Skip to product information
1 of 2

Other Websites

ဆန်းလွင် - ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စတုတ္ထအကြိမ် ရိုက်နှိပ်ခြင်း စိတ်ကူးသစ် အမှာစာ

“ရတနာသုံးပါး” စာအုပ်ကို လေးတွဲ ခွဲပြီး ယခင် အကြိမ်ကြိမ် ထုတ်ဝေခဲ့ရာတွင် အောက်ပါ အခက်အခဲများကို မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရလေသည်။ ထိုအခက်အခဲများမှာ ပထမတွဲကို ရိုက်နှိပ် ထုတ်ဝေပြီးနောက် ကျန်အတွဲများကို ရိုက်နှိပ် ထုတ်ဝေသော အခါ ပထမတွဲ လက်ကျန် မရှိဘဲ ကုန်နေသဖြင့် ကျန်အတွဲများကိုသာ ဝယ်ရသူများ စိတ်ငြိုငြင်ခြင်း၊ တစ်တွဲပြီး တစ်တွဲ ရိုက်နှိပ် ထုတ်ဝေနေရသဖြင့် ထုတ်ဝေသူမှာလည်း အလုပ်ပို၊ စာဖတ်သူ မှာလည်း စာခေါင်းကွဲပြီး အတွဲစုံ ရရှိရန် ခက်ခဲခြင်း၊ အတွဲလေးများ ခွဲပြီး ထုတ်ရသောကြောင့် “ရတနာ သုံးပါး” စာအုပ်မှာ စာအုပ်စင်ပေါ်တွင် ခံ့ခံ့ထည်ထည် ရှိသင့်သော စာအုပ် ဖြစ်ပါလျက် ခံ့ခံ့ထည်ထည် ဖြစ်မလာခြင်း၊ တချို့ ဝယ်မရ၍ လက်ဝယ် ရှိသူထံမှ ငှားရမ်း ဖတ်ရှုသူများသည် ပထမတွဲကို ဖတ်ပြီးနောက် ပြန်မပေးဘဲ ထားတတ်ကြကာ ငွေကိုသာ ပြန်ပေးတတ်ကြသဖြင့် ကျန်အတွဲများသာ လက်ဝယ် ကျန်ရစ်သူမှာ အကုသိုလ်စိတ် ဒေါမနဿ ဖြစ်ရခြင်း စသည် စသည်တို့ ဖြစ်ပါသည်။

တချို့ ငွေကြေး တတ်နိုင်ပြီး စေတနာ သဒ္ဓါတရား ထက်သန်ကြသော ဓမ္မမိတ်ဆွေများသည် “ရတနာ သုံးပါး” စာအုပ် အတွဲ ငါးဆယ်လောက် ဝယ်ယူ လှူဒါန်းကြပြီးသော အခါ နောက်ထပ် ဝယ်လှူချင်သော်လည်း အတွဲ အစုံ မရတော့၍ ထပ်မလှူနိုင်ကြောင်း စာရေးသူအား ကိုယ်တိုင် လာပြောကြသည်။

ဓမ္မမိတ်ဆွေကြီး မြင်းခြံ ဦးအောင်သည် “ရတနာ သုံးပါး” ပထမတွဲကို အုပ် (၁ဝဝ) ဝယ်ပြီး ဓမ္မမိတ်ဆွေများအား လှူဒါန်းခဲ့လေသည်။ သို့သော် ကျန်အတွဲများကို နောက်ထပ် ရရှိစေရန် အချိန် ကြာမြင့်စွာ စောင့်စားခဲ့ရလေသည်။ ။

ဓမ္မမိတ်ဆွေ ဦးမြတ်ထွန်း၊ ပတ်ကား ရေသန့်ဘူး ကုမ္ပဏီ ဒါရိုက်တာကလည်း နောက်ကို “ရတနာ သုံးပါး” ထုတ်တဲ့ အခါ တစ်အုပ်တည်း တစ်ပေါင်းတည်း ထုတ်ပါဟု အကြိမ်ကြိမ် လာပြောခဲ့လေသည်။

