ဆန်းလွင် - ယောဂီလက်စွဲ (သောတာပန်မိတ်ဆက်)
ဆန်းလွင် (ရှင်အာဒိစ္စရံသီ)
(၁၉၃၈-၂၀၀၂)
ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဘ ဦးဖိုးညွန့်၊ အမိ ဒေါ်လှကြီးတို့မှ ၁၉၃၈ ခု ဇန်နဝါရီ လ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်း အမည်ရင်းမှာ ဦးဆန်းလွင် ပင် ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရွှေ့တံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိက အဖြစ် အမှုထမ်းဆောင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန် ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်အကြာတွင် ခရစ်ယာန် ဘာသာကို စွန့်လွှတ်လိုက် သည်း
အသက် ၂၂ နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့အတွေးအခေါ် မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။
အသက် ၃၂ နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန် ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှ စ၍ မိမိ ရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ ( မြန်မာပြန်) ကို ကုန်အောင် လေ့လာသည်။
၁၉၇၂ တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည် ဒါရိုက်တာ အဖြစ် 'မျက်နှာငယ်ရမှာက မောင့်ချစ်ဦး 'လောကကို အလှဆင်မယ်' 'မနော်ဟရီအလှ' ရုပ်ရှင် ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်း အနေဖြင့် 'ငါညီ ငါမြေ အမေ 'လကွယ်မိုးနှောင်း နှင့် 'မသည်းနုရဲ့ သံသရာ" ဇာတ်ကားများကို ရေးသားခဲ့သည်။ 'ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း' ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ “ဖဲသမား' (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် စာပေ စတုတ္ထဆု ရရှိခဲ့သည်။
လုံးချင်းစာအုပ်များ အနေဖြင့် သျှင်ဥက္ကဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက် ဖီလိုဆိုဖီ ကကြီး ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ်ရှင်ကြီးများ၊ ရုရှားတွေးခေါ်ရှင်ကြီးများ တရားတွေ့ ချမ်းမြေ့ဖို့ အတွေးအမြင် ဆောင်းပါး များ ကျုရှိးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တက်ဒဿန၊ ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့် ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ (ဦးဟန်ဌေးနှင့် ပူးတွဲရေးသည်) ၊ မိုးကုတ် ဝိပဿနာ ရှုနည်း ထေရဝါဒ အုတ်မြစ်များအဖွင့်၊ ဘုံစဉ်စံ ဘဝလမ်းပြ ဒဿန ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး တရား၊ ဓမ္မ ဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့် လည်း စိတ်ညှိ အိပ်မွေ့ချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင်နယ် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
