ဆန်းလွင် - မိုးကုတ်၀ိပဿနာ အလုပ်စဥ်တရားအနှစ်ချုပ် အပိုင်း(၂)
မိုးကုတ်ဝိပဿနာအလုပ်စဉ်တရား စာအုပ်အမှတ် (၁၁)
နိဒါန်း
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှာ ဗုဒ္ဓဘာသာ မိရိုးဖလာ များ၏ ဘဝတွင် လိုနေသော ဟာကွက်ကို ဖြည့်ပေးရန်၊ ပြုပြင်လိုသော ဆန္ဒဖြင့် ဟောကြားသော တရားများ ဖြစ်ကြသည်။ ဒါနမလုပ်မီ၊ သီလမလုပ်မီ၊ သမထ မလုပ်မီ၊ ဝိပဿနာမလုပ်မီ ဒိဋ္ဌိဖြုတ်မှုကို အရင်လုပ်ပါဟု ပဓာနထား၍ ဟောထား ပါသည်။ ဒိဠိကြောင့် သံသရာလည်သည်။ ဒိဠိသည် မဂ်တား ဖိုလ်တားဖြစ်သည်။ ဒိဋ္ဌိကွာမှ နိဗ္ဗာန်ရသည်။ ဒိဋ္ဌိ ခွာနည်း သုံးနည်း ရှိသည်။ အသိနှင့် ခွာနည်း၊ အပွားနှင့် ခွာနည်း၊ မဂ်နှင့် အပြီးခွာနည်း ဖြစ်သည်။ တစ်နည်း ဉာတပရိညာ တီရဏပရိညာ၊ ပဟာနပရိညာ ဖြစ်သည်။
ဆရာတော်ကြီးသည် ဒိဋ္ဌိခွာရာ၌ ပဋိစ္စ သမုပ္ပာဒ် ဒေသနာ တော်ကြီးကို အခြေခံ၍ ဟောကြားပါသည်။ သစ္စာနုလောဟိ ဉာဏ် ရရှိရေးကို ပဓာနထားသည်။ သစ္စာသိအောင် ဆရာကောင်း သမားကောင်း
ဟောကြားသော တရားကို နာခြင်းအားဖြင့် အနုဗောဓဉာဏ် ဖြစ်စေနိုင်သည်။ ဝိပဿနာအလုပ်ကို လုပ်ပါမှ ပဋိဝေဓဉာဏ်ကို ရနိုင်ကြောင်း ဤစာအုပ်တွင် ဖော်ညွှန်းထားသည်။
ဤအမှတ်စဉ်(၁၁)ပါ စာအုပ်မှ တရားများအနက် ပထမ အမှတ်(၁) တရားမှ အမှတ်(၄) တရား အထိကို ၁၄-၆-၆၂ မှ ၁၇-၆-၆၂ နေ့စွဲများဖြင့် ဟောထားသည်။ မိုးကုတ်မြို့ မင်္ဂလာတိုက်တွင် ဟောကြားသော တရားများ ဖြစ်ကြောင်း တွေ့ရသည်။ တရား အမှတ်စဉ်(၅) မှ (၇) အထိ သုံးပုဒ်မှာ နေ့စွဲ ဖော်ပြထားခြင်း မရှိပါ။ မိုးကုတ်မြို့ မင်္ဂလာတိုက်မှာပင် ဟောကြားသော တရားများဖြစ်ကြောင်း တွေ့ရသည်။
သို့သော် အမှတ်စဉ်(၈) စိတ္တာနုပဿနာ ရှုနည်း တရားကို ၁၇-၆-၆၂ မှာပင် ဟောသည်ဟု ဖော်ပြထားပြန်သည်။ ဟောတရား အမှတ်(၄)ကိုလည်း ၁၇-၆ -၆၂မှာပင် ဟောကြောင်း ဖော်ပြထားသဖြင့် နေ့စွဲတစ်ခုတည်း ဖြစ်နေသည့်ပြင်၊ ညအလုပ်ပေးတရားချည်း ဖြစ်နေပြန်သည်။ တစ်နေ့တည်း နှစ်ပွဲဟောလျှင်လည်း နေ့တရားပွဲ ညတရားပွဲ ဖြစ်သင့်သည်။ တစ်စုံတစ်ခု မှားနေခြင်း ဖြစ်နိုင်သည်။ စိတ္တာနုပဿနာ အမည်ဖြင့် တရားတစ်ပုဒ်ကို အလုပ်စဉ် တရားစာအုပ် အမှတ်(၃) ဟောတရား အမှတ်(၁၀) မှာလည်း ဖော်ပြထားခဲ့သည်။ ခေါင်းစဉ် တူသော်လည်း ဟောပုံချင်း ကွာခြားပါသည်။ တစ်ပုဒ်စီ ဟောခြင်းဖြစ်ပါလိမ့်မည်။