တစ်နေ့သော် မုံလယ် တရားစခန်း ကျင်းပနေစဉ် ငါးဘွဲ့ရ ဓမ္မာစရိယ ချမ်းအေး ဆရာတော် ဘုရားကြီး ကိုယ်တိုင် စာရေးသူ ရှိရာ ရိပ်သာသို့ ကြွလာတော်မူပြီး “ဒကာကြီး၊ ရတနာ သုံးပါးကို ဒီတစ်ခါ ထုတ်ရင် လူရိုသေ ရှင်ရိုသေ ဖြစ်အောင် တစ်အုပ်တည်း ခံ့ခံ့ထည်ထည် သပ်သပ်ရပ်ရပ် ထုတ်ဖို့ ဘုန်းကြီး တိုက်တွန်းပါတယ်” ဟု အမိန့် ရှိပါသည်။  ယခုအခါသည် “ရတနာ သုံးပါး” ကို စတုတ္ထ အကြိမ် ထုတ်ဝေမည့် အခါနှင့် ကြုံနေသည် တစ်ကြောင်း၊ အကျွန်ုပ် (စာရေးသူ ဆန်းလွင်) သည်လည်း လောကီ စည်းစိမ် ချမ်းသာများနှင့် ဝေးရာ အင်းလေး အရှေ့ဘက်ကမ်းက ဝက်သကင် ကျေးရွာကလေးမှာ ဝက်သကင် ဆရာတော် ဘုရား ကြီး၏ ခြေတော်ရင်း၌ (အရှင် အာဒိစ္စရံသီ) ရဟန်း အဖြစ်ဖြင့် သံသရာ ဝဋ်မှ လွတ်မြောက်ရာ တရားကိုသာ ကြိုးပမ်း ရှာဖွေနေသူ အဖြစ်သို့ ရောက်ရှိနေပြီ တစ်ကြောင်း၊ ဗုဒ္ဓဘာသာ အစစ် ဖြစ်လို၍ တရားရှာသူ ဆန်းလွင်၏ ဘဝ ဒုတိယ ကဏ္ဍ အကြောင်းများ ကို “ရတနာ သုံးပါး” အမှတ် (၂) ဒုတိယ ကဏ္ဍ ပဉ္စမတွဲမှ အဋ္ဌမတွဲ အထိ ရေးသားရန် အသင့် စီစဉ်ထားပြီ ဖြစ်၍ တစ်ကြောင်း၊ ထို့ကြောင့် ယခု ထုတ်ဝေသော ပထမတွဲမှ စတုတ္ထတွဲ အထိကို တစ်စုတစ်ပေါင်းတည်းဖြင့်“ရတနာ သုံးပါး” ပထမ ကဏ္ဍ အမှတ် (၁) အဖြစ် သမုတိ အမည်ပေး၍ သေသပ် ခံ့ညားစွာ ထုတ်ဝေလိုက်ရပါကြောင်း အမှာ စကား ရေးသားလိုက်ရပါသည်။

မေတ္တာဖြင့်

စာရေးသူ - ဆန်းလွင် (အရှင်အာဒိစ္စရံသီ)

ဝက်သကင်ကျောင်း အင်းလေး၊

 

သာသနာရေးဦးစီးဌာန သုတေသန အရာရှိ

ဦးဟန်ဌေး၏ မိတ်ဆက် နိဒါန်း

ဘဝ အတွေ့ အကြုံသည် လူတိုင်းမှာ ကိုယ်စီ ရှိကြတာ ဓမ္မတာ ဖြစ်ပါ၏။ ဘဝ အတွေ့ အကြုံကို အခြေခံ၍ ဘဝ အတွေးအမြင် ဖြစ်အောင် လုပ်တတ်လျှင် ထိုအတွေ့အကြုံသည် အမြတ်ထားရသော ဘဝ တန်ဖိုး ဖြစ်လာတတ်ပါသည်။ ထိုသဘောသည် ဤစာအုပ်တွင် ထင်ရှားပါလိမ့်မည်။

