Skip to product information
1 of 3

Other Websites

ဆန်းလွင် - မိုးကုတ်၀ိပဿနာ အလုပ်စဥ်တရားအနှစ်ချုပ် အပိုင်း(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပြောပြချင်သော အမှာစကား

စာရေးသူ ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်သို့ ရောက်ပါသည်။ ၁၉၅၅ ခုနှစ်ဦး ပိုင်းမှာ ဖြစ်သည်။ ဇာတိ ရခိုင်ပြည်ကိုရော မိဘပတ်ဝန်းကျင်ကိုပါ အပြီးစွန့်ခွာ လာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လေယာဉ်ပေါ် ရောက်ပြီး လေယာဉ်ပျံတက်တော့ ငပလီပင်လယ်ရေပြင်ကျယ်ကို လှမ်းကြည့်မိတော့ ရင်ထဲမှာ အလွမ်း မရှိ ဖြစ်နေသည်ကို သတိပြုမိသည်း လူက မိုးပေါ်ကို ပျံတက်သွားသလို စိတ်ကလည်း အပေါ်သို့ မြင့်မြင့်မားမား တစ်ဟုန်ထိုး တိုးတက်နေသည်ကို တွေ့ရသည်။

လှောင်အိမ်ထဲက ငှက်ကို လွှတ်ပေးလိုက်သောအခါ အားရဝမ်းသာ တောင်ပံခတ် ပြီး တဖျတ်ဖျတ် ပျံသန်းသွားသလို အကျွန်ုပ်ရင်ထဲမှာ ခံစားရသည်။ စိတ်ရော ကိုယ်ပါ တဒင်္ဂ လွတ်ထွက်သွားသည်။ လေယာဉ်က ရန်ကုန်ရွှေမြို့တော်ကြီးကို ရှေးရှုပျံသန်းနေသည်။ ရင်ထဲမှာလည်း အနာဂတ်ဆီသို့ အတွေးတွေ အကြံတွေ က ရှေးရှုပျံသန်းနေကြသည်။ မိမိ၏ အတွေးအခေါ် ဘ၀သစ် စခဲ့သော အချိန်ဟု ဆိုနိုင်မည် ထင်၏။

ခရီးသည်တင် (ယူဘီအေ) ကားကြီး ရန်ကုန်မြို့ထဲ ဝင်လာတော့ သင်္ကြန်ရေ ဖြင့် ပက်ဖျန်းကြသည်။ သင်္ကြန်ရေသည် ပူနေသော ရင်ထဲသို့ အေးစိမ့်ပြီး ဝင်သွား သည်။ လောလောဆယ် ဘဝက ပူစပ်ပူလောင် ရှိနေလင့်ကစား အေးချမ်းမည့် အတိတ်နမိတ်ပဲဟု ခံယူကာ စိတ်တက်ကြွ၍ လန်းဆန်းနေသည်။

ရခိုင်ပြည်မှာ ပိတောက်ပန်းကို မြတ်နိုးခြင်း မရှိခဲ့။ ရန်ကုန်ရောက်တော့ ပိတောက်ပန်းကို ချစ်မြတ်နိုးလာတတ်သည်။ မိမိနှလုံးသားမှာ ရသခံစားမှုတွေပြောင်းလဲ ဖြစ်ပေါ်နေပြီကို သတိပြုခဲ့မိပါသည်။ တက္ကသိုလ်ပညာတွေကို အလုပ် တစ်ဖက်နှင့် အပြေးအလွှား သင်ကြားနေရစဉ်အခါက မိုးကုတ်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ဖြစ်ပါ၏။ သို့သော် မိမိ၏ နား၊ မျက်စိတွေ မပွင့်သေးပါ။ ဟိုအယူဝါဒ ကောင်းနိုးနိုး၊ ဒီအယူဝါဒ ကောင်းနိုးနိုးနှင့် မှောင်ထဲမှာ စမ်းတဝါးဝါး လျှောက်နေရဆဲ ဖြစ်ပါသည်။ သက်တော် ထင်ရှားဆဲ အရိယာပုဂ္ဂိုလ်ထူးကို မီလိုက် ပါလျက် အသိနောက်ကျသဖြင့် မဖူးလိုက်ရခြင်းအတွက် ယူကျုံးမရ ဝမ်းနည်းဖွယ် ဖြစ်ရလေသည်။