ဤစာအုပ်တွင် ၁၈-၆-၆၂နေ့စွဲဖြင့် ဟောကြားသော “အဖုံးနှစ်ချပ် ဖွင့်ကြည့် မှ နိဗ္ဗာန်မြင်' ခေါင်းစဉ်ပါ တရားကို စာအုပ်အမှတ်စဉ်(၈) ဟောတရား အမှတ်(၂) ၌ ၁၆-၁၁-၆၁ က ဟောထားသည်။ ခေါင်းစဉ်ချင်း တူနေသည်။ တရားတစ်မျိုး တည်းကိုပင် နှစ်ကြိမ်ဟောခြင်း ဖြစ်နိုင်သည်။ ၁၆-၁၁-၆၁ တရားကို အမရပူရမြို့ ဓမ္မာရုံမှာ ဟောကြားခြင်း ဖြစ်သည်။ ၁၈-၆-၆၂ တရားမှာ မိုးကုတ်မြို့ မင်္ဂလာတိုက် တွင် ဟောကြားသောကြောင့် နှစ်နေရာမှာ နှစ်ကြိမ် ဟောခြင်း ဖြစ်တန်ရာသည်။
၁။ ပရမ်းပတာဘေးမှ ကင်းလွတ်ရေး တရားတော်
[ ၁၄-၆-၆၂ နေ့က မိုးကုတ်မြို့ မင်္ဂလာတိုက်မှာ ဟောသောတရား )
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အားထုတ်ကြဖို့ တိုက်တွန်းသော စကားဖြင့် ဤတရာ.ကို စတင် ဟောကြားသည်။ ဒါနတွေ ဘယ်လောက်ပဲ လုပ်ထားထား အပါယ်ဘေးသို့ လွင့်စဉ်ကျတတ်သော ဝိနိပါတဘေး မလွတ်နိုင်ကြောင်း ပုထုဇဉ် အဖြစ်နှင့် သေလျှင် ဝိနိပါတဘေး ပြေးမလွတ်သောကြောင့် သေလျှင် အပါယ်ဘေး က လွတ်အောင် ဦးစားပေး လုပ်ထားသင့်ပုံကို ဟောထားသည်။ ဆိုလိုရင်းမှာ ပုထုဇဉ်အဖြစ်နှင့် မသေပါနှင့် သောတာပန်အဖြစ်နှင့် သေပါဟု ဆုံးမလိုခြင်း ဖြစ်၏။ [နှာ-၃) ပုထုဇဉ် သီလ ဘယ်လောက်ပဲ ဆောက်တည် ဆောက်တည် သေလျှင် အပါယ်ဘေးက မလွတ်ပုံကို ဓမ္မပဒမှ ဧရကပတ္တရဟန်းကြီး ရေနဂါး ဖြစ်သွားပုံဝတ္ထုကို သာဓက ထုတ်ပြသည်။ ပရမ်းပတာဘေး၊ ဝိနိပါတဘေးက လွတ်အောင် ဘယ်လိုလုပ်ကြမလဲဟု မေးသင့်သည်။ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို သိအောင် ကြိုးစားရမည်။ ခန္ဓာပဋိစ္စသမုပ္ပာဒ်ကို မသိလျှင် ဘာပဲလုပ်လုပ် ဒါနလုပ်လည်း အဝိဇ္ဇာဦးစီးသော ဝဋဒါန ဖြစ်နေသည်။ သစ္စာသိပြီး ဘုရားတည် ကျောင်းဆောက် မှသာ ဝိဇ္ဇာမဂ္ဂင် ဖြစ်သည်။ ထိုဝိဇ္ဇာမဂ္ဂင်ကသာ နိဗ္ဗာန်ကို အကျိုးပြုသည်။