လက်တွေ့ဘဝက ရသော အတွေ့ အကြုံသည် အတွေးအမြင် ဖြစ်လာ သောအခါ ဘဝ အတွက် သင်ခန်းစာ၊ ဘဝ အတွက် သံဝေဂစာ ဖြစ်လေတော့သည်။ ထိုအတွေးအမြင်တွေက ဘဝမှာ ဆောင်စရာတွေ ရှောင်စရာတွေကို ညွှန်ပြတတ်ပေရာ ထိုအခါ လူသားတို့ အဖို့ မိမိတို့ လျှောက်လှမ်းရမည့် ဘဝလမ်းသည် အရိယာသစ္စာ စခန်းသို့ ဦးတည်သော မဂ္ဂင် လမ်း ဖြစ်မှန်းမသိ ဖြစ်လာလေတော့၏။ ထိုသဘောသည်လည်း ဤစာအုပ်တွင် ထင်ရှား ပါလိမ့်မည်။

ဘဝ အတွေ့အကြုံများ တကယ့် ဖြစ်ရပ်များသည် တစ်ခါတစ်ရံမှာ ရိုး၏။ တစ်ခါတစ်ရံ မှာ ဆန်းပြား၏။ ဆန်းပြီ ဆိုလျှင်လည်း စိတ်ကူးယဉ် ဝတ္ထုထက်ပင် ပို၍ စိတ်ဝင်စားဖွယ် ကောင်းတော့၏။ စိတ်ဝင်စားဖွယ် ကောင်းသလောက် လေးနက် ကျယ်ပြန့်သော အဓိပ္ပာယ် တွေလည်း ပါရှိ၏။

မြတ်စွာဘုရား၏ ဘဝ အတွေ့အကြုံများကို အပွင့်အလင်း အရိုးအဖြောင့် ဟော ကြားသော ပိဋကတ်တော်လာ ဇာတ်နိပါတ်တော်များ၊ အပဒါန် ဝတ္ထုတော်များ၊ ထေရီ ထေရာ အတ္ထုပ္ပတ္တိများ၊ ဓမ္မပဒ အဋ္ဌကထာ ဝတ္ထုတော်များသည် ခေတ် အဆက်ဆက် လူသား အားလုံး အတွက် အကျိုးကျေးဇူး များစွာကို ဆောင်နိုင်သော အဖြစ်သနစ် (တရား) များ ဖြစ်ကြပါသည်။ မြတ်စွာဘုရားသည် ထိုဇာတ်ဝတ္ထုများတွင် အကောင်း သဘောကိုလည်း ဟောပါသည်။ အဆိုးသဘောကိုလည်း ဟောပါသည်။ အထင် ကြီးစေ လိုမှုဖြင့်လည်း အပိုကို မပြော။ အချဲ့ အကား မဆို။ အထင်သေးမည် စိုး၍လည်း အထိမ် အချန် မပြု။ ပကတိကို အရှိအတိုင်းသာ ရဲရင့်စွာ ဖွင့်ဟ မိန့်ဆိုတော် မူလေသည်။

မှန်၏။ ရိုးသား၍ စိတ်ကောင်းရှိသော၊ သတ္တိရှိ၍ ရဲရင့်သော စာရေးဆရာကောင်းတို့ သည်လည်း မိမိတို့၏ ဘဝ အတွေ့အကြုံဝယ် မှားဖူးသည်ကို မှားဖူးသည့်အတိုင်း၊ မှန်ဖူး သည်ကိုလည်း မှန်ဖူးသည့် အတိုင်း အရှိကို အရှိအတိုင်းသာ ပွင့်လင်းစွာ ရေးသားသင့်သည် လည်း အမှန်ပင် ဖြစ်ပါသည်။

စာရေးဆရာကောင်းသည် ပရိသတ်၏ အထင်ကြီးခြင်းကိုလည်း မတောင့်တအပ်။

အထင်သေးခြင်းကိုလည်း မကြောင့်ကြအပ်။ ပီမိုးနင်း၏ ပီမိုးနင်း၊ မဟာဆွေ၏မဟာဆွေ၊ ရွှေဥဒေါင်း၏ ဘဝ တစ်သက်တာ မှတ်တမ်း၊ အရှင်အာဒိစ္စဝံသ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊ ဒဂုံတာရာ၏ ဒဂုံတာရာ၊ သော်တာဆွေ၏ဘဝအထွေထွေ စသော အတ္ထုပ္ပတ္တိ စာပေများ မှာ ရဲရင့်၍ ရိုးသားသော စာများ ဖြစ်ကြကြောင်းမှာ ထင်ရှားပါသည်။ ထိုသဘောကိုလည်း ဤစာအုပ်တွင် ထင်ရှားစွာ တွေ့မြင် ရပါလိမ့်မည်။