နောက်တက္ကသိုလ်မှာ အထက်တန်းပညာတွေကို သင်နေစဉ် ကလည်း မိစ္ဆာဒိဋ္ဌိ ရုပ်ဝါဒ အစွဲအလမ်းက သန်နေသည်။ ရတနာသုံးပါးကို မကိုးကွယ် တတ်သေး။ ရင်ထဲမှာ သဒ္ဓါတရား မဖြစ်ပေါ်သေး။ အရာရာကို လောကီတန်ဖိုး တွေနှင့်ချည်းသာ တိုင်းတာ၍ အကဲဖြတ်တတ်သည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောသော တရားများကို စုစည်းထားသော ဦးမြင့်ဆွေ၏ ဒုလ္လဘ တရားစာအုပ် တွေကို ဝယ်ပြီး မြည်းစမ်းကြည့်သည်။ စိတ်ထဲမှာ “အလကားပဲ၊ သေရေးကိစ္စချည်းပဲ ထပ်တလဲလဲ ပြောနေသည်။ လူ့ဘဝမှာ သေရေးက အရေးကြီးသလား၊ အသက် ရှင်နေစဉ် လူ့ဘဝ အေးချမ်းသာယာရေး၊ တိုးတက်ရေးသာ အရေးကြီးသည် မဟုတ်လား။ ဒီဆရာတော်ကြီးဟာ လူတွေကို အို၊ နာ၊ သေဘေးနဲ့ချည်း ခြိမ်းခြောက် နေတာပဲ” ဟု အမြင်စောင်းသွားပြန်သည်။ ထိုစာအုပ်များကို ဝယ်ထားသော်လည်း နောက်ထပ် မဖတ်ဖြစ်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်း မှားခဲ့လေခြင်းဟု လုံးလုံး မသိခဲ့ပါ။

သို့သော် ဘဝက နုပျိုခြင်း ဆုတ်ယုတ်သွားသောအခါ မျက်မှောက်ပြုရသော အိုခြင်း၊ နာခြင်း ဆင်းရဲကို မလွှဲသာ မရှောင်သာ ရင်ဆိုင်လာရပြီ ဖြစ်၏။ ထိုအခါမှ အသိဉာဏ်တစ်ခု ဖြစ်ပေါ်လာသည်။ “ရုပ်အင်အားတွေ ရှိတုန်းကတော့ ဉာဏ်အင်အား မရှိခဲ့ဘူး။ ဉာဏ်အားတွေ ရှိလာတော့ ရုပ်အင်အားတွေက မရှိတော့ပါကလား” ဘဝသည် ဖြည့်ဆည်းခြင်းဖြင့် ပြည့်အပ်သောအရာ မဟုတ်ပါ တကား ဆိုသည်ကို သိလာသည်။ ထိုအခါ အိုခြင်းကို မစဉ်းစားဘဲ မနေနိုင် ဖြစ်လာရ၏။ နောက်မကြာမီမှာပင် နာခြင်းက ရောက်လာသည်။ ကိုယ့်ကိုယ်ထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာဆိုဘာမှ မသိခဲ့။ တဏှာခိုင်းသမျှကို စိတ်မောကိုယ်မောခံပြီး လိုက်လုပ်နေမိသည်။ လိုချင်ရချင်သော သဘောဖြင့် မဂ္ဂဇင်းနှစ်စောင်မှာ အယ်ဒီတာချုပ် လုပ်သည်။ ခက်ခဲ ကျပ်တည်းသော ကာလ၌ လကုန်လျှင် မဂ္ဂဇင်း နှစ်စောင် မှန်မှန်ထွက်နိုင်အောင် အပြေးအလွှား လိုက်လုပ်ရသည်။ ကိုယ်လည်း ပင်ပန်းသည်။ စိတ်လည်း ပင်ပန်းသည်။ သည်ကြားထဲ စင်္ကာပူကို ရောက်နေကြ သော သားသမီးများက လှမ်းပြီး ခိုင်းနေသမျှကိုလည်း ပြေးပြေးလွှားလွှား လုပ်နေရသည်။

ထိုအခါ အမှတ်မထင်သော တစ်နေ့သ၌ ရုတ်တရက် နှလုံးရောဂါ တိုက်ခိုက် ခြင်းကို ခံလိုက်ရသည်။ ငါသန်မာသေးတာပဲဟု ထင်ခဲ့သော မာနအိုးကလေး ကျကွဲသွားသည်။ ထိုအခါ အိုဘေး၊ နာဘေး၊ သေဘေး ရောက်လာပြီ။ ကိုယ့်အိမ် တံခါးကို လာခေါက်နေပြီဟု နားလည်လိုက်သည်။ သေခြင်းတရားသည် ခေါင်းထဲ ကို ရောက်လာပြီး ဦးနှောက်ကို လှိုက်စားနေပြီ။ ငါလုပ်ခဲ့တာတွေ၊ ငါရှာခဲ့တာတွေ၊ ငါ ဖြစ်ခဲ့တာတွေ ငါ သေသောတစ်နေ့မှာ တန်ဖိုးအားလုံး ဆုံးရှုံးသွားတော့မှာပါ ကလားဟု ကောင်းကောင်း သိသွားသည်။ ကိုယ့်မှာ ဆုပ်ကိုင်အားထားစရာ တရား မရှိသေးသည်ကို တွေးမိသည်။ အမှန်သစ္စာတရားကို သိမှဖြစ်တော့မည်ဟု စတင် စဉ်းစားလာသည်။

