစ်ပြီး ရောက်လာတဲ့လူ မလာချင်ဘဲ လာတဲ့လူ ဘယ်နှစ်ယောက် ပါမယ်လို့ မင်း စိတ်မှာ ထင်သလဲ'
'တစ်ယောက်မှ မပါပါဘူး ဆရာ" 'သေချာသလား' 'သေချာမယ် ထင်တာပဲ ဆရာ" "ဒါဖြင့် မင်းကကော
'ကျွန်တော်လည်း ကိုယ့်သဘောနှင့် ကိုယ် လာတာပါ ဆရာ၊ ဒီဘုရား ရင်ပြင်တော်ပေါ်ကို ရောက်ရင် ဘယ်လောက်ပဲ ပူလောင်လာတဲ့ စိတ်ဖြစ်ဖြစ် အေးပြီး ငြိမ်းချမ်း သွားတာတော့ ကျွန်တော် သတိ ထားမိပါတယ်"
'ဒါ လူတိုင်း ခံစားရတဲ့ ခံစားချက်ပါပဲကွယ်၊ ဒါကြောင့်လည်း စိတ်ရဲ့ အေးချမ်းမှုကိုသာ အလိုရှိကြတဲ့ သူတော်ကောင်းတွေနှင့် သူတော်ကောင်းစိတ် ရှိတဲ့ လူတွေဟာ ဒီလို ဘုရား အရိပ်ကို မြတ်မြတ်နိုးနိုး ကွန်းခိုကြတာပဲပေါ့၊ ထူးထူးခြားခြား ခံစားရတဲ့ အဲဒီ ငြိမ်းအေးမှုကို လူတွေဟာ ဘာကြောင့် ခံစား ရတယ်လို့ မင်း ထင်သလဲ' .
'ဒါတော့ ကျွန်တော် မသိဘူး ဆရာ၊ ငြိမ်းအေးခြင်း ရသကို ခံစားရတယ် ဆိုတာကတော့ အမှန်ပဲ၊ ဒါကို ကျွန်တော် မငြင်းနိုင်ပါဘူး ။ “ဟုတ်ပြီ၊ ဒါဆို အဲဒီ ငြိမ်းအေးတဲ့ ရသကို ခံစားရတာဟာ ဒီဆံတော်ရှင် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ထဲမှာ ကိန်းဝပ်တော်မူနေတဲ့ မြတ်စွာဘုရား၍ ဓာတ်တော် မွေတော်တွေရဲ့ သတ္တိကြောင့်ပဲ ဖြစ်တယ်လို့ ဆိုရင် မင်း ငြင်းမလား"
သူ တွေဝေစွာ စဉ်းစားနေလေသည်။ အကျွန်ုပ်ကပင် သူ့ကို ဆက်မေးလေ သည်။
'မင်း ရူပဗေဒ သိပ္ပံပညာကို သင်ဖူးတယ် မဟုတ်လား ။ "သင်ဖူးပါတယ်"
'အဲဒီအထဲက ဒြပ်ဆွဲနိယာမလို့ ခေါ်တဲ့ ဂရာဗစ်တေးရှင်း သဘောကိုကော သိတယ် မဟုတ်လား'
“သြော် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်ခြင်းအား ဆိုတာလား' “အေး ဆိုပါတော့၊ အဲဒီ ဆွဲငင်ခြင်း အားသတ္တိကို မင်း တွေ့မြင်ဖူးသလား' 'မတွေ့ဖူးပါဘူး'
“မတွေ့ဖူးပေမယ့် အဲဒီဆွဲငင်အားနဲ့ အကျိုး သက်ရောက်မှုကိုတော့ မင်း ခံစား မနေရဘူးလား"
“ခံစား နေရပါတယ် "
"ဒီလိုပဲ ခုဒီနေရာမှာ ဓာတ်ခဲ ရေဒီယို တစ်လုံးကို ယူခဲ့ပြီး ချဖွင့် ကြည့်မယ်ဆိုရင် ကမ္ဘာ့ တစ်နေရာရာက လွှင့်နေတဲ့ အသံတွေ ထွက်မလာဘူးလား"
“ထွက်လာမှာပေါ့ ဆရာ'
'ဒါဆို ဘယ်နေရာမှာပဲ ဖြစ်ဖြစ် စွမ်းအင်တွေရဲ့ အား သက်ရောက်မှုတွေ ရှိနေတယ် ဆိုတာကို မင်း ငြင်းလို့ ဖြစ်မလား"