ဆိုခဲ့ပြီးသော အတ္ထုပ္ပတ္တိ ရိုးရိုးစာတမ်းများတွင် လူပီသသော ပုထုဇဉ် စရိုက် ပေါ်လွင်လှ ပါသည်။ အကြောင်းအရာ အဖြစ်သနစ်များသည်လည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ အရေးအဖွဲ့ ကလည်း စာရေး ကျွမ်းကျင်သူများ ဖြစ်ရကား စံမီ စံထားလောက်ကြ ပါပေ သည်။ သို့ရာတွင် ရှေးက အတ္ထုပ္ပတ္တိ စာပေတို့တွင် ဘဝဒဿန အမြင်နှင့် ယုတ္တိနည်းကျ တွေးခေါ် ဆင်ခြင် သုံးသပ်မှု၊ လောက၏ အဖြစ်သနစ်များကို ခွဲခြမ်း စိတ်ဖြာ စိစစ်မှု (ဝိဘဇ္ဇ) အပိုင်းတွင်မူ အနည်းအကျဉ်းမျှကိုသာ ဆိုကြပြီး အတွေ့အကြုံများကသာ အလေး သာကြပါသည်။

ဘဝကို ဒဿန နည်းကျ စိစစ်ပြီး လောက၏ သစ္စာကို ဖွေရှာသော ဘဝ အတွေ့ အကြုံ အတ္ထုပ္ပတ္တိ စာတမ်းမျိုး တစ်ခုကို ဖတ်ချင်သော ဆန္ဒသည် ဘာထရန် ရပ်ဆယ်၏ ပင်ကိုရေး အတ္ထုပ္ပတ္တိ စာအုပ်ကို ဖတ်ရစဉ်အခါကပင် မိမိ၏ ရင်ထဲမှာ ဖြစ်ပေါ် ပွားများ ခဲ့ရသည်။ ယခုမှ ထိုဆန္ဒ၏ ပြည့်စုံခြင်းသို့ ရောက်သည်ဟု ဆိုချင်ပါသည်။

ဆန်းလွင်သည် သူ၏ “ရတနာ သုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း” ဟု အမည် ပေးထားသော အတ္ထုပ္ပတ္တိ စာတမ်းတွင် ဘဝကို ဒဿန နည်းကျ စိစစ်သော အမြင်များစွာ အတွေးများစွာကို တင်ပြထားပုံမှာ အံ့ဖွယ်ကောင်းလောက်အောင်ပင် ထူးခြား ပြောင်မြောက်နေသောကြောင့် မိမိ တောင့်တခဲ့သော ဆန္ဒ ပြည့်သွားပြီဟု ဆိုရခြင်း ဖြစ်ပါသည်။

ဤစာတမ်းသည် ထူးခြား ပြောင်မြောက်သည်ဟု ဆိုရခြင်းမှာ အကြောင်း ရှိပါသည်။ ထိုအကြောင်းများမှာ ဆန်းလွင်သည် သူ၏ ဘဝ အတွေ့အကြုံများကို အရိုး အဖြောင့် သဘောဖြင့် မရှက်မကြောက် မက္ကာမဝါ ဖော်ပြသောကြောင့် ဤစာတမ်းသည် အတ္ထုပ္ပတ္တိ စစ်စစ် စာတမ်း တစ်စောင်နှင့် တူ၍လည်း တစ်ကြောင်း၊

ပင်ကိုအားဖြင့် ဆန်းလွင်သည် ဒဿနပညာ များစွာကို နှစ်ရှည်လများ တက္ကသိုလ် တွင် ဆရာကောင်း သမားကောင်းများထံ၌ လက်ထပ် နည်းကျ သင်ကြားခဲ့ရသူလည်း ဖြစ်သည့်ပြင် ကိုယ်တိုင်ကလည်း ဒဿနသမား စာရေးဆရာ ဖြစ်ပေရာ သူသည် ဤစာ တမ်းတွင် ကမ္ဘာပေါ်မှာ ပေါ်ပေါက်ပြီးသော အတွေးအမြင် ဒဿနများစွာကို လည်းကောင်း၊ သူ၏ ပင်ကို အတွေးအမြင် (ဒဿန) များစွာကို လည်းကောင်း ရှင်းရှင်းလင်းလင်း ရဲရဲ ရင့်ရင့် ဖော်ပြထားသောကြောင့် ဤစာတမ်းသည် အတွေးအမြင် ကျမ်း တစ်စောင်နှင့် တူနေသည်လည်း တစ်ကြောင်း၊