နာလန်ထစ လူနာသည် ကိုယ့်ခြေထောက်ပေါ်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင် သလို၊ ကိုယ့်မှာ အားထား မှီခိုစရာ တရားဓမ္မလက်ကိုင် မရှိသေးသော ဘဝ၏ အခြေမခိုင်ခြင်းကိုလည်း နားလည်လိုက်ပါပြီး တိုက်တိုက်ဆိုင်ဆိုင် တပည့်ဖြစ်သူ ကို ကျော်ခင်မြင့်က သူ့အိမ်မှာ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနစရိယ ဆရာတော်ကြီး တစ်ပါး တရားချီးမြှင့်မည်။ ဆရာ လာပြီး မေးပါ၊ ဆွေးနွေးပါဟု ဆိုသည်။ သူ့ကို အကျွန်ုပ် လေးစားမှု ရှိသည်။ သူသည် ဟိန္ဒူနွယ်ဖွား ဖြစ်သော်လည်း ဗုဒ္ဓ ဘာသာအပေါ် အလွန် ကြည်ညိုသူ လူငယ် သာသနာ့ဒါယကာ တစ်ဦးဖြစ်ပါသည်။ သူက မိုးကုတ်ကမ္မဋ္ဌာနစရိယ ဆရာတော်ကြီးကို မေးပါ၊ ဆွေးနွေးပါ။ ထိုဆွေးနွေး ချက်များကို သူအသံဖမ်းထားလိုကြောင်း ကြိုတင် အသိပေးထားပါသည်။ ထိုအခါမှ အကျွန်ုပ်သည် မိုးကုတ်ဆရာတော်ကြီး၏ ဝိပဿနာ အလုပ်စဉ်တရား စာအုပ်များ ကို ပြေးပြေးလွှားလွှား ဖတ်ရသည်။ ဤတစ်ကြိမ်တွင် ဤစာအုပ်များအပေါ် ထင်မြင် ယူဆပုံတွေ ပြောင်းသွားသည်ကို တွေ့ရသည်။ အို၊ နာ၊ သေဘေး၊ အပါယ်ဘေးကို

ခေါင်းထဲမှာ ထည့်မစဉ်းစားဘဲ တဏှာခိုင်းသမျှကို ဉာဏ်အသိ မရှိဘဲ လိုက်လုပ် နေသော ပုထုဇဉ်၏ အလွဲအမှားကို မြင်လာသည်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ သုံးမျိုးပေါ်တိုင်း လိုချင်ရချင်သော တဏှာ ဖြစ်ပေါ်လာပုံကို သိမြင်လာသည်။ လိုချင်ရချင်မှုကြောင့် ရှာမှီးမှု ဖြစ်လာရပုံကို ဉာဏ်သက်ဝင်လာ သည်။ စွဲလမ်းမှုကြောင့် ကံသင်္ခါရတွေ ဖြစ်နေရပုံ ပဋိစ္စသမုပ္ပါဒ်ကို ကောင်းကောင်း သဘောပေါက်လာသည်။ ထိုအခါ သက္ကပညာသုတ်မှာ မြတ်စွာဘုရား သိကြားမင်း ကို ဟောသော တရားများသည် မိမိ၏ နှလုံးသားကို ရစ်ပတ် ဖွဲ့နှောင်လာသည်။ သတ္တဝါတွေသည် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစွာ နေလိုကြသည်ချည်း ဖြစ်သည်။ သို့ပါလျက် ဘာကြောင့် ထိုသို့ မနေရပါသလဲဆိုသော အမေးကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက မကျန်းမာတာ၊ အသက်တိုရတာသည် ဣဿာမစ္ဆရိယ

ကြောင့်ဟု ဖြေသည်။ သိကြားမင်းက ဒါဆို ဣဿာမစ္ဆရိယ ဘယ်က လာတာလဲဟု ထပ်မေးသည်။ ဣသာမစ္ဆရိယသည် ချစ်ခြင်း၊ မုန်းခြင်းက လာသည်ဟု ဘုရားကဖြေသည်။