အဝိဇ္ဇာနှင့်ယှဉ်သော အဝိဇ္ဇာဦးစီးသော ကုသိုလ်ကံတွေ လုပ်လျှင်လည်း တဏှာ၊ ဥပါဒါန်ကံဖြစ်ပြီး ပဋိစ္စသမုပ္ပာဒ် တန်းသွားသည်။ ဝိဇ္ဇာဉာဏ်ဦးစီးမှသာ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်သည်။ ပဋိစ္စသမုပ္ပာဒ် ဖြတ်သည်။ ဆရာတော်က ဘယ်သူ ဘာပြောပြော မယုံနှင့် ကိုယ့်ပဋိစ္စသမုပ္ပာဒ် ဖြစ်စဉ်က ပြတဲ့အတိုင်းသာ ယုံဟု မိန့်ထားသည်။ အပါယ်လေးပါးသို့ ပရမ်းပတာ ကျမည့်ဘေးက လွတ်ရေး အလုပ်ကို အရင် လုပ်ဟုလည်း တိုက်တွန်းထားသည်။ (နှာ-၁၅]. - ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးသည် ခန္ဓာချည်း ဖြစ်သည်။ အပါယ်ပို့တာ ပဋိစ္စ သမုပ္ပာဒ်က ပို့သည်။ ပဋိစ္စသမုပ္ပာဒ် တစ်ခုဖြစ်ပြီး တစ်ခုချုပ်တာကို သိလျှင်
သောတာပန်နှင့် ကပ်နေပြီဟု မိန့်ဆိုထားသည်။ [နှာ-၁၈) နားမှာ ကြားသိစိတ် ကလေး ဖြစ်လျှင် ဒေါသစိတ်ကလေး ပေါ်လာသည်။ ဒေါသစိတ်ကြောင့် သောက လာပြန်သည်။ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတွေ တန်းပြီး ဖြစ်လာသည်။ ဤကား မိမိခန္ဓာ၏ ဖြစ်စဉ် (ပဋိစ္စသမုပ္ပာဒ်) ဖြစ်သည်။ ကိုယ့်စိတ်၊ ကိုယ့်ဖြစ်စဉ်ကို ကိုယ် သိတာက ဝိဇ္ဇာဉာဏ် ဖြစ်သည်။ ကိုယ့်ခန္ဓာမှာ တစ်ခုဖြစ်ပြီး တစ်ခုပျက် ဖြစ်နေ တာကို သိပြီဆိုလျှင် ထိုသိလုံးက နောက်လာမည့် ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်သည်။
နောက်လာမည့် ပဋိစ္စသမုပ္ပာဒ် ပြတ်မှသာ ဝိနိပါတအမော ပရမ်းပတာ ကျသွားမည့် ဘေးကို တားနိုင်သည်။ (နှာ-၁၉) အန္ဓပုထုဇဉ်မှာ ထိုသို့ သိနိုင်သော ဉာဏ် မရှိပါ။ ဝိပဿနာဉာဏ် ပေါ်လာမှသာ ကိုယ့်စိတ်အစဉ်ကို ကိုယ်က ဖြတ်ပြီး ကြည့်နိုင်သည်၊ သိနိုင်သည်။ ပဋိစ္စသမုပ္ပာဒ်ကို သိလျှင် ဖြစ်ပျက် အနိစ္စကို သိသည်။ [နှာ-၂၁) ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာပဲဟု သိလိုက်တာက ဝိဇ္ဇာဉာဏ် မဂ္ဂသစ္စာ ဖြစ်သည်။ ထိုသိလုံး(မဂ်ဉာဏ်)က ပဋိစ္စသမုပ္ပာဒ် တန်းမသွားအောင် ကြားဝင်ပြီး တားလိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့ သိရင်သိရင်းကနေ ခင်ဗျားတို့ အရိယာ ဖြစ်သွားမယ်ဟုလည်း ပွင့်ပွင့်လင်းလင်း မိန့်ဆိုထားသည်။ (နှာ-၂၂]“ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို ကိုယ်သိတဲ့ ပုဂ္ဂိုလ်ဟာ ပရမ်းပတာဘေးက လွတ်တယ်လို့ ဘုရားက ဟောတယ်” ဟုလည်း အကိုးအားဖြင့် ရှင်းပြထားသည်။ (မှာ-၂၃) “အဝိနိပါတဓမ္မာ နိယတော သမ္ဗောဓိပရာယနေ' သောတာပန်မှာ ပရမ်းပတာ ကျတဲ့ဘေး မရှိဘူးဟုလည်း မိန့်ဆိုထား သည်။
အဓိက ရှေ့ထားပြီး လုပ်ရမှာက ကိုယ့်မှာဖြစ်သော စိတ်ဖြစ်လျှင် ထိုစိတ် ဖြစ်ပြီး ပျက်ပုံ၊ ဝေဒနာ ဖြစ်လျှင်လည်း ဝေဒနာ ဖြစ်ပြီးပျက်ပုံကို ကိုယ်က သိနေ ရမည်။ (နှာ-၂၅] ဤကဲ့သို့ ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ကိုယ်က သိနေလျှင် ကိုယ့် ပဋိစ္စသမုပ္ပာဒ်ကို ကိုယ်က ဖြတ်တတ်ပြီ။ ထိုသို့ ဖြတ်တတ်သော ပုဂ္ဂိုလ်သည် သေလျှင် အပါယ်သွားဦးမလားဟု သံသယကုက္ကုစ္စ ဖြစ်စရာ မလိုတော့ကြောင်း မိန့်ဆိုထားသည်။ [နှာ-၂၆]
အလကား မနေကြနှင့် စိတ္တာနုပဿနာ ရှုလျှင်လည်း စိတ်ပေါ်တိုင်း သိပါ။ ဝေဒနာနုပဿနာ ရှုလျှင်လည်း ဝေဒနာပေါ်တိုင်း သိနေပါဟု ဆုံးမထားသည်။ ဤကဲ့သို့ သိနေပါက တဖြည်းဖြည်း အသိဉာဏ်က ရင့်ကျက်လာသည်။ သောတာ ပန် တည်တယ်ဆိုတာ အသိ ရင့်ကျက်လာတာကို ဆိုတာ နှာ-၂၇]ဟု ဆိုသည်။ အသိဉာဏ်က ပထမ အစမှာ ဖြစ်ပျက်ဘက်ကို လှည့်နေသည်။ နောက်ကျတော့ ဖြစ်ပျက် မရှိတဲ့ဘက်ကို လှည့်သွားသည်။ ဒါကြောင့် ဖြစ်ပျက်မြင်ပြီဆိုလျှင် ဖြစ်ပျက် မုန်းအောင် ဖြစ်ပျက်ဆုံးအောင် လိုက်ရမည်။ ဖြစ်ပျက် ဆုံးတော့ နိဗ္ဗာန်တွေ့သည်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရသည်။ ထိုအခါ ဝိနိပါတဘေး ပရမ်းပတာ အပါယ်သို့ ကျနိုင်သော ဘေးမှ လွတ်သွားသည်။
ဆရာတော်က ဤတရားကို ဟောခြင်း ရည်ရွယ်ချက်မှာ ထိုဉာဏ် ထိုအသိ ကို ရအောင် ပထမ ဦးစားပေး လုပ်ကြဖို့၊ သားရေး၊ သမီးရေး၊ စီးပွားရေးကို နောက်ထားပြီး လုပ်ဖို့ဖြစ်ကြောင်း ဆုံးမသည်။ [နှာ-၂၉]