အသက် ၅၈ နှစ်တွင် ပဲခူးတိုင်း၊ ပိုးသောင်ကျေးရွာ၊ ရွှေပင်းဝင်ရပ်ကွက်၊ ဓမ္မစာရီကျောင်း တွင် ရဟန်းအဖြစ် ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။
နမောတဿ၊ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ယောဂီလက်စွဲ
ယောဂီ ယောဂီဆိုတာ ဘာလဲ
ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း၌ ယှဉ်သော လုံ့လ ရှိသူ ဖြစ်သည်။ “တရား အားထုတ်သူ” ဟု ယေဘုယျ နားလည်နိုင်သည်။ ဤတွင် “အား ထုတ်” ဆိုသော စကား၏ အနက်ကို လေးလေးနက်နက် သိထား သင့်သည်။ “အား” ဆိုတာ စွမ်းအင်ဖြစ်သည်။ ဤတွင် ရုပ်(ကိုယ်)စွမ်းအင်၊ နာမ်စွမ်းအင် (ဉာဏ်) နှစ်ခုစလုံးကို ဆိုလိုသည်။ “ထုတ်” ဆိုတာ ပေါ်ထွက်လာအောင် ပြုလုပ်ခြင်းဖြစ်သည်။ ဒါကြောင့်
ယောဂီသည် မိမိမှာ တရားနှင့်ယှဉ်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေ ထွက်ပေါ်လာအောင် လုပ်နေခြင်းကို တရား အားထုတ်နေခြင်းဟု သိထားရမည်။
“အားထုတ်ခြင်း” ဆိုရာ၌ ယောဂီမှာ အဓိကအားဖြင့် အားထုတ်လိုသော ဆန္ဒ ပြင်းပြမှု ရှိရမည်။ တရားရအောင် မဖြစ်မနေ လုပ်မည်၊ ဘာပဲ လုပ်ရ လုပ်ရ လုပ်မည်ဆိုသော စိတ် ဆုံးဖြတ်ချက် (အဓိဋ္ဌာန်) ခိုင်ခိုင်မာမာ ရှိရမည်။ ပြီးတော့ မဆုတ်မနစ်၊ အရိုးကြေကြေ အရည်ခန်းခန်း လုပ်မည် ဆိုသော မချသော လုံ့လ ရှိရမည်။
ယာဂီ၏ အင်္ဂါ (၁) ဧကော - ယောဂီသည် အဖော်မမီး တစ်ကိုယ်တည်း နေတတ်သူဖြစ်ရမည်။ (၂) ရူပကော - ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်ရမည်။ (၃) အပ္ပမာဒေါ - မမေ့မလျော့အောင် “သတိ” အမြဲတမ်း ကပ်ထားရမည်။ (၄) အာတာပီ - သမ္မပ္ပဓာန်လုံ့လ (မလျှော့သောဇွဲ) ရှိရမည်။ (၅) ပဟိတတ္တာ - ယောဂီစိတ်သည် နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ကိုသာ အမြဲတမ်းတစိုက်မတ်မတ် စေလွှတ်ထားရမည်။
(မှတ်ချက်။ တရားအားထုတ်ဖို့လာတာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့လာတာ၊ စကားပြောဖို့ လာတာမဟုတ်၊ မိတ်ဆွေဖွဲ့ဖို့ လာတာမဟုတ်၊ စီးပွားရှာဖို့ လာတာမဟုတ်၊ ပျော်ဖို့ လာတာ မဟုတ်ကြောင်း အမြဲ စိတ်မှာ စွဲထားမည်။)
တရားအားထုတ်သူ၏ ရည်မှန်းချက်
တရားအားထုတ်သူမှာ ရည်မှန်းချက် ရှိရမည်။ ဆန္ဒ ရှိရမည်။ ဘဝပန်းတိုင်ရှိရမည်။ အားထုတ်စမှာ ယောဂီသည် မိမိ၏ ဘဝ ဖြစ်တည်ပုံကို “အန္ဓပုထုဇဉ်” အဖြစ် နားလည်ထားရမည်။ ဉာဏ်မျက်စိ ကန်းနေသူကို ဆိုလိုသည်။ အန္ဓပုထုဇဉ်၊ ဉာဏ်မျက်စိ ကန်းနေသူသည် လူ့ဘဝ ဖြစ်တည်ပုံ အမှန်တရား ကို မသိနားမလည်သူ ဖြစ်သည်။ သူသည် ဘဝ၏ အမှန်တရားကိုသိသော သစ္စာ ဉာဏ်မျက်စိ မရှိသေးသူ ဖြစ်သည်။ ထို့ကြောင့် ယောဂီသည် မိမိ ၏ ဉာဏ်မျက်စိကန်း ဘဝကို ဉာဏ်မျက်စိ ရှိသူ (သုတဝါ) အဖြစ်သို့ ပြောင်းလဲဖို့အတွက် ပထမ ရည်ရွယ်ချက် ထားရမည်။