သိကြားမင်းက ထပ်မေးသည် ချစ်ခြင်း၊ မုန်းခြင်း ဘယ်က လာသလဲ။ ချစ်ခြင်း၊ မုန်းခြင်းသည် ဆန္ဒက လာသည်ဟု ဘုရားက ဖြေသည်။ ဆန္ဒကကော ဘယ်က လာသလဲဟု သိကြားမင်း မေးသည်။ ဘုရားက ဆန္ဒသည် ဝိတက်က လာသည်ဟု ဖြေသည်။ သိကြားမင်းက နှိုက်နှိုက်ချွတ်ချွတ် မေးသည်။ ဝိတက် ဘယ်ကလာသလဲ။ ဘုရားက ဝိတက်သည် တဏှာ၊ မာန၊ ဒိဋ္ဌိ(ပပဉ္စတရား)က လာသည်ဟု ဖြေသည်။ ထိုအခါ သိကြားမင်းက ပပဉ္စက ဘယ်က လာသလဲဟု မေးပြန်သည်။ ဘုရားက ပပဉ္စ(တဏှာ၊ မာန၊ ဒိဋ္ဌိ)သည် ဝေဒနာသုံးပါးက လာသည် ဟု ဖြေသည်။

ဤတွင် ဆရာတော်ကြီး၏ ထိုးထွင်း သိမြင်မှုကို သတိထားမိလာသည်။ ဝေဒနာကို ဝိပဿနာရှုလျှင် ပပဉ္စချုပ်သည်။ ပဋိစ္စသမုပ္ပာဒ်တွင်လည်း ဝေဒနာ နိရောဓာ၊ တဏှာနိရောဓောဟု ပြထားသည်။ ဤအချက်သည် အကျွန်ုပ်၏ ခေါင်းထဲသို့ သံမှိုကို တူဖြင့် ရိုက်သွင်းလိုက်သလို စွဲစွဲမြဲမြဲ ဝင်သွားသည်။ ဝေဒနာ - နုပဿနာ ရှုနည်းကို အကျွန်ုပ် ကောင်းစွာ မသိသေးပါ။ ထို့ကြောင့် “ဝေဒနာ နိရောဓာ၊ တဏှာနိရောဓော” (ဝေဒနာချုပ်လျှင် တဏှာချုပ်သည်)ဆိုတာ ခန္ဓာမှာ ဘယ်လိုဖြစ်တာလဲဟု မေးချင်သော မေးခွန်းသည် အကျွန်ုပ် ခေါင်းထဲမှာ စီကာ စဉ်ကာ ပေါ်လာပါသည်။

ထိုညက ကိုကျော်ခင်မြင့်အိမ်သို့ တရားနာ သွားပါသည်။ ကမ္မဋ္ဌာန ဆရာ တော်ကြီးက သူ ပရိယတ်လုပ်ငန်း လုပ်နေရာမှ ပဋိပတ်လုပ်ငန်းဘက်သို့ ပြောင်းလာ ရပုံကို ရှင်းလင်း ဟောကြားပါသည်။ တရားပွဲ အပြီးမှာ ကိုကျော်ခင်မြင့်က အကျွန်ုပ် ရှေ့မှာ မိုက်ကရိုဖုန်းတစ်လုံး လာချပေးသည်။ ဆရာ မေးချင်တာ မေးပါဟု ဖိတ်ခေါ်လေသည်။ အကျွန်ုပ်သည် ရင်ထဲမှာ အရေးပါသည်ဟု ထင်နေသော ခန္ဓာမှာ ဝေဒနာ ချုပ်ဆုံးပုံ ပြဿနာကို ဆရာတော်ကြီးအား မေးပါသည်။ ပြီးမှ တပည့်တော် မေးတာကို စာလိုမဖြေပါနှင့် ဘုရား၊ ခန္ဓာဉာဏ်ရောက် ဝိပဿနာ အမြင်ပေါက်အောင် ဖြေတော်မူပါဘုရားဟုလည်း လျှောက်ထားလိုက်ပါသည်။ ဆရာတော်ကြီးလည်း သူ နားလည်သလို ဖြေသည်ဟု ထင်ပါသည်။

သို့သော် အကျွန်ုပ် ရင်ထဲမှာ ဘဝင်မကျပါ။ ဘဝင်မကျ ဆိုခြင်းမှာ မိမိ ရင်ထဲ၌ သံသယ မရှင်းဘဲ ကျန်နေခြင်းကို ဆိုလိုပါသည်။ ဤသို့ ဖြစ်ရခြင်းသည် ဆရာတော်ကြီး၏ အပြစ်ကြောင့် မဟုတ်ပါ။ မိမိ၏ ဝိပဿနာဉာဏ်အမြင် မကြည် လင်မှု၊ ထိုးထွင်း သိမြင်နိုင်ခြင်း မရှိမှုကြောင့် ဖြစ်မည် ထင်ပါသည်။ သို့သော် ဝေဒနာကို ဝိပဿနာ မရှုတတ်သောကြောင့် ထင်၏။ ရင်ထဲမှာ ပပဉ္စခံနေသည်။ တဏှာမာန ခံနေသည်။ တဏှာ၊ မာန၊ ဒိဋ္ဌိ မချုပ်ကြောင်း နားလည်လိုက်ပါသည်။ ထိုတဏှာမာနကြောင့်လား မသိ၊ မိမိ ရင်ထဲမှာ မိုးကုတ်ဝိပဿနာအပြောပဲလား၊ အလုပ်သဘောအရ ဟုတ်ပါ့မလားဟု သံသယအစွန်း ငြိသွားပြန်သည်။ ထိုအချိန်က စပြီး အကျွန်ုပ်သည် မိုးကုတ်ဝိပဿနာနှင့် အလှမ်းဝေးသွားရပြန်၏။