ဆန်းလွင်သည် ဤစာကို ရေးရာတွင် ဦးနှောက်ကိုချည်း မသုံးဘဲ သူ၏ နှလုံးသား ခံစားချက်များကိုပါ ဆွတ်ပျံ့ဖွယ် ဖြစ်အောင် ရေးဖွဲ့ထားသည့် အတွက်ကြောင့် ဤ စာတမ်းသည် ရသစာပေ ဝတ္ထုတစ်ပုဒ်နှင့် တူနေသည်လည်း တစ်ကြောင်းကြောင့် ဖြစ် ပါသည်။

သူသည် ဤစာကို ဘဝနှင့် ရင်းနှီး၍ အနစ်နာမျိုးစုံ စွန့်စားခြင်း အဖုံဖုံ စွန့်လွှတ်ခြင်း များစွာတို့ဖြင့် တန်ဖိုးများစွာ ပေး၍ ယူခဲ့ရသည် ဖြစ်ရာ ဤစာ၏ ထူးခြားချက်နှင့် တန်ဖိုးသည်လည်း မြင့်မားလှသည်ဟု ကျွန်တော် ထင်မြင် ယူဆသည့် နည်းတူ စာဖတ် သူတိုင်းကလည်း မုချ ထင်မြင်ကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ဆိုလည်း ဆိုရဲပါသည်။

ဆန်းလွင်သည် သူ၏ ဘဝအထွေထွေကို အလွန် ရိုးသား ပွင့်လင်းသော စိတ်ဖြင့် ရဲရင့်စွာ ရေးသား ဖွင့်ဟကြောင်းမှာ ဤစာတွင် ထင်ရှားပါသည်။ သူသည် ဘဝ အဓိပ္ပာယ်ကို ရှာသူ ဖြစ်ပါသည်။ သူသည် ဘဝ သစ္စာကို ရှာသူ ဖြစ်ပါသည်။ သူသည် ဘဝ တန်ဖိုးကို ရှာသူ ဖြစ်ပါသည်။ သူသည် ဘ၀ ပန်းတိုင်ကို ရှာသူ ဖြစ်ပါသည်။ သူသည် ဘဝ ပန်းတိုင်သို့ ရောက်စေမည့် အကျင့်ကို ရှာသူ၊ ရှာပြီးနောက် ကျင့်သူ ဖြစ်သည်ဟုလည်း ဆိုချင်ပါသည်။

ထိုသို့ ရှာစဉ် ကျင့်စဉ် အခါက မိရိုးဖလာ ယုံကြည် ကိုးကွယ်မှုကိုလည်း စွန့်ခဲ့ ရသည်။ မိမိဘာသာ ရှာဖွေယူသော အယူဝါဒပင် ဖြစ်သော်လည်း ထို အယူဝါဒ၏ အမှားကို သိမြင် လာသောအခါ မြင်လျှင် မြင်ချင်း (တွေဝေခြင်း မရှိ) စွန့်သူလည်း ဖြစ်ပါသည်။ သူ၏ သစ္စာရှာ ခရီးတွင် မိဘဆွေမျိုး အသိုင်းအဝိုင်းကိုလည်း စွန့်ခဲ့ရပါသည်။ အသည်းနှလုံးက ရင်းနှီးချစ်ခင်သော ချစ်သူကိုလည်း စွန့်ခဲ့ရပါသည်။ အိမ်ထောင်ကိုလည်း စွန့်ခဲ့ရပါသည်။ ရာထူး စည်းစိမ်ကိုလည်း စွန့်ခဲ့ရပါသည်။ အခွင့်အလမ်းကိုလည်း စွန့်ခဲ့ရပါသည်။ အဆင့်အတန်းကိုလည်း စွန့်ခဲ့ရပါသည်။ ထို့ကြောင့် စွန့်ခြင်း အရာ၌ ဆန်းလွင်သည် ရဲရင့်သူဟု ထင်ပါသည်။ သူသည် စိတ် လွတ်လပ်ခွင့်နှင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းရှင်း၍ စိတ်ကြည်လင်စွာ နေနိုင်ရေး ကိစ္စနှင့် ကြုံလာလျှင် အရာရာကိုပင် စွန့်ဖို့ ဝန်မလေးသူ ဖြစ်နေသည်မှာ အများနှင့် မတူသော ဆန်းလွင်၏ ထူးခြားချက် တစ်ခုဟု ဆိုရမည်လား မသိပါ။ ဆုတောင်းရှိသူ၊ ပါရမီကို အလိုရှိသူသည် စွန့်ခြင်း၌ ရဲရင့်ကြသည်လည်း ဖြစ်နိုင် ပါသည်။