ထို့နောက် သောတာပတ္ထမဂ္ဂသံယုတ်မှာ လာသောတရား ဝတ္ထုကြောင်းကို ထုတ်ပြသည်။ အုတ်တိုက် ပေါများသော ရွာသို့ ရောက်သွားသောအခါ ရွာသား များက သူတို့ရွာမှာ သေသွားကြသူများ စာရင်းကို ပြောပြပြီး ထိုပုဂ္ဂိုလ်များ ဘယ်ဘဝ အခြေအနေ ရောက်သွားကြသလဲ မေးပုံ၊ ကြာတော့ ဘုရားက မဖြေနိုင်တော့၊ ဖြေရလွန်းသောကြောင့် မဖြေတော့ဘဲ ကိုယ့်ဘာသာ အပါယ်ကျ မကျ၊ သုဂတိဘုံသို့ ရောက် မရောက် ဆုံးဖြတ်နိုင်သော တရားစံကို ဟောသည်။
ပဋိစ္စသမုပ္ပာဒ် အမြင်ဖြင့် ကိုယ်သေရင် ဘယ်ဘဝရောက်မလဲ ဆုံးဖြတ်နိုင်ပုံ ကို ဟောသည်။ ပဋိစ္စသမုပ္ပာဒ်တန်းဖြတ်နေသူတွေ၊ မဖြတ်နိုင်သူတွေ သေလျှင် အပါယ်ဘုံသွားပုံ၊ ဖြတ်နိုင်သူက သေလျှင် သုဂတိဘုံ ရောက်ပုံကို ပြသည်။ ကိုယ့်ဘာသာ သိနိုင်ကြောင်း ဟောသည်။ [နှာ-၃၇) ပဋိစ္စသမုပ္ပာဒ် ဖြတ်တတ်သော ဉာဏ်ရလျှင် ပရမ်းပတာကျသော ဘေးက လွတ်နိုင်ပုံကို ဟောထားသည်။
ထို့နောက် အသက်ရှင်နေသော ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပာဒ် ခြောက်မျိုး ဖြစ်နေ ပုံ၊ မျက်စိပေါက်၊ နားပေါက်၊ လျှာပေါက်၊ နှာခေါင်းပေါက်၊ ကိုယ်ပေါက်၊ မနော ပေါက်က ဖြစ်သော ပဋိစ္စသမုပ္ပါဒ် ဖြစ်သည်။ ဒွါရခြောက်ပေါက်က ခြောက်မျိုး ပေါ်သည်။ သုဂတိပို့မည့် ကံတွေကို မဖြတ်ချင်နေ၊ ဒုဂ္ဂတိ(အပါယ်) ကို သွားမည့် ကံတွေကိုတော့ ဖြတ်ရမည်။ (နှာ-၄၄) သုဂတိသွားသော ကံကို ဖြတ်နိုင်ပါက နိဗ္ဗာန်ကို မြန်မြန်ရသည်။ နိဗ္ဗာန်ကို မြန်မြန်ရချင်လျှင် ကံကို ဖြတ်ရသည်။ (နှာ၄၅] ဤကား ကိုယ့်ဘဝ အလားကို သိသော ဉာဏ်မှန်ကလေး ပေးလိုက်ခြင်း ဖြစ်၏။ ဤအသိသည် သောတာပန်မျိုးစေ့ အသိဖြစ်သည်ဟုလည်း ဆုံးဖြတ်ချက် ပေးထားသည်။ (နှာ-၄၇) ဤသို့ ရှုခိုင်းနေသော အသိသည် စူဠသောတာပန်အသိ ဖြစ်သည်ဟုလည်း တိတိကျကျ ဆိုထားသည်။ ဤစူဠသောတာပန် အသိနှင့် သေသွားလျှင် နောက်ဘဝ သုဂတိသို့ ရောက်မည်။ သုဂတိရောက်လျှင် မဟာ သောတာပန် ဧကန် ဖြစ်ရမည်ဟု ယတိပြတ် ဆုံးဖြတ်ချက်ချ၍ ဟောပြော ဆုံးမ ထားပါသည်။ အချိန်စေ့၍ တရားနားသည်။