[၃] မိုးကုတ်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပင် အကျွန်ုပ် သည် လူ့ပြည်မှာ လူလားမြောက်သော အရွယ်သို့ ရောက်နေပြီ ဖြစ်ပါလျက် ရင်ထဲမှာ သဒ္ဓါတရားလည်း မရှိ၊ ဉာဏ်ထဲမှာ သာသနာလည်း မရှိသေးသဖြင့် ကြားတတ်သော နား၊ ထောင်တတ်သော နားမရှိ ဖြစ်နေခဲ့လေသည်။ ဆရာတော်ကြီး ၏ တရားဓမ္မများ ဟောပြောနေသော အသံသည် မြန်မာပြည် တစ်နံတစ်လျားမှာ ပဲ့တင်ထပ်နေပါလျက် အကျွန်ုပ် မကြားခဲ့မိခြင်းမှာ ထိုစဉ်က အကျွန်ုပ်၏ ဉာဏ်နား သည် ကန်းနေခဲ့သောကြောင့် ဖြစ်ပါလိမ့်မည်။ နောင်ကြီးမြင့်သောအခါမှာလည်း ဆရာတော်ကြီး၏ တရားဓမ္မများကို စာအုပ်များမှတစ်ဆင့် နှလုံးသွင်း လာတတ် ပါလျက် ဆရာတော်ကြီးတစ်ပါးအပေါ် မိမိ၏ ဉာဏ်အမြင် လွဲခဲ့မှုကြောင့် မိုးကုတ်

ဝိပဿနာနှင့်ပါ အလှမ်းဝေးသွားခဲ့ရပြန်သည်၊ တဏှာ၊ မာန၊ ဒိဋ္ဌိကြောင့် ဝိတက် ဖြစ်ရသည်။ ဝိတက်ကြောင့် ဆန္ဒဖြစ်ရသည်။ ဆန္ဒကြောင့် အချစ်အမုန်း ဖြစ်ရသည်။ အချစ်အမုန်းကြောင့် ဣဿာမစ္ဆရိယ ဖြစ်ရသည်ဆိုသော ဆရာတော်ကြီး၏ စကား သံသည် နောင်သောအခါကျမှ အကျွန်ုပ်၏ ဉာဏ်နားထဲမှာ ဆူညံစွာ၊ ကျယ်လောင် စွာ ကြားလာရပါသည်။

မိမိ ခန္ဓာအစဉ်ကို ကောင်းစွာ ဆင်ခြင်တတ်လာသော အခါကျမှ သစ္စာဉာဏ် အမြင်က ပေါ်လာသည်။ သိကြားမင်းကို ဟောတော်မူသော မြတ်စွာဘုရား၏ တရားစကားတွေက မှန်ကန်လှပါတကားဟု လွန်စွာ အားရပီတိ ဖြစ်ပြီး မိမိကိုယ် ကိုလည်း မာနတက်၍ ဉာဏ်ဘက်က ချွတ်ယွင်းခဲ့ရပုံကို သုံးသပ်လာမိပါသည်။

၁၉၉၁ ခုနှစ်နှောင်းပိုင်းမှာ ခလရ ၅ဝ တပ်ရင်းမှူးကတော် ဒေါက်တာဂျယ်နီ ကိုကြီး ဖိတ်ကြားချက်အရ အကျွန်ုပ်သည် မုံလယ်ဆရာတော်ဘုရားကြီးကို ဂန့်ဂေါ မြို့မှာ သွားရောက် ဖူးမြော်ခွင့် ရခဲ့ပါသည်။ ထိုအခါကျမှ မုံလယ်ဆရာတော်ကြီး သည် မိမိ ရင်ထဲက သံသယအားလုံးကို ခန္ဓာဉာဏ်ရောက် ပယ်ရှင်းပေးနိုင်ကြောင်း သိမြင်လာရသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာတရားများကို ပရိယတ် အခြေခံမရှိသော မုံလယ်ဆရာတော်ကြီးက ခန္ဓာဉာဏ်ရောက် ရှင်းလင်း ဟောကြားပုံမှာ ထူးခြားသည်ဟု ထင်ပါသည်။ အကျွန်ုပ်သည် ဂန့်ဂေါမြို့ မုံလယ် တောရစခန်းမှ ရန်ကုန်သို့ ပြန်ရောက်လာသောအခါ မိုးကုတ်ဝိပဿနာကို စိတ်ဝင်စားမှု ထက်သန်နေပြီ ဖြစ်ပါသည်။