'မငြင်းနိုင်ပါဘူး ဆရာ၊ ဒါနှင့် စောစောက ဓာတ်တော် မွေတော်တွေ နှင့် ဆက်စပ်လို့လား ဆရာ'
'ဟာ ဆက်စပ်တာပေါ့ကွာ၊ သိပ် ဆက်စပ်တာပေါ့၊ ယူရေနီယံ ဓာတ်သတ္တု လက်တစ်ဆုပ်စာလောက် ထဲမှာ အဏုမြူ စွမ်းအင်တွေ ဘယ်လောက် အမြောက် အမြား ရှိတယ်ဆိုတာ မင်း သိတယ် မဟုတ်လား" 'ဟုတ်ကဲ့၊ သိပါတယ်"
"သိရင် ဒီအတိုင်း အဖြောင့် စဉ်းစားကြည့်ပေါ့၊ မြတ်စွာဘုရား ကိုယ်တော်က ဖြစ်တဲ့ ဓာတ်တော်ထဲမှာ စွမ်းအင်တွေ ဘယ်လောက်ရှိမယ် ဆိုတာ မင်း စဉ်းစားရ ၊ မခက်ပါဘူး၊ စွမ်းအင်တွေထဲမှာ အပူ စွမ်းအင် အအေး စွမ်းအင်တွေ ရှိတယ် မဟုတ်လား" 'ရှိပါတယ်'
, 'ဒါဆို မြတ်စွာဘုရား၍ ဓာတ်တော်က ထွက်ပေါ်နေတဲ့ စွမ်းအင်တွေဟာ အေးမြတဲ့ စွမ်းအင်တွေ ဖြစ်လို့သာ လူတွေရဲ့ နှလုံးသားတွေကို အေးမြစေတာပဲလို့ ငါဆိုရင် မင်း ဘာပြောမလဲ "
'ဟုတ်ပါ့မလား ဆရာ၊ ဆရာ့ဥစ္စာ ဆွဲ တွေးသလိုများ ဖြစ်နေမလား” 'သြော် မင်းက ငါ ဆွဲတွေးတယ် ထင်လို့လား၊ ဒါဆို မင်းကို ငါ တစ်ခု ပြောမယ်၊ မင်း ငါ့ကို ခု ရှိခိုးစမ်းကွာ" ' 'ဟာ ဆရာကလည်း”
, "ဟ ကောင်၊ ငါဟာ မင်း အပေါ်မှာ ကျေးဇူး ရှိဖူးတဲ့ မင်းရဲ့ ဆရာ မဟုတ်လား၊ အသက်အားဖြင့် ဂုဏ်အားဖြင့် ငါဟာ မင်းရဲ့ ရှိခိုးခြင်းကို မခံထိုက်ဖူးလား'
“ခံတော့ ခံထိုက်ပါတယ်"
“ငါ နားလည်ပါတယ်၊ ခံထိုက်တယ် ဆိုပေမယ့် မင်း ငါ့ကို အကြောင်းမဲ့ ရှိခိုးရတယ် ထင်လို့ ရှိမခိုးချင်ဘူး မဟုတ်လား”
သူ ဘာဖြေရမှန်း မသိ ဖြစ်နေလေ၏။ ကျွန်ုပ်ကပင် ဆက်၍ ပြောရ၏။
'အဲဒါ ကွာခြားမှုကို မင်း သိစေချင်လို့ ငါပြောတာပါ၊ ခု ဟိုမှာ မြင်တယ် မဟုတ်လား၊ အယုတ် အလတ် အမြတ် မရွေး လူတိုင်းဟာ မြတ်စွာဘုရားကို ရည်မှန်းပြီး ပူဇော်နေကြတာ၊ ရှိခိုးနေကြတာ၊ သူတို့ စိတ်ထဲမယ် ဘယ်လောက် ဘုရားကို ကြည်ညိုနေကြမလဲ၊ ဘယ်လောက် ကြည်နူးနေကြမလဲ၊ မင်းရှိ ဆရာကို ရှိခိုးရမှာကိုတောင် မင်း တွန့်တိုသေးရင် လူတွေဟာ တော်ရုံ တန်ရုံ လူကို ရှိခိုး မယ်လို့ မင်း ထင်သလား'
'ဘယ် ရှိခိုးပါ့မလဲ ဆရာ'