ကလျာဏ ပုထုဇဉ် (စူဠသောတာပန်)
သံသရာမှာ အပါယ် တစ်လမ်းသွား အဖြစ်ဖြင့်သာ မျက်ကန်းတစ္ဆေ မကြောက် ဖြစ်နေသော ပုထုဇဉ်သည် မိမိကိုယ်ကို ပထမဦးစွာ ဉာဏ်မျက်စိ ပွင့်သူ၊ ကလျာဏ ပုထုဇဉ် (စူဠသောတာပန်) ဖြစ်အောင် ကြိုးစားရမည်။ မူလတန်း မှ အလယ်တန်းသို့ ရောက်အောင် ကြိုးစား၍ ဉာဏ်အဆင့်မြင့်အောင် လုပ်သော စာသင်သားကဲ့သို့ ပြုရမည် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်အောင် အားထုတ်ရာ မှာ ဆရာကောင်းကို ရှာ (သူတော်ကောင်းကို ဆည်းကပ်) ပြီး တရားနာခြင်း အားဖြင့် ကိစ္စပြီးနိုင်သည်။ တရား မနာဘဲ တရား အားထုတ်ခြင်းသည် အချည်းနှီး အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ခန္ဓာအကြောင်း၊ ဓာတ်အကြောင်း၊ အာယတန အကြောင်း၊ ပဋိစ္စသမုပ္ပာဒ် ခန္ဓာသံသရာလည်ပုံအကြောင်း၊ ဖြတ်ပုံအကြောင်း၊ သစ္စာအကြောင်းတွေကို သိလျှင် (နားလည် သဘောပေါက်ပြီဆိုလျှင်)၊ ပုထုဇဉ် သန္တာန်မှာ စွဲကပ်နေသော ငါစွဲ၊ အတ္တစွဲ အမြင်မှား ဒိဋ္ဌိကို ဉာတပရိညာ (သင်ကြားသိမြင်သော ဉာဏ်ဖြင့် ပိုင်းခြားခြင်း) အားဖြင့် ပယ်နိုင်ပြီ။ ရုပ်သဘော၊ နာမ်သဘော၊ ပညတ်သဘော၊ ပရမတ် သဘောကို ခွဲခြားသိပြီ။ ထိုရုပ်တရား၊ နာမ်တရားတို့သည် အကြောင်းအားလျော်စွာသာ ဖြစ်ကြသည် ဆိုသော ကြောင်း ကျိုးဆက် တရားအမြင်ကို ဆင်ခြင်တတ်ပြီ၊ နားလည်ပြီဆိုလျှင် ထိုသူသည် အပါယ် တစ်လမ်းသွား ဘဝက လွတ်ပြီး အန္ဓပုထုဇဉ်အဖြစ်မှ ကလျာဏ ပုထုဇဉ် အဖြစ်ကို ရောက်ပြီ။ ဝိပဿနာ အောက်ဉာဏ် နှစ်ဉာဏ်ဖြစ်သော နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဉာဏ်ကို ရပြီး စူဠသောတာပန် (သောတာပန် အငယ်စား) ဖြစ်ပြီး တစ်ဘဝအတွက်တော့ စိတ်ချရပြီ။ သေလျှင် အပါယ်တစ်လမ်း သွားအဖြစ်က လွတ်ပြီး။
မဟာသောတာပန်ဖြစ်ဖို့ အရေးကြီးသည်
ယောဂီသည် ယခုဘဝ ရခဲလှစွာသော ဗုဒ္ဓ သာသနာတော်ကြီးနှင့် ကြုံကြိုက် တုန်းမှာ ကိုယ့်ကိုယ်ကိုယ် အပယ်တစ်လမ်းသွားဘဝက တစ်ဘဝလွတ်မြောက်သော ကလျာဏ ပုထုဇဉ် (စူဠသောတာပန်) ဖြစ်ရုံဖြင့် အားရကျေနပ် မနေသင့်။ ဒီဘဝ ဒီသာသနာမှာပင် ငါသည် အနည်းဆုံး မဟာသောတာပန်အစစ် ဖြစ်ရမည်ဟု ဒုံးဒုံးသန္ဒိဌာန် အပြီးချထားရမည်။
မြန်မာနိုင်ငံတွင် “သောတာပန်"ဟု ပြောလျှင် အထိတ်တလန့် ဖြစ်သူ များသည်။ ဘာကြောင့် အထိတ်တလန့် ဖြစ်ကြတာလဲဟု မေးလျှင် “သောတာပန် ဆိုတာ ဖြစ်နိုင်ကောင်းသော အရာမဟုတ်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေကြသောကြောင့် ဖြစ်သည်။ ထိုသူများသည် ကိုယ့်ကိုယ်ကိုယ် သောတာပန်နှင့် မထိုက်တန်သူများဟု အထင်ရောက်ရှိနေအောင် ပြုလုပ်ခြင်း ခံရသူများဖြစ်သည်။