တိုက်ဆိုင်သည်ဟု ဆိုရမည်လား၊ ကံအလှည့်အပြောင်း ဖြစ်သည်ဟု ယူရ မည်လား၊ မဆိုနိုင်ပါ။ ရန်ကုန်ရောက်တော့ ဂျယ်နီကိုကြီး မိတ်ဆက်ပေးလိုက်သော ဒဂုံမြောက်ပိုင်းမှ ဓမ္မမိတ်ဆွေ မိုးကုတ်ယောဂီ ဒေါ်အေးအေးရီနှင့် သူ၏ ဓမ္မမိတ်ဆွေ ဒေါ်သိန်းသိန်းဆင့်တို့ကို တွေ့ဆုံ ရင်းနှီးမှု ရခဲ့သည်။ သူတို့နှစ်ဦးက အကျွန်ုပ်ကို “မိုးကုတ်ဝိပဿနာ လုပ်ငန်းစဉ်စာအုပ် ၃၄ အုပ်ကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြလေသည်။ ထိုအခါမှ စ၍ အကျွန်ုပ်လည်း အားလပ်သောအခါများ၌ ဖြစ်စေ၊ တမင်တကာ လုပ်ငန်းတစ်ရပ်အနေနှင့် ဖြစ်စေ ထိုစာအုပ်ထူကြီးများကို ဖတ်ရှု လေ့လာခဲ့လေသည်။ ။

၁၉၉၅ ခုနှစ် ဝါတွင်းကာလ၌ အကျွန်ုပ်သည် ရန်ကုန်မြို့ မဟာဝိသုဒ္ဓါရုံ ဆရာတော် အရှင်ကောဏ္ဍညနှင့် တိပိဋကဓရ ယောဆရာတော်ဘုရားများကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုကာ ပဲခူးမြို့ နရဏီသိမ်ကျောင်းမှာ ဝါဆိုသည်။ ဝါတွင်း

တစ်တွင်းလုံး ထိုတောရမှာ တရားအားထုတ်ခဲ့လေသည်။ ထိုစဉ်အခါက အမေရိကန် ပြည်မှ ဆေးကုပြီး ပြန်လာသူ မိုးကုတ်ဝိပဿနာရိပ်သာကြီး ရန်ကုန်မြို့ ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ချီသည် အကျွန်ုပ်အတွက် မိုးကုတ်ဆရာတော်ဘုရားကြီး၏

ဟောတရားခွေများကို ရာနှင့် ချီကူးပြီး တရားနာသော အချိန်မှာ တရားနာရန် နရဏီသိမ်သို့ ပို့ပေးပါသည်။ ထိုအခါမှစ၍ အကျွန်ုပ်၏ ရင်ထဲတွင် ဆန္ဒနှစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ၁။ ပထမဆမှာ ကျယ်ဝန်းလှသော မိုးကုတ်ဆရာတော်ကြီး၏ ဟောတရား

များကို လေ့လာပြီး တရားအားထုတ်သူများ လက်စွဲပြုနိုင်ရန်အတွက် “မိုးကုတ်ဝိပဿနာရှုနည်းလက်စွဲ' ကျမ်းငယ်တစ်စောင်ကို ရေးသားလို

စိတ် ဖြစ်ပေါ်လာပါသည်။ ' ၂။ ဒုတိယဆန္ဒမှာ ဆရာတော်ကြီး၏ ဟောတရားများမှာ စာမျက်နှာအားဖြင့်

အလွန် များပြားလှပါသည် ဟောတရားများကို စာအုပ်အဖြစ် ထုတ်ဝေ

သောအခါ စာအနေနှင့် ဖတ်ကောင်းအောင် တည်းဖြတ် ပြုပြင်ခြင်း မရှိဘဲ ပုံနှိပ်ထားသဖြင့် တချို့ ဝါကျများမှာ မဆုံး၊ ဝါကျတစ်ခု မဆုံးမီ တခြားသော အကြောင်းအရာ တစ်ခုကို ဆရာတော်ကြီးက သူသတိ ရလျှင်ရသလို ထည့်သွင်း ပြောတတ်ခြင်းကြောင့် ဖတ်ရ ခက်ခဲသော စာအုပ်များ ဖြစ်နေသည်ကို တွေ့ရသည်။ မိမိလို စာရေးဆရာ စာပေဖြင့် အသက်မွေးသူတစ်ယောက် အဖို့ပင် ဖတ်ရန် ခက်ခဲသော ဤစာအုပ်ကြီး များ (အစက ၃၄ အုပ် ယခု ဤစာရေးချိန်မှာ ၃၉ အုပ်)ကို သာမန် စာဖတ်သူများ ပြီးအောင် ဖတ်ဖို့ဆိုသည်မှာ လွန်စွာ ခက်ခဲနိုင်ကြောင်း သတိပြုမိလာပါသည်။ ။