'ဟုတ်တယ်၊ လူမှာ မာနရှိတယ်။ အဲဒီ မာနအားလုံးဟာ ဘုရားရဲ ခြေဖဝါး 'တော် အစုံအောက်မှာ ပျပ်ဝပ်ကျိုးကျ သွားကြတယ်၊ ကိုယ် ပင်ပင်ပန်းပန်း ရှာလို့ ရထားတဲ့ ဥစ္စာပစ္စည်းတွေ၊ စိန်တွေ၊ ရွှေတွေကို သက်ရှိမဟုတ်တဲ့ မြတ်စွာဘုရားကို ရည်မှန်းပြီး စွန့်လှူရတာကို လူတွေရဲ့ ရင်ထဲမှာ အလွန် အင်မတန် ကြည်နူးတယ်၊ ပီတိ ဖြစ်တယ်၊ မင်း စဉ်းစားကြည့်၊ အဲဒီ ပစ္စည်းဥစ္စာတွေကို ဘုရား ရှိတော့တာမှ မဟုတ်တာ၊ ဘုရားကို လူမနေပါနှင့်၊ ကျွန်တော့်ကို လူပါလို့ မင်း သွား အလှူခံ ကြည့်ပါလား၊ လူတွေ လှူမယ်လို့ မင်း ထင်သလား'
'ဘယ်လှူမလဲ ဆရာကလည်း
'အေး မလှူဘူး၊ စိတ်ချ၊ ဒါ မင်းက အလှူ ခံတာကိုတောင် နော်၊ လူတွေ လာပြီး ကြီးမားလှတဲ့ သဒ္ဓါတရားတွေနှင့် ဘုရားကို လှူနေလိုက်ကြတာ ကျတော့ မင်း မြင်သားပဲ၊ အဲဒီလို ငါ့ကို လှူပါလို့ ဘုရားက ဆိုသလား'
'မဆိုပါဘူး'
'မဆိုဘဲနှင့်တောင် လူတွေ ဘာဖြစ်လို့ ဘုရား အပေါ် ဒီလောက်တောင် မေတ္တာတွေ ပို၊ သဒ္ဓါတွေ” ပိုနေကြသလဲ”
'ကျွန်တော် ဆရာပြောမှ စဉ်းစားလို့ မရတော့ဘူး ဆရာ'
'အဲဒါ ပါရမီ ဆိုတာပေါ့ ငါ့တပည့်ရဲ လူချင်း တူသော်လည်း ပါရမီချင်း မတူဘူး၊ ဘုန်းကံချင်း မတူဘူး ဆိုတာ မင်း တွေ့ပြီ မဟုတ်လား"
'ဟာ ဟုတ်ပြီ ဆရာ ဟုတ်ပြီ၊ ကျွန်တော် စဉ်းစားမိပြီ၊ မြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ အနှစ် ၂၅၀၀ ကျော်က ပွင့်ခဲ့တယ်၊ ပရိနိဗ္ဗာန် ပြုသွားတာလည်း ကြာ လှပြီ၊ ဒါပေမယ့် ဒီနေ့အထိ လူတွေ အပေါ်မှာ ဒီလောက် သြဇာ လွှမ်းမိုးမှု ရှိနေ တာဟာ ဓာတ်တော်တွေရဲ့ အစွမ်းသတ္တိပဲလို့ ဒီလို မဟုတ်လား ဆရာ'
'မင်း သဘောပေါက် လာတာဟာ ဟုတ်ပါတယ်၊ သာသနာ ၅၀၀၀ ကျရင် ဒီဓာတ်တွေ အားလုံး ပျောက်ကွယ်ပြီး သာသနာတော်လည်း ပျောက်ကွယ်သွားမယ် လို့ မြတ်စွာဘုရားက အနာဂတ်ကို ကြိုတင် ဟောကြားတော် မူခဲ့တာတွေလည်း ရှိပါတယ်၊ ဒါလည်း တစ်ကြောင်းပေါ့၊ တကယ်တမ်းကျတော့ လူတွေရဲ့ နှလုံးသား ကို ဒီလောက် အင်အားကြီးတဲ့ ဆွဲအားနှင့် ဆွဲငင်ထားနိုင်အောင် မြတ်စွာဘုရားဟာ အချိန်တွေ အကြာကြီး ကြိုးပမ်း အားထုတ်ခဲ့ရတယ်"
'ဘာကို ဆိုလိုတာလဲ ဆရာ'
'ဒီလို သူ ပရိနိဗ္ဗာန် ပြုပြီးတဲ့ နောက်မှာလည်း အနှစ် ၅၀၀၀ တိတိ လူတွေ ဟာ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်နေအောင် မြတ်စွာဘုရားဟာ အလွယ် ကလေး လုပ်လို့ရခဲ့တာ မဟုတ်ဘူး၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလ အဓွန့်ရှည်စွာ ပါရမီ ဆယ်ပါးကို