သောတာပန်အလွယ်ကလေး
ဤတရားစခန်းသည် ဘဝပန်းတိုင်မဲ့ တရားစခန်းမျိုး မဟုတ်၊ လူတွေကို ခေါ်ပြီး အချိန်ကုန် လူပန်းအောင် လုပ်နေသော နေရာ မဖြစ်စေသင့်၊ ဤနေရာသို့ လာရောက် တရားအားထုတ်သော ယောဂီသည် မိမိကိုယ်ကို ငါသောတာပန် ဖြစ်အောင်လုပ်ဖို့ လာတာဟု တထစ်ချယုံကြည်စွဲမှတ်ထားရမည်။ သောတာပန် ဖြစ်ရေးကိစ္စသည် ခဲယဉ်းသော အလုပ် မဟုတ်ကြောင်းကို ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ အဆိုအမိန့်များကို ထုတ်ပြမည်။
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ အဆိုမှာ ဤသို့ ဖြစ်သည်။
ကြိုးစားလျှင် သောတာပန်ဖြစ်နိုင်
မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ- “တသွာတိယာနန္ဒ ဓမ္မဒါသံနာမ၊ ဓမ္မ ပရိယာယံ ဒေသဿဟိ' အစချီတဲ့ ဤတရားမှန်ကြီးကို ကြည့်ရှုသောအခါ သောတာပန်ဖြစ်ဖို့ အကြောင်းမှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေး နက်နက် ကြည်ညိုခြင်းနှင့် လူဝတ်ကြောင်များမှာ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။ ထို့ကြောင့်လည်း ဝိသာခါ ကျောင်းအမသည် မြတ်ဗုဒ္ဓကို ပထမဖူးရစဉ် (၇)နှစ် အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္နိမိတ္တ ဒေဝီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျှောက်တူသော ကရဝိတ်ငှက် ၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲလျက် ကြည်ညိုသော အဝစ္စပသာဒ (သဒ္ဓါ)ကြောင့် မောင်းမ ခုနစ်ရာနှင့်အတူ သောတာပန် ဖြစ်ကြ၏။
(အခြေပြု ပဌာန်းတရားတော်၊ နှာ-၅၃၉)
သောတာပန်စစ်တမ်း
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးကလည်း အထက်ပါ တရားမှန်ကြီး (ဓမ္မဒါသသုတ်) ကိုပင် ကိုးကား၍ ကိုယ့်ကိုယ်ကိုယ် သောတာပန် ဖြစ်ကြောင်း သိနည်းကို ဟောကြားတော်မူထားသည်။ ရတနာသုံးပါး၌ မတုန်မလှုပ် ယုံကြည်သက်ဝင်သော 'အဝစ္စပသာဒ (သဒ္ဓါ) တရားနှင့် ပြည့်စုံသည်ဆိုလျှင် မိမိ ကိုယ်၌ ငါးပါးသီလ ပြည့်စုံစင်ကြယ်ပြီဆိုလျှင် ငါသည် သောတာပန် ဖြစ်ပြီဟု ဆုံးဖြတ်ချက် ချနိုင်ကြောင်း ဟောတော်မူသည်။ သူတစ်ပါးထံ၌ အဆုံးအဖြတ်ခံရန် မလိုကြောင်း ပြထားသည်။ ထို့ပြင် သောတာပတ္တိယင်္ဂနှင့် ပြည့်စုံသည်ဟု ယူဆသော အရိယာ သာဝကသည် ဘုရားရှင်လက်ထက်က ဝန်ခံပြောကြားသောအခါ အရှင်သာရိပုတြာက 'ဒါယကာ၊ သင်သည် သောတာပတ္တိဖိုလ်ကို ဟောကြား အပ်ပေ၏' ဟု ချီးမွမ်းတော်မူကြောင်း ပြထားသည်။
(ဝိပဿနာရှုနည်းကျမ်း(ဒု-တွဲ)၊ နှာ-၂၉၂)
ဖိုလ်ဝင်စားခြင်း