ဟောတရားကို transcribe လုပ်ထားသောကြောင့် ဖတ်ရ ခက်ခဲသည် တစ်ကြောင်း၊ စာမျက်နှာ များလွန်း၍ အချိန်ပေး ဖတ်ရှုရန် ခက်ခဲသည် တစ်ကြောင်း၊ အကြောင်းအရာတွေကလည်း များလွန်းသဖြင့် ရှေ့က ဖတ်ပြီး နောက်က နေ ဖြစ်နိုင်သည်တစ်ကြောင်း စာအုပ်တန်ဖိုးများ ကြီးမြင့်လာသောအခါ ၃၉အုပ်လုံးကို ဝယ်ဖတ်နိုင်မည့်သူ ရှားပါးလာနိုင်သည်တစ်ကြောင်း စသော အခက်အခဲများ အားလုံးကို ထည့်သွင်း စဉ်းစားပြီး၊ လွယ်ကူပြီး လူတိုင်း လက်လှမ်းမီအောင် ဘယ်လိုလုပ်လျှင် ကောင်းမလဲဟု အဖြေကောင်းတစ်ခု ရှာမိခဲ့ပါသည်။ ထိုအခါ မိမိ အပင်ပန်းခံနိုင်ပါက စာအုပ်အားလုံးကို အနှစ်ချုပ် (Digest) ရေးရလျှင်

ကောင်းမည်ဟူသော စိတ်ကူးပေါ်လာပါသည်။ ဤအချက်သည် ကြိုးပမ်းမှုကြီး တစ်ရပ်၊ စွန့်စားမှုကြီးတစ်ရပ် ဖြစ်နိုင်သည်ကိုလည်း သတိပြုမိသည်။ ထိုအခါ အောက်ပါ အချက်အလက်များကို မေးခွန်းထုတ်ပြီး အဖြေရှာကြည့်သည်။ (က) ဆရာတော်ကြီး၏ အာဘော်နှင့် နှလုံးသွင်းကို ထိထိမိမိ ပြတ်ပြတ်

သားသား ပေါ်လွင်အောင် ဖော်ပြနိုင်မလား။ (ခ) ဆရာတော်ကြီး၏ တရားချဉ်းကပ်ပုံကို စာဖတ်သူ အလွယ်တကူ သိမြင်

အောင် အနှစ်ချုပ် ရေးနိုင်မလား။ ။ (ဂ) ဆရာတော်ကြီးသည် အလွန် စကားပရိယာယ် ကြွယ်သည်။ သူ၏

ထက်မြက်သော စကားလုံးများကို ပရိသတ် ရင်ထဲ ရောက်အောင်

တစ်ဆင့် ပို့ဆောင်ပေးနိုင်မလား။ (ဃ) ကျယ်ဝန်း များပြားလှသော တစ်သက်တာ ဟောတရားများကို တစ်အုပ်

တည်းနှင့် အပြီး အနှစ်ချုပ်ရေးလျှင် မူလ စာအရသာ မပျက်အောင် ရေးနိုင်မလား ဆိုလိုရင်းကို ထိထိမိမိ ရောက်အောင် ပို့ဆောင်နိုင်မလား။

ဤသို့ ဆင်ခြင်ဖွယ် ကိစ္စအားလုံးကို ဆင်ခြင် တိုင်းထွာပြီးနောက် မိမိ၏ အားကို စမ်းသောအားဖြင့် “မိုးကုတ်ဝိပဿနာရှုနည်း လက်စွဲ” ကျမ်းကို ရေးသား ခဲ့လေသည်။ ထိုကျမ်းငယ်ကို စာဖတ်ပရိသတ်ကရော၊ မိုးကုတ်ယောဂီများကပါ နှစ်ခြိုက် လက်ခံကြကြောင်း တွေ့ရသည်။

[၄] မူလ အားထုတ်စဉ် အခါက လုပ်ငန်းစဉ် စာအုပ်အားလုံး ၃၉ အုပ်ကို တစ်အုပ်တည်း အပြီးရေးဖို့ စိတ်ကူးထားခဲ့သည်။ သို့သော် ဆရာတော်ဘုရားကြီး