ဆန်းလွင်သည် ပစ္စက္ခယုတ္တိ၊ အနုမာရယုတ္တိ၊ သိဒ္ဓယျယုတ္တိ၊ သာဓကယုတ္တိတို့ကို သူ၏ ဘဝ တစ်လျှောက်လုံးတွင် ရှာဖွေနေသူ ဖြစ်ပါသည်။ သူသည် အမှန်ဆုံးနှင့် အကောင်းဆုံး ဖြစ်သော “ဓမ္မ” ကို အစဉ် ရှာဖွေ ခဲ့ရာတွင် အယူဝါဒ အမျိုးမျိုးနှင့် ရင်းနှီးခဲ့ဖူးသည်။ ဆက်ဆံခဲ့ဖူးသည်။ သို့ပါလျက်လည်း ထိုအယူဝါဒ အမျိုးမျိုးတို့သည် သူ၏ နှလုံးသားကို လွှမ်းမိုး စိုးပိုင်နိုင်ခြင်း မရှိခဲ့။ ဤသို့ မရှိခဲ့ခြင်းမှာ သူ သင်ယူခဲ့ရသော သဘာဝယုတ္တိပညာ (ဒဿနပညာ) များကြောင့်လည်း ဖြစ်နိုင်ပါ၏။ ထို့ထက် ပို၍ ထူးခြားသည်မှာ သူသည် အတိတ် ဘဝများ၌ ဗုဒ္ဓဘာသာနှင့်သာ အလွန်အမင်း ရင်းနှီးခဲ့သူ၊ သာသနာတော် အတွက်ဆောင်ရွက်ခဲ့သူ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါ၏။ အကြောင်းမှာ ဤသို့ ဘဝ အကြောင်းဆက် မရှိပါမူကား ဤမျှ ခက်ခဲ မြင့်မောက်သော အယူဝါဒ တံတိုင်းကြီးများ ကို သူသည် တစ်ခုပြီး တစ်ခု ကျော်ဖြတ်ပြီး ဗုဒ္ဓဘာသာ ပန်းတိုင်သို့ ရောက်အောင် အားထုတ်နိုင်ဖို့ အရေးသည် လွန်စွာ ခဲယဉ်းဖွယ် ရှိပါသည်။ ဤအလုပ်သည် စင်စစ် အလွန်အမင်း စွန့်စားရသော အလုပ် ဖြစ်ပါသည်။ ဤ အတ္ထုပ္ပတ္တိတွင် ဤသဘောလည်း ပေါ်ပါသည်။

ဆန်းလွင်သည် ဤစာကို နှလုံးသားနှင့်ရော ဦးနှောက်နှင့်ပါ ရေးဖွဲ့ထားသည်ဟု ခံစားရ ပါသည်။

ထိုသဘောသည် သူ၏ ပါမောက္ခများ၊ ဆရာမြတ်များ၊ ဆရာတော်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခန်းများ၌ လည်းကောင်း၊ တရားကျင့်ခန်းတွင် မတော်တဆ တွေ့ကြုံ လာရ သော “ထူးဆန်း အံ့ဖွယ်များ” ကြောင့် ၎င်းတို့ကို စိတ်ဝင်စားမိကာ ဂိုဏ်းဝါဒ ဂိုဏ်း ကျင့်စဉ်တွေကို အဟုတ်အဟတ် ထင်ပြီး လိုက်စားမိပုံ၊ အတန်ကြာမှ ထိုအထူးအဆန်း များ၊ ကယ်တင်ရှင်ယောင် သိဒ္ဓိ မဟိဒ္ဓိ အလုပ်များ၏ အနှစ်သာရ ကင်းကြောင်း အမြင် လည်လာပုံများကို ဖော်ပြရာ၌ လည်းကောင်း ပေါ်လွင် လှပါသည်။ ပုထုဇဉ်သည် တရား မတွေ့မီ အမှား တွေ့တတ်ပုံ ဖော်ပြချက်များမှာ အရိယာလမ်းကို စမ်းဝါး လိုက်စားနေ