ဝိသုဒ္ဓိမဂ်၌ ဤသို့ရှင်းလင်းဆုံးဖြတ်သည်။ “ပုထုဇဉ်”ပင် ဖြစ်သော်လည်း မိမိရရှိသော လောကီသမာပတ်ကို ၀င်စားနိုင်သေး၏။ အရိယာမှာ မိမိရပြီးသော ဖိုလ်ကို မဝင်စားနိုင်ရန် အကြောင်းမရှိချေ။ သောတာပတ္တိဖလ သမ္မာ ပဏ္ဏတ္ထာယ၊ သကဒါဂါမိဖလ သမ္မာပဏ္ဏတ္ထာယဉပ္ပာဒံ၊ အဘိဘုယျတီတိ ကာတြဘု ဤသို့ စသော ပဋိသမ္ဘိဒါမဂ်ပါဠိတော်ဖြင့် သောတာပတ္တိဖလသမာပတ်၊ သကဒါဂါမိဖလ သမာပတ်တို့လည်း ဖြစ်နိုင်ကြောင်းကို တိုက်ရိုက်ဖော်ပြသည်။ အရိယာ ဖြစ်ပါလျက် ဖိုလ်ကို မဝင်စားနိုင်သေးလျှင် သမာဓိနှင့်တကွ ကြွင်းသော ဣန္ဒြေတို့ အပြည့်အစုံ မထက်သန်သေးသောကြောင့် ဟူ၍သာ ယူဆရန်ရှိတော့၏။ ဖလသမာပတ်ကို အကြိမ်ကြိမ်ဝင်စားနိုင်ပါမှလည်း စိတ်ချသင့်ပေသည်။
(ဝိပဿနာရှုနည်း(ဒု-တွဲ)၊ နှာ-၃၂၀)
ဖလသမာပတ်တည်တဲ့ပုံ
ဖလသမာပတ်၌ တည်တံ့လိုသော အရိယာသည် ပထမဦးစွာ (ရှေးအဖို့၌) “ဤမျှကာလပတ်လုံး (တစ်နာရီ ဖြစ်စေ၊ နာရီဝက် ဖြစ်စေ) ဖလသမာပတ်၌ တည်ပါစေ” ဟု ပိုင်းခြား၍ အဓိဋ္ဌာန်ပြုပြီး ဝိပဿနာ ရှုမှတ်အပ်၏။ ဖိုလ်ဝင်စားရန် ဖလသမာပတ် တည်တံ့ရန် ကြောင့်ကြမစိုက်ရ မမျှော်လင့်အပ်၊ မတောင့်တအပ်၊ မှတ်ရုံသာ ရှုမှတ်နေအပ်သည်။ ရှုမှတ်နေရင်းက အဓိဋ္ဌာန်ပြုထားသော ကာလ
ပတ်လုံး သင်္ခါရနိမိတ် အလုံးစုံကို အာရုံမပြုဘဲ သင်္ခါရ ချုပ်ငြိမ်းကင်းဆိပ်သော နိဗ္ဗာန်ဓာတ်၌သာလျှင် စိတ်သည် သက်ဝင်လျက် တည်နေလိမ့်မည်။
ဖိုလ်ဝင်စားခိုက် အာရုံပြုပုံ
ဣဓာနန္ဒ၊ ဘိက္ခုဧဝံသညီဟောတိ- အစချီသော ဂါထာ (ဧကာဒဿ အင်္ဂုတ္တိုရ်ပါဠိတော်)၌ “အာနန္ဒာ၊ ဤသာသနာတော်၌ ရဟန်းသည်၊ ဤသို့သော အမှတ်သညာရှိ၏။ သညာဖြစ်ပုံကား - အကြင်နိဗ္ဗာန်သည် သင်္ခါရ အားလုံး ငြိမ်းရာလည်း ဟုတ်၏။ ဥပဓိခန္ဓာ အလုံးစုံကို စွန့်လွှတ်ရာလည်း ဟုတ်၏။ တဏှာ ကုန်ရာလည်း ဟုတ်၏။ တပ်မက်မှု ပြယ်ရာလည်း ဟုတ်၏။ သင်္ခါရ ချုပ်ငြိမ်း ကွယ်ပျောက်ရာလည်း ဟုတ်၏။ ဤချုပ်ငြိမ်းမှု နိဗ္ဗာန်သည် ငြိမ်သက်၏။ ကောင်းမွန်ပေ၏။ ဤသို့သော အမှတ် သညာရှိ၏။
(ဝိပဿနာရှုနည်း(ဒု-တွဲ)၊ နှာ-၃၂၈)
အချို့ပုဂ္ဂိုလ်သည် ဖိုလ်ဝင်စားလျှင် ဖိုလ်သို့လည်း လျင်မြန်စွာ ရောက်တတ် ၏။ ဖိုလ်မှလည်း လျင်မြန်စွာ ထတတ်၏။ ဖိုလ်ဖြစ်ချည်တစ်လှည့် ရှုမှတ်ဆင်ခြင် ချည် တစ်လှည့်အားဖြင့် အကြိမ်များစွာ ဖြစ်တတ်၏။ ဝင်စားမှု၌ မနိုင်နင်းသေး၍ ဖြစ်၏။ ဖိုလ်ဝင်စားနေစဉ်မှာ ထိုသို့ အာရုံ (အထူးသဖြင့်) အသံအာရုံကို ကြား သိတတ်၏။ ဥပမာ- ရှင်မောဂ္ဂလာန်သည် သိပ္ပံနီကာ မြစ်ကမ်း၌ သမာပတ် ဝင်စားနေစဉ် မြစ်ထဲသို့ ဆင်များ ဆင်းသက်ပြီး ပြန်တက်စဉ် ဆင်မြည်သံကို ကြားရကြောင်း ပြောသကဲ့သို့ ဖြစ်၏။ အရဟတ္တဖိုလ်သမာဓိ၊ အာနဉ္စသမာဓိကို ဝင်စားခိုက်မှာမူကား မိုးကြိုးပစ်သည်ကိုပင် မကြားနိုင်ကောင်းချေ။
(ဝိပဿနရှုနည်း၊ နှာ- ၃၃၃)