ဟောတရားများမှာ အကြမ်းအားဖြင့် တစ်ပုဒ်လျှင် ပုံနှိပ်စာမျက်နှာ ၅ဝမှ ၆၀ကြား ရှိသည်။ ထိုမျှလောက် များသော ဟောတရားများကို အကျဉ်းချုပ် ရေးရာတွင်

လျှောက်လွှာ စာရွက်တစ်ရွက်မျှဖြင့် အပြီးရေးလျှင် အာဘော်မိအောင် ရေးဖို့ပင် အတော် ခက်ခဲသည်။ ဆရာတော်ကြီး၏ ဥပမာပေးများနှင့် စကား အသုံးအနှုန်း ထက်မြက်ပုံများကိုပါ ချန်လှပ်ထားခဲ့မှသာ ရနိုင်ပေတော့မည်။ ထိုသို့လည်း မဖြစ် စေသင့်ဟု စဉ်းစား ဆုံးဖြတ်ရပြီး ပါသင့်သည်ကို ပါအောင်ရေးဖို့ ပြန်၍ နှလုံးသွင်း ရပြန်သည်။

ထို့ကြောင့် တစ်ခါတလေ ဆရာတော်ကြီး၏ ဟောတရား မူရင်းတစ်ပုဒ်ကို အနှစ်ချုပ် ရေးသောအခါ လျှောက်လွှာ သုံးမျက်နှာလောက်အထိ ရေးရသည်။ | တချို့နေရာများတွင် မှတ်ချက်များ၊ သုံးသပ်ချက်ကလေးများကိုလည်း ထည့်ပေးချင်

ပြန်သည်။ ထို့ကြောင့် မူလက ရည်ရွယ်ခဲ့သော တစ်အုပ်တည်း အပြီးရေးမည် ဆိုသော ရည်ရွယ်ချက်ကို ပြောင်းပြီး စာအုပ်အမှတ်(၁)မှ (၁၀)အထိကို (ပထမ ကဏ္ဍ) အမှတ်(၁၁)မှ (၂၀) အထိကို ဒုတိယကဏ္ဍ၊ စာအုပ်အမှတ်(၂၁)မှ (၃၀) အထိကို တတိယကဏ္ဍ၊ အမှတ်(၃၁)မှ (၃၉) အထိကို စတုတ္ထကဏ္ဍထားပြီး ထုတ်ဝေဖို့ စီစဉ်လိုက်ရပါသည်။ ။

ဤအလုပ်ကို လုပ်ရသည်မှာ မိမိဘဝတွင် အကြီးဆုံး အားထုတ်မှုတစ်ခုကို ပြုရခြင်း ဖြစ်ပါသည်။ “ရတနာသုံးပါးကို ယုံကြည်'ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း” ကို ရေးရစဉ်က စိတ်ပင်ပန်းခြင်း၊ ကျပ်တည်းခြင်း မရှိပါ။ ဤစာအုပ်ကို ရေးရာ၌မူ မိမိ၏ အားထုတ်မှု မပီပြင်လျှင် ဆရာတော်ကြီး၏ ဂုဏ်သိက္ခာကို ထိပါးအောင် လုပ်ရာကျမည်ကို များစွာ စိုးရိမ်ရပါသည်။ ထို့ကြောင့် စိတ်မှာ ကျဉ်းမြောင်းပါသည်။ ဤမျှလောက်ဆိုလျှင် စာရေးသူ၏ စေတနာကိုရော၊ “သဒ္ဓါတရားကိုရော ဆရာတော်ကြီးအပေါ်ထားအပ်သော ဂါရဝတရားကိုပါ စာဖတ် သူ ရိပ်စားမိပါလိမ့်မည်။ မိမိအနေနှင့်မူ ရင်ထဲမှာ ဖြစ်ပေါ်လာသော ကုသိုလ်ဆန္ဒ တစ်ရပ်၏ တိုက်တွန်းမှုကြောင့် စာရေးသူ တစ်ဦးအနေနှင့် လုပ်သင့်သည်။ ကိစ္စ တစ်ရပ်ကို လုပ်လိုက်ရပြီဖြစ်၍ နှစ်ထောင်းအားရ ရှိပါသည်။ ဤကြိုးပမ်းမှုကို အကဲဖြတ်ရန်မှာ စာဖတ်သူ၌သာ တာဝန်ရှိမည် ထင်ပါသည်။ ချီးကျူးခြင်းကို မမျှော်လင့်ပါ။ ကဲ့ရဲ့ခြင်း မခံရလျှင်ပင် ကြိုးပမ်းရခြင်းအတွက် ကျေနပ်ရပါမည်။

မေတ္တာဖြင့် စာရေးသူ

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)