သူများ အတွက် သတိ သံဝေဂ ရစရာတွေချည်း ဖြစ်ပါသည်။ ဤစာက ထို ဘဝသတိ ကိုလည်း ပေးပါလိမ့်မည်။

ဆန်းလွင်သည် အရိယာ သစ္စာကို ရှာသူတို့၏ ဘဝလမ်း၌ ပဓာန စခန်း ပျောက်ပြီး အပဓာန ကိစ္စတွေကို ရှေ့တန်း တင်လာတတ်ကြပုံ၊ တင်ရသည့် အကြောင်းများ ဖြစ်ပေါ် လာတတ်ပုံများကို ဖော်ပြထားရာတွင် အတွေ့အကြုံကို အရင်းခံ၍ တင်ပြထားသောကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ဆန်းလွင် သိဒ္ဓိလမ်း မဟိဒ္ဓိ အစွမ်းများကို အဆန်း ထင်ပြီး လိုက်စားခဲ့မိသည်မှာ စင်စစ် မဆန်းပါ။ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်း ဆရာ တော် ဘုရားကြီးကပင် “သိဒ္ဓိ ဣဒ္ဓိ လောကီ ပညာလမ်းတွေက သိပ် စွဲလမ်းစရာ ကောင်းလှတယ်၊ ငါတောင် အတော် ကံကောင်းလို့ ဉာဏ်ကူပေလို့ အဲဒီ လောကကို စွန့်လွှတ် ပစ်ခဲ့နိုင်တာ၊ မစွန့်နိုင်ရင် နစ်မယ်” ဟု တပည့်များကို အထပ်ထပ် သတိပေး ဟောကြား တော် မူခဲ့ဖူးလေသည်။ ဆန်းလွင်လည်း ကံကောင်း၍ ဉာဏ်ကူနိုင်သဖြင့် ထိုနှစ်လမ်းမှ ရုန်းထွက်နိုင်ခဲ့ ကြောင်း ဤစာတမ်းမှာ ပေါ်ပါသည်။ တကယ်တော့ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ် သာရသည် ကယ်တင်ရှင်ဝါဒ မဟုတ်ပါ။ “ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ ဝါဒ” ဖြစ် ပါသည်။ ဆန်းလွင်ကို ပိဋကတ် မြန်မာပြန် ကျမ်းများနှင့် လယ်တီ ဆရာတော်၏ ဒီပနီ ကျမ်းများက ကယ်တင်လိုက်သည်ဟု ဆိုနိုင်မည်လား မသိပါ။ သူ အချိန်မီ လမ်းမှန်ပေါ် ပြန်ရောက်ခြင်း အတွက် ဝမ်းသာဖွယ် ကောင်းလှပါသည်။

ပြီးတော့ ဆန်းလွင်၏ဘဝသည် ကျွန်တော်နှင့် အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ တို့ တွေ့ဆုံကြစဉ် အခါ ဆရာတော် မိန့်ကြားဖူးသော သြဝါဒ စကားထဲက ဘဝနှင့် တူနေသည်ဟုလည်း ထင်မိပါသည်။ (ထိုဆရာတော်သည် ရောမ ဘရင်ဂျီဘာသာမှ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းလာသော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်။)

ဆရာတော်က “ဒကာကြီး၊ ရှင်ဘုရင်ရဲ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင် ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ် ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါ ကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရ တာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိ ဖြစ်ရတာပေါ့၊ ဒီလိုပဲ ဒကာကြီး၊ တခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိ လာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ် သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်” ဟု မိန့်တော် မူပါသည်။