ဖြည့်ကျင့်တော် မူခဲ့ရတယ်၊ စွန့်ခြင်းကြီးများကို စွန့်ခဲ့ရတယ်၊ တခြား လူသားတို့ထက် ထူးကဲစွာ သူတစ်ပါး မလုပ်နိုင်တဲ့ အလုပ် တွေကို အကြိမ်များစွာ လုပ်ခဲ့ရတယ်၊ ဘဝပေါင်းများစွာ ဆက်ကာ ဆက်ကာ အားထုတ်ပြီးမှ ယခုလို လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့ထက် အမြင့်ဆုံး အမြတ်ဆုံး ဖြစ်တဲ့ နောက်ဆုံးဘဝကို ရတယ်၊ ဒါကို ဘာမှ ငြင်းစရာ မလိုဘူး၊ ဒီလို မလုပ်ခဲ့ဘဲနှင့် ဒီဘဝကို ဘယ်နည်းနှင့်မှ မရနိုင်ဘူး၊ မဟုတ်ရင် လူတိုင်း ဘုရား ဖြစ်နေကြမှာပေါ့၊ ဒါကို မင်း ငြင်းမလား"
“မငြင်းပါဘူး ဆရာ၊ ဒါပေမယ့် .. 'ဘာ ဒါပေမယ့်လဲ၊ ဒီမှာ ဒါပေမယ့် မရှိဘူး၊ ဘာမှ ဒွိဟ ဖြစ်စရာ မရှိဘူး”
“မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် သိချင်တာက ဆရာ ဒီအပေါ်မှာ ဘယ်လို သုံးသပ်သလဲဆိုတဲ့ ဆရာ့ရဲ့ အတွေးအမြင်ကို သိချင်တာပါ”
'အေး အဲဒါ ငါပြောမလို့ပဲ။ ငါဟာ တစ်သက်လုံး အတွေးအမြင် ပညာတွေ ကို လေ့လာ လိုက်စားရင်း အချိန်ကုန်ခဲ့တာ မင်း အသိပဲ၊ ငါဟာ ကမ္ဘာ့ဘာသာ - အယူဝါဒကြီးတွေ ထဲကိုလည်း လျှောက်ပြီး လေ့လာ ကြည့်ခဲ့ဖူးပြီ၊ ငါ့ နှလုံးသား ကို ဗုဒ္ဓဘာသာလောက် ငြိမ်းအေးစေနိုင်တာ ငါမတွေ့ခဲ့ဘူး၊ ဒါ ထားပါတော့၊ ခုလို ဘုရား ပုထိုး ရင်ပြင်ပေါ်ကို ရောက်တိုင်း ငါ စဉ်းစားတယ်၊ လူတွေဟာ ဗုဒ္ဓ ကို ဘာဖြစ်လို့ ဒီလောက် ကြည်ညို နေကြတာလဲ၊ ဗုဒ္ဓဟာ သင်တို့ လုပ်ခဲ့သမျှ အပြစ်တွေကို ငါ ကယ်မယ်လို့လည်း တစ်ခါမှ မဟောဘူး၊ သင်တို့အဖို့ ကံ ကမ္မ သကာပဲ၊ ကိုယ်ပြုရင် ကိုယ်ခံပဲ၊ ကိုယ့်ထိုက်နှင့် ကိုယ့်ကံပဲလို့သာ ပစ်ပစ်ခါခါ ဟောတယ်၊ သူဟာ လမ်းပြသူသာ ဖြစ်တယ်၊ ဒါပေမယ့် သူ့တရားကို လူတွေ အလွန် နှစ်သက်ကြတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မှန်တာကတော့ တစ်ပိုင်းပေါ့၊ အရိယာ သစ္စာကို လူတိုင်း သိနိုင်တာလည်း မဟုတ်ဘူး၊ ဒါပေမယ့် သူ့မှာ အင်မတန် ရိုးဖြောင့် စင်ကြယ်တဲ့ သဘော ရှိတယ်၊ မင်း စဉ်းစားကြည့်၊ သူဟာ လူသား တစ်ဦးပဲ၊ လူသား ဖြစ်လျက်နှင့် လူသား အားလုံး၍ ရှိခိုးခြင်း၊ ကိုးကွယ် ခြင်းကို ခံထိုက်တဲ့ အဖြစ်ကို ရောက်အောင် ကိုယ်တိုင်လက်တွေ့ လုပ်ပြသွားတော်မူ တယ်၊ ပြီးတော့ ဒီလို ဘဝမျိုးကို ရောက်အောင် ငါပဲ လုပ်နိုင်တယ်၊ သင်တို့ မလုပ်နိုင်ဘူးလို့လည်း မလှည့်ပတ်ဘူး၊ ဘယ်သူ ဘယ်ဝါပဲ ဖြစ်ဖြစ် အမြင့်ဆုံး အမြတ်ဆုံး အဖြစ်ကို ရောက်အောင် လုပ်လိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိရင် လုပ်နိုင်တယ်၊ ငြိမ်းအေးတဲ့ အဖြစ်ကို ရောက်အောင် လုပ်ချင်ရင်လည်း လုပ်နိုင်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ် မိမိတို့ စိတ်ကြိုက် အမြင့်ဘဝ၊ အမြတ်ဘဝကို ရောက်အောင် လုပ်ချင်ရင် လုပ်လို့ ရတဲ့ ကျင့်လမ်း (မဂ္ဂင်တရား) ရှိတယ် ဆိုပြီး လမ်းပြတော် မူခဲ့တယ်။
'လူဟာ လမ်းမသိရင်သာ ရောက်လိုရာ အရပ်ကို ရောက်ဖို့ ခဲယဉ်းတယ်၊ လမ်းသိရင် ကောက်ကာငင်ကာ ထသွားနိုင်တယ်။ ဒါတွေကို ငါ သိမြင်လာတဲ့ အခါ ဘယ်ဘာသာမှာမှ မရနိုင်တဲ့ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်နိုင်တဲ့ အခွင့်အရေး ကိုလည်း ငါ ရလာပြီပဲလို့ အောက်မေ့တယ်၊ ဟိုတုန်းကတော့ ငါဟာ သူတစ်ပါး ကယ်မချင်လာအောင် မျက်နှာချို သွေးနိုင်မှ တော်ကာကျတဲ့ ဘဝ၊ သူတစ်ပါး မကြိုက်တာ လုပ်မိရင်လည်း အပြစ်ဒဏ် ခံရမှာကို ကြောက်လန့်စွာနှင့် အသက် ရှင်နေရတဲ့ ဘဝ၊ ခုတော့ ငါဟာ လွတ်လပ်သူ ဖြစ်ပြီး၊ ပြီးတော့ ဘဝရွှေတောင်ကြီးကိုလည်း ငါ လှမ်းမြင်နေရပြီ၊ အဲဒီ ရွှေတောင်ပေါ်ကို တက်မယ်ဆိုရင် ငါ့ကို ပိတ်ပင် တားဆီးမယ့်သူလည်း မရှိဘူး၊ ငါ့ခွန် ငါ့အားအလျောက် ငါမှာ တက်နိုင် တဲ့ အခွင့်အလမ်းလည်း ရှိပြီ၊ ဒါတွေကို သိအောင် ငါ့ကို ရွှေတောင်တက်လမ်း ပြခဲ့သူဟာ မြတ်ဗုဒ္ဓပါပဲ၊ ဒါကြောင့် ငါဟာ ခုတော့ ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူတဲ့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာ အစစ် ဖြစ်ခဲ့ပြီလို့ မင်းကို ငါ ပြောခဲ့တာ' ဟု ရှင်းပြလိုက်ပါသည်။ ။
မှန်ပါ၏။ ဤတွင် အကျွန်ုပ် ရေးသားအပ်သော ရွှေတောင်တက် ဒဿန ဟူသည်လည်း အကျွန်ုပ်အား လမ်းညွန် ပြတော်မူခဲ့သော အကျွန်ုပ်၏ ဆရာ၊ အကျွန်ုပ်၏ ကိုးကွယ်ရာ သညုတဉာဏ်ရှင် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများပင် ဖြစ်ပါသည်။ ထိုအဆုံးအမများသည် လူ့ဘဝ တိုးတက်ရေး အကျိုးကို မုချဧကန် ပေးကြောင်းကိုလည်း ဤစာက သက်သေခံမည်ဟု ယုံကြည်ပါကြောင်း။