မှန်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုနှင့် နှိုင်းစာလျှင် တခြား ဘာသာ အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓဘာသာသို့ ရောက်ရှိလာသူများက ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပို၍ သိကြသည်မှာ ယုံမှားဖွယ် မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုမှာ ဘုရား၊ တရား၊ သံဃာ ၌ ယုံကြည် ကိုးကွယ် ဆည်းကပ်ရမည့် အစား တန်ခိုး ဣဒ္ဓိပါဒ် ကိစ္စတွေ လျှို့ဝှက် ဆန်းကြယ်တွေကို လိုက်စားချင်စိတ် ရှိနေကြလေသည်။ ဤတွင် “တရားဆို မဆန်းနှင့်၊ စကားဆို မကြမ်းနှင့်” ဆိုသော ခန္တီး ဆရာတော် ဘုရား၏ သြဝါဒကို မှတ်သားဖွယ် သတိရမိ ပါသည်။ အမှန်မှာ ရိုးဖြောင့်သောစိတ် (အမာယာဝီ အသဋ္ဌော) သည်ပင် တန်ခိုး သတ္တိရှိသော စိတ် ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤစာကို ဖတ်ရသော အခါ ထိုသဘောကို နားလည်ရပါသည်။

ကျွန်တော်သည် ဤစာအုပ်ကို စာမူဘဝတွင် အကြိမ်ကြိမ် အထပ်ထပ် ဖတ်ခဲ့ရပါသည်။

ထို့ကြောင့် ဤစာအုပ်ကို မည်သို့ ဖတ်သင့်ကြောင်း ချဉ်းကပ်နည်း၊ ကိုင်တွယ်နည်း အချို့ကို လက်ဆောင် ပါးချင်ပါသည်။

ပထမ “ချဉ်းကပ်နည်းမှာ ဤစာအုပ်သည် စာရေးသူ ဆန်းလွင်၏ ဘဝ အတွေ့အကြုံ နှင့် အမြင်တရားများကို ယောနိသော မနသိကာရ လက်ကိုင်ထား၍ ရိုးသား ပွင့်လင်းစွာ ရှိရင်းစွဲ အတိုင်း တင်ပြထားသော အတ္ထုပ္ပတ္တိ စာတမ်း တစ်စောင် ဟူသော အမြင်ဖြင့် ချဉ်းကပ် လေ့လာခြင်း ဖြစ်ပါသည်။ ဤသို့ လေ့လာရာတွင် သူသည် သူ၏ ဘဝ အမြင်ကို သူ သိသလို ရှင်းလင်း တင်ပြထားခြင်း ဖြစ်၍ စာဖတ်သူနှင့် သဘောတူသည်လည်း ရှိ မည်၊ သဘော မတူသည်လည်း ရှိမည် ဖြစ်ရာ သဘော မတူလျှင်လည်း သည်းခံနိုင်ဖွယ် အကြောင်း ရှိပါသည်။ ဆန်းလွင်သည် သူ တင်ပြချင်သည့် သဘောကို အတ္တနောမတိဖြင့် တင်ပြခြင်း မပြုဘဲ ကျမ်းကိုး ကျမ်းကားများဖြင့်သာ ကြိုးစား ပမ်းစား တင်ပြထားသောကြောင့် ဖြစ်ပါသည်။ ဤတွင် ဆန်းလွင်သည် သူ့အမြင်ကို တင်ပြတိုင်းမှာ သူ့အမြင်သာ မှန်သည်ဟု မဆိုပါ။ သည့်ထက် ယုတ္တိရှိ၊ သည့်ထက် မှန်သော အမြင် ရှိလျှင်လည်း တင်ပြ ပါဟု အမြဲ ဖွင့်ပေးထားသည်ကိုလည်း သတိပြုမိနိုင်ပါသည်။

ဒုတိယ ချဉ်းကပ်နည်းမှာ ဘဝ အတွေ့အကြုံများပေါ်တွင် ဒဿန အမြင်များကို ထုတ်ပြထားသော ဆန်းလွင်၏ အတွေးအမြင်များကို အကဲခတ်ခြင်း ဖြစ်ပါသည်။ သူ့ အမြင်များကို ကြည့်ခြင်းဖြင့် သူ၏ သတိ၊ သူ၏ ပညာ၊ သူ၏ ဣနြေ အနုအရင့် အဆင့် အတန်းကို အကဲခတ်ခြင်းကို ဆိုလိုပါသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)